Taunggyi Trip 2010 – 6 (My high school)

အပိုင်း၆ - ကျောင်းတော်သာ

၂၀၁၁ ရောက်သွားပေမယ့် ၂၀၁၀ ခရီးကို ဆက်ပါဦးမယ်။ တောင်ကြီးမှာ အထက်တန်းကျောင်း ၇ကျောင်း ရှိတယ်။ အထက၁၊ အထက၂ စသဖြင့် အထက ၇ အထိပေါ့။ သဉ္ဇာတို့ကျောင်းက အထက၄။ ငယ်ငယ်က TTC မူလတန်းကျောင်းမှာတက်ပြီး ငါးတန်းမှာ အထက(၄) ပြောင်းခဲ့တာ။ သဉ္ဇာ တက်ခဲ့တဲ့ အချိန်တုန်းက ဆရာမကြီး ဒေါ်အေးချစ် လက်ထက် တောင်ကြီးမှာ အထက၄ ခေတ်ဆိုတော့ ထ၄ ကျောင်းသားတွေက ကိုယ့်ကိုယ် အလကားနေရင်းတောင် သူများကျောင်းထက် နှာတစ်ဖျားသာတယ်လို့ ကြံဖန်ဂုဏ်ယူကြတယ်ပေါ့ကွယ်။ တစ်ခြားမြို့မှာ ကျောင်းသားဖြစ်ရတာထက် တောင်ကြီးမှာ ကျောင်းသားဖြစ်ရတာ သာတဲ့အချက်က တန်ဆောင်တိုင်မှာ ကထိန်လှည့်ခွင့်ရတဲ့အချက်ပေါ့။ (ခုနောက်ပိုင်းတော့ ကျောင်းသားတွေ ကထိန်လှည့်ခွင့် မပေးတော့ဘူး ပြောတယ်။)
အပါတ်တိုင်း နိုင်ငံတော် အလံကို အလေးပြုခဲ့တဲ့ ဘောလုံးကွင်း။ ဆောင်းတွင်းဆို နံနက်စောစောလာပြီး Assembly မတိုင်ခင် နေပူဆာလှုံရတာကိုလည်း လွမ်းစရာပါဘဲ။ မြက်ပင်တွေ ရှည်လာပြီဆိုရင် မြက်တွေကို ထုံးပြီး ထောင်ချောက်မလုပ်ကြည့်ဖူးတဲ့သူ နည်းမလားဘဲ။ အပေါ်က မြင်ရတဲ့ အဆောင်ကတော့ မူကြိုဆောင်။ မူကြိုဘေးမှာ အားကစားရုံ ရှိပါတယ်။ သဉ္ဇာတို့ ကျောင်းဝင်အပြီးမှာ အဆောက်အဦးအသစ် တော်တော်များများ တိုးလာတယ်။ ၁၉၉၆ အရှေ့ပိုင်း အောင်သွားတဲ့ ကျောင်းသားဟောင်း တွေကတော့ မူကြို၊ ဓမ္မာရုံ၊ အားကစားရုံ၊ မြသီရိ ခန်းမတွေကို မှီလိုက်မှာ မဟုတ်ဘူး။
အားသစ် - ၁။ ငါးတန်းမှာ ထ၄ စပြောင်းတော့ ဒီအဆောင်မှာ တက်ခဲ့ရတာ။ ကျောင်းဝင်စတော့ ဘယ်လိုမှ မပျော်ဘူးပေါ့။ သူများကျောင်းမှာ သွားတက်နေရသလို ခံစားရတယ်။ ဒါတောင် အရင်ကျောင်းက သူငယ်ချင်းတော်တော်များများ ကိုယ်နဲ့ တစ်တန်းထဲကျလို့ တော်သေးတယ်။
ဒါကမြသီရိဆောင်။ အပေါ်ထပ်က ဆုပေးပွဲခန်းမ။ ကျောင်းဆောင်သစ်ဆောက်ပြီးတာနဲ့ သဉ္ဇာတို့လည်း ၇တန်း အရောက်။ ကျောင်းဆောင်သစ်မှာ စျေးဦးပေါက် ကျောင်းတက်ခဲ့ရတာ။ ဘောလုံးကွင်းကို တိုက်ရိုက်မြင်နေရတာဆိုတော့ သူများတွေ ကွင်းထဲမှာ ဘင်ခရာ ကျင့်တဲ့အချိန်၊ အားကစား အချိန်ဆို တစ်တန်းလုံးက ဆရာမစာသင်တာကို မကြည့်ဘဲ အပြင်ဘဲ ငေးနေလို့ ဆရာမတွေကတော့ ဒီကျောင်းဆောင်က အတန်းတွေကို သိပ်မကြိုက်ကြဘူး။
ဒါကတော့ မုန့်စားဆင်းချိန်ဆို အစည်ကားဆုံးနေရာပေါ့။ ဘေးမှာ မုန့်ဆိုင်တန်းတွေ ရှိတယ်လေ။ ခုတော့ မုန့်ဆိုင်တန်းတွေနေရာမှာ ကျောင်းဆောင်သစ် ဆောက်နေတယ်။ အနောက်ဘက်က ၉တန်း ၁၀တန်း အဆောင်။ ကိုယ်တိုင်ဆို ပုံအများကြီး ရိုက်ဖြစ်လောက်ပေမယ့် စိတ်မရှည်တဲ့ မောင်လေးကို ရိုက်ခိုင်းရတော့ သူက လေးပုံဘဲ ရိုက်ခဲ့ပေးတယ်။
ငယ်ငယ်က ဆုပေးပွဲတွေဆို ဒီလို ဗလာစာအုပ်တွေ ပေးလေ့ရှိပါတယ်။ စာရွက်တွေက ကွာလတီ သိပ်မကောင်းပေမယ့် သဉ္ဇာတို့အတွက်တော့ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေပါ။ (၅တန်းကတည်းကနေ ဆုရထားတဲ့စာအုပ်တစ်ချို့ မသုံးရက်ဘဲ သိမ်းထားတာ ခုထိ ရှိနေသေးတယ်။) ဘာရယ်တော့ မဟုတ်ပါဘူး။ အမှတ်တရပေါ့။

  

ကိုးတန်းတုန်းက အိမ်တွင်းမှု အချိန်မှာ လုပ်ခဲ့တဲ့ တစ်ရှူးဘောက်စ်လေး၊ အဲတုန်းက ပလတ်စတစ် ဇကာကွက်တွေအပေါ်မှာ သိုးမွေးချည်နဲ့ထိုးပြီး ပုံမျိုးစုံလုပ်တာ ခေတ်စားတုန်းကပေါ့။ ဒီတစ်ခုပြီးဖို့ အချိန် တော်တော်ယူခဲ့ရတယ်။ 


ကျောင်းတုန်းက အမှတ်တရလေးတွေပေါ့..

Related Links
1. BEHS 4 Tgi on Facebook: http://www.facebook.com/group.php?gid=4422771052

4 comments:

MrDBA said...

ဘုရား ဘုရား .. တောင်ကြီးစီးရီးပါ ပြန်ထွက်လာပါပကောလား ... အပြိဒင်အဆိုင်တွေ သိပ်များတယ်။ :D

Ko Boyz said...

မင်္ဂလာဆောင် စီးရီးစ်
ရန်ကုန်စီးရီစ်း
တောင်ကြီး စီးရီးစ်..
ဘယ်သူက သက်လုံကောင်းတယ်ဆိုတာ စောင့်ကြည့်ကြသေးတာပေါ့... ငွါးငွါးငွါး...
ခက်တာက ယူနီကုဒ်နေတယ်....

ချော(အစိမ်းရောင်လွင်ပြင်) said...

အကြိုက်ဆုံးမြို့ထဲမှာ တောင်ကြီးမြို့ အပါအ၀င်ဖြစ်တာကြောင့် တောင်ကြီးအကြောင်းဆို စိတ်ဝင်စားတယ်..
အေးချမ်းလှပတဲ့ တောင်ပေါ်မြို့ကလေးအကြောင်း စုံအောင် ရေးပါဦး။

Thinzar said...

ကိုဒီဘီ>> ဆယ်လီဘရစ်တီတွေနဲ့တော့ အပြိုင်အဆိုင် မလုပ်ရဲပါဘူး.. ပိတ်ရက်မှာ ပျင်းလို့ အဟောင်းတွေ ပြန်ဆွဲထုတ် ရေးတာ :D

Ko Boyz>> comment ကိုတော့ ဇော်ဂျီနဲ့ရေးမယ်.. ဒါဆို.. :D

မချော >> စုံအောင်က ရေးချင်တယ်။ ဟီး.. ဒါပေမယ့် တောင်ကြီးပြန်ရင် အပြင်သိပ်မထွက်တော့ ပုံတွေ သိပ်မရှိဘူး ဖြစ်နေလို့ :)

Post a Comment

Please feel free to use any font to comment :)