Showing posts with label places in Malaysia. Show all posts
Showing posts with label places in Malaysia. Show all posts


Legoland Trip

 အရင်လက မြန်မာပြည်က သူငယ်ချင်းတွေလာတုန်း တစ်နေရာရာသွားလည်ကြမယ်ဆိုတော့ ပီနန်ကန်မရွန်းဟိုင်းလန်းမလက္ကား ဘယ်သွားကြမလည်း ရွေးရင်း တစ်ယောက်မှ မရောက်ဖူးတဲ့ Legoland ကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။ မလေးရှားမှာ ရောက်ဖူးသမျှမြို့တွေထဲမှာ tourist-friendly မဖြစ်ဆုံးမြို့ဘဲ။ :D ၂ရက်လုံး တက္ကစီကော ဘတ်စ်ကားကော စီးရတာ တိုင်ပါတ်နေတယ်။ ဂျိုဟိုးဘာရူးမြို့က စင်ကာပူနိုင်ငံသားတွေ အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေတဲ့မြို့ဆိုတော့ စင်ကာပူရီယန်းတွေကို အဓိကထားပြီး အရာရာကို စျေးတင်ထားသလိုဘဲ။ တက္ကစီ စီးရတာတင်ကို တော်တော် ပိုက်ဆံကုန်သွားတယ်။ 

ကေအလ် ကနေ ဂျိုဟိုးဘာရူးကို လေးနာရီကျော်လောက် ဘတ်စ်စီးရတာဆိုတော့ နေ့ချင်းပြန်သွားလို့အဆင်မပြေနိုင်ဘူး။ အဲဒါနဲ့ နှစ်ရက်တစ်ညနေဖို့ ဆုံးဖြတ်လိုက်တယ်။ အစက ပထမတစ်ရက်မှာ ဂျိုဟိုးဘာရူးမြို့ထဲ ပါတ်လည်ဦးမယ်ဆိုပြီး မြို့ထဲကဟိုတယ်ဘဲ လိုက်ရှာတာ။ Hotel Sentral က ပေးတဲ့ ဟိုတယ်+legolandဝင်ခွင့်လက်မှတ်+မနက်စာဘူဖေးရယ် ကို တစ်ယောက် ရင်းဂစ် ၁၈၀ဆိုတော့ တော်တော်သက်သာတာနဲ့ အဲဒီ ဟိုတယ်ဘဲ ရွေးလိုက်တယ်။ Legoland ရောက်ရင် လက်မှတ်ကောင်တာမှာ တန်းစီရတာ သက်သာတယ်ဆိုပြီးယူလိုက်တာ။ Legoland ကလည်း စနေ၊တနင်္ဂနွေသွားရင် လူတစ်အားများမှာစိုးလို့ တနင်္လာတစ်ရက် ခွင့်ယူပြီး တနင်္ဂနွေမနက်ထွက်၊ တနင်္လာညပြန်ဆိုပြီး စီစဉ်လိုက်တယ်။ ခါတိုင်းဆို အင်တာနက်ကနေ ဘတ်စ်ကားလက်မှတ် အြမဲကြိုဝယ်လေ့ရှိပေမယ့် လူတော်တော်များများက ဘတ်စ်ကားဂိတ်ရောက်မှ ဝယ်လည်း ရတယ်လို့ပြောကြတာနဲ့ ​ဂိတ်ရောက်တော့ ၁၀နာရီလက်မှတ်လိုချင်တာ ၁၁ခွဲလက်မှတ်ဘဲရလိုက်တယ်။ နောက်ဆို ဘယ်လောက် လက်မှတ်လွယ်တယ်ပြောပြော ကြိုဝယ်ထားတာဘဲကောင်းပါတယ်။ အသွားအပြန်လက်မှတ်က တစ်ယောက်ကို ရင်းဂစ် ၇၀လောက်ဘဲ။ 

ကေအလ်ကနေ မနက်၁၁နာရီခွဲလောက်မှ ထွက်ရတော့ ဂျိုဟိုးဘာရူးကို လေးနာရီနီးနီးမှ ရောက်တယ်။ ဟိုတယ်ရောက်တော့ check-in ဝင်ပြီး ခဏနားလိုက်တာ မှောင်ခါနီးနေပြီ။ အဲအချိန်မှ နေ့လည်စာနဲ့ ညနေစာ ပေါင်းစားဖို့ City Square ကိုသွားရတယ်။ နောက်အခေါက်ဆိုရင် City Square တစ်ဝိုက်က ဟိုတယ်တွေမှာတည်းရင် ပိုအဆင်ပြေမယ်။ Hotel Sentral က တော်တော်ကောင်းပေမယ့် City Square ရောက်ဖို့ ၁၀မိနစ်လောက်လမ်းလျှောက်ရတယ်။ လမ်းမကြီးကိုဖြတ်ရသေးတာဆိုတော့ သိပ်အဆင်မပြေဘူး။ City Square မှာ စားပြီးတော့ အထဲမှာ လျှောက်လည်၊ ပြီးတော့ Danga Bay ကို ခဏသွားတယ်။ ပြီးတော့ အားလုံးလဲ ပင်ပန်းတာနဲ့ ဟိုတယ်ဘဲပြန်နားကြတယ်။


မနက်ကြတော့  JB Sentral ကနေ Legoland ကို တိုက်ရိုက်ရောက်တဲ့ ဘတ်စ်ကားက တစ်နာရီမှ တစ်စီးထွက်တာ။ မနက်၉နာရီခွဲကားမှီအောင်သွားပါတယ်ဆို တက္ကစီသမားက ကားဂိတ်မှားပြီး City Square ရှေ့က ဘတ်စ်ကားမှတ်တိုင်မှာ ချပေးသွားတာနဲ့ ပြန်လိုက်ရှာရင်း ကားလွတ်သွားတယ်။ အဲဒါနဲ့ Legoland ကို တက္ကစီနဲ့ဘဲ သွားလိုက်ရတယ်။ ပုံမှန် တက္ကစီမီတာက၂၅ကျပ်လောက်ဘဲကျတာ။ surcharge အတင်းတောင်းတာနဲ့ လေးဆယ်ကျော် ပေးလိုက်ရတယ်။ ဂျိုဟိုးဘာရူးက ကျယ်တော့ တစ်နေရာ တစ်နေရာ အဝေးကြီးရယ်။ ဘတ်စ်ကားကလည်း တစ်နာရီမှ တစ်စင်းလောက်ထွက်တာ။ လေဆိပ်၊ Legoland၊ Hello Kitty Town၊ KSL city တွေသွားတဲ့ ဘတ်စ်ကားအချိန်စာရင်း ကိုကြည့်ထားရင် ပိုအဆင်ပြေတယ်။ ဘတ်စ်ကားမှတ်တိုင်က CIQ checkpoint အောက်နားလေးတင်ဘဲ။
Legoland အဝင်ဝ
Legoland ကနေ ညနေကြ ဘတ်စ်ကားဂိတ်ကို တန်းသွားမယ်ဆိုပြီး luggage တွေပါ တစ်ခါတည်း သယ်လာခဲ့လိုက်တယ်။ အပြင်မှာရော အထဲမှာပါ Locker တွေငှားလို့ရတယ်။ Locker အသေးက တစ်ရက်ကို ၂၀၊ အကြီးက လေးဆယ်။ ဖုန်းရယ်၊ ကင်မရာတစ်လုံးရယ်ဘဲယူပြီး ကျန်တာတွေအကုန် Locker ထဲထည့်ခဲ့လိုက်တယ်။ Locker က ပါ့စ်ဝေါ့နဲ့ဆိုတော့ ကြားထဲမှာ ကြိုက်တဲ့အချိန်ဖွင့်ပြီး လိုတဲ့ပစ္စည်းထုတ်လို့ရတယ်။ စာတော်တော်ရှည်သွားပြီ။ Legoland ထဲခုမှရောက်မှာ။ :D ဝင်ကြေးက တစ်ယောက်ကို ရင်းဂစ် ၁၄၀။ online ကနေ တစ်ပါတ်ကြိုဝယ်ရင် ၂၀% လျှော့ပေးတယ်။ နီးမှ စီစဉ်ဖြစ်လို့ ဟိုတယ်က ပေးတဲ့ package ဘဲ ဝယ်လိုက်တာ။

အပြင်ဘက်မှာ အဆင်မပြေခဲ့သလောက် Legoland ထဲရောက်မှ အမောပြေတော့တယ်။ အထဲမှာ group ပုံရိုက်ချင်တဲ့အခါ ကူပြီး ရိုက်ပေးတဲ့ staff တွေရှိတယ်။ တော်တော့်ကို ဖော်ရွေကြတယ်။ ပြီးတော့ သူတို့ရိုက်ပေးတဲ့ ဓါတ်ပုံတွေလည်း တော်တော်ကောင်းတယ်။ ကိုယ့်သူငယ်ချင်းကို ရိုက်ခိုင်းရတာထက်တောင် လှသေးတယ်။ :D ကိုယ်ရိုက်ချင်သလောက် မညည်းမညူ ရိုက်ပေးတယ်။ ရောက်ဖူးတဲ့သူတွေက နေတစ်အားပူတယ်ပြောကြပေမယ့် အဲနေ့က မိုးအုံ့နေလို့ တော်တော်နေလို့ကောင်းတယ်။ ဓါတ်ပုံတွေတော့ မှောင်မှိုင်းမှိုင်းတွေဖြစ်ကုန်တယ်။ စဝင်ဝင်ခြင်း miniland ကို အရင်ရောက်တယ်။ အာရှက အထင်ကရနေရာတွေကို lego လေးတွေနဲ့ ပြန်ဆောက်ထားတာ။ ကစားကွင်းတွေဘက်နဲ့စာရင် miniland ကို အချိန်ပေးပြီး ကြည့်ဖြစ်တယ်။ ဒါပေမယ့် lego လေးတွေက အားလုံး လေးထောင့်တုံးတွေဆိုတော့ အချိန်ကြာကြာ စူးစိုက်ပြီးကြည့်ရင် pixelated ဖြစ်ပြီး မူးလာလိမ့်မယ်။ :D 

ဘန်ကောက်က Wat Arun ဘုရားကျောင်း ပုံစံငယ် 

မလေးရှားက ပူထရာဂျာယာပလီ ပုံစံငယ် 

မြန်မာက ကရဝိတ်နန်းတော်ရဲ့ ပုံစံငယ်

လုပ်ထားတာ အရမ်းအနုစိတ်တယ်။ အနောက်ဘက်နားက ဂိတ်စောင့်နေတဲ့ ရဲမက်၂ယောက်ရယ် တံတားပေါ်က ဘုန်းကြီးနှစ်ပါးရယ်ကအစ lego လေးတွေနဲ့ အသေးစိတ်ကို လုပ်ထားတာတွေ့တော့ တော်တော်သဘောကျသွားတာ။ 

အိန္ဒိယက တဂျ်မဟာ

တရုတ်ပြည်က Forbidden Palace၊ အနောက်မှာ ဂရိတ်ဝေါရယ်၊ ပန်ဒါ သေးသေးလေး တွေရယ်လည်း လုပ်ထားတယ်။

ပြီးတော့ Dino Island မှာ ရေလွှာလျှော သွားစီးတယ်။ လူနည်းတော့ တန်းစီစရာသိပ်မလိုတာနဲ့ ၂ခါစီးလိုက်တာ တစ်ကိုယ်လုံးရွှဲရော။ အထဲမှာ Body Dryer ဆိုပြီး လူသုံးလေးယောက်ဝင်လို့ရတဲ့ heater 
တွေတော့ ထားထားပေးတယ်။ ပိုက်ဆံ၁၀ထည့်ရင် ၁၀မိနစ်လောက် ဖွင့်ပေးတယ်။ လူကို ရေလေးနဲ့စိမ်ပြီး စက်ထဲထည့် ကင်ထားသလိုဖြစ်ရော။ :P
Body dryer အခြောက်ခံစက် 
နောက်တော့ Lost Kingdom Adventure ဆိုပြီး အထဲမှာ ပိရမစ်ရုပ်တွေကို လေဆာနဲ့ပစ်ရတာစီးတယ်။ The Dragon Kingdom မှာ roller coaster စီးတယ်။ 5D cinema ထဲမှာ လူတော်တော်များနေလို့ တန်းမစီခဲ့တော့ဘူး။ Star World Miniland Displayကို မမြင်ဘဲ ကျော်သွားတာတော့ နောင်တရလို့ မဆုံးဘူး။
 Lost kingdom adventure
Legoland ထဲမှာ ရှိသမျှ rides တွေအကုန်က child-friendly ဖြစ်တော့ လူကြီးတွေအတွက်ကြတော့ တစ်အားကြီး thrilling ဖြစ်မနေဘူး။ ခြောက်နှစ်အထက် ကလေးဆိုရင် အကုန်ကစားလို့ရတာတွေဆိုတော့။ အဓိက attraction ကတော့ miniland ဘဲထင်တယ်။ အားလုံးကစားပြီး မောသွားတော့ miniland ထဲကို နောက်တစ်ခေါက်ပြန်ဝင်တယ်။ အနုစိတ်လုပ်ထားတဲ့ ပုံစံငယ်လေးတွေကို တစ်အားသဘောကျတာဘဲ။ Legoland ထဲမှာ နေ့လည်စားစရာ ဆိုင်သိပ်မရှိဘူး။ Souvenir တွေလည်း စျေးနည်းနည်ကြီးတယ်။ အြပင်တစ်ကြိမ် ထွက်ခွင့်ပေးတယ်။ အပြင်မှာ စားသောက်ဆိုင် တော်တော်စုံတယ်။ ပင်ပန်းနေကြပြီဆိုတော့ ပြန်မဝင်တော့ဘဲနဲ့ ဘတ်စ်ကားစောင့်ပြီး Larkin Bus Terminal ကို တန်းပြန်ခဲ့ကြတယ်။ ဘတ်စ်ကား အချိန်စာရင်း မှားဖတ်မိလို့ အကြာကြီး စောင့်လိုက်ရသေးတယ်။ :D အဲ၂ရက်လုံး ကားနဲ့ကို အကျိုးမပေးတာ။ 
ရေခဲမုန့်ဆိုင်ရှေ့က Legoရုပ်
Legoland ရှေ့မှာ Legoland Hotel လည်း စဖွင့်ပြီ။ အထဲက decoration တွေမိုက်တယ်။  အထဲမှာ Kingdom themed, pirate themed, adventure themed စသဖြင့် theme အမျိုးအမျိုးနဲ့ အခန်းတွေရွေးလို့ရတော့ ကလေးတွေဆိုရင် တော်တော်သဘောကျကြမယ်ထင်တယ်။ ကိုယ်အတွက်တော့ ပိုက်ဆံအလကားကုန်သလိုဘဲဖြစ်နေမှာ။ Legoland လည်း ဖွင့်တာ တစ်နှစ်ကျော်ဘဲရှိသေးပေမယ့် မလေးရှားကလူတွေ သိပ်စိတ်မဝင်စားကြဘူး။ ကလေးတွေသွားတဲ့နေရာလို့ သူတို့သတ်မှတ်ထားကြတာ။  ကလေးတွေနဲ့လာရင်တော့ ပိုပျော်ဖို့ကောင်းမယ် ထင်တာဘဲ။ တစ်ခေါက်လောက်ရောက်ဖူးပြီးရင် နောက်တစ်ခါထပ်သွားချင်လောက်အောင်တော့ ဆွဲဆောင်မှုရှိတဲ့ နေရာမဟုတ်ဘူးပေါ့။ Lego လေးတွေကို သဘောကျရင်တော့ ဘာဘဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတစ်ခုပါ။ =)


A daytrip to Melacca

မနေ့က သူငယ်ချင်းမိသားစုနဲ့ မလက္ကားကို နေ့ချင်းပြန်ခရီးသွားဖြစ်ခဲ့တယ်။ အင်္ဂလိပ်လို Melacca ၊ မလေးလို Melaka လို့ပေါင်းတယ်။ မလေးရှားနိုင်ငံရဲ့ သမိုင်းဝင် UNESCO heritage site တစ်ခုဖြစ်တဲ့ မြို့တစ်မြို့ပေါ့။ မလက္ကားကို KL ကနေ ၂နာရီလောက်မောင်းရင်ရောက်တယ်။ သုံးလေးခေါက်ရောက်ဖူးပေမယ့် ဟိုတစ်နေရာ ဒီတစ်နေရာသွားတာဆိုတော့ သိပ်တော့မကျွမ်းကျင်ဘူး။ GoogleMaps ကနေ သွားမယ့်နေရာ အကုန်ပြန်ရှာရတယ်။ မနက် ၈နာရီလောက်ထွက်မယ် မှန်းထားပေမယ့် ၉နာရီကျော်မှ ထွက်ဖြစ်တယ်။ ရောက်ဖြစ်ခဲ့တဲ့နေရာတွေ...

၁။ Pulau Besar 
 Umbai Jetty
မလက္ကားမြို့ထဲမဝင်ခင် လူကြီးတွေသွားချင်တဲ့ Pulau Besar (Pulau=ကျွန်း၊ Besar=big) ကို အရင်သွားဖြစ်တယ်။ Pulau Besar ကိုရောက်ဖို့ မလက္ကားမြို့ကနေ နောက်ထပ် ၁၅ကီလိုမီတာလောက် သွားရတယ်။ GPS မှာ Umbai Jetty ကိုရှာပြီးမောင်း၊ အဲဒီကနေ speedboat လေးတွေငှားလို့ရတယ်။ အသွားအပြန်ကို မလေးရင်းဂစ် ၁၀၀။ Jetty ကနေ ကျွန်းအထိကို ၁၀မိနစ်ကျော်လောက်ဘဲကြာမယ်။ လှေသမားက လိုက်ပို့ပေးပြီးတော့ ပြန်ချင်တဲ့အချိန် ဖုန်းဆက်လိုက်ရင် ပြန်လာခေါ်တယ်။ အဲဒီကျွန်းပေါ်မှာ မလေးရှားနိုင်ငံကို အစောဆုံး သာသနာပြုဖို့ ရောက်ခဲ့တဲ့ Sultan Ariffin Syeikh Ismail နဲ့ သူ့အမျိုးအနွယ်တွေ၊ အခြား မွတ်စလင်မ်သူတော်စင်အချို့တွေကို မြှုပ်ထားတဲ့ အုတ်ဂူတွေရှိတယ်။ Sultan Ariffin က တမန်တော်မိုဟာမက်ရဲ့ ၁၈ဆက်မြောက် အမျိုးအနွယ်လို့ ရေးထားတယ်။ အဲကျွန်းပေါ်မှာ ရှေးခေတ်က မလေး သူရဲကောင်းတွေ သိုင်းကျင့်ခဲ့တဲ့ ဂူတွေလည်း ရှိတယ်ပြောတယ်။ နာရီဝက်နီးနီးလောက် လမ်းလျှောက်ပြီး တောင်​ပေါ်တက်ရမယ်ဆိုတော့ မသွားဖြစ်လိုက်ဘူး။
ရောက်တာနဲ့ နေ့လည်စာ အလကားကျွေးနေတော့ ဝင်စားခဲ့တယ်။ :D နေ့တိုင်း ထမင်း၂နပ် အလကားကျွေးတယ်တဲ့။ ထူးဆန်းတာက အဲဒီကျွန်းကို မွတ်စလင်မ်တွေရော ဟိန္ဒူတွေရော လာပြီး ဆုတောင်းကြတာ တွေ့ရတယ်။ အေးအေးချမ်းချမ်းဘဲ။ Sultan Ariffin ရဲ့ အုတ်ဂူမှာဆိုရင် အစ္စလာမ်ဘာသာဝင်တွေက တစ်ဘက်မှာထိုင်ပြီး ဘုရားစာဖတ်၊ မေတ္တာပို့တာတွေလုပ်ကြတယ်။ နောက်တစ်ဘက်မှာ ဟိန္ဒူဘာသာဝင်တွေက ဘုရားစာရွတ်၊ ပုတီးစိပ်၊ ဆုတောင်း၊ ရေဖြန်း၊ ပန်းကြဲကြတယ်။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာဘဲ။ =) သမိုင်းကြောင်းကို နောက်မှ သေချာရှာဖတ်ကြည့်ရမယ်။ 
 Pulau Besar ပေါ်မှာ
အသေးစိတ် သိချင်ရင် − http://www.malaysia-traveller.com/pulau-besar.html 
pulau besar ပေါ်က အခြားစိတ်ဝင်စားစရာနေရာတွေ − http://riverside-paradise.blogspot.com/2012/01/pulau-besar-island-tour-day-trip.html

၂။ Stadhuys (Dutch Square)
Stadhuys ဆိုတာ ဒတ်ချ် စကားနဲ့ City Hall ကိုခေါ်တာတဲ့။ အဲနားတစ်ဝိုက်က အဆောက်အဦးတွေ အကုန် နီနီရဲရဲတွေ။ ဒတ်ချ်လူမျိုးတွေရဲ့ ဗိသုကာလက်ရာ တော်တော်များများရှိတဲ့နေရာ။ Stadhuys တစ်ဝိုက်မှာ tourist attraction တွေများတော့ လူတွေရော ကားတွေရော ပြည့်နေတာဘဲ။ ကားparking တော့ တော်တော်ရှာယူရတယ်။ အဲနားတစ်ဝိုက်မှာ ရှိတာတွေက Queen Victoria Fountain, Clock Tower, Christ Church Melaka နဲ့ အခြားစျေးတန်းလေးတွေရှိတယ်။ အဲဒီစျေးတန်းမှာ ပစ္စည်းတွေ စျေးသက်သာတယ်။
 Queen Victoria Fountain

Christ Church Melacca (built 1753) 

 ၃။ Maritime Museum (Flor De Lama) 
ခုနက Stadhuys ကနေ နောက်ထပ် ၅မိနစ်လောက်လမ်းလျှောက်ရင် Maritime Museum ကိုရောက်တယ်။ ပြတိုက်ကို Flor De Lama ဆိုတဲ့ ပေါ်တူဂီ သင်္ဘောကြီးပုံစံဆောက်ထားတာ။ ဝင်ကြေးက တစ်ယောက် ရင်းဂစ်၈ကျပ်။ 
 Maritime Museum

၄။ Melacca River Cruise 
River Cruise အတွက် လက်မှတ်ကောင်တာက Maritime Museum အနောက်နားလေးမှာရှိတယ်။ Melacca River တစ်လျှောက် အသွားအပြန် မိနစ်လေးဆယ်လောက် ကြာတယ်။ နိုင်ငံခြားသားဆို တစ်ယောက် ၁၅ရင်းဂစ်၊ မလေးရှားနိုင်ငံသားဆို တစ်ယောက် ၁၀။ ထုံးစံအတိုင်း မလေးစကားနဲ့ လက်မှတ်ခြောက်စောင် ပေးပါလို့ ပြောလိုက်တာ ၆၀နဲ့ရလိုက်တယ်။ :D 
river cruise က ဒီလိုမျိုးလှေသေးသေးလေးတွေနဲ့၊ တစ်စီးမှာ အယောက်၄၀ဆန့်တယ်ဆိုပေမယ့် အယောက်၂၅−၃၀လောက်ပြည့်ရင် တစ်စီးထွက်ပေးတယ်။ ဒီတစ်ခုက Maritime Museum နားက မဟုတ်ဘူး အဆုံးဘက်။ ဒီဘက်က စစီးလည်းရတယ်။
 မြစ်ရိုးတလျှောက်က အိမ်လေးတွေမှာ အဲလို ပန်းချီတွေ ဆွဲထားတယ်။ 
တစ်လမ်းလုံးမှာ ပုံစံမျိုးစုံနဲ့ တံတားတွေလည်း တော်တော်လှတယ်။
For more info: http://www.melakarivercruise.com/ 

 ၅။ Ee Ji Ban Chicken rice ball (halal)
မလက္ကားမှာ ကြက်ဆီထမင်းကို အလုံးလေးတွေလုံးပြီးရောင်းတယ်။ ရှမ်းပြည်က ငါးထမင်းနယ်လိုမျိုးလေး။ သူကတော့ အလုံးသေးသေးလေးတွေ။ မလေးရှားက အခြားနေရာတွေမှာ Chicken rice ball ရောင်းတာ မတွေ့ဖူးသေးဘူး။ မလက္ကားရဲ့ speciality ဖြစ်မယ်။ Ee ji Ban တစ်ဆိုင်ဘဲ Halal ဆိုင်ရှိတယ်။ တရုတ်မွတ်စလင်မ်တွေ ဖွင့်ထားတာ။ Non-halal ဆိုင်တွေတော့ အများကြီးရှိတယ်။ chicken rice ball တစ်လုံးကို ပြားသုံးဆယ်၊ ပိစိလေးရယ်။ သူ့menu မှာပြထားတဲ့ပုံက အကြီးကြီးဆိုတော့ နည်းနည်းဘဲမှာလိုက်တာ၊ မလောက်ဘူး။ တစ်ယောက်ကို ၁၀လုံးလောက်မှ အဆာပြေမယ်။ ကြက်သားက half-chicken (steam+roast mix) ကို RM24။ အခြား Nyonya ဟင်းတွေလည်း မှာလို့ရတယ်။ လူကြီးတွေပါတော့ အားလုံးရအောင်စောင့်ပြီး ဓါတ်ပုံရိုက်လို့မရဘူး.. ချတာ အရင်စားတော့ ဓါတ်ပုံက ဒီလောက်ဘဲရတယ်။ :D
Chicken rice ball and nyonya sambal prawn 
အဲဒီဆိုင်ရဲ့ facebook page: https://www.facebook.com/pages/EeJiBan-Chicken-Rice-Ball-Halal/94461985851 

၆။ Melacca Straits Mosque 
Melacca Strits Mosque က မြို့နဲ့ နီးနီးနားနား ကျွန်းသေးသေးလေးပေါ်မှာ ဆောက်ထားတဲ့ ရေပေါ် ပလီတစ်လုံး။ ညနေဘက်မှာ ပလီနဲ့ နေဝင်ချိန်ကိုရိုက်ဖို့ ဓါတ်ပုံသမားတွေ tripod တွေနဲ့ တန်းစီနေတာဘဲ။ 

အခြားစိတ်ဝင်စားစရာ နေရာလေးတွေ 

Melaka Duck Tour 
− Jonker Street 
− Taming Sari Tower 
− A`Famosa 
 − Crocodile Farm 
− Mini Malaysia and Mini Asean 
− Gadek hot spring Melaka tourist attraction map (compiled by me) ;) 

ခရီးတစ်ခုမသွားခင် အဲမြို့မှာရှိတဲ့ လည်ဖို့ပါတ်ဖို့ နေရာလေးတွေကို အရင်ရှာပြီး Google maps မှာ မှတ်ထားတာ အကျင့်ဖြစ်နေတော့ ခု မလက္ကားခရီးစဉ်အတွက်လည်း လုပ်ထားတယ်။ အခြားသွားလည်ချင်တဲ့သူတွေ မှီငြမ်းလို့ရတာပေါ့။ =) 
Melaka Attractions Map: https://mapsengine.google.com/map/edit?mid=zs4oKZAZv25g.kGqOeonJfYgE
[GoogleMaps အသစ်မှာ My Places ကို embed လုပ်တာ ရှာမတွေ့တော့လို့ Maps ကို လင့်ခ်ဘဲပေးထားလိုက်တယ်။]

P.S. 
- petrol ၈၀၊ toll ၃၅ကျပ် (for my future reference) :D


Cameron Highlands 2D1N trip

Cameron Highland ကို ဒုတိယအကြိမ်မြောက်ရောက်ပြီး တော်တော် ကျွမ်းကျင်သွားတဲ့အတွက် travel guide ရေးပါမယ်။ :D CH က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၉၀၀ ကျော်မှာရှိတဲ့ တောင်ပေါ်မြို့ တစ်မြို့ပါ။ စိုက်ခင်းတွေ အများကြီးရှိပြီး ရာသီဥတု သာယာတာတဲ့ မလေးရှားနိုင်ငံရဲ့ tourist attraction တွေထဲက တစ်ခုပေါ့။ 

ဘတ်စ်ကားလက်မှတ်ကို http://www.busonlineticket.com/ ကနေ ဝယ်လို့ရပါတယ်။ အဲဒီဝက်ဘ်ဆိုဒ်မှာ Coach လက်မှတ်တွေဘဲရောင်းတာ။ လက်မှတ်က အသွားအပြန် ရင်းဂစ် ၇၀။ ရိုးရိုး ကားလက်မှတ်တွေက၂၈ ရင်းဂစ်။ Hotel ကိုတော့ ထုံးစံအတိုင်း www.booking.com ကနေ book လုပ်ထားတယ်။ ပိုက်ဆံကြိုပေးစရာ မလိုဘူး။ Hotel booking လုပ်တဲ့အခါ နေရာကို သေချာဖတ်ပါ။ Cameron Highlands တစ်ခုလုံးက Berinchang, Tanah Rata, Ringlet ဆိုပြီး မြို့ငယ်လေး သုံးမြို့နဲ့ ဖွဲ့စည်းထားတာ။ Tourist attractions တွေအကုန်လုံးက Berinchang မှာရှိပါတယ်။ အဲဒီတော့ ကိုယ်ပိုင်ကားမပါတဲ့အခါ အချိန် save ဖြစ်ချင်ရင် Berinchang မှာရှိတဲ့ ဟော်တယ်ကို ရွေးပါ။ Tanah Rata က ဟော်တယ်တွေကတော့ စျေးနည်းနည်း ပိုသက်သာတယ်။ Ringlet ကတော့ တော်တော်ဝေးသွားပြီ။ ဒါပေမယ့် Cameron Highlands မှာက တက္ကစီရှာရ နည်းနည်းခက်တော့ Budget traveller အတွက် Berinchang မြို့လယ်ခေါင်က ဟော်တယ်တွေက အဆင်အပြေဆုံးပါဘဲ။ ကျမတော့ ကိုယ်သွားချင်တဲ့ နေရာတော်တော်များများနဲ့ နီးပြီး စျေးသက်သာတဲ့ Hong Kong Hotel ကို ရွေးပါတယ်။ လေးယောက်ခန်း တစ်ညကို ရင်းဂစ် ၂၂၀ ပေးရပါတယ်။ tax နဲ့ service charge ထပ်မပေးရပါဘူး။ weekdays သွားရင်တော့ ဟိုတယ်က ရောက်မှငှားလည်း အဆင်ပြေတယ်။ အစိုးရ ရုံးပိတ်ရက်တွေဆိုရင်တော့ တစ်ပါတ်လောက် ကြိုပြီး booking လုပ်ရင်တောင် မကျန်တော့တာများတယ်။  လူများရင်တော့ apartment တွေငှားတာ ပိုတန်တယ်။ 

KL ကနေ CH ကို လေးနာရီလောက်ဘဲကြာတယ်။ လမ်းမှာ ၁၅မိနစ်လောက်ဘဲ ရပ်ပေးတဲ့အတွက် ကားမထွက်ခင် မနက်စာ/နေ့လည်စာကို အဝစားထားတာ ကောင်းပါတယ်။ KL ကနေထွက်ပြီး လမ်းတစ်ဝက်ထိက အေးဆေးဘဲ၊ ဟိုင်းဝေးလမ်းက ဖြောင့်နေရော။ တောင်ပေါ်စတက်တဲ့အချိန်ကနေ နောက်ထပ် တစ်နာရီနဲ့မိနစ်၂၀ ကတော့ ရေလည်ခံစားရတယ်။ ဘတ်စ်ကားသမားတွေက အကွေ့အကောက် ဒီလောက်များတဲ့ တောင်တက်လမ်းကို အရှိန်မလျှော့ဘဲ မောင်းတော့ ဇီးဖြူသီး ဇကောထဲထည့်လှိမ့်သလို လူကို မူးနောက်သွားတာဘဲ။ အိတ်တွေ ဖိနပ်တွေ ချထားရင် အကုန် လှိမ့်ကုန်တယ်။ ကားရပ်မှ မနည်းပြန်လိုက်ရှာကောက်ရတယ်။ :D ရန်ကုန်−တောင်ကြီးလမ်းတောင် အဲလောက် မမူးဘူး။ လျှောက်လည်မယ် အားခဲထားတာတောင် ရောက်ရောက်ချင်း မလှုပ်နိုင်တော့ဘူး၊ အကုန်မူးသွားကြတာ။ တော်သေးတယ် ဟိုတယ်က စောစော check-in ပေးလုပ်တော့ ခဏနားပြီးမှ နေ့လည်စာ ထွက်စားရတယ်။

 အပေါ်တစ်ပုံက ဟော်တယ်ကနေ ရိုက်ထားတာ။ Brinchang မြို့လယ်ခေါင်ပေါ့။ ရှေ့တည့်တည့်မှာ taxi stand ရှိတယ်။ ပါတ်ပါတ်လည်မှာ တရုတ် စားသောက်ဆိုင်တွေရှိတယ်။ မနက်စာနဲ့ နေ့လည်စာရောင်းတဲ့ မလေး food court လည်း ရှေ့နားတင်ဘဲ။ အဲဒီ food court က စျေးသက်သာပြီး အစားအသောက်တွေ ကောင်းတယ်။ ရှေ့နားမှာ အိန္ဒိယ(mamak) စားသောက်ဆိုင် တစ်ဆိုင်လည်း ရှိတယ်။ ညစျေး Pasar Malam ကိုလည်း ငါးမိနစ်လောက် လျှောက်ရင် ရောက်တယ်။ တက္ကစီကတော့ ဘတ်စ်ကားဂိတ်မှာတုန်းက တွေ့တဲ့ တက္ကစီသမားရဲ့ ဖုန်းနံပါတ်ကို ယူထားလို့ တော်သေးတယ်။ weekend ဆိုတော့ တက္ကစီ ရှာရ ခက်တယ်။ အဲမှာ တက္ကစီတွေက မီတာနဲ့မသွားဘူး။ standard price တစ်နာရီ ၂၅ရင်းဂစ်နဲ့ သွားချင်တဲ့နေရာ ပို့ပေးတယ်။ အနည်းဆုံး သုံးနာရီ ငှားရတယ်။

သွားဖြစ်ခဲ့တဲ့နေရာတွေ 
 ၁။ BOH Tea Centre (Sungai Palas)
လက်ဖက်ခင်းနားမှာထိုင်ပြီး အေးဆေး လက်ဖက်ရည်သောက်ရတဲ့ အရသာ ဘာနဲ့မှကို မတူဘူး။ လက်ဖက်ရည် အရသာကတော့ ဘာမှ မထူးခြားပေမယ့် ရာသီဥတုရယ် ရှုခင်းရယ်က စိတ်ချမ်းသာစရာကောင်းတယ်။ 

၂။ Butterfly Garden 
Butterfly garden ထဲမှာ လိပ်ပြာတွေ အစုံဘဲ။ အရွယ်ကလည်း အကြီးကြီးတွေ။ ဒါပေမယ့် လိပ်ပြာတွေက ပျံမနေဘဲ အားလုံး တစ်နေရာမှာဘဲ ငြိမ်ပြီး ကပ်နေကြတယ်။ အသက်လည်း ရှင်နေသေးတယ်။ ဆေးတစ်ခုခုကျွေးထားပုံရတယ်။ ခုဟာက တစ်ကောင်မှလည်း မလှုပ်တော့ လိပ်ပြာရုပ်ကြွင်းပြတိုက်လို ဖြစ်နေတယ်။ 

၃။ Rose Centre 
Rose Centre ရယ် butterfly garden ရယ်က BOH tea centre အထွက်နားမှာဘဲ။ ဘေးနားမှာ Bee Garden လည်းရှိသေးတယ်။ ရောက်ဖူးပြီးသားမို့ မဝင်ဖြစ်တော့ဘူး။ rose centre က တော်တော်ကျယ်တယ်။ အထပ်ထပ် လုပ်ထားတာ။ နှင်းဆီပန်းရောင်စုံတွေ အများကြီးဘဲ။ 

၄။ Pasar Malam (ညစျေး) 
အပေါ်က သုံးနေရာနဲ့တင် သုံးနာရီကျော်လောက် အချိန်ကုန်သွားတယ်။ ည၇နာရီထိုးခါနီးနေပြီဆိုတော့ ညစျေးမှာဘဲ ချပေးဖို့ တက္ကစီ သမားကို ပြောရတယ်။ Cameron highland မှာ လမ်းမကြီး တစ်လမ်းဘဲအဓိက ရှိတာဆိုတော့ အြပန်မှာ လမ်းတစ်အားကြပ်တယ်။ စနေနေ့ ညနေတိုင်း အဲလိုဘဲ လမ်းကြပ်တယ်လို့ ပြောတယ်။ ၁၀မိနစ်လောက်မောင်းရင် ရောက်ရမယ့်နေရာကို မိနစ်လေးဆယ်လောက် ကြာသွားတယ်။ ညစျေးမှာတော့ အစားအသောက် တော်တော်စုံတယ်။ လက်ဆောင်ဝယ်ချင်ရင်လည်း souvenir ပစ္စည်းလေးတွေ အစုံဘဲ။ စတော်ဘယ်ရီလည်း ညစျေးက ဝယ်ထားရင် တန်တယ်။ စိုက်ခင်းတွေမှာ သွားဝယ်ရင်က စျေးများတယ်။ ကောက်ရိုးမှို၊ enoki မှို၊ ဘရိုကိုလီ တွေကို ဂျုံနဲ့ စွပ်ကြော်ထားတာ တော်တော်စားကောင်းတယ်။ ကြာဇံဟင်းခါးထဲထည့်တဲ့ ပန်းခြောက် ရဲ့ ပန်းအစိုကိုလည်း ကြော်ရောင်းကြတယ်။ အကြော်ရယ်၊ စတော်ဘယ်ရီတွေရယ်၊ အခြားအသီးအနှံတွေ ဝယ်ပြီး ညဘက်ကြ ဟိုတယ်မှာ လုစားကြတာ ပျော်စရာကောင်းတယ်။ 

၅။ Steamboat dinner @ Hotel Titiwangsa 
မလေးလူမျိုးတွေ ရေးတဲ့ ဘလော့ဂ်တွေထဲမှာ ကောင်းတယ်လို့ ရေးကြလို့ သွားစားတာ။ တစ်ယောက်၂၀ပေးရပြီး service ရော အစားအသောက်ရော ကျေနပ်စရာ မကောင်းဘူး။ ဗိုက်တော့ပြည့်သွားတယ်။ 

၆။ Cactus Valley 
ဟိုတယ်ကနေ ၁၀မိနစ်လောက် လမ်းလျှောက်ရင် ရောက်တယ်။ ဝင်ကြေးက တစ်ယောက်ကို ရင်းဂစ်ငါးကျပ်။ Cactus အပင် အကြီးအသေး မျိုးစုံဘဲ။ ကြည့်ရတာ အသည်းယားလာတယ်။ အထွက်နားမှာ cactus ပင်လေးတွေ ဝယ်လို့လည်းရတယ်။ အပင်ဝယ်တာတော့ Cactus Point မှာသွားဝယ်ရင် ပိုဝယ်လို့ကောင်းတယ်။ အဲတစ်ခုက ရောင်းဖို့ သက်သက် ဖွင့်ထားတာဆိုတော့။

၇။ Big red Strawberry farm 
Cactus Valley ဘေးမှာတင်ရှိပါတယ်။ အခြား strawberry farm တွေလည်း အများကြီး ရှိပေမယ့် ဒီတစ်ခုက ဟိုတယ်နဲ့နီးပြီး cactus valley နဲ့လည်းနီးတော့ တစ်ခါတည်း ၂နေရာ ရောက်တဲ့အတွက် အဆင်ပြေတယ်။ အစားအသောက် အရမ်းကောင်းတယ်။ strawberry စိုက်ခင်းရယ် အြခား ဆလတ်ရွက် စိုက်ခင်းတွေရယ်ရှိတယ်။ အပြန်လက်ဆောင်အတွက် စတော်ဘယ်ရီကို စိုက်ခင်းထဲကဝယ်ရင် စျေးများတယ်။ Farm ကနေ အပြင်ထွက်လာရင် အောက်ဘက်နားမှာ ရွာတွေက တိုက်ရိုက်လာရောင်းတဲ့သူတွေ ရှိတယ်။ အဲမှာ စျေးဆစ်ရင် ဆစ်နိုင်သလောက် စျေးသက်သာတယ်။ 

၈။ Cameron Bharat Tea Plantation 
 ပထမတစ်ရက်မှာ လက်ဖက်ခင်းတွေကြား ဓါတ်ပုံရိုက်ရတာ မဝကြသေးဘူးဆိုတော့ Tanah Rata မှာရှိတဲ့ လက်ဖက်ခင်း နောက်တစ်ခုကို ထပ်သွားတာ။ BOH tea centre က အပေါ်ကနေ ကြည့်ရတဲ့ ရှုခင်း ပိုလှပြီး ဒီတစ်ခုက လက်ဖက်ခင်းကြားထဲ ဝင်လျှောက်လို့ ပိုကောင်းတယ်။ 

လက်ဖက်ခင်းထဲမှာတင် အချိန်တော်တော်ကြာသွားတော့ အြခားနေရာဆက်မသွားတော့ဘဲ ကားဂိတ်ကို ပို့ခိုင်းလိုက်တယ်။ ပထမရက်နဲ့ ဒုတိယရက်မှာ ငှားတဲ့ တက္ကစီသမား၂ယောက်  နာမည်က မူတူးနဲ့ တစ်ယောက်က ဆာမိတဲ့။ သူတို့နှစ်ယောက်က သူငယ်ချင်းတွေ။ သူတို့ အဖေတွေက ကိုလိုနီခေတ်မှာ လက်ဖက်ပင်စိုက်စားဖို့ အိန္ဒိယကနေ မလေးရှားရောက်လာကြပြီး Cameron Highland မှာဘဲ အခြေချ နေကြတယ်လို့ပြောတယ်။ သူတို့က တက္ကစီမောင်းပြီး စုထားတဲ့ ပိုက်ဆံနဲ့ နှစ်တိုင်း နိုင်ငံခြား ခရီးသွားကြတယ်တဲ့။ ဒီနှစ် မေလမှာ မြန်မာပြည်သွားဖို့ tour package ဝယ်ထားပြီးတာဆိုတော့ မြန်မာတွေ့တော့ ဝမ်းသာအားရ စကားပြောကြတယ်။ ဒါပေမယ့် မြန်မာပြည်ကသတင်းတွေဖတ်ပြီး သူတို့လန့်နေကြတယ်။ ရန်ကုန်ဘက်မှာတော့ ဘာမှ မဖြစ်ပါဘူး၊ စိတ်မပူနဲ့လို့တော့ ပြောလိုက်တာဘဲ။ သူတို့က ပိုက်ဆံအကုန် ချေထားပြီးပြီမို့သာ သွားရတာ၊ မဟုတ်ရင် cancel လုပ်ဖြစ်ဖို့များတယ်ပြောတော့ သူတို့လို လာဖို့ စီစဉ်ထားပြီး မြန်မာပြည်တွင်း မငြိမ်သက်မှုတွေကြောင့် ခရီးစဉ်ဖျက်လိုက်ကြတဲ့ တိုးရစ်တွေ ဘယ်လောက်များမလဲ မသိဘူး။

နှစ်ရက် တစ်ညဘဲသွားတာဆိုတော့ မရောက်ဖြစ်လိုက်တဲ့နေရာတွေ 
၁။ Cactus point − cactus ပင်လေးတွေ ဝယ်ချင်ရင် ဝယ်လို့ကောင်းတယ်။
၂။ Vegetable Market - ဟင်းသီးဟင်းရွက် အစုံ လတ်လတ်ဆတ်ဆတ်ရတယ်။
၃။ Lavender Centre - ဒီတစ်ခုက အသစ်ဖွင့်ထားတာ သိပ်မကြာသေးဘူး။
၄။ The Smoke house − ဓါတ်ပုံရိုက်လို့ကောင်းတယ်လို့ပြောကြတယ်။
၅။ Time Tunnel Museum


Trick Art Museum, Shah Alam

အရင်တစ်ခေါက် ရေးခဲ့ဖူးတဲ့ Shah Alam က i-city မှာ မကြာသေးခင်ကမှ အသစ်ဖွင့်ထားတဲ့ Trick Art Museum ကို ရောက်ဖြစ်ခဲ့တယ်။ 

အထဲမှာ 3D paintings (လက်နဲ့ဆွဲထားတဲ့ 3D ပန်းချီလက်ရာ) တွေကို masterpieces, Egyptian, sea life, animal kingdom နဲ့ modern classic ဆိုပြီး theme ငါးခုခွဲပြီး ပြသထားတယ်။ နိုင်ငံတကာက ပန်းချီပညာရှင် ၁၀ယောက်ကို ဖိတ်ခေါ်ပြီး ဆွဲထားတယ်လို့ပြောတယ်။ 

ပြတိုက်ဝင်ကြေးက တစ်ယောက်ကို ရင်းဂစ်၅ကျပ်ဆိုတော့ တော်တော့်ကို တန်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက လက်မှတ်ကို စာရွက်တွေနဲ့ မပေးတော့ဘဲ ငါးယောက်စာဝယ်ရင် လက်မှတ်ကောင်တာမှာ NFC ကဒ်တစ်ကဒ် ထဲကို တစ်ခါတည်း write လုပ်လိုက်တယ်။ ကဒ်ဖိုး Deposit ငါးကျပ်တော့ ပေးခဲ့ရတယ်။ ပြတိုက်အဝင်ဝမှာ ဝန်ထမ်းတစ်ယောက်က အဲဒီ ကဒ်ကို tap လုပ်ပေးပြီး ဝင်ရတယ်။ ပြတိုက်က ပြန်ထွက်လာတော့မှ ကဒ်ကို ပြန်အပ်ရင် deposit ငါးကျပ် ပြန်ရတယ်။ NFC technology ကို အပြင်မှာသုံးတာ ဒါပထမဆုံး မြင်ဖူးတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ NFC-enabled စမတ်ဖုန်းထဲကို တစ်ခါတည်းရေးပေးလိုက်မယ်ဆိုရင် deposit ပေးရ ပြန်ယူရတဲ့အလုပ် သက်သာသွားမယ်ထင်တယ်။ 

ပန်းချီကားတိုင်းရဲ့ ဘေးနားမှာ ဘယ်လို ဓါတ်ပုံရိုက်လို့ရတယ်ဆိုတာပါ တစ်ခါတည်း sample ပြထားတော့ တော်တော်မိုက်တယ်။ 
 ပြတိုက်ဝင်ဝင်ချင်း ပထမဆုံး တွေ့ရတဲ့ ပန်းချီကား

နံရံတစ်ချပ်ြခားပြီး မှန်လိုဖြစ်အောင် ဆွဲထားတာ။ ဒီတစ်ပုံကို တော်တော်သဘောကျမိတယ်။ 

3D ပန်းချီကားအချို့

i-city ထဲက အခြား လည်ပါတ်စရာ နေရာနဲ့ စျေးနှုန်းတွေ 

  
ကစားကွင်းတစ်နေရာ
KL ရောက်ရင် သွားလည်စရာနေရာတစ်ခု တိုးတာပေါ့။ :) Public Transport တိုက်ရိုက်တော့မရှိဘူး။ KL Central ကနေ KTMရထား  ကို Shah Alam ဘူတာထိစီးပြီး (နာရီဝက်လောက်)၊ တက္ကစီနဲ့ i-city ကို ၁၀မိနစ်လောက်ဆို ရောက်တယ်။ 


Penang Trip - 1

ပီနန်တံတား 

Raya Haji ပိတ်ရက်သုံးရက်မှာ သူငယ်ချင်းတွေနဲ့ ပီနန်ကို သုံးရက်၂ည ခရီး သွားဖြစ်ခဲ့တယ်။ ပီနန်သွားဖို့စီစဉ်တာ သုံးလေးခါလောက်ရှိပြီ။ နီးမှ အကြောင်းကြောင်းကြောင့် ပျက်သွားတာချည်း။ ဒီတစ်ခေါက်တော့ ကြိုမစီစဉ်ထားဘဲ တစ်ပါတ်လောက်အလိုမှ သွားကြရအောင်ဆိုပြီး ဘတ်စ်ကားလက်မှတ် ကောက်ဝယ်၊ ဟိုတယ်ဘွခ်လုပ်မှဘဲ သွားဖြစ်တော့တယ်။

ဘတ်စ်ကားလက်မှတ်ကို ticket4u.com.my ကနေ ဝယ်လိုက်တယ်။ ကေအယ်လ်ပီနန် အသွားအပြန် တစ်ယောက်ကို ရင်းဂစ် ၇၀ ကျော်ကျော်ဘဲ ကျတယ်။ ဟိုတယ်ကို booking.com ကနေ book လုပ်တယ်။ လေးယောက်ခန်း ၂ညကို ၂၉၆ ရင်းဂစ်။ အဲဒီထက် စျေးသက်သာတဲ့ ဟိုတယ်တွေ၊ ဒီစျေးနဲ့ ဒီထက်ကောင်းတဲ့ဟိုတယ်တွေ ရှိပေမယ့် ဒီတစ်ခုက သွားရလာရ အချက်အချာ တော်တော်ကျလို့ New Asia Heritage Hotel ကိုဘဲ ရွေးလိုက်တယ်။

တစ်ယောက်မှ ပီနန်မရောက်ဖူးတော့ မသွားခင် ကြိုပြီး ဘယ်သွားမယ်၊ ဘာစားမယ်၊ ဘာလုပ်မယ်ဆိုတာ ကြိုတင် အိမ်စာလုပ်ရတယ်။ ပထမဆုံး ကိုတီဇက်အေရဲ့ Penang Trip အပိုင်း ၈ပိုင်း ကို ကျေညက်အောင် အပြန်ပြန် အလှန်လှန် ဖတ်တယ်။ :D Google Maps ကနေ နေရာတွေ၊ လမ်းတွေကို သေသေချာချာ လေ့လာမှတ်သားတယ်။ ဘလော့တွေ လိုက်ရှာဖတ်တယ်။ ဒေါင်းလုတ်လုပ်စရာရှိတာတွေလုပ်တယ်။

ပထမဆုံး ပြဿနာက သွားမယ့် ဘတ်စ်ကားဂိတ်။ အသိတွေကို မေးတယ်။ ဂူဂယ်လ်မှာရှာတယ်။ ဘယ်သူမှ နေရာအတိအကျ မညွန်းပေးနိုင်ဘူးဖြစ်နေတယ်။ အဲဒီနေ့မှ ကြည့်ကြပ်လုပ်ကြမယ်ဆိုပြီးထားလိုက်တာ ဘတ်စ်ကား မလွတ်သွားတာဘဲ ကံကောင်း။ တစ်ခြားဘတ်စ်ကားတွေအကုန်က အဓိက Terminal တွေဖြစ်တဲ့ Puduraya, Pekeliling Express Bus Terminal, TBS ကနေ ထွက်ပေမယ့် Plusliner နဲ့ Nice ကုမ္ပဏီ ၂ခုက KTM old railway station ကနေ စီးရတယ်။ Pasar Seni LRT station ကနေ တံတားကို ဖြတ်လိုက်ရင်ရောက်တယ်ဆိုတော့ ရှာရလွယ်မှာပါ ထင်ထားတာ။ တကယ်သွားမယ့်မနက်ကြမှ ဒုက္ခလှလှတွေ့ရော။ ဟိုလူမေး ဒီလူမေးနဲ့။ တံတားဖြတ်လိုက်ရင် ရောက်တယ်ဆိုပေမယ့် တံတားလည်းဖြတ်ပြီးရော ဆင်းဖို့ လှေကားက အများကြီး ဘယ်ကဆင်းရမှန်းမသိ၊ ထပ်မေးရပြန်ရော။ ၁၀နာရီ ဘတ်စ်ကားထွက်မှာ ဂိတ်ကို ၁၀မိနစ်နောက်ကျမှ ရောက်သွားတယ်။ ဘတ်စ်ကားဆရာက ကားတောင်စက်နှိုးနေပြီ။ မနည်းလိုက်တားပြီး အနောက်က လိုက်လာတဲ့ မရွှေချော သုံးယောက်ကို စောင့်ရတယ်။ အရင်ခေါက် စင်ကာပူသွားတုန်းက ငါးမိနစ်လေးနောက်ကျတာကို ဘတ်စ်ကားတစ်ခေါက် လွတ်သွားဖူးတော့ တော်တော်ကြောက်နေတာ။ ကားပေါ်ရောက်မှဘဲ သက်ပြင်းချနိုင်တော့တယ်။ 



လက်မှတ်ဝယ်ထားတုန်းက ခုံက အနောက်နားမှာပေမယ့် နောက်ကျမှရောက်သွားပြီး လူတွေက ထိုင်ချင်သလိုထိုင်နေကြတော့ လွတ်တဲ့ခုံ ဝင်ထိုင်လိုက်ရတယ်။ ကံကောင်းစွာနဲ့ double-decker bus ရဲ့ အပေါ်ထပ် ရှေ့ဆုံးခုံမှာရတယ်။ မလေးရှားမှာက မြန်မာပြည်လောက် သစ်ပင်မခုတ်တော့ တစ်လမ်းလုံး တောတွေ တောင်တွေက စိမ်းစိမ်းလန်းလန်း ရှိသေးတယ်။ ဘိလပ်မြေစက်ရုံတွေနားမှာတော့ တောင်တွေ ဖြိုထားတယ်။

လမ်းမှာ အစားအသောက် ဝယ်လို့ရမယ်ထင်ပြီး မနက်က ဘာမှ မစားခဲ့တာ မှားသွားတယ်။ ကားရပ်နားစခန်း သေးသေးတစ်ခုမှာ မိနစ် ၂၀လောက်ဘဲ ရပ်ပေးတယ်။ ဗိုက်ကတော့ တော်တော့်ကို ဆာနေပေမယ့် စားစရာကလည်း အသီးအနှံတစ်မျိုးဘဲရောင်းတော့ ရှိတာလေး ဝယ်စားပြီး ခရီးဆက်ခဲ့ရတယ်။ မနက်၁၀နာရီလောက် ကေအယ်လ်က ထွက်ခဲ့တာ နေ့လည် ၂နာရီခွဲလောက်မှာ ပီနန်ကျွန်းက Sg. Nibong Bus Terminal ကို ရောက်တယ်။ မြို့ထဲသွားမယ့်ဘတ်စ်တွေ ဒီ terminal ထဲထိ ဝင်ရပ်ပေးတယ်။ တည်းမယ့်ဟိုတယ်က Georgetown က Komtar နားမှာ။ တက္ကစီတွေက ရင်းဂစ်၂၀တောင်းတယ်။ ဘတ်စ်ကားနဲ့ဆိုရင် ၁ကျပ်ပြားလေးဆယ်။ မိနစ်၂၀လောက်နဲ့ Komtar ကိုရောက်တယ်။ ရောက်တာနဲ့ ဟိုတယ် check-in မလုပ်ခင် 1st Avenue Mall ထဲဝင်ပြီး နေ့လည်စာ အရင်စားရတယ်။ 

ပီနန်ကျွန်းက တော်တော်လေးကို tourist-friendly ဖြစ်ပါတယ်။ တိုးဂိုက်တွေဘာတွေမလိုဘဲ ဒီတိုင်းလျှောက်သွားလို့ရတယ်။ ဘတ်စ်ကားတွေလည်း အချိန်မှန်မှန်ဆွဲတယ်။ တက္ကစီတောင် သိပ်စီးဖို့ မလိုဘူး။ ၂ညအိပ် သုံးရက်အတွင်း ရောက်ဖြစ်ခဲ့တဲ့ နေရာတွေကတော့ 


Day 1
- Fort Cornwillis ခံတပ်, Penang Esplanade, Penang City Hall
- Gurney Drive ဟော်ကာစင်တာ
Day 2
- ပီနန်တောင်, Kek Lok Si ဘုရားကျောင်း
- Batu Ferringi ကမ်းခြေ၊ ညစျေး
- Koo Kongsi Festival of lights
Day 3
- Penang Toy Museum
- Heritage walk around the town
- A search for Penang street arts
ဖြည်းဖြည်းချင်း အသေးစိတ် ရေးသွားပါမယ်။ :)


An unplanned visit to Batu Caves

သွားမယ်စီစဉ်တိုင်း မရောက်ဖြစ်တဲ့ Batu Caves ကို ဒီတစ်ခေါက်တော့ အစီအစဉ်မရှိဘဲ ဖြတ်သွားဖြတ်လာ လမ်းကြုံလို့ ဝင်လိုက်မှဘဲ ရောက်ဖြစ်တော့တယ်။ Batu Caves က ကွာလာလမ်ပူမြို့ရဲ့ tourist attraction တွေထဲက တစ်ခုအပါအဝင်ပါ။ နှစ်ပေါင်း သန်းလေးရာလောက် သက်တမ်းရှိတဲ့ ထုံးကျောက်ဂူထဲဖြစ်ပြီး အထဲမှာ Tamil လူမျိုး ဟိန္ဒူဘာသာဝင်တွေ တည်ထားကိုးကွယ်တဲ့ ဘုရားကျောင်း/နတ်ကွန်းတွေ ရှိတယ်။
တောင်ပေါ်မတက်ခင် ရင်ပြင်မှာ ပေ၁၄၀မြင့်တဲ့ ကမ္ဘာ့အကြီးဆုံး Lord Murugan ရုပ်တုကြီးကို အရင်တွေ့ရတယ်။ tourist attraction နေရာ မို့လားမသိဘူး။ အနီးအနားဝန်းကျင် တစ်ခုလုံး သန့်ရှင်းနေတာဘဲ။ ခိုစာကျွေးတဲ့ နေရာတွေရှိတော့ ရင်ပြင်ပေါ်မှာ လူတွေနဲ့ ယဉ်ပါးနေတဲ့ခိုလေးတွေ ဟိုတစ်စု ဒီတစ်စု တွေ့ရတယ်။
လှေကားကတော့ ဒီလိုမတ်တာ တစ်ဝက်မှာ နောက်ပြန်လှည့်ကြည့်ရင်တောင် ခေါင်းတွေမူးလာတယ်။

တောင်ပေါ်ကိုတက်ဖို့ လှေကား ၂၇၂ ထစ်ဆိုတော့ ၁၂ထပ်တိုက်ပေါ် တက်ရသလောက်တော့  မြင့်ပါလိမ့်မယ်။ သူ့လှေကားတွေက မတ်တော့ တက်ရတာ နည်းနည်းတော့ ပင်ပန်းတယ်။ သူငယ်ချင်းတွေနဲ့ စကားတပြောလိုက်၊ ဓါတ်ပုံရိုက်လိုက်နဲ့တက်တော့လည်း ခဏလေးနဲ့ ရောက်သွားသလိုဘဲ။ အဲနေ့က နေမပူလို့လဲပါမယ်။ နေပူကျဲတဲထဲဆို တက်သိပ်မလွယ်လောက်ဘူး။ ဘုရားကျောင်းလာတဲ့သူတွေတော့ ဖိနပ်ချွတ်ပြီး တက်ကြပေမယ့် ကျန်တဲ့သူတွေကို ဖိနပ်စီးတက်ခွင့်ပေးထားတယ်။
ဂူအတွင်းပိုင်း
ထုံးကျောက်ဂူက နှစ်သက်တမ်းကြာနေတာရယ် လူအလာများတာရယ်ကြောင့်ထင်တယ် သိပ်မလှတော့ဘူး။ ထုံးကျောက်ခက်ပန်းဆွဲတွေလည်း ပုံမလှတော့ဘူး။ ဂူပေါက်ဝနားပိုင်းလောက်ဘဲလှတယ်။ အထဲမှာလည်း နတ်ရုပ်တွေ သိပ်တော့မများဘူး။ ဂူကျယ်တာလည်းပါမယ်ထင်တယ်။ ဂူအမိုးကတော့ တော်တော်ြမင့်တယ်။ ဂူခေါင်မိုးက အပွင့်ဆိုတော့ မိုးရွာထားလို့ အထဲမှာ စိုရွှဲရွှဲဖြစ်နေတော့ ကြာကြာမနေတော့ဘဲ မြန်မြန်ပြန်ဆင်းခဲ့ကြတယ်။ အမှန်ဆို နည်းနည်းဆက်သွားပြီး ဘယ်နေရာမှာ ဆုံးသလဲ။ အထဲမှာ ဘာတွေရှိသေးလဲ ကြည့်ခဲ့ရမှာလို့ ခုမှပြန်စဉ်းစားမိတယ်။ နောက်တစ်ခေါက် လမ်းကြုံရင်တော့ ထပ်သွားကြည့်ချင်သေးတယ်။ နတ်ဘုရားရုပ်တုတွေကိုးကွယ်ထားတဲ့ main cave ကနေဆင်းရင် အဆင်းလမ်းတစ်ဝက်လောက်မှာ လမ်းခွဲသွားတဲ့နေရာမှာ "dark cave tour” ဆိုတာ တွေ့မိတယ်။ ၄၅မိနစ်ကြာ Educational Tour က တစ်ယောက်ကို 35 ရင်းဂစ်၊ ၂နာရီအကြာ Adventure tour က ရင်းဂစ် ၈၀၊ အနည်းဆုံး ငါးယောက် တစ်ဖွဲ့ထင်တယ်။ သေချာ ထိန်းသိမ်းထားတဲ့ ဂူရဲ့ အတွင်းပိုင်းတွေထိ သွားမယ့် Guided Tour ဆိုတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ တစ်ခါလောက်တော့ သွားကြည့်ချင်တယ်။
အဆင်းလမ်းကိုကြည့်ရင် မူးတောင်မူးတယ်။

အတက်အဆင်းမှာ မျောက်အန္တရာယ်ကိုလည်း သတိထားရသေးတယ်။ တစ်လမ်းလုံး မုန့်လုဖို့ စောင့်နေတဲ့ မျောက်တွေ အများကြီးဘဲ။ လူကိုတော့ အန္တရာယ်မပေးဘူး။ဖုန်းတွေလွယ်အိတ်တွေ လုသွားမှာတော့ လန့်နေရတယ်။ ဓါတ်ပုံတောင် ဖြောင့်အောင် မရိုက်ရဲဘူး။ အဆင်းလမ်းမှာ ကလေးလေးတစ်ယောက် ဗြဲကနဲအော်ငိုတာ လှမ်းကြည့်လိုက်တော့ သူစားနေတဲ့မုန့်ကို မျောက်ကလုသွားတာကိုး။ သူ့အမေမှာ ငိုရအခက် ရယ်ရအခက်။ ကလေးကတော့ လန့်တာလား..သူစားနေတဲ့ မုန့်ကိုယူသွားလို့လားတော့ မသိဘူး။ ငိုနေတာ တော်တော်နဲ့ကို မတိတ်တော့ဘူး။ 

အောက်ဆင်းလာပြီး ရင်ပြင်တော်နားမှာ ပန်းခြံသေးသေးလေး လုပ်ထားသေးတယ်။ တစ်ယောက်ကို ရင်းဂစ်၇ကျပ် ဆိုတော့လည်း မဝင်ြဖစ်တော့ဘူး။ ရေကန်သေးသေး ငါးနည်းနည်းမွေးပြီး တောင်ပေါ်ထိမတက်နိုင်တဲ့သူတွေ အောက်မှာ အနားယူရအောင် စီးပွားရှာတတ်ပုံကိုလည်း ချီးကျူးမိတယ်။ 

တောင်ပေါ်ကဆင်းလာပြီဆိုတော့ နောက်ကြောင်းပြန်လိုက်ပါဦးမယ်။ :D အမှန် အဲနေ့မနက်က ဆလာရမ်းဆိုတဲ့ နေရာမှာ မနက်စာသွားစားတာ။ ဆလာရမ်းက မြန်မာအစားအစာ တော်တော်စုံစုံလင်လင်ရနိုင်တဲ့နေရာပါ။ ဘိန်းမုန့်ကအစ၊ အစုံသုပ်၊ အုန်းနို့ခေါက်ဆွဲထိ အစုံရပါတယ်။ မနက်စာစားရင်း weekend ၂ရက်လုံးစားဖို့ပါ ဟင်းဝယ်လာလိုက်တယ်။ ဘုရားလည်းဖူး လိပ်ဥလည်းတူး၊ ငါးလည်းမျှား ရေလည်းချိုးပြန်လုပ်ခဲ့တာ။ လမ်းကြုံလို့ batu caves ပေါ်ပါရောက်သွားတယ်ဆိုတော့ ပိတ်ရက်မှာ စောစောထရကျိုး နပ်သွားတယ်။ Selayang ကဝယ်ခဲ့တဲ့ ချဉ်ပေါင်ကြော်ရယ် ငါးကြော်ရယ်နဲ့ batu caves ခရီးစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။ :D


i-city snow walk and LED forest

New year ညကို အိမ်ထဲမှာနေပြီးဖြတ်သန်းရမှာ သေမတတ်ကြောက်တဲ့ ဒီနိုင်ငံကလူတွေရဲ့ ရောဂါကူးသွားတာတော့ မဟုတ်ပေမယ့် new year's eve မှာ i-city ရောက်သွားတယ်။ i-city က snow walk အတွက် Groupon ကနေ ဗောက်ချာဝယ်ထားတာကို အဲနေ့မှ မသွားရင် ဆုံးတော့မှာမို့ သွားလိုက်တာ.. သူ့ဘာသူ new year's eve ဖြစ်သွားတာတော့ တိုက်ဆိုင်သွားတယ်။ i-city က KL ကနေ ၄၅ မိနစ်လောက် မောင်းရတဲ့ Shah Alam မြို့မှာ ရှိတာ။
ပုံမှန်စျေးက snow walk ကို ၃၅ရင်းဂစ် ပေးရပေမယ့် Groupon ကနေ ၂၀နဲ့ ရလိုက်တာ။ ၂၀ဘဲပေးရတဲ့ ဗောက်ချာမှာ snow walk အပြင် 2 rides တောင် အဆစ်ပါသေးတော့ တော်တော့်ကို တန်သွားတယ်။ အဲထက် ပိုတန်သွားသေးတာက ကစားစရာတွေ မစီးချင်လို့ ပိုနေတဲ့လက်မှတ်တွေကို မှောင်ခို ပြန်ရောင်းခဲ့သေးတယ်။ :D ကြိုသိရင် ဗောက်ချာတွေ အများကြီးဝယ်ထားပြီး အဝမှာ သွားထိုင်ရောင်းရင် တော်တော်မြတ်မယ်။ snow walk လက်မှတ်က မလေးနိုင်ငံသားဆိုရင် ၂၅ရင်းဂစ် နိုင်ငံခြားသားဆိုရင် ၃၅ရင်းဂစ် ပေးရတယ်။ မလေးရှားမှာ အဲလို ခွဲခြားခွဲခြားလုပ်တဲ့နေရာတွေ သိပ်များတယ်။ အဲလိုနေရာတွေရောက်ရင် လူရှုပ်နေတဲ့အချိန်ကို နည်းနည်း စောင့်လိုက်တယ်။ ပြီးရင် မလေးစကားနဲ့ ကျောင်းသားစျေးမရှိဘူးလား၊ ဘယ်အချိန်ဖွင့်လဲ၊ ဘယ်အချိန်ပိတ်လဲ ဘာညာ အများကြီးလျှောက်မေးပစ်တယ်။ မေးလို့ဝသွားရင် လက်မှတ်တစ်စောင်ပေးလို့ပြောလိုက်ရင် သူတို့က နိုင်ငံသားဘဲထင်ပြီး နိုင်ငံသားစျေးပေးလိုက်တာ များတယ်။ တစ်ခါတစ်လေတော့ ရစ်ပြီး မှတ်ပုံတင်တောင်းရင်တော့ ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် ရမလားလို့ စမ်းကြည့်တာ မမှားဘူး။ ၁၀ခေါက်မှာ တစ်ခေါက်လောက်ဘဲ ရစ်ခံရတတ်တယ်။
Snow walk က Genting Highland က တစ်ခုထက်တော့ အများကြီး ပိုကျယ်တယ်။ ကင်မရာလည်း ယူခွင့်ပေးတော့ အဆင်ပြေတယ်။ Genting Highland က snow world မှာ ကင်မရာ မပေးယူဘူး။ အဝမှာ အနွေးထည်တွေ ပေးတယ်။ snow-walk သာပြောတာ။ fridge-walk လို့ ပြောင်းခေါ်ရမလိုလို.. ရေခဲသေတ္တာထဲ ရောက်သွားတဲ့ အတိုင်းဘဲ.. အေးခဲနေရော။ အထဲမှာ နာရီဝက်တောင် မနေနိုင်ပါဘူး။ ဓါတ်ပုံအများကြီးလည်း မရိုက်နိုင်.. ချမ်းလွန်းလို့။ ကြာကြာမှ တစ်ခါ သွားကြည့်ရင်သာ ကြည့်ကောင်းတဲ့ နေရာ တစ်နေရာပေါ့။ အထဲမှာ လျှောက်ပါတ်ကြည့်တယ်။ slider တစ်ခု ရှိတာကို စီးတယ်။ တစ်အားချမ်းလာတာနဲ့ မခံနိုင်တော့လို့ မြန်မြန် ပြန်ထွက်ခဲ့ရတယ်။ အပြင်ရောက်တော့ ဗိုက်ဆာတာနဲ့ ညစာစားကြတယ်။ စားပြီးတော့ LED forest ရှိတဲ့ဘက်ကို ထွက်ခဲ့ကြတယ်။ 
ညဘက်ရောက်သွားတာရယ် အပင်တွေက မီးရောင်စုံတွေရယ်ကြောင့် ဓါတ်ပုံရိုက်လို့ သိပ်မကောင်းတော့ဘူး။ ဒီလိုအချိန်မျိုးမှာ DSLR တစ်လုံးလောက် ဝယ်ချင်စိတ် တစ်ဖွားဖွား ပေါက်မိပါရဲ့။ LED မီးရောင်စုံနဲ့ အပင်တွေကတော့ တကယ်ကို လှတယ်။ ကစားကွင်းထဲမှာတော့ မူးနောက်နေအောင် ပါတ်ချာအီပေးတဲ့ ကစားနည်းတွေဘဲ များတယ်။ တစ်ခုလောက်စီးပြီး ထပ်မစီးချင်တော့တာနဲ့ ခုနက ပြောသလို ပိုတဲ့လက်မှတ် မှောင်ခို ပြန်ရောင်းပြီး ပြန်ခဲ့ကြတယ်။ :D အပြန်မှာ new year countdown ရောဂါ ဝင်လာတော့ Ampang Lookout Point ကိုသွားဖို့လုပ်ကြတယ်။ ကေအလ် တစ်မြို့လုံးက လူတွေများ ရောက်နေသလား ထင်ရလောက်အောင် လမ်းပိတ်နေလို့ တောင်ပေါ်မရောက်တစ်ရောက်နားမှာဘဲ ရပ်ပြီး fireworks ကြည့်ပြီး စိတ်ကျေနပ်လိုက်ရတယ်။

တောင်ပေါ်ကနေ ရိုက်တော့ ပုံက ဒီလောက်ဘဲ ထွက်တော့တယ်။ ကင်မရာမှာ long shutter မပါတော့ ပိုဆိုး။ တစ်နေကုန်လုံး သွားခဲ့သမျှ နေရာတွေက DSLR လိုချင်အောင် အလွန်ကို ဆွဲဆောင်နေတော့ မနည်း စိတ်ထိန်းထားရတယ်။ ဒါပေမယ့် DSLR ဝယ်လည်း သယ်နိုင်မှာ မဟုတ်လောက်ဘူး။ ပေါ့ပေါ့ပါးပါးရှိြပီး lens လဲလို့ရတဲ့ powershot တွေထဲကဘဲ စိတ်ကူးရမယ်။  တစ်နေကုန် လျှောက်သွားပြီး new year ကို တောင်ပေါ် မရောက်တရောက်လောက်မှာ countdown လုပ်လိုက်ရပေမယ့် ပျော်စရာနေ့လေးတစ်နေ့တော့ ဖြစ်ခဲ့တယ်။ ခါတိုင်းနှစ်တွေဆို new year ကို အိပ်ပြီး ကြိုဆိုတော့ တစ်နှစ်လုံးအိပ်ရေးဝတယ်။ ဒီတစ်နှစ်တော့ လမ်းပေါ်ကနေ new year ကြိုဆိုလို့လားမသိ.. ခုထိ တစ်ရက်မှကို အိပ်ရေးဝဝ မအိပ်ရသေးဘူး။ :D Anyway, နောက်ကျနေပေမယ့် Happy New Year ပါ။ :-)


Weekend Getaway: short trip to Kuantan

တစ်နေ့တစ်နေ့ ရုံးတက်၊ ရုံးဆင်းလုပ်နေရတဲ့ဘဝမှာ တနင်္လာနေ့လောက်ကတည်းက ဒီအပါတ် ပိတ်ရက်မှာ ဘာလုပ်မလဲဆိုတာ ကြိုတင်စဉ်းစားမိနေတာ အလုပ်တစ်ခုလို ဖြစ်နေပြီ။ ကွမ်တန် မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းက သူ့ဆီလာလည်ဖို့ ပြောတာ သူကျောင်းစတက်ကတည်းက။ ခုသူတောင် ကျောင်းပြီးတော့မယ်။ တွေ့တိုင်း ဘယ်တော့ လာလည်မလည်းမေနေတာ။ ဒီလိုနဲ့ သွားမှဘဲ ရောက်တော့မယ်ဆိုပြီး စိတ်ကူးပေါက်တဲ့ တစ်ခုသော သောကြာနေ့ညမှာ လက်မှတ်ကောက်ဝယ်ပြီး စနေနေ့ မနက်ကားနဲ့ ကွမ်တန်ကို ထွက်ခဲ့တယ်။ ဘတ်စ်ကားခက အသွားအပြန်ကို ရင်းဂစ် ၄၄ ဘဲကျတယ်။ (အခု ဘတ်စ်ကားလက်မှတ်တွေပါ online က ဝယ်လို့ရတော့ တော်တော်အဆင်ပြေတယ်။ အချိန်ကုန် သက်သာတယ်။) 
Kuantan = capital of Pahang State 
Teluk Chempadak beach, Kuantan
ခရီးဝေး မသွားဖြစ်တာ တော်တော်ကြာသွားပြီ။ သူငယ်ချင်းတွေက ခေါ်ပေမယ့် ဒီပိတ်ရက်တော့ အလုပ် နည်းနည်း လုပ်လိုက်မယ်။ စာနည်းနည်း ဖတ်ရမယ်.. စသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ မလိုက်ဖြစ်တာ။ လွန်ခဲ့တဲ့ တစ်နှစ်လုံး ကျောင်းပြန်တက်ဖို့ လုံးပန်းနေတာနဲ့ တစ်ခြားအရာတွေ ဘာမှ မလုပ်ဖြစ်ဘူး ဖြစ်သွားတယ်။ ဒါပေမယ့် ပိတ်ရက်ဆို အိမ်မှာထိုင်နေလည်း ဘာမှ သိပ်မလုပ်ဖြစ်ဘူး။ တစ်နေကုန် ရုပ်ရှင်ကြည့်နေတာနဲ့ဘဲ အချိန်ကုန်ကုန်သွားတယ်။
မနက် ၈နာရီကားဆိုတော့ မလွတ်သွားအောင် နည်းနည်းစောစော ကြိုးစားပြီး ထလိုက်ရတယ်။ မလေးရှားမှာက အဝေးပြေးကားတွေ သိပ်အချိန်မှန်တယ်။ ရှစ်နာရီအတိဆိုတာနဲ့ ကားဟာ ဂိတ်မှာ မရှိတော့ဘူးမှတ်ဘဲ။ ၅မိနစ်လောက်နောက်ကျလို့ နောက်ကားတစ်စီးကို ကားခတစ်ဝက်ထပ်ပေးပြီး စီးရကတည်းက မှတ်သွားတာ။ Puduraya ကားဂိတ် အသစ်ပြင်ထားတော့ ပျံလန်နေတာ လေဆိပ်အတိုင်းဘဲ။ ဘတ်စ်က သုံးနာရီခွဲလောက်ဘဲ စီးလိုက်ရတယ်။ ၁၁နာရီခွဲဆိုတာနဲ့ ကွမ်တန်မြို့ထဲကို ရောက်သွားတယ်။ KL မှာသာနေရင် အဲအချိန်လောက်မှ ထရင်ထတာ။ အဲတစ်နေ့တော့ စောစာထတဲ့ငှက် ကွမ်တန်ရောက်သွားတယ်ပေါ့လေ။

သူငယ်ချင်း အဆောင်ရောက်တော့ သူက ထမင်းဟင်း ချက်ကျွေးပါတယ်။ ကျောင်းအဆောင်မှာက ဟင်းချက်ခွင့်မရှိပါဘူး။ ဒါပေမယ့် ရွှေဉာဏ်တော်စူးရောက်တဲ့ ကျောင်းသူများကတော့ rice cooker တစ်လုံးနဲ့ ဖြစ်အောင် ခိုးပြီး ချက်စားကြပါတယ်။ ထမင်းအိုးက ချက်ပြီးတာနဲ့ ဖွက်လို့လွယ်တယ်လေ။ ဘာဘဲဖြစ်ဖြစ် အဆောင်မှာစုပြီး ချက်စားဖြစ်တာက အိမ်မှာ တစ်ယောက်တည်းချက်ပြီး တစ်ယောက်တည်းစားရတာထက် ပိုစားကောင်းတာ အမှန်ပါဘဲ။ စားပြီးတော့ Transformers 3 သွားကြည့်ဖို့ လက်မှတ်book လုပ်တော့ ကွမ်တန်မှာ ရှိသမျှ ရုပ်ရှင်ရုံတွေမှာ ည၁၂နာရီအထိ ဘွတ်ကင်ပြည့်သွားပြီတဲ့။ တစ်မြို့လုံးကလူတွေ ရုပ်ရှင်ကြည့်ထွက်ကြသလား မှတ်ရတယ်။ (စကားမစပ် အဲရုပ်ရှင်က ပထမ နှစ်ပိုင်းထက် ကောင်းပေမယ့် မိနစ်၄၀လောက် ဖြတ်ပစ်မယ်ဆိုရင် ပိုကြည့်ကောင်းမှာဘဲ။ ခါးညောင်းအောင် ကြည့်လိုက်ရတယ်။ ပြီးတော့ မင်းသမီးက သိပ် annoying ဖြစ်လွန်းတယ်။ :D)

Teluk Chempadak beach, Kuantan
ရုပ်ရှင်မကြည့်ရတော့လည်း ကွမ်တန်နဲ့ နီးနီးနားနား ၁၅မိနစ်လောက် မောင်းရတဲ့ Teluk Chempedak beach ဘက်ကို သွားဖြစ်လိုက်တယ်။ ပင်လယ်ကမ်းခြေဟာ စိတ်ဖိစီးမှုကို တကယ်ပြေပျောက်စေတယ်။ ကမ်းခြေမှာ ဟိုလျှောက်ဒီလျှောက် ဓါတ်ပုံရိုက်ကြတယ်။ ခဏနေတော့ သူငယ်ချင်းက လေတံခွန် လွှတ်ကြရအောင်တဲ့။ အစက ဖြစ်မှ ဖြစ်ပါ့မလားပေါ့။ ငယ်ငယ်ကဆို ဘယ်တော့မှ တက်အောင် မလွှတ်ဖူးဘူးကိုး။ သူများလွှတ်ပြီးသား တက်နေရင်တောင် ရစ်လုံးကို ကိုယ်ကိုင်လိုက်တာနဲ့ လေတံခွန်ပါ အောက်လိုက်ဆင်းလာလောက်အောင် ကျွမ်းကျင်တာဆိုတော့လေ။ ဒါပေမယ့် စမ်းကြည့်မယ်ဆိုပြီး ငါးကျပ်နဲ့ လေတံခွန်သွားဝယ်ကြတယ်။ ကမ်းခြေမှာကြတော့ လေတဖြူးဖြူး တိုက်နေလို့ထင်တယ်။ ကြိုးကို နည်းနည်းလေး ဆွဲပေးလိုက်တာနဲ့ တက်သွားရော။ မလေးရှားနိုင်ငံက  ကမ္ဘာ့တောင်ဘက်ပိုင်းနည်းနည်းကျတော့ ကမ်းခြေအများစုမှာ နေထွက်ချိန်တို့ ဆည်းဆာတို့တော့ ကောင်းကောင်းခံစားလို့မရဘူး။ ညနေ၇နာရီလောက်ထိ ကမ်းစပ်မှာထိုင် စကားတွေပြောရင်း ဗိုက်ဆာလာမှ ပြန်ဖြစ်ခဲ့တယ်။

Sungai Pandan Waterfall, Kuantan
တနင်္ဂနွေနေ့မနက်ကြတော့ သူငယ်ချင်းတို့ကျောင်းက Postgraduate Society ကနေ သွားမယ် trip ရှိတယ် လိုက်ခဲ့ပါလားဆိုတာနဲ့ သူတို့နဲ့ Sungai Pandan Waterfall ကို လိုက်သွားဖြစ်တယ်။ မလေးရှားမှာက ရေတံခွန် တော်တော်များတယ်။ ပြီးတော့ ပြည်သူတွေ အပန်းဖြေလို့ရအောင် သေချာ ထိန်သိမ်းထားတဲ့အတွက် သွားရလာရလွယ်ကူတော့ အဆင်ပြေတယ်။ တောင်တက်ဖို့ လှေကားထစ်လေးတွေ၊ နားနေဆောင်၊ အဝတ်လဲခန်း၊ ရေချိုးခန်း၊ ဘုရားဝတ်ပြုဆောင်စသဖြင့် အသေအချာကိုလုပ်ထားတဲ့ နေရာတစ်ခုပါ။ ကမ်းခြေမှာတစ်ရက်၊ ရေတံခွန်မှာ တစ်ရက်ဆိုတော့ မဖျားသွားတာဘဲ ကံကောင်းတယ်။ ဒါပေမယ့် ရေတံခွန်က ရေစီးကြတဲ့အရှိန်နဲ့ နောက်နေ့တွေမှာတော့ လူကို ရိုက်ထားသလို ကိုက်ခဲသွားတာ သုံးရက်လောက် အနားယူလိုက်ရတယ်။ ရေတံခွန်ကပြန်တော့ ခဏနားပြီး ညနေ ခြောက်နာရီကားနဲ့ KL ကို မပြန်ချင် ပြန်ချင် ပြန်လာခဲ့ရပါတော့တယ်။ ၂ရက်၁ညခရီးသွားရတာ နည်းနည်းတော့ ပင်ပန်းပေမယ့် တကယ်ကို အဓိပ္ပါယ်ရှိတဲ့ weekend တစ်ခု ဖြစ်ခဲ့ပါတယ်။