An unplanned visit to Batu Caves

သွားမယ်စီစဉ်တိုင်း မရောက်ဖြစ်တဲ့ Batu Caves ကို ဒီတစ်ခေါက်တော့ အစီအစဉ်မရှိဘဲ ဖြတ်သွားဖြတ်လာ လမ်းကြုံလို့ ဝင်လိုက်မှဘဲ ရောက်ဖြစ်တော့တယ်။ Batu Caves က ကွာလာလမ်ပူမြို့ရဲ့ tourist attraction တွေထဲက တစ်ခုအပါအဝင်ပါ။ နှစ်ပေါင်း သန်းလေးရာလောက် သက်တမ်းရှိတဲ့ ထုံးကျောက်ဂူထဲဖြစ်ပြီး အထဲမှာ Tamil လူမျိုး ဟိန္ဒူဘာသာဝင်တွေ တည်ထားကိုးကွယ်တဲ့ ဘုရားကျောင်း/နတ်ကွန်းတွေ ရှိတယ်။
တောင်ပေါ်မတက်ခင် ရင်ပြင်မှာ ပေ၁၄၀မြင့်တဲ့ ကမ္ဘာ့အကြီးဆုံး Lord Murugan ရုပ်တုကြီးကို အရင်တွေ့ရတယ်။ tourist attraction နေရာ မို့လားမသိဘူး။ အနီးအနားဝန်းကျင် တစ်ခုလုံး သန့်ရှင်းနေတာဘဲ။ ခိုစာကျွေးတဲ့ နေရာတွေရှိတော့ ရင်ပြင်ပေါ်မှာ လူတွေနဲ့ ယဉ်ပါးနေတဲ့ခိုလေးတွေ ဟိုတစ်စု ဒီတစ်စု တွေ့ရတယ်။
လှေကားကတော့ ဒီလိုမတ်တာ တစ်ဝက်မှာ နောက်ပြန်လှည့်ကြည့်ရင်တောင် ခေါင်းတွေမူးလာတယ်။

တောင်ပေါ်ကိုတက်ဖို့ လှေကား ၂၇၂ ထစ်ဆိုတော့ ၁၂ထပ်တိုက်ပေါ် တက်ရသလောက်တော့  မြင့်ပါလိမ့်မယ်။ သူ့လှေကားတွေက မတ်တော့ တက်ရတာ နည်းနည်းတော့ ပင်ပန်းတယ်။ သူငယ်ချင်းတွေနဲ့ စကားတပြောလိုက်၊ ဓါတ်ပုံရိုက်လိုက်နဲ့တက်တော့လည်း ခဏလေးနဲ့ ရောက်သွားသလိုဘဲ။ အဲနေ့က နေမပူလို့လဲပါမယ်။ နေပူကျဲတဲထဲဆို တက်သိပ်မလွယ်လောက်ဘူး။ ဘုရားကျောင်းလာတဲ့သူတွေတော့ ဖိနပ်ချွတ်ပြီး တက်ကြပေမယ့် ကျန်တဲ့သူတွေကို ဖိနပ်စီးတက်ခွင့်ပေးထားတယ်။
ဂူအတွင်းပိုင်း
ထုံးကျောက်ဂူက နှစ်သက်တမ်းကြာနေတာရယ် လူအလာများတာရယ်ကြောင့်ထင်တယ် သိပ်မလှတော့ဘူး။ ထုံးကျောက်ခက်ပန်းဆွဲတွေလည်း ပုံမလှတော့ဘူး။ ဂူပေါက်ဝနားပိုင်းလောက်ဘဲလှတယ်။ အထဲမှာလည်း နတ်ရုပ်တွေ သိပ်တော့မများဘူး။ ဂူကျယ်တာလည်းပါမယ်ထင်တယ်။ ဂူအမိုးကတော့ တော်တော်ြမင့်တယ်။ ဂူခေါင်မိုးက အပွင့်ဆိုတော့ မိုးရွာထားလို့ အထဲမှာ စိုရွှဲရွှဲဖြစ်နေတော့ ကြာကြာမနေတော့ဘဲ မြန်မြန်ပြန်ဆင်းခဲ့ကြတယ်။ အမှန်ဆို နည်းနည်းဆက်သွားပြီး ဘယ်နေရာမှာ ဆုံးသလဲ။ အထဲမှာ ဘာတွေရှိသေးလဲ ကြည့်ခဲ့ရမှာလို့ ခုမှပြန်စဉ်းစားမိတယ်။ နောက်တစ်ခေါက် လမ်းကြုံရင်တော့ ထပ်သွားကြည့်ချင်သေးတယ်။ နတ်ဘုရားရုပ်တုတွေကိုးကွယ်ထားတဲ့ main cave ကနေဆင်းရင် အဆင်းလမ်းတစ်ဝက်လောက်မှာ လမ်းခွဲသွားတဲ့နေရာမှာ "dark cave tour” ဆိုတာ တွေ့မိတယ်။ ၄၅မိနစ်ကြာ Educational Tour က တစ်ယောက်ကို 35 ရင်းဂစ်၊ ၂နာရီအကြာ Adventure tour က ရင်းဂစ် ၈၀၊ အနည်းဆုံး ငါးယောက် တစ်ဖွဲ့ထင်တယ်။ သေချာ ထိန်းသိမ်းထားတဲ့ ဂူရဲ့ အတွင်းပိုင်းတွေထိ သွားမယ့် Guided Tour ဆိုတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ တစ်ခါလောက်တော့ သွားကြည့်ချင်တယ်။
အဆင်းလမ်းကိုကြည့်ရင် မူးတောင်မူးတယ်။

အတက်အဆင်းမှာ မျောက်အန္တရာယ်ကိုလည်း သတိထားရသေးတယ်။ တစ်လမ်းလုံး မုန့်လုဖို့ စောင့်နေတဲ့ မျောက်တွေ အများကြီးဘဲ။ လူကိုတော့ အန္တရာယ်မပေးဘူး။ဖုန်းတွေလွယ်အိတ်တွေ လုသွားမှာတော့ လန့်နေရတယ်။ ဓါတ်ပုံတောင် ဖြောင့်အောင် မရိုက်ရဲဘူး။ အဆင်းလမ်းမှာ ကလေးလေးတစ်ယောက် ဗြဲကနဲအော်ငိုတာ လှမ်းကြည့်လိုက်တော့ သူစားနေတဲ့မုန့်ကို မျောက်ကလုသွားတာကိုး။ သူ့အမေမှာ ငိုရအခက် ရယ်ရအခက်။ ကလေးကတော့ လန့်တာလား..သူစားနေတဲ့ မုန့်ကိုယူသွားလို့လားတော့ မသိဘူး။ ငိုနေတာ တော်တော်နဲ့ကို မတိတ်တော့ဘူး။ 

အောက်ဆင်းလာပြီး ရင်ပြင်တော်နားမှာ ပန်းခြံသေးသေးလေး လုပ်ထားသေးတယ်။ တစ်ယောက်ကို ရင်းဂစ်၇ကျပ် ဆိုတော့လည်း မဝင်ြဖစ်တော့ဘူး။ ရေကန်သေးသေး ငါးနည်းနည်းမွေးပြီး တောင်ပေါ်ထိမတက်နိုင်တဲ့သူတွေ အောက်မှာ အနားယူရအောင် စီးပွားရှာတတ်ပုံကိုလည်း ချီးကျူးမိတယ်။ 

တောင်ပေါ်ကဆင်းလာပြီဆိုတော့ နောက်ကြောင်းပြန်လိုက်ပါဦးမယ်။ :D အမှန် အဲနေ့မနက်က ဆလာရမ်းဆိုတဲ့ နေရာမှာ မနက်စာသွားစားတာ။ ဆလာရမ်းက မြန်မာအစားအစာ တော်တော်စုံစုံလင်လင်ရနိုင်တဲ့နေရာပါ။ ဘိန်းမုန့်ကအစ၊ အစုံသုပ်၊ အုန်းနို့ခေါက်ဆွဲထိ အစုံရပါတယ်။ မနက်စာစားရင်း weekend ၂ရက်လုံးစားဖို့ပါ ဟင်းဝယ်လာလိုက်တယ်။ ဘုရားလည်းဖူး လိပ်ဥလည်းတူး၊ ငါးလည်းမျှား ရေလည်းချိုးပြန်လုပ်ခဲ့တာ။ လမ်းကြုံလို့ batu caves ပေါ်ပါရောက်သွားတယ်ဆိုတော့ ပိတ်ရက်မှာ စောစောထရကျိုး နပ်သွားတယ်။ Selayang ကဝယ်ခဲ့တဲ့ ချဉ်ပေါင်ကြော်ရယ် ငါးကြော်ရယ်နဲ့ batu caves ခရီးစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။ :D


Nexus story

ဟိုးရှေးရှေး android ဖုန်းတွေ စခေတ်စားတုန်းကပေါ့ကွယ်။ Nexus One ကို အသည်းအသန်လိုချင်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ဒါပေမယ့် မလေးရှားမှာ တော်တော်ရှာဝယ်ရခက်တဲ့အပြင် စျေးကလည်းများတော့ သူလက်လှမ်းမှီရာ HTC Hero နဲ့ဘဲ ကျေနပ်လိုက်ရတယ်တဲ့။ ဒါပေမယ့် နောက်ထပ်ဖုန်းတစ်လုံး ဝယ်ရင်တော့ Nexus ဖုန်းဘဲ ဝယ်မယ်လို့ ဆုံးဖြတ်ထားသတဲ့ကွယ်။ ကြားထဲမှာ Nexus S ထွက်ပေမယ့် မကြာခင်ဘဲ Galaxy Nexus ကို ကြြေငာတော့ dual core ဖုန်းကြီးကို လိုချင်ပြီး စောင့်နေခဲ့တယ်။ ဖုန်းထွက်လာတဲ့အခါ screen size က 4.7” ဆိုတော့ တော်တော်ကို ကြီးနေတယ်။ ဆိုင်သွားကြည့်လိုက်.. ငါ့လက်နဲ့ ကိုင်လို့ ဆန့်ပါ့မလားတွေဝေလိုက် ပြန်လာလိုက်.. စျေးနည်းနည်းကျသွားတာ ကြည့်လိုက် ဝယ်မယ်လုပ်လိုက်.. SD card ထည့်လို့မရတော့ မဟုတ်သေးပါဘူး ဆိုပြီးပြန်စဉ်းစားလိုက်နဲ့ သုံးလလောက် ကြာသွားခဲ့တယ်ကွယ်။ :D

နောက်ဆုံးတော့လည်း Nexus ဖုန်း လိုချင်တဲ့ ရောဂါ တော်တော်ရင့်နေလေတော့ ဖုန်းစျေးနှုန်းကို အမြဲ ကြည့်ရင်း ကိုယ်မှန်းထားတဲ့စျေးလောက်ထိကျသွားတော့ ဝယ်ဖြစ်သွားတယ်။ GNex က android 4.0 (Ice-cream sandwich) OS နဲ့ ပထမဆုံး ထွက်လာတဲ့ ထုတ်တဲ့ဖုန်းပါ။ ဒါပေမယ့် အခုက iPhone 4S နဲ့ SGS2 ခေတ်ဆိုတော့ GNex က လူကြိုက်များပုံမရဘူး။ ဆိုင်တွေမှာတောင်သိပ်မတင်ဘူး။ တစ်ခြားဖုန်းတွေနဲ့စာရင်လည်း စျေးကျတာ တော်တော်မြန်တယ် ပြောရမယ်။ 
၂၄နာရီအတွင်း စမ်းသပ်ကလိထားသလောက် ဘက်ထရီကတော့ အန်းဒွိုက်ဖုန်းတို့ ထုံးစံအတိုင်း ကုန်တာမြန်တယ်။ optimize ပြန်လုပ်ရမယ်။ live wallpaper ဖြုတ်၊ network ကို 2G network only လုပ်ထားရင်တော့ ဘက်ထရီစားတာ နည်းနည်းသက်သာသွားမယ်။ Google Search bar လေးကို တော်တော်သဘောကျမိတယ်။ application တွေ ရှာရလွယ်သွားတယ်။ Gnex က ဂူဂယ်လ်ဖုန်းဆိုတော့ Samsung flagship ဖုန်းတွေမှာလို Swype တို့ Polaris office တို့လို built-in application တွေ များများစားစားပါမလာဘူး။ Google Product တွေဖြစ်တဲ့ google+, movie studio, music, youtube, maps အဲလောက်ဘဲပါတယ်။ တစ်ခြား Galaxy ဖုန်းတွေလို font အလွယ်တကူ ပြောင်းမရပြန်ဘူး။ မြန်မာစာတွေဘာတွေသွင်းဖို့ bootloader ကို unlock လုပ်ရဦးမယ်။ Nexus One တုန်းက HTC ရဲ့ Sense UI ပါမလာသလို အခု Galaxy Nexus မှာလည်း Samsung ရဲ့ Touchwiz မထည့်ထားပေးဘူး။ အဲဒါကြောင့်လည်း Gnex ဟာ SGS2 ကို စျေးကွက်မှာ မယှဉ်နိုင်တာ ဖြစ်မယ်။ review တွေအရတော့ Gnex မှာ SGS2 ထက်သာတာ screen size တစ်ခုဘဲရှိတယ်ဆိုပေမယ့် ကိုယ်က nexus မှ nexus ဖြစ်နေတော့ ဒီဖုန်းဘဲ ဝယ်ဖြစ်ခဲ့တယ်။

မနေ့က သူငယ်ချင်းတစ်ယောက်လည်း ဖုန်းဝယ်တော့ သူ့ဖုန်းလည်း ကလိကြည့်ရင်း တစ်ခုသတိထားမိတယ်။ (သူဝယ်တာက Samsung Galaxy W, Gingerbread)။ သူ့ဖုန်းရော ကျမဖုန်းပါ Android market မှာ စစချင်း 3MB, 4MB လောက်ရှိတဲ့ app တွေ ဒေါင်းလုတ်လုပ်တော့ လုံးဝကို တက်မလာဘူး။ နောက်ဆုံး 500kb လောက်ရှိတဲ့ app တစ်ခု အရင်ဒေါင်းပြီးမှ ကျန်တာတွေ ဘယ် size ဖြစ်ြဖစ် ဒေါင်းလုတ် လုပ်လို့ရသွားတယ်။ ထူးတော့ ထူးဆန်းတယ်။ ဖုန်း၂လုံးစလုံး အဲလိုဖြစ်တာ။ ဒါပေမယ့် အင်တာနက်သုံးတဲ့ ဒေတာကဒ်ကြောင့်ဘဲ ဖြစ်မလား မပြောတတ်ဘူး။

အရင်ဖုန်းတုန်းက android 2.2 Froyo ထိဘဲ update လုပ်ခဲ့တယ်။ ကြားထဲကထွက်တဲ့ Gingerbread ကို မသုံးဖူးလိုက်တော့ compare မလုပ်ပြတတ်ဘူး။ တစ်ခုက Froyo မှာတုန်းက app တွေ ဒေါင်းလုတ်လုပ်ရင် အကုန်လုံး တပြိုင်တည်း multi-task ဒေါင်းလုတ်ချပေးတယ်။ အခုက Gingerbread နဲ့ ICS မှာ app တစ်ခုပြီးမှ နောက်တစ်ခုကို စဒေါင်းလုတ်လုပ်တယ်။ သိပ်တော့သဘောမကျလှဘူး။

Image credits: Pho.to blog 
ပြီးတော့ ဖုန်းမှာ စစချင်း market app ပါတယ်။ အခြား app တစ်ခုလောက် ဒေါင်းလုတ်လုပ်ပြီးတာနဲ့ Android Market ကြီး အပ်ချလောင်းဆိုပျောက်သွားပြီးတော့ Play Store ဆိုပြီး အလိုလို ပေါ်လာရော။ ဘာဖြစ်တာပါလိမ့်လို့ ကြောင်တောင် ကြောင်သွားတယ်။ Google က သူ့ရဲ့ Android Market ကို Google Play Store လို့ rebrand လုပ်လိုက်တဲ့ သတင်းကို မတ်လ ၆ရက်နေ့မှာ ကြေငြာသွားတာ မဖတ်လိုက်မိတာကိုး။ ခုမှ ပြန်ရှာဖတ်လိုက်မိတယ်။ (ref: Goodbye Android Market, Hello Google Play)

အရင်ဖုန်းအဟောင်းလေးက memory limited ဖြစ်တော့ app တောင်သိပ်မသွင်းဖြစ်ဘူး။ စိတ်ဝင်စားဖို့ကောင်းတဲ့ app လောက်တွေ့မှ ရှာပြီးသွင်းဖြစ်ခဲ့တယ်။ ခုက app တွေသွင်းဖို့ memory 16GB တောင်ဆိုတော့ ပျော်ပျော်ကြီး ကလိလို့ရပြီ။ ကိုယ်ဘဲ android market ကို browse မလုပ်တာ ကြာသွားလို့လား market ကနေ play store ဘဲဖြစ်သွားသလားတော့မသိ။ app category တော်တော်များမျာရဲ့ top free ရဲ့အောက်မှာ 18+ content နဲ့ app တွေ မနည်းမနော တွေ့လိုက်ရတယ်။ တော်တော်အောင်မြင်နေပါလားနော်။ အဲဒါနဲ့ settings ထဲဝင်ပြီး High maturity ကို အမြန်သွားဖြုတ်ရတယ်။ auto က "all" လုပ်ထားတာဆိုတော့။ မဟုတ်ရင် တစ်ခြား app တွေက အဲသဟာတွေကြားမှာ ပျောက်တောင်နေတယ်။

ခုတော့ ဖုန်းလေးကို တော်တော်သဘောကျနေတယ်။ size ကကြီးတယ်ဆိုပေမယ့် လက်ထဲ တကယ်ရောက်လာတော့လည်း သိပ်မဆိုးပါဘူး။ ဖုန်းကာဗာက Google ဆိုတဲ့ လိုဂိုကို တစိမ့်စိမ့်ထိုင်ကြည့်တယ်။ :D web browsing ရယ် ဂိမ်းဆော့ရတာရယ် အင်မတန်ကောင်း။ camera ကတော့ သိပ်မကောင်းဘူး။ smart phone တွေရဲ့ ကင်မရာကို အကောင်းကြီးလည်း မမျှော်လင့်ထားတော့ စိတ်မပျက်မိဘူး။ Android 4.0 ရဲ့ panaroma capture လုပ်လို့ရတာလေးတော့ သဘောကျမိတယ်။ ၁၈၀ဒီဂရီတောင်မကဘူးထင်တယ်။ တော်တော်ကျယ်ကျယ်ထိ ဆွဲလို့ရတယ်။ capture rate ကလည်း မြန်မှမြန်.. ရိုက်မှ ရိုက်လိုက်သလားလို့ ပြန်ပြန်စဉ်းစားယူရတယ်။ တစ်ခြားတော့ ဘာမှသိပ်မစမ်းကြည့်ရသေးဘူး။ နောက်မှ Ice−cream Sandwich ကို သေချာမြည်းစမ်းကြည့်ပြီးမှ ပို့စ်ထပ်ရေးပါဦးမယ်။ :) 
 ဒီပုံကတော့ ဒီနေ့ batu caves ဟိန္ဒူဘုရားကျောင်း ရောက်ဖြစ်တော့ ဖုန်းနဲ့စမ်းရိုက်ထားတဲ့ panaroma