Paper Models

Paper Model ဆိုတာ စာရွက်လေးတွေနဲ့ အရုပ်ခေါက်တဲ့ (ကစားနည်း လို့ခေါ်ရင် ကောင်းမလား။ ပညာရပ်လို့ ခေါ်ရင် ကောင်းမလား။) နည်းတစ်မျိုးပါ။ အခုနောက်ပိုင်း လူတော်တော်များများရဲ့ hobby တစ်ခု ဖြစ်လာခဲ့ပါပြီ။ ကျမတို့ ငယ်ငယ်တုန်းက စာရွက်ခေါက်ပြီး ကစားကြတာတဲ့ အိုရီဂါမီ(Origami) နဲ့ ကွာတာက paper model တွေ လုပ်ဖို့ အတွက် စာရွက်တွေကို ဖြတ်ပြီး ကော်နဲ့ ကပ်ရတာပါဘဲ။ အိုရီဂါမီက စာရွက်ကိုဘဲ ပုံစံအမျိုးမျိုးဖြစ်အောင် ခေါက်တာပါ။ Paper model တွေကို Paper craft လို့လဲ ခေါ်ပါတယ်။

အရင်တုန်းကတော့ pre-printed model ဆိုပြီး ကဒ်ထူပြားတွေပေါ်မှာ color နဲ့ print ထုတ်ထားပြီး ရောင်းပါတယ်internet သုံးစွဲမှု ကျယ်ပြန်လာတာနဲ့ အမျှ paper model hobbyist တွေအတွက် ပိုပြီး လွယ်ကူလာပါတယ်။ အများအားဖြင့် ဒီဇိုင်းထုတ်ပြီး pdf file အနေနဲ့ မျှဝေထားကြပါတယ်။ download လုပ်၊ စာရွက်ပေါ်မှာ print ထုတ်ပြီး ပြထားတဲ့ နည်းလမ်းတွေအတိုင်း ခေါက်ပြီး ကော်နဲ့ ကပ်ရင် paper model တွေ ရပါမယ်။ အကုန်အကျသိပ်မများဘဲ အပျင်းလဲ ပြေတဲ့ ကစားနည်း တစ်ခုပါဘဲ။ အချိန်တော့ နည်းနည်းကုန်ပြီး စိတ်တော့ရှည်ရပါမယ်။

အပေါ်မှာ တင်ထားတဲ့ပုံကကျမ နမူနာ လုပ်ကြည့်ထားတာပါ။ အရုပ်လေးရဲ့ အပေါ်က sample file ကို print ထုပ် ကတ်ကြေးနဲ့ညှပ် ကော်နဲ့ကပ် ပြီး ရလာတာပါ။ original ကို ဘယ်ကနေ download လုပ်ထားလဲ မမှတ်မိတော့လို့ ဒီမှာ (pokemonPaperModel.pdf) ပြန်တင်ထားပေးပါတယ်။ instructions တွေကို ဂျပန်လို ရေးထားတော့ နားမလည်တာနဲ့ ကိုယ်ထင်သလို ခေါက်လိုက်တာ ဒီပုံ ထွက်လာတာပါဘဲ။ color နဲ့ print ထုတ်ရင်တော့ နည်းနည်း ပိုလှမယ်ထင်တယ်။ အောက်က ပုံကတော့ မပြီးခင် ကော်အခြောက်ခံနေတုန်း ရိုက်ထားတာပါ။ ကျမလည်း ရုံးက colleague တစ်ယောက် လုပ်ထားတဲ့ အရုပ်တွေကြည့်ပြီး အားကျတာနဲ့ လွယ်တာတစ်ခုကနေ စလုပ်ကြည့်တာပါ။ သူလုပ်ထားတဲ့အထဲမှာ တိုက်လေယာဉ်တွေ တကယ့် ကြောင်အစစ်တစ်ကောင်လောက် ရှိတဲ့ ကြောင်ရုပ်တွေ ပါတယ်။

ပြီးတော့ သူများတွေရဲ့ ဒီဇိုင်းကို print ထုတ်ပြီး model လုပ်ရတာ အားမရသေးဘူးဆိုရင် ကိုယ့်ကို ဒီဇိုင်းထုတ်ဖို့ software တွေ ရှိပါတယ်။ 3D နဲ့ ဒီဇိုင်းလုပ်ပြီး စာရွက် ပေါ်မှာ print ထုတ်လို့ရအောင် ပြန်ပြောင်းပေးပါတယ်။ Paper-Cut ဆိုတဲ့ software ကို Home of Paper Cut software for paper model construction မှာ free download လုပ်လို့ ရပါတယ်။

downloadable design တွေ အတွက်ကျမ စုထားတဲ့ link လေးတွေကို ပြန်မျှဝေပေးလိုက်ပါတယ်။
paper model ခေါက်ရင်း ပျော်ရွှင်နိုင်ကြပါစေ။ ^_^


Fermi Questions

ဒီနေ့ Fermi questions တွေ အကြောင်း နည်းနည်း ဖတ်ဖြစ်တယ်။
A "Fermi question" is a question in physics which seeks a fast, rough estimate of quantity which is either difficult or impossible to measure directly.
တစ်ချို့ မေးခွန်းတွေကို တွေးတော ဆင်ခြင်မှု (intuitive way) နဲ့ ခန့်မှန်း အဖြေထုတ်ဖို့ နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် Enrico Fermi ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းဖြစ်လို့ Fermi questions လို့ ခေါ်တာပါ။ Guess + estimate = guesstimating ပေါ့။ ဥပမာ - How many golf balls can fit in a school bus? How many piano tuners are in New York City? အဲဒီမေးခွန်းတွေကို ဖြေပုံဖြေနည်း သိချင်ရင်တော့ ဒီမှာ သွားဖတ်လို့ ရပါတယ်။


Fermi questions တွေကို job interview တွေမှာ မေးလေ့ ရှိပါတယ်လို့ သိရပါတယ်။ (အများအားဖြင့် အလုပ်နဲ့တော့ သက်ဆိုင်လေ့ မရှိဘူး။)

သူ့နည်းအတိုင်း တစ်ခု စဉ်းစားထားတာ ရှိတယ်။

တောင်ကြီးမြို့မှာ ဆံပင်ညှပ်ဆရာ ဘယ်နှစ်ယောက် ရှိသင့်သလဲ။


- တောင်ကြီးမြို့ လူဦးရေက တစ်သိန်းခွဲလောက် ရှိတယ် ထားပါတော့။
- ဦးဇင်း၊ မယ်သီလရှင် နဲ့ ကလေးငယ်နဲ့ တစ်ချို့သူတွေဟာ ဆိုင်မှာ ဆံပင် ညှပ်လေ့ မရှိတဲ့ အတွက် လူဦးရေအားလုံးရဲ့ တစ်ဝက် ရသောင်းခွဲလောက်ကို ဆိုင်မှာ ဆံပင်ညှပ်လေ့ရှိတဲ့ လူဦးရေအဖြစ် သတ်မှတ်ပါတယ်။
- လူတစ်ချို့က တစ်လမှာ တစ်ခါလောက် ဆံပင်ညှပ်ပြီး တစ်ချို့က လေးလ၊ ခြောက်လ၊ တစ်နှစ်လောက်မှ ဆံပင် တစ်ခါ ညှပ်ပါတယ်။ တစ်နှစ်မှာ တစ်ကြိမ် သို့မဟုတ် သုံးကြိမ်လောက် ဆံပင် ညှပ်ကြတယ်ဆိုတော့ ယေဘုယျအားဖြင့် တစ်နှစ်မှာ နှစ်ကြိမ် ညှပ်တယ် လို့ ယူဆရင်
- (75,000 x 2) / 365 ~ 410 === တစ်ရက်မှာ ပျမ်းမျှ လူလေးရာလောက်က ဆံပင်ညှပ်ဖို့ ဆိုင်ကို သွားကြပါလိမ့်မယ်။
- ဆံပင် တစ်ခါညှပ်တာကို ၁၅မိနစ်ကနေ နာရီဝက်ကြာတတ်တဲ့အတွက် ၂ဝ မိနစ်ကို ပျမ်းမျှယူရင် တစ်ရက်ကို ဆံပင်ညှပ်ဖို့အတွက် (410x20 = 8200 minutes) အချိန်ပေးရပြီး တစ်နှစ်မှာ (8200x365=3143,000minutes =52,383 hours) လိုပါမယ်။
- ဆံပင်ညှပ်ဆရာ တစ်ယောက်ဟာ တစ်ရက်ကို အများဆုံး ၁ဝယောက် ညှပ်ပေးနိုင်တယ်လို့ထားပါတော့။ တစ်ယောက်ကို ပျမ်းမျှ မိနစ် ၂ဝ အချိန်ယူရင် တစ်ရက်ကို (20x10=200minutes per day) တစ်ရက်မှာ ငါးရက် အလုပ်လုပ်ရင် တစ်နှစ်မှာ (200 x 5 x 52 = 52,000minutes ~ 867 hours) အလုပ်လုပ်ပါလိမ့်မယ်။
- ဒီတော့ တောင်ကြီးမြို့က လူတွေကို ဆံပင်ညှပ်ဖို့ ဆံပင်ညှပ်ဆရာ (52,383/867=60.4) ၆၁ ယောက်ရှိရင် လုံလောက်ပါတယ်။

တောင်ကြီးမြို့မှာ ဆံပင်ညှပ်ဆရာမပြောနဲ့ ဆံပင်ညှပ်ဆိုင်တောင် (တစ်ယောက်ထဲဖွင့်ထားတဲ့ ဆိုင်လေးဖြစ်ဖြစ် အများနဲ့ ဖွင့်ထားတဲ့ ဆိုင်ကြီးဖြစ်ဖြစ်) စုစုပေါင်း ၆ဝ ကျော်မယ်လို့ ထင်ပါတယ်။ (ကျမတို့ အိမ်ရှေ့မှာတောင် နှစ်ဆိုင်ရှိတယ်။) ဒီတော့ Fermi ရဲ့ တွေးတောနည်းအရဆိုရင် တောင်ကြီးမြို့မှာ ဆံပင်ညှပ်ဆိုင် ထပ်မလိုအပ်တော့ဘူး။ :D ဘာရယ်မှတော့ မဟုတ်ပါဘူး။ အပျင်းပြေ ပေါ့။ ကြိုက်သလို အမြင် ကွဲလွဲနိုင်ပါတယ်။

Fermi questions တွေကို ဖတ်မိတော့ မူလတန်းတုန်းက ကလေးများနေ့ကို သွားသတိရတယ်။ ကလေးများနေ့ကိုတော့ တောင်ကြီး TTC မှာ တက်ခဲ့ဖူးတဲ့သူတိုင်း အမြဲ အမှတ်ရနေမှာပါ။ နှစ်တိုင်း ဖေဖေါ်ဝါရီ ၁၃ မှာ ကလေးများနေ့လုပ်ရင် ပျော်ပွဲရွှင်ပွဲတွေထဲက တစ်ခုကတော့ ကျောင်းထဲက အလံတိုင်နားမှာ အသီးအနှံ မျိုးစုံ (ပန်းသီး၊ လိမ္မော်သီး၊ ဇီးသီ စသဖြင့်) ထည့်ထားတဲ့ အိတ် တစ်အိတ် ချိတ်ထားတယ်။ [သကြားလုံးတွေလည်း ပါတယ် ထင်တယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။]အမြင့်ကြီးမှာ ချိတ်ထားတာပေါ့။ ပြီးရင် ကျောင်းသူကျောင်းသား အားလုံးကို ပါဝင်တဲ့ အသီးအနှံ အမည်တွေ ရေးထားတဲ့ စာရွက် တစ်ရွက်စီ ဝေပြီးတော့ ခန့်မှန်း အရေအတွက် ရေးခိုင်းတယ်။ အနီးစပ်ဆုံး မှန်အောင် ခန့်မှန်းနိုင်တဲ့သူက အဲဒီ အသီးအနှံ တစ်ထုတ်လုံး ရမှာ။ ကျမတော့ အမြဲတမ်း ခွက်ခွက်လန်အောင်ကို လွဲတယ်။ Enrico Fermi သာ ရှိသေးရင် သူ့method ကို သုံးပြီး မှန်းလို့ ရမလားတော့ မပြောတတ်ဘူး။


Close-up pics

အခုတလော close-up pics တွေကို လိုက်ရိုက်ကြည့်ဖြစ်တယ်။ လက်တည့်စမ်းထားတာလေးတွေပေါ့။

26042008273
monitor ကို ဝါးမစားပစ်လိုက်နဲ့ဦးနော်။ :-)

26042008248
ပွင့်သစ်စ

26042008251
ဘာအသီးလဲ သိလား။

26042008269
ဒီပန်းရဲ့ အရောင် အစပ်အဟပ်ကို ဘယ်လို ကြိုက်မှန်း မသိဘူး။

26042008260
ဒီနှင်းဆီပန်းလေးရဲ့ အရောင်ကလည်း တစ်မျိုးတော့ စွဲဆောင်မှု ရှိတယ်။

ဒီလောက်ဘဲ မျက်စိ ဒုက္ခပေးတော့မယ်။ =) ကျန်တဲ့ပုံတွေကိုတော့ ဒီမှာ ဘဲ တင်ထားလိုက်တယ်။