Taunggyi Trip 2010 - 2

အပိုင်း၂ - ဆင်တုပ်ကွေးနှင့် တောင်ကြီး

မေး။ ။ အစ်မ.. နေကောင်းလား။
ဖြေ။ ။ အင်း.. ကောင်းပါတယ်။


ဒါက မြန်မာလူမျိုးတွေ ထုံးစံ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် နှုတ်ဆက်ကြတဲ့ standard informal နှုတ်ခွန်းဆက်စကား တစ်မျိုးပေါ့။ ဒါပေမယ့် အခု တောင်ကြီးမှာ နေကောင်းလားလို့ မေးလိုက်တာနဲ့ လူ၁ဝယောက်မှာ ၈ယောက်က မကောင်းဘူးလို့ ဖြေပါလိမ့်မယ်။ အခုလောလောဆယ်တော့ နေကောင်းလား ဆိုတဲ့ မေးခွန်းကို မေးတဲ့အခါ standard answer ကို မျှော်လင့်ထားရင် အမှားကြီး မှားသွားပါမယ်။
တောင်ကြီးအိမ်ရောက်တာနဲ့ ဖျားနေတဲ့ အမေ့ကို တွေ့ရတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ဘယ်အိမ်သွားလည်လည် လူတွေ ဖျားနေကြမယ်ဆိုတာ အဲဒီအချိန်က လုံးဝ မသိခဲ့မိဘူး။ အခုတောင်ကြီးမှာ Chikungunya ဆိုတဲ့ တုပ်ကွေးရောဂါ တစ်မျိုး ပျံ့ နှံ့နေတယ်။ ဒေသခံလူတွေကတော့ ဆင်တုပ်ကွေး လို့ ခေါ်ကြတယ်။ သွေးလွန်တုပ်ကွေးလိုဘဲ ခြင်ကနေ တဆင့် ကူးစက်တာဆိုတော့ မိုးတွင်းကာလမှာ ကူးစက်နှုန်း အရမ်းမြန်တယ်။ တောင်ကြီး၊ လားရှိုး၊ မေမြို့တို့လို အေးတဲ့ဒေသတွေမှာ ပိုဖြစ်ကြတယ်လို့ ပြောတာဘဲ။ ရန်ကုန်မှာဖြစ်တော့ သိပ်မကြားမိဘူး။ တောင်ကြီးမှာတော့ လူတိုင်း အိမ်တိုင်းနီးပါး ဖျားကြလို့ "ခေတ်မီသူတိုင်း ဆင်တုပ်ကွေး ဖြစ်ကြသည်" လို့နောက်ပြောကြတယ်။

Chikungunya ရောဂါဟာ ၁၉၅၂ လောက်ကတည်းက အာဖရိကမှာ စတင်ဖြစ်ပွားခဲ့ပါတယ်လို့ ဆိုပါတယ်။ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား စတဲ့ အာရှဒေသ တော်တော်များများမှာ ကူးစက်ခဲ့ပြီး ဖြစ်ပေမယ့် မြန်မာပြည်မှာ အခုမှ ပထမဆုံးအကြိမ် ကူးစက်ပြန့်ပွားတာလို့ ပြောကြတယ်။ ဆင်တုပ်ကွေး လက္ခဏာတွေက သွေးလွန်တုပ်ကွေးနဲ့ ခပ်ဆင်ဆပ်တူပါတယ်။ စစချင်း အဖျားဝင်ပါတယ်။ အဖျားက တက်လိုက်ကျလိုက်ဖြစ်ပြီးတော့ ရက်အနည်းငယ်နေရင် ကိုယ်ခန္ဓာမှာ အနီစက်လေးတွေ ထွက်လာပြီး ယားယံတတ်ပါတယ်။ အဆိုးဆုံးကတော့ အဆစ်အမြစ်ကိုက်ခဲတာပါ။ အဆစ်အမြစ်ကိုက်ပြီး လက်တွေ ခြေထောက်တွေ ယောင်လာပါတယ်။ အဲတာကြောင့် ဆင်တုပ်ကွေးလို့ နာမည်တွင်သွားပုံရပါတယ်။ လူငယ်တွေက သက်သာတာ မြန်ပေမယ့် တစ်ချို့ လူကြီးတွေမှာ အဖျားပျောက်သွားပေမယ့် အဆစ်အမြစ်ကိုက်တာက တစ်လလောက်အထိ စွဲကျန်ခဲ့ပါတယ်။ ဆင်တုပ်ကွေးလို့ နာမည်ပေးထားတာ ဆင်(elephant) နဲ့တော့ ဘာမှ မပါတ်သက်ပါဘူး။ ရောဂါပိုးဝင်ပြီးရင် ခြေတွေလက်တွေ ယောင်ကိုင်းလာလို့ ဆင်တုပ်ကွေးလို့ နာမည်ပေးထားပုံ ရပါတယ်။ တစ်ချို့ဆို ရောဂါပျောက်သွားတဲ့အခါ မျက်နှာအသားအရောင် မည်းသွားတတ်လို့ ကပ္ပလီတုပ်ကွေးလို့လည်း နောက်ပြောင် ခေါ်ဝေါ်ကြပါတယ်။ ခန္ဓာကိုယ်မှာ အနီစက်ထွက်တဲ့အခါ ယားယံကြတဲ့အခါ ဆင်ကနေ မျောက်တုပ်ကွေးလို့ ပြောင်းခေါ်ကြပါသေးတယ်။ ရောဂါနာမည်ကတော့ ရယ်ရပေမယ့် တကယ်ဖြစ်တဲ့သူတွေကတော့ သနားဖို့ကောင်းပါတယ်။ ဒါတင် မပြီးသေးပါဘူး။ နောက်ဆုံးအဆင့်အနေနဲ့ ပါးစပ်တစ်ခုလုံးမှာ အနာဖြစ်ပါတယ်။ (အကိုက်အခဲ ပျောက်ဆေးတွေရဲ့ side effect ဖြစ်ပုံရပါတယ်။) သုံးလေးရက်လောက် အစား ကောင်းကောင်းစားလို့ မရကြပါဘူး။ တော်တော် ကြောက်စရာကောင်းတဲ့ ရောဂါပါ။

အခုတောင်ကြီးမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြပြီဆိုရင် ဆင်တုပ်ကွေးအကြောင်း၊ အိမ်မှာတော့ဖြင့် ဘယ်သူတွေ ဖျားနေတာ။ ဘယ်သူတွေ မဖျားသေးတာ။ ဘယ်အခါကမှ ကောင်းသွားတာ စသဖြင့် နေကောင်းလားလို့ စကားစလိုက်တာနဲ့ ဆင်တုပ်ကွေး စကားဝိုင်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် တောင်ကြီးမှာ ဆင်တုပ်ကွေး မဖြစ်ဖူးရင် ခေတ်မမှီဘူလို့ ပြောတာပါ။ သူများတွေ ဆင်တုပ်ကွေးအကြောင်းပြောနေကြတဲ့အချိန်မှာ ကိုယ်က ခေါင်းတငြိမ့်ငြိမ့်သာ နားထောင်နေရပါလိမ့်မယ်။

ကျမပြန်သွားတဲ့အချိန်မှာ အိမ်မှာ လူစုံတက်စုံ တစ်ယောက်တစ်လှည့် ဆင်တုပ်ကွေး ဖြစ်ကြပါတယ်။ ကြောက်လို့ နေ့တိုင်း Mosquito repellent လိမ်းပြီး နေရတယ်။ သဉ္ဖာ့သူငယ်ချင်း တစ်ယောက်တောင် စင်ကာပူကပြန်လာပြီး နောက်ရက် ချက်ချင်း ဆင်တုပ်ကွေးမိသွားပါတယ်။

လတ်တလေ တောင်ကြီးက စကားဝိုင်းတွေမှာ ပေါ်ပြူလာအဖြစ်ဆုံး topic က ဆင်တုပ်ကွေးပြီးရင် ဒုတိယလိုက်တာက စက်တင်ဘာ ၈ရက် လား ၉ရက်နေ့လား (အတိအကျ မမှတ်မိတော့ဘူး) အဲနေ့ညက မိုးခြိမ်းတဲ့အကြောင်းပါ။ အဲဒီအကြောင်းကို မနိုင်းနိုင်းစနေတောင် မိုးခြိမ်းည ဆိုတဲ့ ပို့စ်ထဲမှာ ရေးထားသေးတယ်။ ည ၁ဝနာရီဝန်းကျင်မှာ ၁၅မိနစ် ဆက်တိုက်လောက် ခြိမ်းတဲ့ မိုးခြိမ်းသံဟာ အိမ်ခေါင်မိုး ပွင့်ထွက်မတက် ကျယ်လောင်တယ်လို့ ပြောကြပါတယ်။ လူကြီးတွေတောင် တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်ကြောက်စရာကောင်းတဲ့ မိုးခြိမ်းသံမျိုး ဒီတစ်ခါဘဲ ကြားဖူးသေးတယ်လို့ ပြောပါတယ်။ အားလုံးဟာ တတ်သမျှ မှတ်သမျှ ဘုရားစာတွေ ရွတ်တဲ့အတွက် တော်တော်တော့ ကုသိုလ်ရသွားကြမှာပါ။ နောက်တစ်ရက်မှာ တောင်ကြီးတစ်မြို့ လုံးမှာ GSM လိုင်းတွေ ပြတ်သွားပြီး အင်တာနက်လိုင်းတွေလည်း ကျသွားတယ်။ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာ စာတစ်တန် ပေတစ်တန် ဖွဲ့ပြီး မရေးပြနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲနေ့ညက သဉ္ဖာတို့တော့ အိပ်ပျော်နေတာ တစ်ချက်မှတောင် မနိုးဘူး။ အိမ်ကလူတွေဆို အံ့ဩသွားတယ်။ ဟီး.. တောင်ကြီးမှာ အဲလို အိပ်လို့ကောင်းတာ။ အအိပ်မက်တာလည်း ကုသိုလ်တစ်မျိုး မဟုတ်လားကွယ်။

ဒါပေမယ့် ဆင်တုပ်ကွေးအကြောင်းလည်း မသိ ရာဇဝင်တွင်လောက်တဲ့ မိုးခြိမ်းသံလည်း မကြားမိလိုက်တဲ့အတွက် ဒီတစ်ခေါက် တောင်ကြီး trip မှာတော့ လုံးဝကို ခေတ်မမှီတဲ့သူ ဖြစ်သွားပါတယ်။

Related Post: ချီကန်ကင်ညာ သို့မဟုတ် ဂျပန်တုပ်ကွေး ဖြစ်ပွားနေ (မြန်မာတိုင်းမ်)

(အပိုင်းတစ်နဲ့နှစ် ဖတ်ပြီး စိတ်ညစ်စရာကြီးလို့ မတွေးလိုက်ပါနဲ့။ စိတ်မကောင်းစရာတွေ ဒီမှာကုန်ပါပြီ။ နောက်ပို့စ်ကနေစပြီး လည်ပါတ် စားသောက်တာတွေ လာပါမယ်။ :P စာမရေးတာ ၁နှစ်ကျော်လောက်ရှိသွားပေမယ့် လာဖတ်တဲ့သူ comment လာပေးတဲ့သူတွေ ရှိသေးတော့ ဝမ်းသာမိပါတယ်။)

4 comments:

Handsome Geek said...

အဲ.. အဒေါ်လေးသဉ္ဖာကော ဆင်တုတ်မကွေးခဲ့ဝူးလား :P ကြုံတုံးလေး ကွေးခဲ့ရင် ခတ်မှီတာပေါ့ :P
အဟဲ.. ရာဇဝင်တွင်တဲ့ မိုးချိန်းသံကြီး မကြားလိုက်ရဝူးဆိုတော့ ဒီလောက်ဆို နယူးကလီးယား ဗုံးပေါက်တာလောက်တော့ အသာလေးပေါ့ :P

သဉ်ဇာ - Thinzar said...

တော်ပါ။ ခေတ်မမှီလဲနေပါစေတော့။ မဟုတ်ရင် အဲ virus ကို မလေးရှားကို ပြန်သယ်လာလို့ လေဆိပ်ကနေ ပေးမဝင်ဘဲ နေဦးမယ်။

Dr. Tint Swe said...

Chikungunya လို့ စာလုံးပေါင်းတယ်။ တန်ဇန်နီးယား နဲ့ မိုဇမ်ဘစ်ကလူတွေသုံးတဲ့ Makonde စကားမို့ အင်္ဂလိပ်လို ပေါင်းရတာ နဲနဲ ခက်တယ်။ အသံထွက်လဲ သူတို့လို မှန်အောင် ထွက်ဘို့ မလွယ်ဘူး။

သဉ်ဇာ - Thinzar said...

Dr Tint Swe>> စာလုံးပေါင်း ပြင်ပေးတာ ကျေးဇူးပါ။ စိတ်ထဲမှာ chicken ကိုဘဲ စွဲနေလို့ စာလုံးပေါင်း သတိမထားမိဘူး ဖြစ်သွားတယ်။ Thanks!

Post a Comment

Please feel free to use any font to comment :)