Showing posts with label တောင်ကြီး. Show all posts
Showing posts with label တောင်ကြီး. Show all posts


Nyaung Shwe Fish Pond and Restaurant

၂၀၁၄ တောင်ရောက်သွားပြီ။ တောင်ကြီးအကြောင်း မရေးဖြစ်တာကြာလို့ အရင်နှစ် သြဂုတ်လပိုင်း တောင်ကြီးပြန်တုန်းက ရိုက်ဖြစ်ခဲ့တဲ့ ပုံအချို့ ပြန်တင်လိုက်ဦးမယ်။ :D ခါတိုင်း တောင်ကြီးတစ်ခေါက်ပြန်ရင် ရေးစရာ စီးရီးလိုက်ရှိပေမယ့် ဒီတစ်ခေါက်က မိုးတွင်းကြီးဖြစ်နေတော့ အပြင်သိပ်မထွက်ဖြစ်လိုက်ဘူး။ Taunggyi trip ကို ပို့စ်တစ်ခုတည်းပေါင်းရေးမို့ဘဲ၊ ဓါတ်ပုံတွေများနေလို့  ၂ခုတော့ ခွဲလိုက်ဦးမယ်။
ခုနောက်ပိုင်း ငါးကန်တွေ ခေတ်စားတယ်။ အင်းလေးကန်နားက ညောင်ရွှေဘက်မှာ ငါးကန်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားတဲ့ နေရာလေးတွေရှိတယ်။ ဒီတစ်ခေါက် ရောက်ဖြစ်တာက ပေါက်ကျော် ငါးကင်ဆိုင်။  
ပေါက်ကျော် ငါးကင်ဆိုင် 
 အထဲမှာ တော်တော်ကျယ်တယ်။ တဲလေးတွေကို ရေထဲမှာ ဆောက်ထားတာ။ အဲလိုတဲပေါင်း ၂၀လောက် ရှိတယ်။ 
အထဲမှာ သီးသန့် တဲလေးတွေနဲ့ အေးအေးဆေးဆေး သာသာ ယာယာရှိတယ်။
 သူ့ဆိုင်မှာ menu.. ဗိုက်တောင်ဆာလာပြီ။ :D ငါးဟင်းတွေက တစ်ပွဲမှ သုံးထောင်ဝန်းကျင်လောက်ဘဲ။ 
 ငါးဟော့ပေါ့၊ ငါးချဉ်စပ်၊ ငါးကြွပ်ကြော်၊ ငါးထောင်း၊ ခရမ်းချဉ်သီးသုပ်။ လူငါးယောက်စားတာ ၂သောင်းတောင် မကျဘူး။ အဲဆိုင်က ငါးစိမ်းသုပ်လည်း တော်တော်စားကောင်းတယ်။ တောင်ကြီးက ကလေးတွေများ အားနေရင် ဆိုင်ကယ်နဲ့ ကဒီးကဒီး သွားကြတာ။ ငါးစိမ်းသုပ်နဲ့ ငါးထောင်းကို highly recommend လုပ်ပါတယ်။ ;)

 
ငါးကင်ဆိုင်ရဲ့ လမ်းဟိုဘက်ခြမ်းမှာ လယ်တောလေးတွေရှိတယ်။  

မစ္စတာ ဒေးဗစ် ငါးကန် (ညောင်ရွှေမြို့)
ဒီတစ်ပုံက သူငယ်ချင်းရဲ့ FB ကနေ မ လာတာ။ မစ္စတာဒေးဗစ်  ငါးကန်နဲ့ ငါးကင်ဆိုင်။ Mr. David မှာက ကိုယ်တိုင် ငါးမျှားလို့လည်းရတယ်တဲ့။ အမေတို့က ပေါက်ကျော်ဆိုင်က ပိုစားကောင်းတယ်လို့ ပြောတာဘဲ။ ဒါပေမယ့် ဒီတစ်ခုက တော်တော်သာယာတယ်။ နောက်ခေါက်ပြန်ဖြစ်ရင်တော့ မစ္စတာ ဒေးဗစ်မှာ သွားစားဦးမယ်။ :)


Favorite pre-packaged food from Taunggyi

မြန်မာပြည်ပြန်တိုင်း အစားအသောက်ကို အများဆုံး ပြန်ယူလာဖြစ်တယ်။ တောင်ကြီးကဝယ်ခဲ့တာမို့ တောင်ကြီးလို့ ခေါင်းစဉ်တပ်လိုက်တာ။ အချို့အစားအစာတွေကတော့ အခြားမြို့တွေမှာလည်း ဝယ်လို့ ရကောင်းရပါလိမ့်မယ်။ ဟိုနေ့က လက်ဖက်နဲ့ ထမင်းနဲ့ နယ်၊ စွန်တန်ဟင်းရည် နဲ့စား၊ ရေနွေးကြမ်းသောက်ရင်း သတိရလို့ ဘလော့ရေးဖြစ်သွားတာ။

၁။  လက်ဖက်
လက်ဖက်ဆို လက်ဖက်ညွှန့်ဘဲကြိုက်တာမို့ မြေလတ်သားကနေ ဝယ်ဖြစ်တယ်။ သူက တစ်ခါထဲနှပ်ပြီးသား ဗူးနဲ့လာတော့ ဒီပြန်ရောက်ရင် ဗူးလိုက်ရှာပြီး ထည့်ဖို အလုပ်မရှုပ်တော့ဘူး။ တစ်ပုလင်း တစ်ထောင်ထင်တယ်။ အဲဆိုင်က ပဲကြော်တွေလည်း စားလို့ကောင်းတယ်။ တောင်ကြီးမြို့မစျေးနားက နာရီစင်နားမှာ ဆိုင်အကြီးကြီးဘဲ။ အခြားဒေသထွက် အစားအသောက် တော်တော်များများလည်း ရောင်းတယ်။ 

၂။ အသင့်စား စွန်တန်ဟင်းရည်
အရင်ကဆို စွန်တန်အခြောက်ကို အဖွားကိုယ်တိုင်လုပ်တာ။ ဆောင်းတွင်းမှာ အခြောက်လှမ်းထားရင် တစ်နှစ်လုံး အထားခံတယ်။ အဖွားဆုံးသွားပြီးကတည်းက ဝယ်ဘဲစားဖြစ်တော့တယ်။ =( စွန်တန်ဟင်းရည်နဲ့ ချဉ်စော်ကားသီး ဟင်းရည် အသင့်စားအထုတ်လေးတွေကို ဒီတစ်ခေါက်ပြန်တော့ အဒေါ်တစ်ယောက်ဝယ်ပေးလိုက်တာ။ အထုတ်သေးငါးထုတ်ကို တစ်တွဲ ၇၀၀။ အထဲမှာ ဂျင်း၊ကြက်သွန်နီ၊ငရုတ်သီးခြောက်၊ဆား၊အရသာမှုန့် အကုန်ပါပြီးသား။ ရေနွေးထည့်ပြီး ၂မိနစ်လောက်နေ သောက်ရုံဘဲ။ အရသာမှုန့်ထဲမှာတော့ အချိုမှုန့် များလွန်းသလိုဘဲ၊ ကိုယ်လိုသလောက် နည်းနည်းဘဲ ထည့်တာကောင်းတယ်။  တစ်ယောက်တည်းစားရင် တစ်ထုပ်ကို ၂ခါလောက်စားလို့ရတယ်။

၃။ လက်ဖက်ခြောက်
လက်ဖက်ခြောက်က အရင်ကဆို စျေးထဲသွားပြီး ဆိုင်တွေမှာ အစိတ်သား၊ ငါးဆယ်သားမျိုး ဝယ်ဖြစ်သာများတယ်။ အမျိုးတစ်ယောက်က ဝယ်လာပေးလို့ "စိမ်ရနံ့လှိုင်" လက်ဖက်ခြောက်သောက်ကြည့်တော့ တော်တော်သဘောကျသွားတယ်။ packaging လေးကလည်း လှတယ်။ ပြီးတော့ လက်ဖက်ညွှန့် သေးသေးလေးတွေ၊ ရေနွေးထဲမှာ အဖတ်ကြီးတွေ ဖြစ်မနေတော့ဘူး။ သူက လှော်ပြီးသားဆိုတော့ အနံ့လည်း တော်တော်မွှေးတယ်။ အဲဒီစက္ကူဗူး တစ်ဗူးဆို ဘေးနားက ပုလင်းထဲထည့်တာ ၂ပုလင်းလောက်ရတယ်။

၄။ မာလာဟင်း၊ မာလာ မြေအိုးမြီးရှည်
မာလာဟင်းကို အရင်တစ်ခေါက်က သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးဖူးကတည်းက စားကောင်းလို့ သဘောကျနေတာ။ မန္တလေးက ပန်းသေးတွေ ထုတ်တာထင်တယ်။  တိုက်တိုက်ဆိုင်ဆိုင်ဘဲ စျေးထဲမှာ ခေါက်ဆွဲသွားစားရင်း အဲဆိုင်မှာ တင်ထားတာတွေ့လို့ တစ်ခါတည်း အများကြီးဝယ်ခဲ့လိုက်တယ်။ တစ်ထုပ်  ၇၀၀။ အထဲမှာ မာလာအမှုန့်၊ ပဲပိစပ်အနှစ်၊ ခေါက်ဆွဲ၊ ပဲလိပ်၊ မှိုခြောက်၊ အသားတု၊ ဘာညာ သာရကာ အစုံဘဲ။ :) ကိုယ်ကြိုက်တဲ့ အရွက်တွေကိုဝယ်ပြီး ပြုတ်၊ အထုပ်ထဲက ပါတဲ့အစာပလာတွေကို ရေစိမ်၊ ပြီးရင် ခဏပြုတ်၊ အစာတွေနဲ့ နယ်စားရုံဘဲ။ သူ့ထဲမှာပါတဲ့ ပဲပိစပ်အနှစ်ကတော့ အသေစပ်လို့ လျှော့ထည့်ရတယ်။ တော်တော့်ကို စားကောင်းတာ။ မြေအိုးမြီးရှည်ထုပ်လည်း မာလာဟင်းထုပ်နဲ့ အတူတူဘဲ၊ မာလာခေါက်ဆွဲနေရာမှာ မြီးရှည်ခြောက်ထည့်ထားတာဘဲ ကွာတယ်။ တစ်ထုပ်ဆို ၂ယောက်လောက် စားလို့ရတယ်။

၅။ ဂျူးပဲပုတ်ကြော်
တောင်ကြီးပြန်တိုင်း "ကျိုင်းတုံ" တံဆိပ် ဂျူးပဲပုတ်ကြော်က မဝယ်မဖြစ်။ သူငယ်ချင်းတွေအကုန်က ကြိုက်လို့ အမြဲမှာနေကြ။ အရင်က သစ်တောရပ်ကွက်ထဲက သူ့ဆိုင်ထိ သွားပြီး ကြိုမှာရတယ်။  ခုက စျေးထဲက နာရီစင်နားက မြေလတ်သားဆိုင်မှာ ဝယ်လို့ရတော့ ပိုအဆင်ပြေတယ်။ ဂျူးမြစ်၊ ပဲပုတ်နဲ့ မြေပဲကို ကြော်ထားတာ၊ ကြွပ်ကြွပ်ရွရွလေး စားလို့ကောင်းတယ်။ အထားလဲခံတယ်။ ခြောက်လလောက်ထိ ထားလို့ရတယ်။  တစ်ထုပ် တစ်ထောင်လားမသိဘူး မေ့သွားလို့။ :)

၆။ ဆင်ဖြူတော် preserved fruits
ဆင်ဖြူတော်တံဆိပ်ကတော့ မြန်မာပြည်မှာ နေရာတော်တော်များများမှာ ဝယ်လို့ရပါတယ်။ ဆားငံသီးထဲမှာတော့ အဲဒီတံဆိပ်ကို ဘယ်သူမှ မမှီသေးဘူး(လို့ထင်တာဘဲ)။ ဒီတစ်ခေါက်ပြန်မှ သတိထားမိတာ packaging တော်တော်ကောင်းလာတယ်။ export ကွာလတီဖြစ်မယ်။ ခါတိုင်း အချဉ်ပေါင်းတွေကို ပလတ်စတစ်နဲ့ထုတ်ထားတာတွေက လက်ဆောင်ပေးလို့ မကောင်းဘူး။ အခုက ဗူးလေးတွေနဲ့ သေချာ ထည့်ထားပြီး လေလုံအောင် ပိတ်ထားတာ။ စားလို့လဲကောင်းတယ်၊ လက်ဆောင်ပေးလို့လဲကောင်းတယ်။ တစ်ဗူးကို ၁၇၀၀ ထင်တယ်။ အများကြီးဘဲပါတယ်။ ဆားငံသီး၊ သရက်ယို အစပ်၊ ရှောက်ယို၊ မရမ်းယို၊ ဂျင်းယို၊ ဇီးယို(အစေ့လွတ်)၊ နောက် ၂မျိုးလောက် မမှတ်မိတော့ဘူး။ ၇မျိုး ၈မျိုးလောက်ရှိတယ်။ တစ်မျိုးတစ်ဗူးစီဝယ်ခဲ့ပြီး သိပ်မကြိုက်တာတွေကို ရုံးကလူတွေကို ကျွေးလိုက်တယ်။ :D

နောက်ထပ်သယ်ဖြစ်တာတွေက ဖရုံစေ့လှော်၊ မုန်ညှင်းချဉ်၊ မုန်လာဥချဉ်၊ အမဲခြောက်၊ ငါးမုန့်၊ နွားနို့ခြောက်၊ မှိုဆီစိမ် စသဖြင့်စသဖြင့် အကုန်တောင် မမှတ်မိတော့ဘူး။  :D ဒီပြန်ရောက်ပြီး အစားအသောက်တွေ ဗူးထဲထည့်၊ ရေခဲသေတ္တာထဲထည့် ပြန်စီရတာတောင် ၂ရက်သုံးရက်လောက် ရှင်းယူရတယ်။ တောင်ကြီး trip ကပုံတွေကို နောက်နေ့မှ တင်ရဦးမယ်။ :)


Aythayar Vineyard

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက် တောင်ကြီးပြန်ဖြစ်တုန်းက ရိုက်ထားတဲ့ ပုံလေးတွေ။ sunset wine garden တောင်ကြီးမြို့အထွက် အေးသာယာမြို့သစ် မရောက်ခင်လောက်နားမှာရှိတာ။ တောင်ကြီးမြို့ထဲကနေ ဆိုင်ကယ်နဲ့ မိနစ်၂၀လောက်မောင်းရင် ရောက်တယ်။ မပြန်ခင်တစ်ရက်မှာ သူငယ်ချင်းတွေလာခေါ်တာနဲ့ လိုက်သွားဖြစ်တယ်။ ဒီတိုင်းဆို ရောက်ဖြစ်မှာမဟုတ်။ ဒီမှာသာ လျှောက်သွားနေတာ၊ အိမ်ရောက်တာနဲ့ ခြေချုပ်မိတာများတယ်။ ဝိုင်ခြံက ဖွင့်ထားတာ သိပ်မကြာသေးဘူး။ မကြာဆိုတာ လေးငါးနှစ်ပေါ့ :D တောင်ကြီးမှာ လည်စရာ ပါတ်စရာ တစ်နေရာ တစ်ခု တိုးသွားတယ်။
sunset wine garden အဝင်ဝ.. ဘေးကပုံက သူငယ်ချင်းပြောတာ.. ကောင်းတယ်ဆိုတဲ့ဝိုင်.. တစ်ပုလင်းကို တစ်သောင်းဝန်းကျင်ထင်တယ်။ ကျန်တဲ့သူတွေက ဆိုင်ကယ်မောင်းရဦးမှာဆိုတော့ ကော်ဖီဘဲသောက်ကြတယ်။ ဝိုင်ကို ခွက်လိုက်မှာသောက်လည်းရတယ်။ menu နဲ့စျေးနှုန်းတွေကို ဒီမှာ နဲ့ ဒီမှာ ကြည့်လို့ရတယ်။ သူများတင်ထားတာ။
စပျစ်ပင်ဆိုတာလည်း အဲခါမှ သေချာမြင်ဖူးတော့တယ်။ စိုက်ခင်းတွေ အစီအရီနဲ့ အရမ်းကို လှလွန်းတယ်။
စပျစ်ခြံကနေ လှမ်းမြင်နေရတာ အောက်က အေးသာယာမြို့သစ်နဲ့ ထုံးဖိုမြို့တို့ပေါ့။ 
ဝိုင်မသောက်ချင်လည်း ကော်ဖီတို့ အအေးတို့ဘဲမှာပြီး ခြံလေးထဲမှာ လမ်းလျှောက်၊ ဓါတ်ပုံရိုက်လို့ရအောင် လမ်းလေးတွေ သေချာလုပ်ထားပေးတယ်။ အဲနေ့က မိုးတွေ တစ်အားအုံ့နေတာနဲ့ မြန်မြန်ပြန်ခဲ့ရတယ်။ တော်သေးလို့ မိုးမမိတာ။ 

ဝိုင်ခြံအကြောင်းကို ဒီပြန်ရောက်မှဘဲ အင်တာနက်က ပြန်ရှာဖတ်ဖြစ်တယ်။ Myanmar Vineyard website မှာ ရေးထားသလောက်တော့ ဂျာမန်လူမျိုးလုပ်ငန်းရှင်တစ်ယောက်က ၁၉၉၈ လောက်မှာ ဥရောပကနေ စပျစ်ပင်မျိုးတွေသယ်ခဲ့ပြီး လွိုင်ကော်မှာ စမ်းစိုက်ကြည့်တယ်။ ၁၉၉၉ မှာ အေးသာယာမြို့သစ်နားကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၄မှာ ပြည်တွင်းမှာ ဖြန့်ဖို့ ဝိုင်စတင်ထုတ်လုပ်နိုင်ခဲ့တယ်။ ခုချိန်မှာ နိုင်ငံခြားကို တင်ပို့နိုင်တဲ့ အရည်အသွေးမြင့် ဝိုင်တွေကို ထုတ်လုပ်နိုင်ခဲ့ပြီ ဆိုပါတယ်။ အခုဆို ပြည်တွင်းပြည်ပ ဧည့်သည်တွေအတွက် Tourist attraction တစ်ခု ဖြစ်လာခဲ့ပြီ။ တော်တော်လှတဲ့နေရာလေးပါ။ တောင်ကြီးအင်းလေးသွားလည်မယ်ဆို လမ်းကြုံဝင်လည်သင့်တဲ့ နေရာလေး တစ်ခုပေါ့။


Old but gold?

ဟောင်းပေမယ့် ကောင်းနေဆဲလား?
လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကနဲ့ယှဉ်ရင် တောင်ကြီးမြို့ကြီးမှာ တိုးတက်လာတာ အိမ်တွေ၊ လူတွေ၊ ဆိုင်ကယ်တွေ များလာတာကိုဘဲ ပြောလို့ရမယ်ထင်တယ်။ မပြောင်းလဲဘဲ ဟောင်းနေဆဲအရာတွေကို လိုက်ရှာလွမ်းကြည့်တာပေါ့။

မြို့ပါတ်ကား သို့ တောင်ကြီး-အေးသာယာ ဆွဲနေတဲ့ မောချယ်ရီဘတ်စ်ကားတွေ ခုထိ ရှိသေးတယ်။

ဈေးပွဲတော်တစ်ခုရောက်သွားတော့ ဒီချားရဟတ်ကိုတွေ့လို့ ဓါတ်ပုံရိုက်ခဲ့တယ်။ အခု တစ်ခါစီးဘယ်လောက်လဲ မေးဖို့တော့ သတိမရမိဘူး။ ငယ်ငယ်ကဆို ပွဲခင်းထဲရောက်ရင် ဒါမစီးရ မပြန်ဘူးလုပ်ခဲ့တာ။ သူများနိုင်ငံက ကလေးတွေ merry-go-round ကို အလွယ်တကူ စီးနိုင်ပေမယ့် တောင်ကြီးက ကလေးတွေတော့ ပွဲဈေးမျှော်ပြီး ချားရဟတ်ကို ပျော်ပျော်ကြီး စီးကြတုန်းပေါ့။

ငယ်ငယ်တုန်းက ဆိုင်မှာအကြွေအမ်းတဲ့အခါ နည်းနည်းလေးစုတ်နေရင်တောင် လူတွေမယူတာမို့ ပိတ်ရက်ဆို အဖေ့ကိုကူပြီး ပိုက်ဆံဖာထေးရတာ အရမ်းပျော်ခဲ့တယ်။ ခုတော့ အကြွေရှားပါးနေတော့ ဘယ်လောက်စုတ်စုတ် အကြွေပေးနိုင်ရင်တောင် ကျေးဇူးတင်ပြီး ယူကြတယ်။ ဒါပေမယ့် ပိုက်ဆံအစုတ်မြင်ရင် တိပ်နဲ့ကပ်ချင်တဲ့ ဝါသနာကလည်း ရှိနေတော့ အားတဲ့တစ်နေ့ ထိုင်ပြီး အမေဈေးဝယ်ဖို့ စုထားတဲ့ အကြွေတွေကို ထိုင်ကပ်ပေးလိုက်တယ်။ ဟိုကာတွန်းတစ်ခုထဲကလို မြန်မာငွေ ပိုပြီး ခိုင်မာလာအောင် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုတယ်လို့ ပြောရင် ရမယ်ထင်တယ် :D

ဆိုင်ကယ်တွေ များလာတာနဲ့အမျှ ဆိုင်ကယ်ဓါတ်ဆီကို ဒီလိုတိုးပြီး ထုတ်ရတယ်။ ဒါက အထွက်ဖက်မှာ ရိုက်ထားလို့။ အဝင်ဖက်မှာဆို ပိုဆိုးသေးတယ်။ တန်းစီနေတာ အရှည်ကြီးဘဲ။ တစ်ပါတ် သုံးရက်ထုတ်ပေးတာတောင် ခက်ခက်ခဲခဲ ထုတ်နေရတုန်း။ ဆိုင်ကယ်တွေက တန်းစီ၊ လူတစ်ယောက်က ကြိုးတာထားပြီး ငါးစီးတစ်ဖြတ်လောက် လွှတ်ပေးတယ်။ မသိရင် မြင်းပြိုင်ပွဲလိုဘဲ။ :D ပြီးရင် လွှတ်လာတဲ့ ဆိုင်ကယ်တွေရဲ့ ဓါတ်ဆီစာအုပ်ကို လူတစ်ယောက်က update လုပ်ပြီး ဆိုင်ကယ်နံပါတ်ကိုအော်တယ်။ နောက်တစ်ယောက်က သူအော်တာကို မှတ်ထားတယ်။ နောက်တစ်ယောက်က ဓါတ်ဆီpump နဲ့ လိုက်ဖြည့်တယ်။ ရှုပ်နေရောဘဲ။ ဓါတ်ဆီထုတ်ပေးတဲ့စနစ်က အရင်တိုင်းပေမယ့် ဆိုင်ကယ်တွေများလာတော့ တန်းစီရတာ အရင်ကထက် ပိုဆိုးသွားတယ်။

ဒီတစ်ခေါက် တောင်ကြီးပြန်တော့ အများဆုံးရိုက်ဖြစ်တာတော့ အစားအသောက် ပုံတွေဘဲ။ ပြီးမှ အခန်းဆက် တင်ဦးမယ် :D


Taunggyi Trip 2010 – 7 (Home-cooked meals)

အပိုင်း - ၇ အိမ်ချက်ဟင်း


ဒါကတော့ တောင်ကြီးပြန်တုန်း တစ်ရက် အမေက သမီးရေ ညနေ ဧည့်သည် သုံးယောက်ဖိတ်ထားတယ်။ ဟင်းချက်ထားလိုက်နော်ဆိုလို့ မီးဖိုချောင်ထဲမှာ ရှိတာလေးတွေနဲ့ လက်စွမ်းပြလိုက်တဲ့တစ်ရက်ပေါ့။ ကိုယ့်ကိုယ် ချက်တုန်းကတော့ ဟုတ်နေတာပေါ့။ ပြီးမှ ပြန်ကြည့်တော့ ဟင်းက မလိုက်ဖက်ဘူး ဖြစ်နေတယ်။ တစ်မျိုးက ပန်းသေးဟင်း၊ တစ်မျိုးက ရခိုင်ဟင်း၊ တစ်မျိုးက ဗမာဟင်း .. ဟုတ်နေရော။ ဒီဘက်က အကြော်က ပန်းသေးဟင်းရဲ့ ဆစ်ဂနေချာအကြော်(signature food) နွားနို့ခြောက်ကြော်ပေါ့။ ပြားပြားပြန့်ပြန့် နွားနို့ခြောက်အပြားကို မလိပ်လိပ်အောင် ကြော်ရတာလည်း အလွန်အင်မတန် လက်ဝင်ပါတယ်။ ငါးကိုကြတော့ ကြော်ပြီး ရခိုင်ဟင်းလိုမျိုး ချဉ်ချဉ်လေး ချက်လိုက်တယ်။ ပဲလိပ်ပြာကြော်တယ်။ ပဲလိပ်ပြာကို အခွံမခွါဘဲကြော်လဲ စားလို့ကောင်းတယ်။ ပြီးတော့ Sausage နဲ့ အမဲခြောက် နည်းနည်းကြော်လိုက်တယ်။ ဟင်းက တစ်မျိုးချင်းဆို ဟုတ်နေပေမယ့် အားလုံးကြတော့ မလိုက်ဖက်ဘူး ဖြစ်သွားတယ်။ ဧည့်သည်တွေကတော့ စားသွားရှာပါတယ်။ ဟင်းဆိုတာ ချက်တတ်ရုံနဲ့ မပြီးဘူး။ ဟင်းအမျိုးအစား လိုက်အောင် တွဲတတ်ဖို့လဲလိုတယ်ဆိုတာ နားလည်လိုက်တယ်။
ပန်းသေးဟင်းဆိုတာ ဒီလိုမျိုးပေါ့ကွယ်။ အမျိုးတွေလာလည်တော့ မာမီမားသားမေမေ ချက်ထားတာ။ ပန်းသေးထုံးစံလို့ပြောမလား။ အလှူအိမ်၊ ထမင်းကြွေးတွေမှာ ဟင်းခြောက်မျိုးဆိုတာကို ကြွေးကြတယ်။ တစ်ခါတစ်လေ ၅မျိုးဖြစ်ချင်ဖြစ်မယ်။ တစ်ခါတစ်လေ ၇မျိုး ဖြစ်ရင် ဖြစ်သွားတယ်။ တစ်အိမ်နဲ့တစ်အိမ် တစ်ခါနဲ့တစ်ခါ ဟင်းတွေ မတူတတ်ပါဘူး။ ဒါပေမယ့် basic concept ကတော့ တစ်ခုတည်း။ အဲနေ့က အမေချက်ထားတာတွေကတော့ ကြက်ပြုတ်၊ ကြက်သားမှိုကြော် (ကြွက်နားရွက်မှို)၊ အစိမ်းကြော်(ဂျူးဖူး၊ မုန်လာဥနီ၊ ရေပြောင်းဖူး၊ အောစွန်း)၊ ကြာဇံသုတ်၊ စူးကျီး (ကြက်သားလုံးကြော်ချက်)၊ အမဲသားကြော်၊ သီဟိုဠ်စေ့ကြော်၊ မုန်ညင်းဟင်းရည် တို့ပေါ့။ စားလို့ကုန်ခါနီးမှ ဓါတ်ပုံရိုက်ဖို့သတိရတယ်။
အရင်နှစ် တရုတ်နှစ်သစ်ကူးပိတ်ရက်မှာ သူငယ်ချင်းတွေက ပန်းသေးဟင်းချက်ခိုင်းတော့ ချက်လိုက်သေးတယ်။ ဘယ်လိုဖြစ်သွားလဲဆိုတော့ အပေါ်က မြင်တဲ့အတိုင်း။ ဟီး.. ပြောပါတယ်။ ဟင်းက ချက်ဘဲ ချက်တတ်တယ်။ မတွဲတတ်ဘူးဆို။ ဘယ်လိုကြည့်ကြည့် ပန်းသေးဟင်းနဲ့ သိပ်မတူဘူး ဖြစ်သွားတယ်။ သူငယ်ချင်းတွေတော့ အားပေးကြရှာပါတယ်။ စားလို့ဖြစ်တယ်တဲ့။ ဒီနှစ် တရုတ်နှစ်ကူးပိတ်ရက်တော့ ဘယ်မှ သွားချင်စိတ် မရှိတာနဲ့ အိမ်တွင်းအောင်းပြီး ဘလော့ဂ်ချည်း လှိမ့်ရေးပစ်လိုက်တယ်။ မှတ်ရော။ တောင်ကြီးစီးရီးစ်က အပိုင်း၇ဘဲ ရှိသေးတယ်။ ရေးစရာ ကုန်သလောက် ဖြစ်နေပြီ။ 


Taunggyi Trip 2010 – 6 (My high school)

အပိုင်း၆ - ကျောင်းတော်သာ

၂၀၁၁ ရောက်သွားပေမယ့် ၂၀၁၀ ခရီးကို ဆက်ပါဦးမယ်။ တောင်ကြီးမှာ အထက်တန်းကျောင်း ၇ကျောင်း ရှိတယ်။ အထက၁၊ အထက၂ စသဖြင့် အထက ၇ အထိပေါ့။ သဉ္ဇာတို့ကျောင်းက အထက၄။ ငယ်ငယ်က TTC မူလတန်းကျောင်းမှာတက်ပြီး ငါးတန်းမှာ အထက(၄) ပြောင်းခဲ့တာ။ သဉ္ဇာ တက်ခဲ့တဲ့ အချိန်တုန်းက ဆရာမကြီး ဒေါ်အေးချစ် လက်ထက် တောင်ကြီးမှာ အထက၄ ခေတ်ဆိုတော့ ထ၄ ကျောင်းသားတွေက ကိုယ့်ကိုယ် အလကားနေရင်းတောင် သူများကျောင်းထက် နှာတစ်ဖျားသာတယ်လို့ ကြံဖန်ဂုဏ်ယူကြတယ်ပေါ့ကွယ်။ တစ်ခြားမြို့မှာ ကျောင်းသားဖြစ်ရတာထက် တောင်ကြီးမှာ ကျောင်းသားဖြစ်ရတာ သာတဲ့အချက်က တန်ဆောင်တိုင်မှာ ကထိန်လှည့်ခွင့်ရတဲ့အချက်ပေါ့။ (ခုနောက်ပိုင်းတော့ ကျောင်းသားတွေ ကထိန်လှည့်ခွင့် မပေးတော့ဘူး ပြောတယ်။)
အပါတ်တိုင်း နိုင်ငံတော် အလံကို အလေးပြုခဲ့တဲ့ ဘောလုံးကွင်း။ ဆောင်းတွင်းဆို နံနက်စောစောလာပြီး Assembly မတိုင်ခင် နေပူဆာလှုံရတာကိုလည်း လွမ်းစရာပါဘဲ။ မြက်ပင်တွေ ရှည်လာပြီဆိုရင် မြက်တွေကို ထုံးပြီး ထောင်ချောက်မလုပ်ကြည့်ဖူးတဲ့သူ နည်းမလားဘဲ။ အပေါ်က မြင်ရတဲ့ အဆောင်ကတော့ မူကြိုဆောင်။ မူကြိုဘေးမှာ အားကစားရုံ ရှိပါတယ်။ သဉ္ဇာတို့ ကျောင်းဝင်အပြီးမှာ အဆောက်အဦးအသစ် တော်တော်များများ တိုးလာတယ်။ ၁၉၉၆ အရှေ့ပိုင်း အောင်သွားတဲ့ ကျောင်းသားဟောင်း တွေကတော့ မူကြို၊ ဓမ္မာရုံ၊ အားကစားရုံ၊ မြသီရိ ခန်းမတွေကို မှီလိုက်မှာ မဟုတ်ဘူး။
အားသစ် - ၁။ ငါးတန်းမှာ ထ၄ စပြောင်းတော့ ဒီအဆောင်မှာ တက်ခဲ့ရတာ။ ကျောင်းဝင်စတော့ ဘယ်လိုမှ မပျော်ဘူးပေါ့။ သူများကျောင်းမှာ သွားတက်နေရသလို ခံစားရတယ်။ ဒါတောင် အရင်ကျောင်းက သူငယ်ချင်းတော်တော်များများ ကိုယ်နဲ့ တစ်တန်းထဲကျလို့ တော်သေးတယ်။
ဒါကမြသီရိဆောင်။ အပေါ်ထပ်က ဆုပေးပွဲခန်းမ။ ကျောင်းဆောင်သစ်ဆောက်ပြီးတာနဲ့ သဉ္ဇာတို့လည်း ၇တန်း အရောက်။ ကျောင်းဆောင်သစ်မှာ စျေးဦးပေါက် ကျောင်းတက်ခဲ့ရတာ။ ဘောလုံးကွင်းကို တိုက်ရိုက်မြင်နေရတာဆိုတော့ သူများတွေ ကွင်းထဲမှာ ဘင်ခရာ ကျင့်တဲ့အချိန်၊ အားကစား အချိန်ဆို တစ်တန်းလုံးက ဆရာမစာသင်တာကို မကြည့်ဘဲ အပြင်ဘဲ ငေးနေလို့ ဆရာမတွေကတော့ ဒီကျောင်းဆောင်က အတန်းတွေကို သိပ်မကြိုက်ကြဘူး။
ဒါကတော့ မုန့်စားဆင်းချိန်ဆို အစည်ကားဆုံးနေရာပေါ့။ ဘေးမှာ မုန့်ဆိုင်တန်းတွေ ရှိတယ်လေ။ ခုတော့ မုန့်ဆိုင်တန်းတွေနေရာမှာ ကျောင်းဆောင်သစ် ဆောက်နေတယ်။ အနောက်ဘက်က ၉တန်း ၁၀တန်း အဆောင်။ ကိုယ်တိုင်ဆို ပုံအများကြီး ရိုက်ဖြစ်လောက်ပေမယ့် စိတ်မရှည်တဲ့ မောင်လေးကို ရိုက်ခိုင်းရတော့ သူက လေးပုံဘဲ ရိုက်ခဲ့ပေးတယ်။
ငယ်ငယ်က ဆုပေးပွဲတွေဆို ဒီလို ဗလာစာအုပ်တွေ ပေးလေ့ရှိပါတယ်။ စာရွက်တွေက ကွာလတီ သိပ်မကောင်းပေမယ့် သဉ္ဇာတို့အတွက်တော့ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေပါ။ (၅တန်းကတည်းကနေ ဆုရထားတဲ့စာအုပ်တစ်ချို့ မသုံးရက်ဘဲ သိမ်းထားတာ ခုထိ ရှိနေသေးတယ်။) ဘာရယ်တော့ မဟုတ်ပါဘူး။ အမှတ်တရပေါ့။

  

ကိုးတန်းတုန်းက အိမ်တွင်းမှု အချိန်မှာ လုပ်ခဲ့တဲ့ တစ်ရှူးဘောက်စ်လေး၊ အဲတုန်းက ပလတ်စတစ် ဇကာကွက်တွေအပေါ်မှာ သိုးမွေးချည်နဲ့ထိုးပြီး ပုံမျိုးစုံလုပ်တာ ခေတ်စားတုန်းကပေါ့။ ဒီတစ်ခုပြီးဖို့ အချိန် တော်တော်ယူခဲ့ရတယ်။ 


ကျောင်းတုန်းက အမှတ်တရလေးတွေပေါ့..

Related Links
1. BEHS 4 Tgi on Facebook: http://www.facebook.com/group.php?gid=4422771052


Taunggyi Trip 2010 – 5

အပိုင်း၅ - တောင်ကြီးဈေးနေ့

တောင်ကြီးကို အရမ်းကြိုက်တဲ့ အချက်တွေထဲက တစ်ခုကတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ တော်တော် ပေါတာပါဘဲ။ မိုးနှောင်းပိုင်း ဩဂုတ်၊ စက်တင်ဘာလောက် ဆိုရင် ဩဇာသီး၊ တယ်သီး၊ ထောပါတ်သီး တွေ လှိုင်လှိုင်ထွက်တဲ့အချိန်ဖြစ်ပြီး ဆောင်းအကုန် နွေအကူး ကတော့ စတော်ဘယ်ရီ ပေါ်တဲ့အချိန်ဖြစ်ပါတယ်။ ဆောင်းတွင်းပြန်ရင် လိမ္မော်သီးလောက်ဘဲ ရှိပြီး နွေအကုန် မိုးအကူးဆိုရင် သရက်သီးလောက်ဘဲ ပေါတာ။ ဒီတစ်ခေါက်ပြန်တော့ ထောပါတ်သီးနဲ့ ဩဇာသီးကို နေ့တိုင်းလိုလို စားခဲ့တယ်။ တယ်သီးကို ပလတ်စတစ်အိတ်အလုံနဲ့ချည်၊ ရေအပြည့်ထည့်ထားတဲ့ အိုးထဲ ထည့်ပြီး ၂ပါတ်လောက် ထားလို့ ရလာတဲ့ တယ်သီး အကြွပ်သီးဆိုတာလဲ တော်တော်စားကောင်းတယ်။ ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ရေပြောင်းဖူး နဲ့ ဆလတ်ရိုးကို တော်တော်ကြိုက်တယ်။ 
စူကာသီး (ဂေါ်ရခါးသီး)၊ ဖရုံသီး၊ စူကာရွက်၊ ရေပြောင်းဖူး

ဂေါ်ဖီထုပ်၊ ဩဇာသီး

ဝယ်လာဖြစ်ခဲ့တာက ထောပါတ်ပြောင်း၊ ရေပြောင်းဖူး၊ ထောပါတ်ပဲ၊ ရွှေပဲရွက်


  
နေကြာစေ့လှော်၊ တရုတ်ပဲ၊ ပဲပုတ်စေ့၊ ဖရုံစေ့၊ မြေပဲဆားလှော်၊ စသဖြင့်.. စသဖြင့်..


sour & spice corner: ငရုတ်သီး၊ မျှစ်ချဉ်၊ ဂျူးမြစ်၊ ချဉ်ပေါင်ရွက်

(ကင်မရာ တကားကားနဲ့ ဈေးသွားခဲ့တဲ့ ဈေးနေ့တစ်နေ့ကပေါ့။)


Taunggyi Trip 2010 - 4

အပိုင်း၄ - တောင်ကြီးအစားအသောက်

ဒီပို့စ်က Taunggyi Trip 2010 - 3 မှာရေးခဲ့တဲ့ ဆိုင်ရဲ့ အဆက်ပါ။



ဘယ်တော့မှ မရိုးနိုင်တဲ့ ရှမ်းအစားအစာ နောက်တစ်မျိုးကတော့ ချဉ်ငံစပ် ပါ။ ဆန်ခေါက်ဆွဲကို မုန်ညှင်းချဉ်၊ ရှလကာရည်၊ ပဲပုတ်အနှစ်၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူ/ငရုတ်သီးဆီချက် တို့နဲ့ စားတဲ့ ရှမ်းအစားအစာပါ။ ငယ်ငယ်တုန်းကဆို အမေ မြို့မဈေးသွားမယ်ဆိုရင် အရမ်းလိုက်ချင်တာ။ ဈေးထဲက ထောင့်လေး တစ်နေရာမှာရောင်းတဲ့ ချဉ်ငံစပ်စားချင်လို့။ :-D


တောင်ကြီးကို လွမ်းရတဲ့ထဲမှာ ကောက်ညှင်းထုပ် က ထိပ်ဆုံးနားက ပါပါတယ်။ ခုလောလောဆယ်တော့ ကောက်ညှင်းမီးကင်၊ ကောက်ညှင်းငှက်ပျော၊ ကောက်ညှင်းပူတင်း တွေကို ၁ဝထုပ်လောက်ဝယ်ပြီး ထမင်းလွတ်စားလိုက်ချင်တယ်။

ကိုယ်ကြိုက်တဲ့ ရှမ်းအစားအသောက်တွေကို တစ်နေရာထဲမှာ ရနိုင်တဲ့အတွက် တောင်ကြီး ပြန်တိုင်း အဲဆိုင်မှာ အမြဲသွားစားဖြစ်ပါတယ်။ မနက် ၁၁ ဝန်းကျင်လောက် သွားစားရင် အဆင်အပြေဆုံးပါဘဲ။ ညနေဆို တစ်ချို့ အစားအသောက်တွေ ကုန်သွားတာ များပါတယ်။ တော်တော်ရောင်းကောင်းတဲ့ဆိုင်ပါ။

တောင်ကြီးမပြန်တာကြာလို့ ဈေးနှုန်းလေးတွေသိချင်မယ့် သူတွေအတွက် မှတ်မိသလောက် ရေးပေးလိုက်ပါမယ်။

ကြက်ဥကင် (၁လုံး) - ၂၀ဝ ကျပ်
ကောက်ညှင်းထုပ်၊ ငှက်ပျောထုပ်၊ ကောက်ညှင်းပူတင်း (၁ထုပ်) - ၁၀ဝ ကျပ်
ခေါက်ဆွဲအွန်၊ ချဉ်ငံစပ်၊ သင်္ဘောသီးထောင်း၊ မြေပဲတိုဖူး၊ ပဲကပ်ကြော်သုပ် (၁ပွဲ) - ၃၀ဝ ကျပ်
ဒိန်ချဉ် (၁ခွက်) - ၄၀ဝ ကျပ်

တောင်ကြီးရောက်ရင် ဖြစ်အောင် သွားစားသင့်တဲ့ ဆိုင်တစ်ဆိုင်ပါ။ (ဆိုင်ရှင်အဒေါ်ကြီး နောက်ဆို သဉ္ဖာ့ကို အလကား ကျွေးသင့်တယ်။ :D)

အစားအသောက်ကို ဓါတ်ပုံရိုက်တာ ဘလော့ဂ်ဂါတွေဘဲ နားလည်ပေးနိုင်ပေမယ့် တစ်ခြားသူတွေကတော့ တော်တော် ကြောင်စီစီနိုင်တဲ့ အလုပ်လို့ မြင်ပါတယ်။ သူတို့တွေခမျာ ဗိုက်ဆာနေတဲ့အထဲ သဉ္ဖာ ဓါတ်ပုံရိုက်တာကို အရင်စောင့်ရတဲ့အတွက် တော်တော် အမြင်ကပ်နေလောက်တယ်။ ပြောချင်တာပြော ဆိုပြီး ရိုက်ခဲ့တော့လည်း ဘလော့ဂ်ပို့စ်၂ခု ဖြစ်သွားတယ်ပေါ့ကွယ်။


Taunggyi Trip 2010 – 3

အပိုင်း၃ - တောင်ကြီးနှင့် အစားအသောက်


ဒီပို့စ်မှာတော့ ၇ရက်သားသမီး ဘလော့ဂ်ဖတ်သူ တွေကို နှိပ်စက်ဖို့ တကူးတက ရိုက်လာတဲ့ အစားအသောက်ပုံလေးတွေကို တင်ပါမယ်။ (တစ်ချို့ပုံတွေတော့ FB မှာတင်ပြီးသား။ ကြည့်ပြီးသားဆိုလည်း ထပ်ကြည့်ပေါ့နော်။)

တောင်ကြီးပြန်တိုင်း အမြဲစားဖြစ်တဲ့ဆိုင်ကတော့ ပြည်တော်သာထဲက ကျိုင်းတုံ ရှမ်းစားသောက်ဆိုင် ပါ။ အောက်ကပုံက အဲဒီဆိုင်ရဲ့ Menu ပေါ့။ ဈေးသက်သာတဲ့အပြင် အရသာအရမ်း ကောင်းတဲ့အတွက် တောင်ကြီးမှာတော့ တော်တော်နာမည်ကြီးပါတယ်။


ဆိုင်က နည်းနည်းချောင်ကျတော့ တောင်ကြီးမှာအမြဲနေတဲ့သူတွေတောင် တော်တော် ရှာယူရပါတယ်။ ကျမအလွယ်ဆုံး မှတ်ထားတဲ့ လမ်းကတော့ မြစံပါယ်မင်္ဂလာခန်းမရဲ့ ဘေးလမ်းကနေ ဆင်းသွားလိုက်ရင် (ဒုတိယ လမ်းချိုးလား၊ တတိယ လမ်းချိုးလားမသိ) သစ္စာလမ်းကို အရင်တွေ ့အောင်ရှာ ညာဖက်ချိုးဝင်လိုက်ပါ။ အဲလမ်းထဲမှာ ဆိုင်၂ဆိုင်ရှိတယ်။ ကျိုင်းတုံဆိုင်က ဒုတိယတစ်ဆိုင်ပါ။


ဒါကတော့ ခေါက်ဆွဲအွန် လို့ခေါ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ စကြားဖူးတာ။ ဆန်ခေါက်ဆွဲအပြားထဲမှာ ပဲပင်ပေါက် ပဲပြား တို့နဲ့ အခြား ဟင်းသီးဟင်းရွက် စသဖြင့် ကိုယ်ကြိုက်တဲ့ အစာပလာတွေထည့်ပြီး လိပ်ထားတာပါ။ တော်တော် အရသာရှိပါတယ်။ ဘယ်ဖက်အပေါ်နားက ပဲကပ်ကြော်သုပ်ပါ။ အနီးကပ် ဓါတ်ပုံရိုက်ဖို့ အချိန်မရလိုက်ခင် ပြောင်သွားပါတယ်။

ဒါက မြေပဲထိုဖူးသုပ်။ နောက်ပိုင်းမှ ခေတ်စားလာတဲ့ ရှမ်းအစားအစာ တစ်မျိုးပါ။ အရင်က ဆန်တိုဖူး၊ ပဲတိုဖူး ဆိုပြီးသာ ရှိပေမယ့် ခုနောက်ပိုင်း မြေပဲကိုကြိတ်ပြီး ကောက်ညှင်းမှုန့်နဲ့ ကျိုတဲ့အခါ မြေပဲတိုဖူး ဆိုပြီး စားစရာ တစ်မျိုး တိုးလာပါတယ်။ မြေပဲထိုဖူးနွေးလည်း အရမ်းစားလို့ကောင်းတယ်။ သဉ္ဖာတော့ ကုလားပဲနဲ့ ကျိုတဲ့ ထိုဖူးနွေးထက် မြေပဲထိုဖူးနွေးကို ပိုကြိုက်တယ်။


နောက်တစ်မျိုးကတော့ အလွန်အင်မတန် ရွှေဉာဏ်တော် စူးရောက်တဲ့သူတွေ တီထွင်ထားတဲ့ ကြက်ဥကင် ပါ။ တရုတ်ပြည်က စထွင်သလား၊ ယိုးဒယားက လား အသေအချာ မသိပေမယ့် အခု မြန်မာပြည်တစ်ဝှမ်းမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေပါတယ်။ မြန်မာပြည် မပြန်ဖြစ်တာ ကြာတဲ့သူတွေအတွက်တော့ အထူးအဆန်း ဖြစ်နေမှာပါ။ ဘယ်လိုလုပ်သလဲ မေးကြည့်တော့ ကြက်ဥကို အပေါက်သေးသေးဖောက်ပြီး ဆေးထိုးအပ်နဲ့ အထဲက အကာနဲ့ အနှစ်ကို စုပ်ထုတ်ပါတယ်။ ပြီးရင် ဇလုံကြီးတစ်ခုထဲမှာ နာနာခေါက်ပြီး ကြက်ဥထဲကို ဆေးထိုးအပ်နဲ့ ပြန်သွင်းတယ်တဲ့။ ပြီးတော့ အဲဒီကြက်ဥကို ပြုတ်ပြီးမှ အခွံခွါ၊ ပြီးတော့ ပြန်ကင်တာပါ။ အဲတာကို ပဲပုပ် အမှုန့်နဲ့ တို့စားတာ အရမ်းအရသာ ရှိပါတယ်။ ရန်ကုန်မှာဆို ငရုတ်သီးဆော့စ်ဘဲ ပေးတယ်။ အပေါ်က ပန်းကန်ထဲက ကြက်ဥကင် ခြောက်လုံးစာပါ။ (ထိပ်မှာ အပေါက်သေးသေးလေးတွေနဲ့ ကြက်ဥတွေရဲ့ပုံကို မနိုင်းနိုင်းစနေ တောင်တန်းတွေကြားမှ ကျိုင်းတုံ ဆိုတဲ့ ပို့စ်မှာ တစ်ခါ တင်ဖူးပါတယ်။ ပုံကို ဒီမှာ ကြည့်လို့ရပါတယ်။)

(အရှည်ကြီးတင်ရင် ဖတ်ရတာ ပျင်းနေမှာစိုးလို့ ကျန်တဲ့တစ်ဝက် နောက်နေ့မှ ဆက်ရေးပါမယ်။ ဒီတစ်ဆိုင်တည်းကို ပို့စ်၂ပို့စ်ရအောင် ခွဲတင်လိုက်ဦးမယ်။)


Taunggyi Trip 2010 - 2

အပိုင်း၂ - ဆင်တုပ်ကွေးနှင့် တောင်ကြီး

မေး။ ။ အစ်မ.. နေကောင်းလား။
ဖြေ။ ။ အင်း.. ကောင်းပါတယ်။


ဒါက မြန်မာလူမျိုးတွေ ထုံးစံ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် နှုတ်ဆက်ကြတဲ့ standard informal နှုတ်ခွန်းဆက်စကား တစ်မျိုးပေါ့။ ဒါပေမယ့် အခု တောင်ကြီးမှာ နေကောင်းလားလို့ မေးလိုက်တာနဲ့ လူ၁ဝယောက်မှာ ၈ယောက်က မကောင်းဘူးလို့ ဖြေပါလိမ့်မယ်။ အခုလောလောဆယ်တော့ နေကောင်းလား ဆိုတဲ့ မေးခွန်းကို မေးတဲ့အခါ standard answer ကို မျှော်လင့်ထားရင် အမှားကြီး မှားသွားပါမယ်။
တောင်ကြီးအိမ်ရောက်တာနဲ့ ဖျားနေတဲ့ အမေ့ကို တွေ့ရတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ဘယ်အိမ်သွားလည်လည် လူတွေ ဖျားနေကြမယ်ဆိုတာ အဲဒီအချိန်က လုံးဝ မသိခဲ့မိဘူး။ အခုတောင်ကြီးမှာ Chikungunya ဆိုတဲ့ တုပ်ကွေးရောဂါ တစ်မျိုး ပျံ့ နှံ့နေတယ်။ ဒေသခံလူတွေကတော့ ဆင်တုပ်ကွေး လို့ ခေါ်ကြတယ်။ သွေးလွန်တုပ်ကွေးလိုဘဲ ခြင်ကနေ တဆင့် ကူးစက်တာဆိုတော့ မိုးတွင်းကာလမှာ ကူးစက်နှုန်း အရမ်းမြန်တယ်။ တောင်ကြီး၊ လားရှိုး၊ မေမြို့တို့လို အေးတဲ့ဒေသတွေမှာ ပိုဖြစ်ကြတယ်လို့ ပြောတာဘဲ။ ရန်ကုန်မှာဖြစ်တော့ သိပ်မကြားမိဘူး။ တောင်ကြီးမှာတော့ လူတိုင်း အိမ်တိုင်းနီးပါး ဖျားကြလို့ "ခေတ်မီသူတိုင်း ဆင်တုပ်ကွေး ဖြစ်ကြသည်" လို့နောက်ပြောကြတယ်။

Chikungunya ရောဂါဟာ ၁၉၅၂ လောက်ကတည်းက အာဖရိကမှာ စတင်ဖြစ်ပွားခဲ့ပါတယ်လို့ ဆိုပါတယ်။ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား စတဲ့ အာရှဒေသ တော်တော်များများမှာ ကူးစက်ခဲ့ပြီး ဖြစ်ပေမယ့် မြန်မာပြည်မှာ အခုမှ ပထမဆုံးအကြိမ် ကူးစက်ပြန့်ပွားတာလို့ ပြောကြတယ်။ ဆင်တုပ်ကွေး လက္ခဏာတွေက သွေးလွန်တုပ်ကွေးနဲ့ ခပ်ဆင်ဆပ်တူပါတယ်။ စစချင်း အဖျားဝင်ပါတယ်။ အဖျားက တက်လိုက်ကျလိုက်ဖြစ်ပြီးတော့ ရက်အနည်းငယ်နေရင် ကိုယ်ခန္ဓာမှာ အနီစက်လေးတွေ ထွက်လာပြီး ယားယံတတ်ပါတယ်။ အဆိုးဆုံးကတော့ အဆစ်အမြစ်ကိုက်ခဲတာပါ။ အဆစ်အမြစ်ကိုက်ပြီး လက်တွေ ခြေထောက်တွေ ယောင်လာပါတယ်။ အဲတာကြောင့် ဆင်တုပ်ကွေးလို့ နာမည်တွင်သွားပုံရပါတယ်။ လူငယ်တွေက သက်သာတာ မြန်ပေမယ့် တစ်ချို့ လူကြီးတွေမှာ အဖျားပျောက်သွားပေမယ့် အဆစ်အမြစ်ကိုက်တာက တစ်လလောက်အထိ စွဲကျန်ခဲ့ပါတယ်။ ဆင်တုပ်ကွေးလို့ နာမည်ပေးထားတာ ဆင်(elephant) နဲ့တော့ ဘာမှ မပါတ်သက်ပါဘူး။ ရောဂါပိုးဝင်ပြီးရင် ခြေတွေလက်တွေ ယောင်ကိုင်းလာလို့ ဆင်တုပ်ကွေးလို့ နာမည်ပေးထားပုံ ရပါတယ်။ တစ်ချို့ဆို ရောဂါပျောက်သွားတဲ့အခါ မျက်နှာအသားအရောင် မည်းသွားတတ်လို့ ကပ္ပလီတုပ်ကွေးလို့လည်း နောက်ပြောင် ခေါ်ဝေါ်ကြပါတယ်။ ခန္ဓာကိုယ်မှာ အနီစက်ထွက်တဲ့အခါ ယားယံကြတဲ့အခါ ဆင်ကနေ မျောက်တုပ်ကွေးလို့ ပြောင်းခေါ်ကြပါသေးတယ်။ ရောဂါနာမည်ကတော့ ရယ်ရပေမယ့် တကယ်ဖြစ်တဲ့သူတွေကတော့ သနားဖို့ကောင်းပါတယ်။ ဒါတင် မပြီးသေးပါဘူး။ နောက်ဆုံးအဆင့်အနေနဲ့ ပါးစပ်တစ်ခုလုံးမှာ အနာဖြစ်ပါတယ်။ (အကိုက်အခဲ ပျောက်ဆေးတွေရဲ့ side effect ဖြစ်ပုံရပါတယ်။) သုံးလေးရက်လောက် အစား ကောင်းကောင်းစားလို့ မရကြပါဘူး။ တော်တော် ကြောက်စရာကောင်းတဲ့ ရောဂါပါ။

အခုတောင်ကြီးမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြပြီဆိုရင် ဆင်တုပ်ကွေးအကြောင်း၊ အိမ်မှာတော့ဖြင့် ဘယ်သူတွေ ဖျားနေတာ။ ဘယ်သူတွေ မဖျားသေးတာ။ ဘယ်အခါကမှ ကောင်းသွားတာ စသဖြင့် နေကောင်းလားလို့ စကားစလိုက်တာနဲ့ ဆင်တုပ်ကွေး စကားဝိုင်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် တောင်ကြီးမှာ ဆင်တုပ်ကွေး မဖြစ်ဖူးရင် ခေတ်မမှီဘူလို့ ပြောတာပါ။ သူများတွေ ဆင်တုပ်ကွေးအကြောင်းပြောနေကြတဲ့အချိန်မှာ ကိုယ်က ခေါင်းတငြိမ့်ငြိမ့်သာ နားထောင်နေရပါလိမ့်မယ်။

ကျမပြန်သွားတဲ့အချိန်မှာ အိမ်မှာ လူစုံတက်စုံ တစ်ယောက်တစ်လှည့် ဆင်တုပ်ကွေး ဖြစ်ကြပါတယ်။ ကြောက်လို့ နေ့တိုင်း Mosquito repellent လိမ်းပြီး နေရတယ်။ သဉ္ဖာ့သူငယ်ချင်း တစ်ယောက်တောင် စင်ကာပူကပြန်လာပြီး နောက်ရက် ချက်ချင်း ဆင်တုပ်ကွေးမိသွားပါတယ်။

လတ်တလေ တောင်ကြီးက စကားဝိုင်းတွေမှာ ပေါ်ပြူလာအဖြစ်ဆုံး topic က ဆင်တုပ်ကွေးပြီးရင် ဒုတိယလိုက်တာက စက်တင်ဘာ ၈ရက် လား ၉ရက်နေ့လား (အတိအကျ မမှတ်မိတော့ဘူး) အဲနေ့ညက မိုးခြိမ်းတဲ့အကြောင်းပါ။ အဲဒီအကြောင်းကို မနိုင်းနိုင်းစနေတောင် မိုးခြိမ်းည ဆိုတဲ့ ပို့စ်ထဲမှာ ရေးထားသေးတယ်။ ည ၁ဝနာရီဝန်းကျင်မှာ ၁၅မိနစ် ဆက်တိုက်လောက် ခြိမ်းတဲ့ မိုးခြိမ်းသံဟာ အိမ်ခေါင်မိုး ပွင့်ထွက်မတက် ကျယ်လောင်တယ်လို့ ပြောကြပါတယ်။ လူကြီးတွေတောင် တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်ကြောက်စရာကောင်းတဲ့ မိုးခြိမ်းသံမျိုး ဒီတစ်ခါဘဲ ကြားဖူးသေးတယ်လို့ ပြောပါတယ်။ အားလုံးဟာ တတ်သမျှ မှတ်သမျှ ဘုရားစာတွေ ရွတ်တဲ့အတွက် တော်တော်တော့ ကုသိုလ်ရသွားကြမှာပါ။ နောက်တစ်ရက်မှာ တောင်ကြီးတစ်မြို့ လုံးမှာ GSM လိုင်းတွေ ပြတ်သွားပြီး အင်တာနက်လိုင်းတွေလည်း ကျသွားတယ်။ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာ စာတစ်တန် ပေတစ်တန် ဖွဲ့ပြီး မရေးပြနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲနေ့ညက သဉ္ဖာတို့တော့ အိပ်ပျော်နေတာ တစ်ချက်မှတောင် မနိုးဘူး။ အိမ်ကလူတွေဆို အံ့ဩသွားတယ်။ ဟီး.. တောင်ကြီးမှာ အဲလို အိပ်လို့ကောင်းတာ။ အအိပ်မက်တာလည်း ကုသိုလ်တစ်မျိုး မဟုတ်လားကွယ်။

ဒါပေမယ့် ဆင်တုပ်ကွေးအကြောင်းလည်း မသိ ရာဇဝင်တွင်လောက်တဲ့ မိုးခြိမ်းသံလည်း မကြားမိလိုက်တဲ့အတွက် ဒီတစ်ခေါက် တောင်ကြီး trip မှာတော့ လုံးဝကို ခေတ်မမှီတဲ့သူ ဖြစ်သွားပါတယ်။

Related Post: ချီကန်ကင်ညာ သို့မဟုတ် ဂျပန်တုပ်ကွေး ဖြစ်ပွားနေ (မြန်မာတိုင်းမ်)

(အပိုင်းတစ်နဲ့နှစ် ဖတ်ပြီး စိတ်ညစ်စရာကြီးလို့ မတွေးလိုက်ပါနဲ့။ စိတ်မကောင်းစရာတွေ ဒီမှာကုန်ပါပြီ။ နောက်ပို့စ်ကနေစပြီး လည်ပါတ် စားသောက်တာတွေ လာပါမယ်။ :P စာမရေးတာ ၁နှစ်ကျော်လောက်ရှိသွားပေမယ့် လာဖတ်တဲ့သူ comment လာပေးတဲ့သူတွေ ရှိသေးတော့ ဝမ်းသာမိပါတယ်။)


Taunggyi Trip 2010 - 1

အပိုင်း၁ - အပြန်ခရီး
ဘလော့ဂ် မရေးဖြစ်တာ တစ်နှစ်ကျော်သွားပြီ။ ဒီလိုဘဲ ရေးမယ် ရေးမယ်နဲ့ drafts တွေဘဲ ပုံနေပြီး တစ်ခုမှ အချောမသတ်ရသေးဘူး.. ဒီကြားထဲမှာ တောင်ကြီး ၂ခေါက်ပြန်ဖြစ်တယ်။ ခုတော့ ပြန်စရေးတော့မယ်။ ဘလော့ဂ်ရေးတာ အချိန်ကုန်တာ မှန်ပေမယ့် နည်းနည်း အကျိုးရှိသေးတယ်။ ဘလော့ဂ်မရေးမှ ဘယ်လို အချိန်တွေ ကုန်သွားမှန်းကို မသိတော့ဘူး။

အရင်လက တောင်ကြီး ပြန်ဖြစ်တယ်။ ရက်၂ဝလောက် ခွင့်ယူတာ ကိုးရက်က public holiday ဖြစ်နေတာ့ Annual Leave ထဲက ၁၁ ရက်ဘဲ ဖြတ်လို့ တော်သေးတယ်။ AirAsia က ဒီတစ်နှစ် ဂျူလိုင်လကစပြီး မြန်မာပြည်ကို စဆွဲတော့ ပျော်ပျော်ကြီး ဈေးသက်သက်သာသာနဲ့ မြန်မာပြည် ပြန်လို့ရပြီ။ ပုံမှန်ဈေးထက် သုံးပုံ တစ်ပုံလောက် သက်သာသွားတယ်။ promotion ချတုန်းက ကြိုဝယ်ထားလိုက်တာ ကေအယ်လ် ရန်ကုန် အသွားအပြန်ကို USD 100 လောက်ဘဲကျတယ်။ promotion အချိန်မဟုတ်ရင်တောင် USD 170 လောက်ဘဲကျမယ်ထင်တယ်။ လေယာဉ်ပေါ်မှာတော့ လူအပြည့်ဘဲ။ အလည်ပြန်မယ့် သူတွေကော အပြီးပြန်မယ့် သူတွေကော။

မြန်မာပြည်ပြန်တာ ထုံးစံအတိုင်း ဆင်ဖိုးထက် ချွန်းဖိုးက ကြီးနေရော။ အရင်ဆုံး မြန်မာသံရုံးကို အခွန်သွားဆောင်ရတယ်။ ဒီတစ်ခေါက် ပါတ်စ်ပို့ သက်တမ်းတိုးတဲ့သူတွေနဲ့ သံရုံးမှာ ပြည့်ကျပ်နေတော့ မနည်း တိုးဝှေ့ပြီး အခွန်ဆောင်လိုက်ရတယ်။ မလွယ်ဘူး။ ပြီးတော့ တောင်ကြီး ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်က KL<->Yangon လက်မှတ်ထက် ဈေးပိုများနေသေးတယ်။ ကေအယ်လ်မြန်မာသံရုံးမှာ တန်းစီနေတုန်း ပါတ်စ်ပို့သက်တမ်းတိုးတဲ့ အချက်အလက်တွေကို အောက်ကအတိုင်း ရေးထားတာတွေ့လို့ ကိုယ်သက်တမ်းသွားတိုးတဲ့အခါ အသုံးဝင်အောင် ဓါတ်ပုံရိုက်ခဲ့တယ်။ (အသေးစိတ်ဖတ်လိုလျှင် ပုံကြီးချဲ့ ကြည့်ပါ။)

Immigration နဲ့ custom ကို ဖြတ်ပြီးတော့မှ လူက ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ ဘာရယ်မဟုတ် တစ်ခုခု ရစ်ရင် စိတ်ရှုပ်လွန်းလို့။ လေဆိပ်ထဲမှာ အရင်လို လူတွေနဲ့ ရှုပ်ယှက်ခပ်မနေဘဲ တော်တော်လူရှင်းနေတယ်။ ညနေဆိုတော့ နောက်လေယာဉ် မရှိတော့တာလည်း ပါမယ်။ ပြီးတော့ လေဆိပ်ထဲက အလုပ်သမားတွေကို လျှော့ချထားတယ်လို့ပြောတယ်။ မဟုတ်ရင် ကိုယ့်ပစ္စည်းလာလာလုလို့ စိတ်ညစ်ရဦးမယ်။ Airasia လေယာဉ်က ညနေဘက်မှ ရောက်တော့ တောင်ကြီးသွားမယ့် လေယာဉ်မရှိတော့ဘူး။ ရန်ကုန်မှာ တစ်ညအိပ်ပြီး နောက်နေ့မနက်၆နာရီခွဲလေယာဉ်နဲ့ တောင်ကြီးကို ပြန်ခဲ့တယ်။
ဒီလိုနဲ့ဘဲ တောင်ကြီးကို တစ်ခေါက် ပြန်ရောက်ခဲ့တယ် ဆိုပါတော့။ (ဘလော့ဂ်တွေမှာ စီးရီးစ်အလိုက် ရေးတာ ခေတ်စားနေတယ်။ သူများတွေလို ပို့စ်၂ဝလောက်ရအောင် လုပ်စားရမယ် :P)


တောင်ကြီး အလွမ်းပြေ

ဒီတစ်ခေါက် တောင်ကြီးပြန်ဖြစ်တုန်းက အစ်မဝမ်းကွဲတစ်ယောက်ရဲ့ မင်္ဂလာဆောင်ခွေကြည့်ရင်း ပြီးသွားတော့ ခွေပိုနေတဲ့နေရာမှာ ထည့်ထားတဲ့ သီချင်းနှစ်ပုဒ်ကို အရမ်းကြိုက်တာနဲ့ ကူးခဲ့တယ်။ အခုတင်မှာကတော့ "ပင်စိမ်းသီးပိုးထိုး တောင်ကြီးသူမ ရအောင်ပိုး" ဆိုတဲ့သီချင်း။ သီချင်းနာမည် သိရင် တစ်ချက်ပြောပြပေးပါနော်။ DVD ကနေ ကူးထားတာဆိုတော့ Format Factory နဲ့ file type ပြောင်း၊ Windows Movie Maker နဲ့ တစ်ပုဒ်ချင်းစီ ပြန်ခွဲပြီး Youtube မှာတင်ရတာဆိုတော့ အခုမှ ဘလော့ဂ်ပေါ် တင်ဖြစ်တယ်။ သီချင်းလေးတွေကော ဗီဒီယို ရိုက်ချက်လေးတွေကော တောင်ကြီး အလွမ်းပြေလေးတွေပါဘဲ။ တန်ဆောင်တိုင်ပွဲကို အဓိကထားပြီး ရိုက်ပြထားတယ်။ ရိုက်ချက်တွေ အရမ်းကောင်းတယ်။ ရိုက်တာက အောင်ဆန်း ဗီဒီယိုကပါ။ တောင်ကြီးမှာတော့ တော်တော် နာမည်ကြီးပါတယ်။ ဗီဒီယိုမှာ သူ့ဆိုင် ကြော်ငြာလေးလည်း ပါတော့ ဒီအတိုင်းဖြတ်ပြီး ပြန်တင်တာ (ကျမလည်း စီးပွါးလုပ်နေတာမဟုတ်တော့) ဘာ copyright နဲ့မှ မငြိလောက်ဘူးလို့တော့ ထင်တာဘဲ။ :D



တောင်ကြီးသူမ ဟန်ရေးလုပ်၊ ယောကျာ်းရမှ ဝတုတ်တုတ်၊ မုန်လာထုပ် မုန်လာထုပ် ဆိုတာတော့ အရမ်းသဘောကျတယ်။ ကိုယ့်ကို ဝဋ်လည်နေဦးမယ်။ :D တောင်ကြီးသူမ၊ ဓနုမ ပအိုဝ်မ လေးတွေတော့ ဒီသီချင်းကြားရင် သတိထားပေတော့ဘဲ။ ပင်စိမ်းသီးကို စားဘဲ စားတတ်တာ။ အသီးအကြောင်းတော ့သိပ်မသိဘူး။ သိချင်ရင်တော့ မနိုင်းနိုင်းစနေ ရေးဖူးတဲ့ ပင်စိမ်းသီးအကြောင်းနဲ့ တွဲဖတ်ကြည့်ပေါ့နော်။

ဥက္ကာဦးသာရဲ့ ပင်စိမ်းသီးပိုးထိုး remix version (Mediafire မှာ တင်ထားပေးပါတယ်) remix တဲ့။ ခံစားလို့ကို မရဘူး။ သီချင်းအကောင်းကို ဖျက်တယ်လို့ဘဲ ထင်မိတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့နော်။
-----------------------------------------------------------------
comment မှာ ကိုလွိုင်လင် ပြောပြသွားတာ။ သီချင်းနာမည်က အဖြူရောင် သံစဉ်များ တဲ့။ သီချင်းစာသားကောပါတဲ့ MTV ကိုတော့ Youtube မှာ ကြည့်လို့ရပါတယ်။


အင်းလေးကန်သာဝယ်

ဒီတစ်ခေါက် တောင်ကြီးပြန်တော့ အင်းထဲ ရောက်ဖြစ်သေးတယ်။ အချိန်သာရခဲ့မယ်ဆိုရင် ပင်းတယတို့ ကက္ကူတို့ပါ ထပ်သွားချင်သေးတာ။ ခုတော့ အင်းလေး တစ်နေရာနဲ့ ကျေနပ်လိုက်ရတယ်။ အင်းထဲကတော့ ဘယ်နှခေါက်ရောက်ရောက် မရိုးနိုင်ဘူး။ အင်းလေးမှာ အစည်ဆုံးအချိန်ကတော့ သီတင်းကျွတ် အချိန်ဘဲ။ ၈တန်းလောက်တုန်းက ဖောင်တော်ဦးဘုရားပင့်တဲ့အချိန် အင်းထဲတစ်ခေါက်ရောက်တယ်။ လူတွေအများကြီး၊ လှေတွေလည်း အများကြီး အရမ်းကို ပျော်ဖို့ကောင်းတယ်။ တန်ဆောင်မုန်း လပြည့်နေ့မှာ သွားလိုက်တာ၊ တန်ဆောင်တိုင်ကတော့ အင်းထဲမှာ သိပ်မစည်ဘူး။ နယ်က သူငယ်ချင်းတွေက ခေါင်တိုင်သွားချင်တယ်ဆိုလို့ အင်းလေးနဲ့ ခေါင်တိုင် နှစ်နေရာ သွားဖြစ်လိုက်တယ်။ သဉ္ဖာက ငါးအရမ်းကြိုက်တာဆိုတော့ ငါးကန်တွေဘက်သွားပြီး ငါးစားချင်ပေမယ့် ခေါင်တိုင်မှာ ရေပူစမ်းသွားချိုးချင်တဲ့သူ ပိုများတာနဲ့ ၁ဝမဲ တစ်မဲ အလျှော့ပေးလိုက်ရတယ်။ ငါးကန်တွေဆီ တစ်ခါမှ မရောက်ဖူးသေးဘူး။ ဒါပေမယ့် ဧည့်သည်တွေက ညဘက် မီးပဒေသာပွဲအမှီ ပြန်ချင်တယ်ဆိုတော့ အချိန်မရလိုက်ဘူး။


ခေါင်တိုင်ရွာနားက စက်လှေဆိပ်
တောင်ကြီးကနေ အင်းလေး တိုက်ရိုက် သွားမယ်ဆိုရင် ၁နာရီလောက်ဘဲ မောင်းရပေမယ့် ခေါင်တိုင်ကို တောင်ကြီး-ရွှေညောင် လမ်းမကနေ နောက်ထပ် မိနစ် ၂ဝ လောက် ထပ်ဝင်ရသေးတယ်။ လမ်းကတော့ တော်တော်ကြမ်းနေပြီ။ ဖုန်တထောင်းထောင်းဘဲ။ တောင်ကြီးကနေ မနက် ၆နာရီခွဲလောက်မှ ထွက်ဖြစ်တော့ ခေါင်တိုင်ကို ၈နာရီလောက်မှ ရောက်တယ်။ လူတော်တော်များနေပြီ။ VIP လာမှာမို့ဆိုလား သီးသန့် ရေချိုးခန်းတွေလည်း ပိတ်ထားတယ်။ လူများနေတော့ ရေတော့ မချိုးခဲ့လိုက်ဘူး။ ရေပူစမ်းဆိုရင် လားရှိုးက ရေပူစမ်းကိုဘဲ သဘောကျတယ်။ ခေါင်တိုင်မှာက အိုင်လေးတွေလို ဖြစ်နေပြီးတော့ လားရှိုးမှာက ချောင်းလို စီးနေတာ။ ခေါင်တိုင်ကနေ ငါးမိနစ်လောက်မောင်းရင် အင်းထဲသွားဖို့ စက်လှေတွေရှိတဲ့နေရာကို ရောက်တယ်။


ရွှေအင်းတိန်ဘုရား
ဒီတစ်ခေါက် အင်းတိမ်ဘက် သွားချင်တယ်ဆိုလို့ စက်လှေငှားခ သုံးသောင်းပေးရတယ်။ အင်းတိန်ဘက်က နွေရာသီ ရေကျသွားရင် သွားလို့မရတော့ဘူး။ အဲဒီဘက်မှာ ကုန်းမြေ နည်းနည်းများတယ်။

အင်းတိန်ရောက်တော့ ကုန်းပေါ်လမ်းဆင်းလျှောက်ရတာပေါ့။ ဘုရားတွေဘက်ရောက်ဖို့ နာရီဝက် နီးနီးလောက် လျှောက်ရမယ်ထင်တယ်။ ၁၅မိနစ်လောက် လျှောက်ပြီးတော့ အားလုံးမောနေကြတာနဲ့ ပြန်လှည့်ခဲ့တယ်။ အင်းတိန်က ဈေးဆိုင်တန်းတွေမှာ အများဆုံးရောင်းတာတွေကတော့ ရှေးဟောင်းပိုက်ဆံတွေ၊ ပေစာ ပုရပိုက်စာ တွေပေါ့။ ပစ္စည်းတွေက ရှေးဟောင်းပစ္စည်း ဟုတ်မဟုတ် မသေချာပေမယ့် ကိုယ်မတွေ့ဘူးတဲ့ ရှေးဟောင်းပစ္စည်းလေးတွေကို တွေ့ခဲ့ရတယ်။

ကြောင်ခုန်ကျောင်း
(အရင်တုန်းက အဲဒီကျောင်းကကြောင်တွေ ဆပ်ကပ်ပွဲထဲကကြောင်တွေလို အကွင်းတွေထဲဝင်အောင် ခုန်နိုင်ကြတယ်။ ဓါတ်ပုံတွေ တော့ရှိသေးတယ်။ အခုတော့ ညောင်ညောင်ဘဲ အော်တတ်တဲ့ ကြောင်လေး နှစ်ကောင်သုံးကောင်ဘဲ ရှိတော့တယ်။)

ကျွန်းမျောပေါ်က ခရမ်းချဉ်သီး စိုက်ခင်း

~~ရေပေါ်မှာ အိမ်ကလေးတွေဆောက်မယ်~~

အင်းထဲမှာ စက်လှေလေးတွေနဲ့ ဒီလို သွားကြတယ်။
ဘေးကနေ စက်လှေ တစ်စီး ဖြတ်သွားလို့ လှိုင်းထသွားတဲ့အချိန်ဆို စက်လှေက နိမ့်ချည် မြင့်ချည် ဖြစ်သွားပြီး အရမ်းစီးလို့ကောင်းတယ်။ ပြီးတော့ ဖြတ်သွားတဲ့ စက်လှေတိုင်းကို တာ့တာပြရတာလည်း အလုပ်တစ်ခု၊ ပျော်ဖို့တော့ ကောင်းပါတယ်။ အင်းလေးက မကြာခဏ ရောက်ဖူးနေလို့ ကိုယ်နဲ့ သိပ်မစိမ်းပေမယ့် မြေပြန့်ဒေသကလာတဲ့ သူငယ်ချင်းတွေ အဖို့တော့ အရာရာတိုင်းဟာ စိတ်ဝင်စားဖို့ ကောင်းနေတယ်တဲ့။ ကျမတော့ ငါးတန်းမှာ “အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးကန်ဖြစ်ပြီး အလျား ၁၂မိုင် အကျယ် ၆မိုင်ခန့် ကျယ်ဝန်းပါသည်” ဆိုတာကို သင်ပြီးမှ ရောက်ဖူးတာ။ အဲဒီတုန်းကလည်း သူတို့လိုဘဲ အရာရာတိုင်း ထူးဆန်းနေတာပေါ့။ အဲဒီတုန်းက အင်းသားဓလေ့ ရေနွေးကြမ်းထဲကို ဆားနည်းနည်း နှမ်းနည်းနည်း ထည့်သောက်တာကအစ သောက်ရေကို ဘယ်နားသွားခပ်သလဲဆိုတာကအဆုံး စပ်စပ်စုစု မေးခဲ့တာ။ (သောက်ရေကို လူနေအိမ်ခြေတွေနဲ့ ဝေးတဲ့ ကန်အလယ်လောက်အထိ သွားပြီး ခပ်ကြတယ်လို့ ပြောတာဘဲ။)

ဖောင်တော်ဦးဘုရားကိုရောက်တော့ စက်လှေက ကမ်းကို တိုက်ရိုက်ကပ်လို့ မရဘူး။ လှေတွေက များနေတော့ တစ်ခြားလှေတွေဆီကိုကပ်ပြီး ကမ်းကိုရောက်အောင် လှေတစ်ခုကနေ တစ်ခုကို ကူးသွားရတယ်။ အဲဒီမှာ လူတစ်အုပ်လောက် လက်ကို လိုက်ဆွဲပါလိမ့်မယ်။ သမီးလာ..လာ.. အန်တီ့လက်ကိုဆွဲ ဆိုပြီးတော့လေ။ တစ်ယောက်ယောက်က မဆွဲပေးရင်လဲ ဟန်ချက်မညီတာနဲ့ ရေထဲ ပြုတ်ကျသွားနိုင်တယ်။ သဘောကောင်းလှချည်လားလို့ ကြည့်နေတာ ကမ်းပေါ်ရောက်တာနဲ့ မရမက ရွှေသက္ကန်း ထိုးရောင်းတော့တာဘဲ။ မဝယ်ချင်းဘူးဆိုလည်းမရ။ သူငယ်ချင်းတွေက ဝယ်ပြီးသွားပြီလို့ပြောလည်းမရ။ အခုနက လှေပေါ်ကနေ တွဲဆင်းပေးတာ ရွှေသက္ကန်း ရောင်းချင်လို့ တွဲတာတဲ့။ သူတို့ တွဲဆင်းပေးတဲ့အတွက် သူတို့ဆီကနေ ဝယ်သင့်တယ်တဲ့။ လူတွေ တကယ်တော့ ခက်တယ်။ ဝမ်းရေးကလည်း ရှိသေးတယ်ဆိုတော့ ဒီလိုဘဲ အတင်းရော အဓမ္မရော လိုက်ရောင်းနေရတာမလား။

သူငယ်ချင်းတွေ ဘုရားတက်ဖူးတာကို စောင့်နေတုန်း စက်လှေသမားရဲ့ အသိ ဘုရားပေါ်မှာ လောက်လေးခွရောင်းတဲ့ ဦးလေးကြီး တစ်ယောက်နဲ့ အဖွဲ့ကျသွားတယ်။ သူရောင်းတဲ့ လောက်လေးခွရဲ့ လက်ကိုင်က ငှက်ပုံစံ ထွင်းထားတာပေါ့။ အားလုံး သူကိုယ်တိုင်လုပ်ပြီး ရောင်းတာတဲ့။ ကလေးတွေကို ရောင်းတာလားလို့ မေးတော့ သူက မဟုတ်ဘူးတဲ့။ ကလေးတွေတောင် သိပ်မဝယ်ဘူး၊ နိုင်ငံခြားသား လူကြီးတွေ အများဆုံးဝယ်တယ်တဲ့။ အဲဒီနေ့မနက်တင် လေးခုရောင်းပြီးသွားလို့ ၁၂ဒေါ်လာ ရပြီဆိုပြီး ဝမ်းသာနေတယ်။ သူပြောတာက ကမာ္ဘလှည့် ခရီးသည်တွေဟာ ကလေးအတိုင်းဘဲ။ ကလေးဆော့တဲ့ပစ္စည်းတွေသာ ထိုးရောင်း သူတို့ အကုန်ဝယ်တယ်တဲ့။ အသက်ကြီးပေမယ့် သူလည်း သူတတ်သလောက် လက်မှုပညာနဲ့ တပိုင်တနိုင် စီးပွါးရှာနေတာ မချီးကျူးဘဲ မနေနိုင်ဘူး။ သူငယ်ချင်းတွေ ဘုရားဖူးပြီး ဆင်းလာတော့ ဈေးတန်းတွေထဲလှည့်ပါတ်ပြီး ပစ္စည်းတွေ ဝယ်ခဲ့တယ်။ အင်းရိုးရာ ယက်လုပ်ထားတဲ့ အထည်တွေကတော့ မြင်တဲ့သူတိုင်းကို မဝယ်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေတယ်။


ဒိုက်တွေဆယ်နေတဲ့ လှေတစ်စီး
အင်းထဲမှာ ဘာလို့ လှေကို ခြေထောက်နဲ့ လှော်သလဲဆိုတော့ အင်းလေးကန်ထဲမှာ ဒိုက်တွေ အရမ်းများတဲ့အတွက် လှေလှော်တဲ့အခါ ဒိုက်တွေကို ရှောင်နိုင်သလောက် ရှောင်ပြီး လှော်ရတယ်။ ထိုင်ပြီးလှော်ရင် သိပ်မမြင်ရဘူး။ မတ်တပ်ရပ်ပြီးကြည့်မှ လှေသွားဖို့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ရတယ်တဲ့။ အဲဒါကြောင့် သူတို့ မတ်တပ်ရပ်ပြီး ခြေထောက်နဲ့ လှေလှော်ကြတာပါကွယ်။


ငွေစင်ရော်တွေလို တောင်ပံတွေပါရင်... :-)

ဆောင်းတွင်းမှာ နေ့တာတိုတဲ့အတွက် ပြန်ခါနီးကြတော့ မှောင်စပြုနေပြီ။ စောစောထလာခဲ့ရတဲ့အတွက် အားလုံးလဲ ပင်ပန်းသွားပေမယ့် ပျော်စရာကောင်းတဲ့ ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။

P.S. အင်းလေးကန်ရဲ့ ဒေသန္တရ အချက်အလက်တွေနဲ့ ဒဏ္ဍာရီ တွေကို ဖိုးဝ မှာ တင်ထားတာ ဖတ်လို့ အရမ်းကောင်းတယ်။
**********************************
Someone has translated this post. If you are curious to find out more about this interesting & scenic lake near my hometown, you can read it HERE. Thanks to Ko Myat Thura.