Old but gold?

ဟောင်းပေမယ့် ကောင်းနေဆဲလား?
လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကနဲ့ယှဉ်ရင် တောင်ကြီးမြို့ကြီးမှာ တိုးတက်လာတာ အိမ်တွေ၊ လူတွေ၊ ဆိုင်ကယ်တွေ များလာတာကိုဘဲ ပြောလို့ရမယ်ထင်တယ်။ မပြောင်းလဲဘဲ ဟောင်းနေဆဲအရာတွေကို လိုက်ရှာလွမ်းကြည့်တာပေါ့။

မြို့ပါတ်ကား သို့ တောင်ကြီး-အေးသာယာ ဆွဲနေတဲ့ မောချယ်ရီဘတ်စ်ကားတွေ ခုထိ ရှိသေးတယ်။

ဈေးပွဲတော်တစ်ခုရောက်သွားတော့ ဒီချားရဟတ်ကိုတွေ့လို့ ဓါတ်ပုံရိုက်ခဲ့တယ်။ အခု တစ်ခါစီးဘယ်လောက်လဲ မေးဖို့တော့ သတိမရမိဘူး။ ငယ်ငယ်ကဆို ပွဲခင်းထဲရောက်ရင် ဒါမစီးရ မပြန်ဘူးလုပ်ခဲ့တာ။ သူများနိုင်ငံက ကလေးတွေ merry-go-round ကို အလွယ်တကူ စီးနိုင်ပေမယ့် တောင်ကြီးက ကလေးတွေတော့ ပွဲဈေးမျှော်ပြီး ချားရဟတ်ကို ပျော်ပျော်ကြီး စီးကြတုန်းပေါ့။

ငယ်ငယ်တုန်းက ဆိုင်မှာအကြွေအမ်းတဲ့အခါ နည်းနည်းလေးစုတ်နေရင်တောင် လူတွေမယူတာမို့ ပိတ်ရက်ဆို အဖေ့ကိုကူပြီး ပိုက်ဆံဖာထေးရတာ အရမ်းပျော်ခဲ့တယ်။ ခုတော့ အကြွေရှားပါးနေတော့ ဘယ်လောက်စုတ်စုတ် အကြွေပေးနိုင်ရင်တောင် ကျေးဇူးတင်ပြီး ယူကြတယ်။ ဒါပေမယ့် ပိုက်ဆံအစုတ်မြင်ရင် တိပ်နဲ့ကပ်ချင်တဲ့ ဝါသနာကလည်း ရှိနေတော့ အားတဲ့တစ်နေ့ ထိုင်ပြီး အမေဈေးဝယ်ဖို့ စုထားတဲ့ အကြွေတွေကို ထိုင်ကပ်ပေးလိုက်တယ်။ ဟိုကာတွန်းတစ်ခုထဲကလို မြန်မာငွေ ပိုပြီး ခိုင်မာလာအောင် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုတယ်လို့ ပြောရင် ရမယ်ထင်တယ် :D

ဆိုင်ကယ်တွေ များလာတာနဲ့အမျှ ဆိုင်ကယ်ဓါတ်ဆီကို ဒီလိုတိုးပြီး ထုတ်ရတယ်။ ဒါက အထွက်ဖက်မှာ ရိုက်ထားလို့။ အဝင်ဖက်မှာဆို ပိုဆိုးသေးတယ်။ တန်းစီနေတာ အရှည်ကြီးဘဲ။ တစ်ပါတ် သုံးရက်ထုတ်ပေးတာတောင် ခက်ခက်ခဲခဲ ထုတ်နေရတုန်း။ ဆိုင်ကယ်တွေက တန်းစီ၊ လူတစ်ယောက်က ကြိုးတာထားပြီး ငါးစီးတစ်ဖြတ်လောက် လွှတ်ပေးတယ်။ မသိရင် မြင်းပြိုင်ပွဲလိုဘဲ။ :D ပြီးရင် လွှတ်လာတဲ့ ဆိုင်ကယ်တွေရဲ့ ဓါတ်ဆီစာအုပ်ကို လူတစ်ယောက်က update လုပ်ပြီး ဆိုင်ကယ်နံပါတ်ကိုအော်တယ်။ နောက်တစ်ယောက်က သူအော်တာကို မှတ်ထားတယ်။ နောက်တစ်ယောက်က ဓါတ်ဆီpump နဲ့ လိုက်ဖြည့်တယ်။ ရှုပ်နေရောဘဲ။ ဓါတ်ဆီထုတ်ပေးတဲ့စနစ်က အရင်တိုင်းပေမယ့် ဆိုင်ကယ်တွေများလာတော့ တန်းစီရတာ အရင်ကထက် ပိုဆိုးသွားတယ်။

ဒီတစ်ခေါက် တောင်ကြီးပြန်တော့ အများဆုံးရိုက်ဖြစ်တာတော့ အစားအသောက် ပုံတွေဘဲ။ ပြီးမှ အခန်းဆက် တင်ဦးမယ် :D


Testing Myanmar Unicode Support on Mac OS X

အရင်အပါတ်က ရုံးမှာ Mac Book Pro ၂လုံး grant ရတော့ ဘယ်သူသုံးချင်သလဲမေးတာ.. ရုံးက programmer အများစုက ဝင်းဒိုး မစွန့်လွှတ်နိုင်သူတွေများနေတယ်။ ကိုယ်က သိပ်စမ်းသပ်ချင်တဲ့သူဆိုတော့ သုံးမယ်ပြောလိုက်တော့ လက်ထဲကို Mac Book လေး ရောက်လာရောဆိုပါတော့။ Mac OS မှာ 10.7.2 Lion ကနေစပြီး မြန်မာယူနီကုဒ်ကို support လုပ်တယ်ဆိုတာ ဖတ်မိထားတော့ ရတာနဲ့ အင်တာနက်ချိတ်ပြီး ဘယ်လိုနေလဲစမ်းသပ်ကြည့်တယ်။




Font embed မလုပ်ထားတဲ့ ကိုယ့်ဘလော့ဂ်ရယ် မစူးနွယ် ဘလော့ဂ်ရယ်ဖွင့်တယ်။ တစ်ချို့ အောက်ကမြစ်လေးတွေ နေရာနည်းနည်းလွဲနေတာကလွဲရင် ကျန်တာအကုန်အဆင်ပြေတယ်။ ဖောင့်သွင်းစရာမလိုဘဲ ဖတ်လို့ရတာ ဘယ်လောက်ကောင်းသလဲ။ ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ဂ်တွေကိုတော့ ပေစာ၊ကျောက်စာ၊ပုရပိုက်စာ ဆန်ဆန်လေး မြင်ရတယ်။ အန်ကယ်ဒီကိုလာ ရဲ့ဘလော့ကတော့ font-embed လုပ်ထားတယ်ထင်တာဘဲ၊ ကောင်းကောင်းဖတ်လို့ရတယ်။ အဲဒါနဲ့ screenshot ရိုက်ပြီး လနဲ့ချီမရေးတဲ့ ဘလော့ဂ်မှာ တင်ချင်စိတ်ပေါက်လာတာနဲ့ တင်လိုက်ပါတယ်။  အဲဒီလိုနဲ့ အချက်၂ချက်ကိုတော့ အတိအကျ ပြောနိုင်သွားတယ်။ :-D

၁။ OS တွေမှာ Myanmar Unicode support လုပ်လာရင် ဖောင့်သွင်းစရာမလိုဘဲနဲ့ မြန်မာယူနီကုဒ်နဲ့ရေးထားတဲ့စာတွေ ကောင်းကောင်းဖတ်လို့ရမယ်။
၂။ ဇော်ဂျီနဲ့ ရေးထားတဲ့ ဝက်ဆိုဒ်တွေ ပျက်စီးသွားမယ်ဆိုတာ လုံးဝမဟုတ်ဘူး။ သူ့အတိုင်း သူနေနေမှာဘဲ။ မသကာ ဖောင့်သွင်းပြီး ဖတ်ရုံပေါ့။

ထူးတေဇာ  သူ့ ပို့စ်တစ်ခုမှာ ရေးဖူးတာကတော့
နောက်တစ်ခုထူးခြားတာက ဖောင့်ထည့်ပေးရုံတင် မဟုတ်ပဲ အခြား လုပ်ဆောင်ချက် တွေပါထည့် ပေးထားပါတယ်။ iCal ဆိုတဲ့ calendar မှာ အကုန် မြန်မာလို ပြပေးတယ် icon မှာကအစ မြန်မာလိုပါ။ နောက် နာရီကိုလဲ မြန်မာလို ပြတယ်။ သူက နေ့လည်နဲ့ ညနေဆိုပြီး AM, PM ကိုတောင် ပြပေးသေးတယ်။ ရက်စွဲတွေလဲ ဗုဒ္ဓဟူး စသဖြင့်ပြတယ် လတွေရောပဲ။ တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်။ သေချာတာကတော့ Lion OS က သက်သေပြပေးတာပါပဲ Unicode fonts တွေဟာ ကွန်ပျူတာပေါ်မှာ စာလုံးပေါ်ပြီး လူက မျက်စိနဲ့ ဖတ်ရုံသက်သက် မဟုတ်ပဲ compute လုပ်လို့ ရတယ်ဆိုတာ ပြပေးတာပါ။
အဲဒါတွေတော့ မစမ်းကြည့်ရသေးဘူး။ တစ်ချို့ screenshots တွေကို Saturngod ရေးတဲ့ Lion that made me cry မှာကြည့်ပါ။ ကျမတော့ ခုမှ Mac စသုံးတာဆိုတော့ ကွန်ပျူတာ စသင်စ ကလေးလေးလို ဖြစ်နေတယ်။ My Computer ဘယ်နားရှိလည်းကအစ google search နဲ့ ပြန်ရှာနေရတယ်။ အကျွမ်းတဝင်ဖြစ်သွားရင်တော့ windows ထက် အပုံကြီးသာတယ် ပြောကြတာဘဲ။ ခုလောလောဆယ်တော့ တိုင်ပါတ်နေတယ်။ အချိန်တိုအတွင်း adapt လုပ်နိုင်မယ်လို့တော့ မျှော်လင့်တာဘဲ။ 
-----------
ခုနက နည်းနည်းဆက်ကလိထားတာ။ မြန်မာကီးဘုတ်ပါ တစ်ခါတည်း ပါတယ်။ မြန်မာနိုင်ငံအလံသစ်လေးနဲ့ MYANMAR- QWERTY ဆိုပြီး ပြထားပါတယ်။ သူ့ကီးဘုတ်တော့ မရိုက်တတ်ဘူး။ စာလုံးစီထားပုံက နဂို မြင်နေကြမဟုတ်တော့။ (Lion's built-in myanmar unicode keyboard map) ရက်စွဲ၊ အချိန်၊ ငွေကြေး၊ စသဖြင့် အကုန် မြန်မာလို set လုပ်လို့ရတာ တွေ့ရတယ်။ Buddhist Calendar ဆိုပြီးတော့တောင်ပါသေးတယ်။

built-in Myanar keyboard (with weird key arrangements :D )
စာြကွင်း - Zawgyi ဖတ်မရဘူးထင်ပြီး ခဏနေ မက်ဘွခ် ဝယ်ဖို့လန့်နေဦးမယ်.. Zawgyi ဖောင့်သွင်းလိုက်တာနဲ့ ဘာsetting မှတောင်​ ​ပြောင်းစရာမလိုလိုက်ဘူး..အော်တိုမက်တစ် အကုန်ဖတ်လို့ရသွားတယ်.. ကောင်းလေစွ.. :)


An exciting activity at ATV Adventure Park, KL


ဒီတစ်ပါတ်ပိတ်ရက်မှာလည်း waterfall သွားခဲ့တယ်။ ဒါပေမယ့် ရေတံခွန်က တကယ့်တောထဲတောင်ထဲမှာရှိပြီး ATV လို့ခေါ်တဲ့ All-Terrain Vehicles တွေနဲ့ သွားတာပါ။ တစ်နေရာရာ သွားမယ်ဆို ၂ခါခေါ်စရာ မလိုတဲ့သူဆိုတော့ သူငယ်ချင်းတွေက လိုက်မလားလို့ မေးတဲ့အခါ ATV ဆိုတာ ဘာမှန်းမသိလဲ YES အရင် ပြောပြီးသားဘဲ။deposit ပေးပြီးမှ website တွေ ဘလော့ဂ်တွေ လိုက်ဖတ်ဖြစ်ခဲ့တာ။
ATV Adventure Park က ကွာလာလမ်ပူက တိရိစ္ဆာန်ရုံ (Zoo Negara) နဲ့ 4.8 kilometer လောက်ဘဲ ဝေးပါတယ်။ weekend ဆို လူအရမ်းများတဲ့အတွက် အရင် booking လုပ်ရတယ်။ သူတို့ကိုမေးကြည့်တော့ တစ်ဖွဲ့ကို အများဆုံး ၃၈ ယောက်ထိ booking လုပ်လို့ရပြီးတော့ ၁၅ယောက်အထက်ဆိုရင် discount ပေးတယ်လို့ ပြောပါတယ်။ booking လုပ်တဲ့အချိန်မှာ deposit တစ်ဝက် တစ်ခါတည်း ပေးထားရပါတယ်။ ဖုန်းနဲ့ဘဲ book လုပ်ပြီး Maybank, CIMB တို့နဲ့ လွှဲရုံဘဲ။ Package ငါးခုရှိပြီး ဈေးနှုန်းက ရင်းဂစ် ၅၀ ကနေ ရင်းဂစ်၃၀၀ အထိရှိပါတယ်။ လူအများဆုံး ရွေးကြတာက ရင်းဂစ် ၁၀၀ ပေးရတဲ့ package B လို့ပြောပါတယ်။ Package C က သဉ္ဇာတစ်ခေါက်ရေးဖူးတဲ့ Bukit Tabur တောင်အထိ တက်တာပါ။ အဲဒီတောင်က လမ်းလျှောက်တက်ရတာတောင် အတော်ပင်ပန်းတယ်။ ATV နဲ့သာ တက်ရရင်တော့ လမ်းတွေမတ်လွန်းလို့ လန့်ပြီး သေနိုင်တယ်။
 ATV Park ကို တစ်ယောက်မှ မရောက်ဖူးကြပေမယ့် သူ့ websiteမှာ ပြထားတဲ့ မြေပုံ ကို print ထုတ် တက္ကစီတစ်စီးငှားပြီးသွားလိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်။ Zoo Negara ဘေးကလမ်းကနေ ကွေ့ဝင်လိုက်တာနဲ့ Kampunt Kemensah ဆိုတဲ့ ရွာထဲကို ရောက်သွားတယ်။ KL နဲ့ဆို ၁၀မိနစ်လောက်ဘဲဝေးပေမယ့် တကယ့်ကို ရွာကလေးပါ။ ဆိတ်တွေတောင် လမ်းမှာ လျှောက်သွားနေတာ။ အစက လမ်းများမှားပြီလားလို့ထင်တာ။ ဒါပေမယ့် နည်းနည်းလေးသွားပြီးတာနဲ့ “To ATV Park” ဆိုတဲ့ sign ကို မရောက်မချင်း ပြထားတဲ့အတွက် လမ်းမှားစရာ အကြောင်းမရှိပါဘူး။ ရဲရဲသာမောင်းခိုင်းပါ။ တောင်တက်လမ်းကတော့ တော်တော်ကျဉ်းတယ်။ တက္ကစီသမားတောင် တော်တော်လန့်နေရှာပုံဘဲ။ ငါ့ကိုဘယ်ခေါ်လာကြလဲဆိုပြီး။ ကိုယ်လည်း လန့်တော့ လန့်တာပါဘဲ။ လမ်းက ချောင်ကျလွန်းတာကိုး။ ဟန်ကိုယ့်ဖို့ ကလည်း ရှိသေးတော့ သူ့ကို မောင်းသာမောင်းဆိုပြီး ပြောရတာ။ အိမ်ကနေအဲအထိမှ တက္ကစီခ ရင်းဂစ်၁၃ကျပ်ဘဲကျတယ်။ ဝမ်းသာအားရနဲ့ တက္ကစီသမားကို ပိုပေးမယ်နော်ဆိုပြီး ၂၀ ပေးတာ သူက အားနာပြီး မယူဘူး။ နောက်ဆုံး ၁၅ကျပ် အတင်းပေးခဲ့တာတောင် ပြန်အမ်းမယ်လုပ်နေတာ။ KLCC ဘက်ကနေ လာမယ်ဆိုရင်လည်း traffic jam မရှိရင် ၁၅ကျပ်ဝန်းကျင်လောက်ဘဲ ကျပါလိမ့်မယ်။


Package B က သူ့ basecamp ကနေ waterfall ကိုသွားတာပါ။ အသွားမှာ မိနစ်၄၀၊ အပြန် မိနစ်၃၀ ကြာပြီးတော့ waterfall မှာ ရေကစားချိန် နာရီဝက်လောက်ပေးတယ်။ အဲလောက်ဆို အေးဆေးဘဲလို့ ထင်ထားတာ။ နည်းနည်းစောစော သွားချင်ပေမယ့် book လုပ်တာ နောက်ကျလို့လားမသိဘူး ညနေသုံးနာရီ session ဘဲ ရလိုက်တယ်။ နေရာရှာမတွေ့မှာစိုးလို့ စောစောထွက်ခဲ့တာ ၂နာရီကျော်ကျော်လောက် အဲကိုရောက်သွားတယ်။ အဲအထိကို လုံးဝ မကြောက်သေးဘူး။ မိုးမရွာပါစေနဲ့လို့ ဆုတောင်းပေမယ့် ကိုယ်ရောက်သွားတဲ့အချိန်ကို ကွက်တိဘဲ မိုးရွာတယ်။ မိုးအရမ်းမကြီးလို့ တော်သေးတယ်ဘဲပြောရမယ်။ ကံဆိုးတယ်ဘဲပြောရမလား ကံကောင်းတယ်ဘဲပြောရမလား။ မိုးရွာတော့ လမ်းတွေဗွက်ထပြီး adventure ပိုဆန်သွားတယ်။ သုံးနာရီလောက်ရောက်တော့ training ပေးတယ်။ ပြီးတော့ training ကွင်းမှာ ၂ပါတ်မောင်းခိုင်းတယ်။ အဲမှာတင် သေတာဘဲ။ လီဗာက လက်မနဲ့ ဖိရတာဆိုတော့ အတင်းသွားသွားဖိမိပြီး ဝူးကနဲ ထွက်ထွက်သွားတာ trainer တွေ အတင်းလိုက်ဆွဲရတယ်။ သူများ၂ပါတ်မောင်းလို့ အိုကေပေမယ့် ကိုယ့်ပုံက သိပ်မအိုကေလို့ လေးပါတ်လောက် မောင်းခိုင်းတယ်။ :D training ကွင်းတောင် ကုန်းတက်ကုန်းဆင်း တော်တော်ကြမ်းတယ်။ အဲလမ်းကို ကြမ်းလှပြီထင်တာ စထွက်မှ ပိုဆိုးမှန်းသိတော့တယ်။
 အပေါ်ကပုံက တောလမ်းကို စဝင်ဝင်ချင်းပေါ့။ လမ်းက တော်တော့်ကို မတ်တယ်။ အဲလိုမျိုးအတက်ချည်း သုံးခုလောက်ရှိတယ်။ သဉ္ဇာတို့ ခြောက်ယောက် အဖွဲ့ကို trainer ၂ယောက် ထားပေးတယ်။ မဟန်တဲ့လူတွေများနေလို့ :D အရှေ့တစ်ယောက် အနောက်တစ်ယောက် လိုက်စောင့်ရှောက်ပေးလို့ တော်တော့တယ်။ ပုံထဲမှာ အရှေ့တစ်ယောက် တက်မရလို့ trainer လိုက်တွန်းပေးနေတာ။ တော်တော်ဖော်ရွေကြတယ်။ ဘေးကနေလိုက်ပြောပေးတယ်။ လီဗာကို ဖြည်းဖြည်းနှိပ်။ စိတ်လျှော့.. ဖြည်းဖြည်းချင်းတက် အဲလိုပေါ့။ သူတို့အဲလိုပြောပေးတော့ အနည်းဆုံးတော့ နည်းနည်းအကြောက်ပြေသွားတယ်။ 
 အစပိုင်းတော့ ကင်မရာ ထုတ်ထုတ်ပြီး ဓါတ်ပုံရိုက်နိုင်ပေမယ့် နည်းနည်းသွားပြီးတာနဲ့ လမ်းက ပိုပိုကြမ်းလာတော့ ကင်မရာကို လုံးဝ သိမ်းထားလိုက်ရတယ်။ အဲဒါကြောင့် အင်တာနက်မှာ ဘလော့ဂ်တွေ လိုက်ကြည့်ရင် လမ်းကြမ်းတဲ့ပုံတွေ မတွေ့တာလေ။ ကိုယ့်ဟာနဲ့ကိုယ် မနည်း survive လုပ်နေရလို့ ဘယ်သူမှ မရိုက်အားကြဘူးနေမှာ။ လမ်းနည်းနည်း ပြေတဲ့နေရာရောက်ပြီဆိုရင် ဝါးပင်တွေ လဲပြီး လမ်းပိတ်နေတဲ့နေရာတွေ အများကြီးဘဲ။ မနည်းခေါင်းငုံ့ပြီး ရှောင်သွားရတယ်။ အရပ်မြင့်တဲ့သူတွေဆို ပိုဆိုးမှာ။ ကုန်းတက်လိုက်.. ကုန်းဆင်းလိုက်.. အော်လိုက်.. ဝါးပင်တွေ ငုံ့ရှောင်လိုက်နဲ့ တကယ့်မဟာ စွန့်စားခန်းကြီးပါဘဲ။ တစ်ချို့နေရာများဆို ငါတို့ လမ်းလျှောက်ဘဲ တက်တော့ရင် ကောင်းမယ်ထင်တယ်လို့တောင် ပြောဖြစ်ကြသေးတယ်။ တော်သေးတယ်.. လွယ်မှာပါဆိုပြီး တစ်ခြား package တွေ သွားမယူမိလို့။ လမ်းကတော့ ဝေးလည်းဝေးတယ်.. ကြမ်းလည်း တော်တော်ကြမ်းတယ်။ သူတို့ပြောတဲ့အတိုင်း မိနစ်၄၀လောက် မောင်းပြီးတော့ ရေတံခွန်ကို ရောက်တယ်။ 

 ဝါးပင်ရှည်ကြီးတွေ အုပ်နေတဲ့ စိမ်းလန်းတဲ့ တောလေးထဲက အေးချမ်းတဲ့ ရေထံခွန်ကိုတွေ့လိုက်တော့ အခုနက ပင်ပန်းခဲ့တာတွေ လန့်တာတွေတောင် ပျောက်သွားခဲ့ပါတယ်။ ရေတံခွန်က ၇ထပ်ရှိတယ်လို့ ပြောပေမယ့် ၂ထပ်အထိဘဲ တက်ခဲ့တယ်။ ဒီတစ်ခေါက်တော့ ရေကစားဖို့ထက် ဘလော့ဂ်ဂါပီပီ ရေတံခွန်ကို ဓါတ်ပုံရိုက်ဖို့ ပိုစိတ်အားထက်သန်နေခဲ့တယ်။ ရေခဏကစား အမောဖြေ ရေလေးဘာလေးသောက်ပြီး ပြန်ဖို့အချိန်ကို ရောက်ခဲ့ပါတယ်။ အပြန်ကြတော့ အသွားကလောက် မကြောက်တော့ဘူး။ အလာတုန်းက တက်ခဲ့တဲ့ အရမ်းမတ်တဲ့လမ်းတွေဟာ ခုတော့ အဆင်းလမ်းတွေ ဖြစ်ကုန်တာပေါ့။ ရှေ့ဘရိတ် နောက်ဘရိတ် ၂ခုလုံးကို အားကုန်ဆွဲပြီး ဆင်းရတာ လက်တော့ အရမ်းနာတယ်။ သူတို့ပြောတဲ့အတိုင်း ဘရိတ်သာ နိုင်နိုင်ဆွဲရင် ဘာမှ မဖြစ်ပါဘူး။ ညနေ ငါးနာရီခွဲလောက်တော့ basecamp ကို ပြန်ရောက်လာခဲ့ပါတယ်။ 

ရေချိုး အဝတ်အစားလဲဖို့ အခန်းတွေပါ သေချာ ဆောက်ထားပေးတယ်။ ပြီးတော့ ဖရဲသီး ကျွေးသေးတယ်။ ကြောက်စရာ လန့်စရာကောင်းပေမယ့် ပြန်စဉ်းစားကြည့်ရင်တော့ တကယ်ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ပေးရတဲ့ ရင်းဂစ်၁၀၀ နဲ့ တန်တဲ့ ပျော်ရွှင်မှုတွေ ရခဲ့တာတော့ အမှန်ပါဘဲ။ ဘရိတ်ဆွဲထားရတဲ့အရှိန်ကြောင့် ဒီနေ့တော့ လက်တွေ အသေနာနေလို့ ဆေးလိမ်းထားရတယ်။ နောက်တစ်ခေါက်သွားဦးမလားဆိုရင်တော့ လောလောဆယ်တော့ မသွားချင်သေးပါဘူး။ Adventure က တစ်ခါတစ်လေ လုပ်တာဘဲ ကောင်းပါတယ်။ နည်းနည်းကြာရင်တော့ ထပ်သွားဖြစ်ဦးမယ်။ KL မြို့နဲ့ နီးနီးနားနားမှာရှိတဲ့အတွက် တစ်ခေါက်လောက်တော့ ရောက်အောင် သွားဖို့ recommend လုပ်ရင်း ဘလော့ဂ်ပို့စ် အရှည်ကြီးကို အဆုံးသတ်လိုက်ပါတယ်။ :-)


Weekend Getaway: short trip to Kuantan

တစ်နေ့တစ်နေ့ ရုံးတက်၊ ရုံးဆင်းလုပ်နေရတဲ့ဘဝမှာ တနင်္လာနေ့လောက်ကတည်းက ဒီအပါတ် ပိတ်ရက်မှာ ဘာလုပ်မလဲဆိုတာ ကြိုတင်စဉ်းစားမိနေတာ အလုပ်တစ်ခုလို ဖြစ်နေပြီ။ ကွမ်တန် မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းက သူ့ဆီလာလည်ဖို့ ပြောတာ သူကျောင်းစတက်ကတည်းက။ ခုသူတောင် ကျောင်းပြီးတော့မယ်။ တွေ့တိုင်း ဘယ်တော့ လာလည်မလည်းမေနေတာ။ ဒီလိုနဲ့ သွားမှဘဲ ရောက်တော့မယ်ဆိုပြီး စိတ်ကူးပေါက်တဲ့ တစ်ခုသော သောကြာနေ့ညမှာ လက်မှတ်ကောက်ဝယ်ပြီး စနေနေ့ မနက်ကားနဲ့ ကွမ်တန်ကို ထွက်ခဲ့တယ်။ ဘတ်စ်ကားခက အသွားအပြန်ကို ရင်းဂစ် ၄၄ ဘဲကျတယ်။ (အခု ဘတ်စ်ကားလက်မှတ်တွေပါ online က ဝယ်လို့ရတော့ တော်တော်အဆင်ပြေတယ်။ အချိန်ကုန် သက်သာတယ်။) 
Kuantan = capital of Pahang State 
Teluk Chempadak beach, Kuantan
ခရီးဝေး မသွားဖြစ်တာ တော်တော်ကြာသွားပြီ။ သူငယ်ချင်းတွေက ခေါ်ပေမယ့် ဒီပိတ်ရက်တော့ အလုပ် နည်းနည်း လုပ်လိုက်မယ်။ စာနည်းနည်း ဖတ်ရမယ်.. စသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ မလိုက်ဖြစ်တာ။ လွန်ခဲ့တဲ့ တစ်နှစ်လုံး ကျောင်းပြန်တက်ဖို့ လုံးပန်းနေတာနဲ့ တစ်ခြားအရာတွေ ဘာမှ မလုပ်ဖြစ်ဘူး ဖြစ်သွားတယ်။ ဒါပေမယ့် ပိတ်ရက်ဆို အိမ်မှာထိုင်နေလည်း ဘာမှ သိပ်မလုပ်ဖြစ်ဘူး။ တစ်နေကုန် ရုပ်ရှင်ကြည့်နေတာနဲ့ဘဲ အချိန်ကုန်ကုန်သွားတယ်။
မနက် ၈နာရီကားဆိုတော့ မလွတ်သွားအောင် နည်းနည်းစောစော ကြိုးစားပြီး ထလိုက်ရတယ်။ မလေးရှားမှာက အဝေးပြေးကားတွေ သိပ်အချိန်မှန်တယ်။ ရှစ်နာရီအတိဆိုတာနဲ့ ကားဟာ ဂိတ်မှာ မရှိတော့ဘူးမှတ်ဘဲ။ ၅မိနစ်လောက်နောက်ကျလို့ နောက်ကားတစ်စီးကို ကားခတစ်ဝက်ထပ်ပေးပြီး စီးရကတည်းက မှတ်သွားတာ။ Puduraya ကားဂိတ် အသစ်ပြင်ထားတော့ ပျံလန်နေတာ လေဆိပ်အတိုင်းဘဲ။ ဘတ်စ်က သုံးနာရီခွဲလောက်ဘဲ စီးလိုက်ရတယ်။ ၁၁နာရီခွဲဆိုတာနဲ့ ကွမ်တန်မြို့ထဲကို ရောက်သွားတယ်။ KL မှာသာနေရင် အဲအချိန်လောက်မှ ထရင်ထတာ။ အဲတစ်နေ့တော့ စောစာထတဲ့ငှက် ကွမ်တန်ရောက်သွားတယ်ပေါ့လေ။

သူငယ်ချင်း အဆောင်ရောက်တော့ သူက ထမင်းဟင်း ချက်ကျွေးပါတယ်။ ကျောင်းအဆောင်မှာက ဟင်းချက်ခွင့်မရှိပါဘူး။ ဒါပေမယ့် ရွှေဉာဏ်တော်စူးရောက်တဲ့ ကျောင်းသူများကတော့ rice cooker တစ်လုံးနဲ့ ဖြစ်အောင် ခိုးပြီး ချက်စားကြပါတယ်။ ထမင်းအိုးက ချက်ပြီးတာနဲ့ ဖွက်လို့လွယ်တယ်လေ။ ဘာဘဲဖြစ်ဖြစ် အဆောင်မှာစုပြီး ချက်စားဖြစ်တာက အိမ်မှာ တစ်ယောက်တည်းချက်ပြီး တစ်ယောက်တည်းစားရတာထက် ပိုစားကောင်းတာ အမှန်ပါဘဲ။ စားပြီးတော့ Transformers 3 သွားကြည့်ဖို့ လက်မှတ်book လုပ်တော့ ကွမ်တန်မှာ ရှိသမျှ ရုပ်ရှင်ရုံတွေမှာ ည၁၂နာရီအထိ ဘွတ်ကင်ပြည့်သွားပြီတဲ့။ တစ်မြို့လုံးကလူတွေ ရုပ်ရှင်ကြည့်ထွက်ကြသလား မှတ်ရတယ်။ (စကားမစပ် အဲရုပ်ရှင်က ပထမ နှစ်ပိုင်းထက် ကောင်းပေမယ့် မိနစ်၄၀လောက် ဖြတ်ပစ်မယ်ဆိုရင် ပိုကြည့်ကောင်းမှာဘဲ။ ခါးညောင်းအောင် ကြည့်လိုက်ရတယ်။ ပြီးတော့ မင်းသမီးက သိပ် annoying ဖြစ်လွန်းတယ်။ :D)

Teluk Chempadak beach, Kuantan
ရုပ်ရှင်မကြည့်ရတော့လည်း ကွမ်တန်နဲ့ နီးနီးနားနား ၁၅မိနစ်လောက် မောင်းရတဲ့ Teluk Chempedak beach ဘက်ကို သွားဖြစ်လိုက်တယ်။ ပင်လယ်ကမ်းခြေဟာ စိတ်ဖိစီးမှုကို တကယ်ပြေပျောက်စေတယ်။ ကမ်းခြေမှာ ဟိုလျှောက်ဒီလျှောက် ဓါတ်ပုံရိုက်ကြတယ်။ ခဏနေတော့ သူငယ်ချင်းက လေတံခွန် လွှတ်ကြရအောင်တဲ့။ အစက ဖြစ်မှ ဖြစ်ပါ့မလားပေါ့။ ငယ်ငယ်ကဆို ဘယ်တော့မှ တက်အောင် မလွှတ်ဖူးဘူးကိုး။ သူများလွှတ်ပြီးသား တက်နေရင်တောင် ရစ်လုံးကို ကိုယ်ကိုင်လိုက်တာနဲ့ လေတံခွန်ပါ အောက်လိုက်ဆင်းလာလောက်အောင် ကျွမ်းကျင်တာဆိုတော့လေ။ ဒါပေမယ့် စမ်းကြည့်မယ်ဆိုပြီး ငါးကျပ်နဲ့ လေတံခွန်သွားဝယ်ကြတယ်။ ကမ်းခြေမှာကြတော့ လေတဖြူးဖြူး တိုက်နေလို့ထင်တယ်။ ကြိုးကို နည်းနည်းလေး ဆွဲပေးလိုက်တာနဲ့ တက်သွားရော။ မလေးရှားနိုင်ငံက  ကမ္ဘာ့တောင်ဘက်ပိုင်းနည်းနည်းကျတော့ ကမ်းခြေအများစုမှာ နေထွက်ချိန်တို့ ဆည်းဆာတို့တော့ ကောင်းကောင်းခံစားလို့မရဘူး။ ညနေ၇နာရီလောက်ထိ ကမ်းစပ်မှာထိုင် စကားတွေပြောရင်း ဗိုက်ဆာလာမှ ပြန်ဖြစ်ခဲ့တယ်။

Sungai Pandan Waterfall, Kuantan
တနင်္ဂနွေနေ့မနက်ကြတော့ သူငယ်ချင်းတို့ကျောင်းက Postgraduate Society ကနေ သွားမယ် trip ရှိတယ် လိုက်ခဲ့ပါလားဆိုတာနဲ့ သူတို့နဲ့ Sungai Pandan Waterfall ကို လိုက်သွားဖြစ်တယ်။ မလေးရှားမှာက ရေတံခွန် တော်တော်များတယ်။ ပြီးတော့ ပြည်သူတွေ အပန်းဖြေလို့ရအောင် သေချာ ထိန်သိမ်းထားတဲ့အတွက် သွားရလာရလွယ်ကူတော့ အဆင်ပြေတယ်။ တောင်တက်ဖို့ လှေကားထစ်လေးတွေ၊ နားနေဆောင်၊ အဝတ်လဲခန်း၊ ရေချိုးခန်း၊ ဘုရားဝတ်ပြုဆောင်စသဖြင့် အသေအချာကိုလုပ်ထားတဲ့ နေရာတစ်ခုပါ။ ကမ်းခြေမှာတစ်ရက်၊ ရေတံခွန်မှာ တစ်ရက်ဆိုတော့ မဖျားသွားတာဘဲ ကံကောင်းတယ်။ ဒါပေမယ့် ရေတံခွန်က ရေစီးကြတဲ့အရှိန်နဲ့ နောက်နေ့တွေမှာတော့ လူကို ရိုက်ထားသလို ကိုက်ခဲသွားတာ သုံးရက်လောက် အနားယူလိုက်ရတယ်။ ရေတံခွန်ကပြန်တော့ ခဏနားပြီး ညနေ ခြောက်နာရီကားနဲ့ KL ကို မပြန်ချင် ပြန်ချင် ပြန်လာခဲ့ရပါတော့တယ်။ ၂ရက်၁ညခရီးသွားရတာ နည်းနည်းတော့ ပင်ပန်းပေမယ့် တကယ်ကို အဓိပ္ပါယ်ရှိတဲ့ weekend တစ်ခု ဖြစ်ခဲ့ပါတယ်။


Floria 2011: Putrajaya Flower and Garden Festival

ဒီနေ့ ကိစ္စတစ်ခုနဲ့ Cyberjaya ရောက်သွားတယ်။ ပြီးသွားတော့ ရုံးကိုလည်း မပြန်ချင်သေးတာနဲ့ ဘယ်သွားရင် ကောင်းမလဲဆိုတော့ Putrajaya မှာ လုပ်နေတဲ့ Flower and Garden Festival ဆိုတဲ့ ကြော်ငြာကို သွားတွေ့တယ်။ 9-17 July ဆိုတော့ ၉ရက်နေ့က တစ်ကယ် ဖွင့်ပွဲလုပ်လိုက်တာဘဲ။ အဲနေ့က KL မြို့ထဲမှာ လူသုံးသောင်းလောက် ဆန္ဒပြနေပေမယ့် ဝန်ကြီးချုပ်ကတော့ အေးဆေးဘဲ၊ ပူထရာဂျာရာမှာ Floria 2011 ဖွင့်ပွဲလုပ်နေတာကိုး။

Putrajaya ဆိုတာ မလေးရှားရဲ့ အစိုးရ ရုံးစိုက်ရာမြို့ပါ။ ခုနောက်ပိုင်း Kuala Lumpur ကနေ သွားမယ်ဆိုရင် public transport တော်တော်အဆင်ပြေလာတာ ဒီနေ့မှ သတိထားမိတယ်။ KL Central ကနေ ERL ရထား KLIA transit နဲ့ဆို နာရီဝက်ဘဲ၊ RM 9.50 ဆိုတော့ ဈေးလည်း မဆိုးပါဘူး။ ရထားက နာရီဝက်တစ်စီးလာတယ်။ ဘတ်စ်ကားနဲ့သွားလည်း ရောက်ပါတယ်။ ဒါပေမယ့် ဘတ်စ်နဲ့ဆို တစ်နာရီလောက်တော့ ကြာတယ်။ အဲရထားဖြစ်ဖြစ် ဘတ်စ်ဖြစ်ဖြစ် Putrajaya Central ကို ရောက်ပါမယ်။ အဲကနေ Putrajaya တစ်ခွင်ကို ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေ အများကြီးပါဘဲ။ information counter ကိုသာ ဘယ်ကားစီးရမလဲ မေးလိုက်ရင် တစ်ခါစီး ပြားငါးဆယ်နဲ့ Putrajaya မှာ သွားချင်တဲ့ နေရာကို ရောက်ပါတယ်။

ဝန်ကြီးချုပ်ရုံး၊ Putra mosque Tuanku Mizan Zainal Abidin Mosque(Steel Mosque) နဲ့ Putrajaya bridge

အရင်နှစ် Floria 2010 တုန်းက ပြီးခါနီးမှ ရောက်သွားတော့ ပန်းတွေ တော်တော်ညှိုးနေပြီ။ weekend ဆိုတော့ တိုးလိုက်ရတာလဲ အသေအလဲဘဲ။ ဒီတစ်နှစ်တော့ စောစော ရောက်သွားတော့ ပန်းတွေက လန်းနေသေးတယ်။ နေပူကျဲတဲထဲမှာ တစ်နာရီလောက်ပါတ်ပြီး ချွေးတပြိုက်ပြိုက်ကျအောင် ပန်းတွေကို ဓါတ်ပုံလိုက်ရိုက်ပါတယ်။ ညနေသုံးနာရီလောက် ရောက်သွားတာ ရုံးဖွင့်ရက်ဆိုတော့ လူတော်တော်ရှင်းနေတာကို သဘောကျမိတယ်။ ဒါပေမယ့် ပုံ ၁၅၀ လောက် ရိုက်ခဲ့တာ လှတပတ ထွက်လာတာ ၁၀ပုံတောင် မပြည့်ချင်ဘူး။

အဝင်ဝနားက Indoor ပြခန်းထဲမှာ နိုင်ငံတကာက ပန်းအလှဆင်ပုံတွေ၊ Dinner Table ပန်းအလှဆင်ပုံ၊ Theme အမျိုးမျိုးနဲ့ ပြိုင်ပွဲဝင်ထားတဲ့ လက်ရာတွေစသဖြင့် တွေ့ရတယ်။ တော်တော်တော့ ရှုပ်ရှုပ်ယှက်ယှက် လုပ်ထားကြပေမယ့် အနုပညာကို အဲလောက် မခံစားတတ်တော့ ဖလားဝါးတွေဟာ ပန်းပွင့်ပါဘဲဆိုပြီး ဒီအတိုင်း ကြည့်တယ် ဓါတ်ပုံရိုက်တယ် ထပ်ကြည့်တယ် ပေါ့ကွယ်။ :D

ဒါကတော့ နိုင်ငံတကာက ပြိုင်ပွဲဝင်လက်ရာအချို့ပါ။
အပေါ်ကပုံထဲက Grand Entrance ဆိုတဲ့နေရာမှာ တော်တော်ကြာကြာ ရပ်ကြည့်မိတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့အိမ်ထဲမဝင်ခင် ပန်းတွေ ဝေဝေဆာဆာ ပွင့်နေတဲ့ ခြံလေးကို ဖြတ်သွားရရင် တကယ်စိတ်ကြည်နူးဖို့ကောင်းမှာဘဲ။ 

နှင်းဆီနဲ့ သစ်ခွက ရိုးနေပြီမို့ တစ်ခြား ပန်းသေးသေးပိစိလေးတွေ လိုက်ရိုက်ဖြစ်တယ်။ ကျောင်းအလိုက် ပန်းခြံပြိုင်ပွဲ၊ ပြည်နယ်အလိုက်၊ တက္ကသိုလ်အလိုက် စသဖြင့် ပြိုင်ပွဲကဏ္ဍ အစုံပါဘဲ။ နောက်ဆက်သွားရင် ပန်းပင် ပျိုးပင် မျိုးစုံကို ဈေးချိုချိုသာသာနဲ့ ရောင်းတဲ့ ဆိုင်လေးတွေ ရှိပါတယ်။ ဒီမှာ သစ်ခွတွေ ဈေးပေါတော့ မြန်မာပြည်သယ်ပြန်ဖို့ ကြံစည်ဖူးတယ်။ ကျန်းမာရေး ဝန်ကြီးဌာနကနေ ပိုမွှားကင်းစင်ကြောင်း လက်မှတ်ပါရမယ်။ မြေကြီးမပါဘဲသယ်ရမယ် စသဖြင့် ရှုပ်လွန်းလို့နောက်ဆုံး လက်လျှော့ထားတာ။ 

Collage လုပ်ပစ်လိုက်တော့လည်း ပုံတင်ရတာ သက်သာသွားတယ် :D တနင်္လာနေ့ ရုံးမတက်ဘဲ လျှောက်သွားရတာလည်း မင်္ဂလာ တစ်ပါးပါဘဲ။


Flashing FroydVillain ROM 1.7.0 on my HTC Hero

The news that HTC is not releasing an official Froyo update for Hero is very disappointing. Hero’s internal memory is only 256MB and not being able to install apps on the SD card is the biggest drawback. Android OS and HTC Sense UI itself have already consumed two thirds of its internal memory, and left the user very limited space to install other apps.

I’m not good at writing a tutorial, this is just to jot down the steps I’ve done to flash the FroydVillain ROM. Maybe it might someday be useful for a sad Hero user like me who’s desparate enough to flash a new ROM. Everybody device can face a different problem, so read together with:

1. Root the device
Rooting has become a lot painless and easier with the emergence of “one-click root”. I used Unsiversal Androot, just one-click and it’s done.

2. Backups
Contacts: Sync Google contacts. Export Phone contacts to SD card.
SMS: downloaded and installed SMSBackup and Restoreapp from Market and exported to SD card
Calendar: Sync with Google
Apps: Sync with appBrain. Though this won’t sync back to your phone, it’s an easy to remember the apps that you used to install. Other people suggested to use apps like Titanium Backup to backup all the apps, I simply don’t think it’s necessary for me, since I don’t have much apps installed on my device anyway.

3. Search for a suitable ROM
I don’t have any confidence to flash a new ROM until I found the FroydVillain. A perfect Froyo ROM for HTC Hero. Downloaded it and saved it to the root folder of the SD card.

4. Flash Recovery Image (using ROM Manager)
This step becomes a lot handy with ROM Manager, download it from Market. “Backup Current ROM” first. Then “Flash ClockWorkMod Recovery”. After that, click “Reboot into Recovery”. (If this works, go to step 5.)

This is where I got stuck for a few days, whenever I reboot into recovery, a red exclaimation mark inside a triangle appears and it just stucks there till I take out my battery and reboot. At last, I found out that some versions of ClockWorkMod Recovery has a lot of issues. So, I go back to ROM Manager, and choose “Flash Alternate Recovery”, and I choose to install "Amon-Ra Recovery Image".(don't worry, ROM manager will handle this for you.) [Refer screenshots here]


5. Wiping data
After the phone reboot, select Wipe. Then “wipe data/factory reset” and “wipe delvik cache”. Everybody warned that skipping this step can cause an endless loop with bootloader, so be careful. [Refer to this youtube video]

6. Flashing the ROM
After all those above steps, flashing a new ROM has never been so easy. Just go back to the menu, select “Flash zip from sd card”. [Refer to this youtube video] The phone will reboot. (I got stuck again at the VillainROM wallpaper for about 5 minutes. Make me too shocked, but luckily simply rebooting solves the problem) 

Ta da.. At last, I got Froyo on my device and frees up about 170MB of internal memory.

Well, that’s the end of my attempt, first thing I felt? I missed my HTC Sense :( , now I have to acknowledged how the SenseUI has been beautifully designed. Anyway, with FroydVillain, I have freed up lots of memory and can get all my favorite applications back, there is big room for customization and it become a lot faster.


A satisfactory day at MMR Embassy

အရင်ကတော့ မြန်မာ သံရုံးမှာ အခွန်ဆောင်တာ ပါတ်စ်ပို့ သက်တမ်းတိုးရတာ အိပ်မက်ဆိုးကြီး တစ်ခုလိုပါဘဲ။ သံရုံးက ပြန်လာတိုင်း မရိုးနိုင်တဲ့ ပြဿနာတွေ ပြောဖို့ ပုံပြင်တစ်ခုတော့ ပြန်ပါလာတတ်ကြတယ်။ အများအားဖြင့် သံရုံးသွားတိုင်း မကျေမနပ်နဲ့ ပြန်လာရတာများပေမယ့် ဒီတစ်ခေါက်တော့ တော်တော် အဆင်ပြေခဲ့ပါတယ်။ နောက်ဆို အမြဲသာ ဒီလိုအဆင်ပြေမယ်ဆိုရင် ၄လတစ်ခါလောက် စိတ်ကူးပေါက်တိုင်း အခွန်သွားဆောင်မိနိုင်တယ်။ :D
 
သောကြာနေ့က ပါတ်စ်ပို့သက်တမ်းတိုးဖို့ ကေအယ်လ် မြန်မာသံရုံးကို တစ်ခေါက်ရောက်ခဲ့တယ်။ မနက် ၉နာရီ ၁၅လောက်ရောက်တော့ သံရုံးကောင်တာမဖွင့်သေးပေမယ့် လူတော်တော်များများတော့ ရောက်နေကြပြီ။ ရောက်ရောက်ချင်း ဓါတ်ပုံရိုက်တဲ့နေရာကိုသွား ရင်းဂစ် ၁၂ကျပ်ပေးပြီး ဓါတ်ပုံရိုက်၊ ပြီးတော့ နံပါတ်စဉ်တပ်ထားတဲ့ ဖောင်တစ်ခုပေးတယ်။ ကိုယ့်နံပါတ်က ၅၄။ သံရုံးမဖွင့်သေးတော့ ခဏထိုင်စောင့်တယ်။ သံရုံးဝင်းထဲမှာ အမိုးလုပ်ထားပေးပြီး ထိုင်ခုံတွေ အများကြီး ချထားပေးတယ်။ အဲကွန်းတွေ ဘာတွေနဲ့ အခန်းကြီး မဟုတ်ပေမယ့် ခါတိုင်းလို မတ်တပ်ရပ်မစောင့်ရတော့တာကိုဘဲ (အလွန့်အလွန်) ကျေးဇူးတင်မိတယ်။ ၁၀နာရီထိုးခါနီးတော့ ကောင်တာတွေ စဖွင့်တယ်။ အမှတ်စဉ်အလိုက် နံပါတ်ခေါ် ပြီးရင် ကောင်တာအလိုက် တန်းစီပေါ့။ ၁၀ယောက်တစ်ခါခေါ်တယ်။ နံပါတ်ခေါ်ရင် ကောင်တာသွား တန်းစီ၊ အခွန်ဘယ်လောက် ဆောင်ရမလဲဆိုတာ သူတို့ တွက်ပေးပါတယ်။ ပြီးရင် စာအုပ်အသစ်ဖိုး ၃၅၀နဲ့အတူ ဘဏ်မှာ ငွေသွားသွင်းပါတယ်။ ဘဏ်ကနေ Bank Slip ယူပြီးပြန်လာရင် သံရုံးမှာ တစ်ခါ ပြန်တန်းစီပါတယ်။ အရင်အခေါက်တွေတုန်းကလို တိုးတာ ဝှေ့တာတွေ သိပ်မရှိတော့ပါဘူး။ (တန်းစီတယ်ဆိုတာ အရှေ့ကနေ ဝင်စီသလား အနောက်ကနေ စီရသလား မသိတဲ့ တစ်ချို့ တစ်ချို့သောသူတွေက လွဲရင်ပေါ့လေ။) ကောင်တာ ၁ မှာ ဘဏ်ဖြတ်ပိုင်းပေးပြီး ကောင်တာ၂မှာ လက်ဗွေနဲ့ ထိုးမြဲလက်မှတ်ကို စက်နဲ့မှတ်ပါတယ်။ ပြီးရင် ညနေ ၄နာရီခွဲမှာ စာအုပ်ပြန်လာယူခိုင်းပါတယ်။ ပထမဆုံးပေးတဲ့ဖောင်မှာ လေးကြောင်းလောက် ရေးရတာကလွဲရင် ဘာဖောင်မှထပ် မဖြည့်ရဘဲ ရိုးရှင်းလွန်းတဲ့အတွက် ဟုတ်ရဲ့လားလို့တောင် သံသယ ဖြစ်မိသေးတယ်။
ဒါကတော့ သံရုံးမှာ လုပ်ထားပေးတဲ့ အမိုးအောက်မှာ ထိုင်ခုံနဲ့ ထိုင်စောင့်နေတုန်း ရိုက်ထားတာ။ ကောင်တာတွေ ရှေ့မှာ မှန်တစ်ချပ် ချိတ်ထားတာ ထူးဆန်းလို့။ ဓါတ်ပုံရိုက်တဲ့အခန်းနဲ့က တော်တော်လှမ်းတယ်။ မှန်ကိုဒီမှာထားတာ ဘာလုပ်ဖို့လဲမသိဘူး။ ကောင်တာမရောက်ခင် မှန်ကြည့်ပြီး အပြုံးလေ့ကျင့်ဖို့ထင်တယ်။ :D


နံပါတ် ၅၄ ဆိုလို့ နေ့တစ်ဝက်လောက်များ စောင့်ရမလားလို့။ ခဏလေး နာရီဝက်လောက်နဲ့ ကိုယ့်အလှည့် ရောက်လာတယ်။ သံရုံးသွားဖို့ ရက်ရွေးတာ မှန်သွားတယ်ထင်တယ် ;-) ဖေဖော်ဝါရီလောက်တုန်းက အခွန်သွားဆောင်တုန်းကနဲ့များ တစ်ခြားစီ။ အဲတုန်းက အခွန်လေး ဆောင်ဖို့အရေး တိုးလိုက်ရတာ သေမတတ်။ အခွန်ဘဲဆောင်မယ် သက်တမ်းတိုးဖို့ မဟုတ်ဘူးဆိုရင် ဘယ်ကောင်တာမှ စီရမလဲဆိုတာလည်း ဘယ်သူ့သွားမေးရမှန်းမသိ။ စီချင်တဲ့အတန်းထဲ ဝင်စီလိုက်တော့လည်း လစ်တာနဲ့ ကြားဖြတ်ဝင်ဖို့ ချောင်းနေတဲ့ သူတွေကလဲ မနည်းဘူး။ ကောင်တာတစ်ခုအရှေ့မှာ တန်းစီနေတာ စီနေရင်း ၂တန်း ဖြစ်သွားတာကလည်း ရှိသေးတယ်။ ဘေးနားက နည်းနည်း ခပ်စွာစွာ အမကြီးတွေ ဝင်ပြောတော့မှ ဘေးနာက ရောက်လာတဲ့ တစ်တန်းက အနောက်ပြန်သွားစီတော့တယ်။ လူလဲ ချွေးတလုံးလုံးနဲ့ ၂နာရီလောက် တန်းစီလိုက်ရတယ်။
 
မနေ့ကတော့ သောကြာနေ့ ဖြစ်နေလို့လား။ School Holiday မလို့လား။ သံရုံးရဲ့ အလုပ်လုပ်ပုံ ပိုစနစ်ကျပြီး မြန်ဆန်လာလို့လား။ ဘာဘဲဖြစ်ဖြစ် ပိုက်ဆံကုန် လူပန်းတာနဲ့စာရင် ဒီတစ်ခေါက်လိုမျိုး စနစ်တကျ အေးအေးဆေးဆေးလေး ပြီးသွားတာကို အရမ်းသဘောကျတယ်။ ညနေရောက်တော့ တစ်ခါပြန်သွား စာအုပ်ယူ၊ နာမည် မှန်လားစစ်ပြီး ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ The Republic of the Union of Myanmar (TROTUM) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးရဲ့ နိုင်ငံတကာ အဆင့်မှီ ပါတ်စ်ပို့အသစ် လက်ဝယ်ရောက်ရှိလာပါတော့တယ်။
 
ခါတိုင်းဆို တိုးရဝှေ့ရ၊ အအော် အငေါက် အရစ်ခံရဆိုရင် သံရုံးသွားရတာ တစ်စက်မှ စိတ်မချမ်းသာပါဘူး။ ပိုက်ဆံအကုန်ခံ အလုပ်အပျက်ခံပြီး အဝေးကြီးကနေ တကူးတက လာရတဲ့အတွက် ဒီလို အဆင်ပြေပြေအေးအေးဆေးဆေး ပြီးသွားတော့ အရမ်းကို ကျေနပ်မိပါတယ်။ (မြန်မာနိုင်ငံသားဖြစ်ရတာ ခဏခဏ ပျော်ရတယ်။ မီးလာလဲပျော်ရ သံရုံးမှာ မတိုးရလဲ ပျော်ရတာဘဲပေါ့။) သံရုံးမှာ အခွန်ဆောင်ခဲ့သမျှထဲမှာ ဒီတစ်ခေါက်တော့ ကျေကျေနပ်နပ်ကြီးပေးခဲ့မိပါတယ်။
P.S သံရုံးလိပ်စာမသိရင် ဒီပို့မှာ တစ်ခေါက်ရေးဖူးပါတယ်။ (Myanmar Embassy Malaysia)


Vegetables with Malar sauce - မာလာဟင်း

တောင်တက်တဲ့ပို့စ်မှာ ရပ်သွားလို့ ဒီဘလော့ဂါ တောင်ပေါ်က ပြန်မဆင်းလာတော့ဘူး ထင်ကြရော့မယ်။ ဒီနေ့ ပျင်းပျင်းရှိတာနဲ့ ဘာစားရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း အိမ်ကယူလာတဲ့ မာလာဟင်းချက်တဲ့ခေါက်ဆွဲဖတ်တွေ တွေ့တယ်။ ကိုယ်တိုင် တစ်ခါမှ မချက်ဖူးတော့ ဘယ်ကနေ စရမလဲ တော်တော်စဉ်းစားယူလိုက်ရတယ်။ မမိုးကောင်းသူနဲ့ မစုဘူးအိမ် တို့ဘလော့ဂ်ဖတ်ကြည့်သေးတယ်။ အသားတွေ၊ ရယ်ဒီမိတ် မာလာအနှစ်တွေထည့်တော့ အိမ်ကချက်တာနဲ့ နည်းမတူနေဘူး။ နောက်ဆုံးတော့ မာလာဟင်းချက်တာ အရမ်းကောင်းတဲ့ ညီမတစ်ယောက် အွန်လိုင်းမှာရှိနေတာနဲ့ သူ့ကိုမေး၊ ပြီးတော့ ရှိတာလေးတွေနဲ့ ပြုတ်ကြော်ချက်နယ်လိုက်တာ မာလာဟင်း ဖြစ်သွားတယ်။ Beginner’s luck လို့ပြောရမလား။ ပထမဆုံးစမ်းချက်တိုင်း စားလို့ကောင်းတာများတယ်။ ဟဲဟဲ.. ဒုတိယအကြိမ်ချက်မှသာ လွဲလွဲသွားတာ။
Ingredients
၁။ အဆာပလာအတွက် - မြေပဲထောင်း၊ နှမ်းထောင်း၊ ငရုတ်သီးမှုန့်၊ ဟွားကျောင်းမှုန့် (Sichuan pepper/flower pepper)၊ ချောက်ကောမှုန့် (Black Cardamom)၊ ခရုဆီ၊ ပဲငံပြာရည်
၂။ မာလာဟင်းထဲထည့်တဲ့ ခေါက်ဆွဲဖတ် ၁မျိုး၊ ၂မျိုး၊ ၃မျိုး ကြိုက်သလောက် နှင့် ကြွက်နားရွက်မှို
၃။ ထည့်ချင်တဲ့ ဟင်းသီးဟင်းရွက် (မုန်ညင်း၊ မုန်လာဥနီ၊ အာလူး၊ ကန်ဇွန်းရွက်၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကိုက်လန်၊ ပဲပင်ပေါက် စသဖြင့်)
Preparation
၁။ ခေါက်ဆွဲဖတ်နဲ့ ကြွက်နားရွက်မှိုကို ပြုတ်ပါ။ အချိန်တော်တော်ယူပါတယ်။ မိနစ်၂၀ကနေ နာရီဝက်လောက် ကြာပါတယ်။
၂။ အသီးအရွက်တွေက အကျက်မညီတဲ့အတွက် တစ်ခုချင်းစီပြုတ်ပါ။ ဆားထည့်ပြုတ်ပါ။ ဒီနေ့တော့ အိမ်မှာ Chinese cabbage နဲ့ မုန်လာဥနီဘဲ ရှိလို့ ရှိတာနဲ့ဘဲ ချက်လိုက်တယ်။

အဆာပလာလုပ်ရန်

၃ယောက်စာလောက်အတွက်ကို ဆီထမင်းစားဇွန်း ၂ဇွန်းလောက်ထည့်ပြီး ဆီအိုးတည်ပါ။ ဆီပူလာလျှင် ဟွားကျောင်းမှုန့် လက်ဖက်ရည်ဇွန်းသေးတစ်ဝက်ထည့်၊ ချောက်ကောမှုန့် နည်းနည်း၊ ငရုတ်သီးမှုန့်ထည့်၊ ခရုဆီထည့်၊ နှမ်းနဲ့ မြေပဲ ထောင်းထားတာထည့်ပြီး ခဏမွှေပြီးရင် ရပါပြီ။
(notes: မာလာဟင်းအတွက် ဟွားကျောင်းမှုန့်က အဓိကပေမယ့် အရမ်းများသွားရင် ဖန်တန်တန် အရသာ ထွက်သွားနိုင်တဲ့အတွက် သတိထားပြီးထည့်ပါ။)

 

နောက်ဆုံးအဆင့်

ခုနက ပြုတ်ထားတဲ့ ခေါက်ဆွဲဖတ်တွေ၊ အသီးအရွက်တွေကို ဇလုံထဲထည့်ပြီး ကြော်ထားတဲ့ အဆာပလာတွေ ထည့်နယ်ပါ။ ပဲငံပြာရည် ထမင်းစားဇွန်း ၂ဇွန်းခန့် ထည့်ပါတယ်။ ဆားလိုသလောက်သာထည့့်ပါ။ ကြက်သားပြုတ်ရည် ရှိတော့ နည်းနည်းလောင်းထည့်လိုက်တယ်။ မရှိရင် ဆီသတ်တုန်း Knorr ကြက်ဆီခဲ နည်းနည်းထည့်လိုက်ပါ။

လက်နဲ့နယ်နယ်၊ ဇွန်းနဲ့နယ်နယ် နောက်ဆုံးမှာတော့ စားချင့်စဖွယ် မာလာဟင်းတစ်ခွက် ရလာပါလိမ့်မယ်။ ;-)

ဒါက ဒုတိယ အကြိမ်မြောက် ဟင်းရွက်စုံအောင်ဝယ်ြပီး ချက်စားထားတာ။ :-)


Broga Hill (茅台山) Hiking

ဖေဖေါ်ဝါရီမှာ တောင်တက်ပါ ဆိုသလိုတောင် ဖြစ်သွားတယ်။ ဟိုးတစ်ခေါက် Bukit Tabur Hiking သွားတာလည်း ဖေဖော်ဝါရီ ၂၀၀၉။ Broga Hill တက်ဖြစ်တာ ဖေဖေါ်ဝါရီ ၂၀၁၀။ (လွန်ခဲ့တဲ့ တစ်နှစ်တိတိက တောင်တက်ခဲ့တဲ့ အတွေ့အကြုံပါ။ အခုမှ ပုံတွေပြန်ကြည့်ရင်း မရေးရသေးတာ သတိရလို့။) ၂၀၁၁ မှာ တော့ တောင်မတက်ဖြစ်တော့ ၂၀၁၀က တောင်တက်တဲ့အကြောင်းရေးတာပေါ့။ Broga Hill ဆိုတာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နဲ့ မနီးမဝေး (နည်းနည်းတော့ဝေး)၊ ဆလန်ဂေါပြည်နယ် နဲ့ နီဂရီ ဆန်ဘီလန်း ပြည်နယ်ရဲ့ နယ်စပ်၊ နော်တင်ဟမ် တက္ကသိုလ် နှင့် Broga Town ကြားမှာ ရှိတဲ့ တောင်လေးပေါ့ကွယ်။ အင်တာနက်ပေါ်က ပုံတွေကြည့်ရင်း တောင်တက်ချင်စိတ်ပေါက်လာတာနဲ့ သူငယ်ချင်း ၁၀ယောက်လောက်စုပြီး သွားဖြစ်ခဲ့တယ်ပေါ့။

အမြင့်ဆုံး peak က ၄၀၀ မီတာ (၁၃၁၂ ပေ)

စထွက်တဲ့နေရာကနေ အမြင့်ဆုံး တောင်ထိပ်ကို ၁.၇ ကီလိုမီတာ (၁ မိုင်နီးနီး) ဆိုတော့ သိပ်မဝေးဘူးလို့ ထင်ရပါတယ်။ ၁မိုင်ဆိုတဲ့ခရီးက မြေပြန့်မှာလျှောက်ရင်တော့ ၁၅မိနစ်လောက်ဘဲ ကြာပေမယ့် တောင်တက်တာဆိုတော့ နာရီဝက်နဲ့တစ်နာရီကြားကြာတယ်။ အသက်ကြီးတဲ့သူတွေဆိုတော့ တစ်ယောက်ကို တစ်ယောက် စောင့်နေတာနဲ့ ပိုကြာပြန်ရော။ :D
နေရာ တော်တော်များများမှာ ဒီလို လှေကားထစ်လေးတွေ လုပ်ထားပေးတော့ တက်ရတာ အရမ်းကို လွယ်သွားတယ်။
From first peak
အမှန်က နေထွက်တာ သွားကြည့်ကြတာဘဲ။ ထွက်တာ နည်းနည်းနောက်ကျနေတာနဲ့ နေထွက်မှ တောင်ခြေရောက်တယ်။ တောင်တက်ရင် ညဘက်အိပ်ရေးဝဖို့လိုတယ်။ အဲနေ့က သွားတာသွားကြတာ။ ညဘက် မအိပ်ထားတဲ့သူနဲ့ ၂နာရီ ၃နာရီလောက်ဘဲ အိပ်ထားတဲ့သူနဲ့ဆိုတော့ တောင်နိမ့်နိမ့်လေးကို မနည်းတက်ရသလို ဖြစ်သွားတယ်။ သဉ္ဇာတို့ စတက်တော့ နေထွက်ပြီဆိုတော့ သူများတွေတောင် ပြန်ဆင်းလာကြပြီ။ ကလေးတွေရော ခွေးတွေရော အဖိုးအဖွားတွေရော အရွယ်စုံ ဆိုဒ်စုံ တောင်လာတက်ကြတာ။ ကလေးငယ်ငယ်ပိစိလေးတွေ ကျောပိုးပြီးတက်တဲ့ အမေတွေတောင် ပါတယ်။ တောင်တက်လမ်းက မကြမ်းပေမယ့် လူတွေနဲ့ တိုက်မိပြီး ချော်ကျမှာဘဲ စိုးရိမ်နေရတယ်။ 
Fourth peak @ 400 meters
Third peak ရောက်တဲ့အခါမှာ အားလုံး လက်လျှော့လိုက်ကြတယ်။ ဆက်တက်ဖို့ အားမရှိတော့ဘူး။ အဖွဲ့ထဲက slipper စီးလာကြတဲ့ အစ်မကြီး သုံးယောက်ဘဲ ကြိုးကြိုးစားစား အဆုံးထိရောက်အောင် တက်ကြတယ်။ အပေါ်နားမှာ တောင်တက်လမ်း မရှိတော့ဘဲ ကြိုးနဲ့ တက်ရတယ် ပြောတယ်။ နေမြင့်လာတော့လည်း ကြာကြာမနေနိုင်ဘူး။ ပြန်ဆင်းခဲ့ရတာပေါ့။
ဒီမြက်ပင်တွေကြောင့် Broga Hill စိမ်းလန်စိုပြေနေတာ။ မြက်ပင်တွေ ရှည်လာရင်တော့ အကောင်ပေါတယ်လို့ပြောတယ်။ သဉ္ဇာတို့ သွားတုန်းက အပင်တွေ မီးရှို့ထားတဲ့ အချိန်ဖြစ်နေတော့ အကောင်ကိုက် မခံရပေမယ့် ဓါတ်ပုံလှတပတလေးတွေတော့ မရခဲ့ဘူး။ တောင်ကတုံးတွေအကုန် အစိမ်းရောင် ဖြစ်ရမယ့်အစား ဝါခြောက်ခြောက်တွေ ဖြစ်ကုန်လို့။

တစ်ယောက်မှ မရောက်ဖူးကြပေမယ့် Google map နှင့် GPS တို့ရဲ့ ကျေးဇူးကြောင့် တောင်ခြေကို ဆိုက်ဆိုက်မြိုက်မြိုက်ဘဲ ရောက်သွားတယ်။ (ဒါတောင် နည်းနည်ကျော်သွားသေးတယ်။) blog တစ်ချို့ ဖတ်သွားတော့ တက်ရတာ သိပ်မခက်မှန်း ကြိုသိထား သူများတွေ ပြောထားတဲ့အတိုင်း rabbit farm နဲ့ မျက်နှာချင်းဆိုင် oil palm estate (ဆီအုန်းခြံ) ကနေ စတက်တာ။ အဆင်းမှာ ကားရပ်ခ ၂ကျပ်ပေးပြီး မောမောပန်းပန်းနဲ့ KL ကို ပြန်ခဲ့ကြသပေါ့ကွယ်။ တောင်တက်တာက မပင်ပန်းဘူး။ အဲကို ကားနဲ့သွားရတာ အသွားအပြန်စုစုပေါင်း ၃နာရီလောက် ကြာသွားတာက ပိုပင်ပန်းတယ်။ ဒါပေမယ့် ပျော်စရာကောင်းတဲ့ တောင်တက်ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ တောင်ကလည်း မီးရှို့ထားတဲ့အချိန်၊ ပုံကလည်း Nokia N73 နဲ့ နည်းနည်းပါးပါး ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေဘဲရှိတော့ ဒီဘလော့ဖတ်ပြီး တောင်တက်ချင်စိတ် ပျောက်သွားဦးမယ်။ တစ်ခြားဘလော့တွေပါ ဖတ်ကြည့်ပါ။ တလောက မလေးရှားရဲ့ ပထမဆုံး အာကာသယာဉ်မှူးတောင် pre-wedding photo ကို အဲတောင်ပေါ်မှာ သွားရိုက်လိုက်တော့ အဲတောင်က နေ့ချင်းညချင်း ပိုနာမည်ကြီးသွားသေးတယ်။ 

Other links:
1. Broga Hill @ Constant Aperture
2. Broga Hill sunrise by ah-hong.com
3. Malaysia's first astronaunt pre-wedding photo shoot by Kukubesi


Taunggyi Trip 2010 – 7 (Home-cooked meals)

အပိုင်း - ၇ အိမ်ချက်ဟင်း


ဒါကတော့ တောင်ကြီးပြန်တုန်း တစ်ရက် အမေက သမီးရေ ညနေ ဧည့်သည် သုံးယောက်ဖိတ်ထားတယ်။ ဟင်းချက်ထားလိုက်နော်ဆိုလို့ မီးဖိုချောင်ထဲမှာ ရှိတာလေးတွေနဲ့ လက်စွမ်းပြလိုက်တဲ့တစ်ရက်ပေါ့။ ကိုယ့်ကိုယ် ချက်တုန်းကတော့ ဟုတ်နေတာပေါ့။ ပြီးမှ ပြန်ကြည့်တော့ ဟင်းက မလိုက်ဖက်ဘူး ဖြစ်နေတယ်။ တစ်မျိုးက ပန်းသေးဟင်း၊ တစ်မျိုးက ရခိုင်ဟင်း၊ တစ်မျိုးက ဗမာဟင်း .. ဟုတ်နေရော။ ဒီဘက်က အကြော်က ပန်းသေးဟင်းရဲ့ ဆစ်ဂနေချာအကြော်(signature food) နွားနို့ခြောက်ကြော်ပေါ့။ ပြားပြားပြန့်ပြန့် နွားနို့ခြောက်အပြားကို မလိပ်လိပ်အောင် ကြော်ရတာလည်း အလွန်အင်မတန် လက်ဝင်ပါတယ်။ ငါးကိုကြတော့ ကြော်ပြီး ရခိုင်ဟင်းလိုမျိုး ချဉ်ချဉ်လေး ချက်လိုက်တယ်။ ပဲလိပ်ပြာကြော်တယ်။ ပဲလိပ်ပြာကို အခွံမခွါဘဲကြော်လဲ စားလို့ကောင်းတယ်။ ပြီးတော့ Sausage နဲ့ အမဲခြောက် နည်းနည်းကြော်လိုက်တယ်။ ဟင်းက တစ်မျိုးချင်းဆို ဟုတ်နေပေမယ့် အားလုံးကြတော့ မလိုက်ဖက်ဘူး ဖြစ်သွားတယ်။ ဧည့်သည်တွေကတော့ စားသွားရှာပါတယ်။ ဟင်းဆိုတာ ချက်တတ်ရုံနဲ့ မပြီးဘူး။ ဟင်းအမျိုးအစား လိုက်အောင် တွဲတတ်ဖို့လဲလိုတယ်ဆိုတာ နားလည်လိုက်တယ်။
ပန်းသေးဟင်းဆိုတာ ဒီလိုမျိုးပေါ့ကွယ်။ အမျိုးတွေလာလည်တော့ မာမီမားသားမေမေ ချက်ထားတာ။ ပန်းသေးထုံးစံလို့ပြောမလား။ အလှူအိမ်၊ ထမင်းကြွေးတွေမှာ ဟင်းခြောက်မျိုးဆိုတာကို ကြွေးကြတယ်။ တစ်ခါတစ်လေ ၅မျိုးဖြစ်ချင်ဖြစ်မယ်။ တစ်ခါတစ်လေ ၇မျိုး ဖြစ်ရင် ဖြစ်သွားတယ်။ တစ်အိမ်နဲ့တစ်အိမ် တစ်ခါနဲ့တစ်ခါ ဟင်းတွေ မတူတတ်ပါဘူး။ ဒါပေမယ့် basic concept ကတော့ တစ်ခုတည်း။ အဲနေ့က အမေချက်ထားတာတွေကတော့ ကြက်ပြုတ်၊ ကြက်သားမှိုကြော် (ကြွက်နားရွက်မှို)၊ အစိမ်းကြော်(ဂျူးဖူး၊ မုန်လာဥနီ၊ ရေပြောင်းဖူး၊ အောစွန်း)၊ ကြာဇံသုတ်၊ စူးကျီး (ကြက်သားလုံးကြော်ချက်)၊ အမဲသားကြော်၊ သီဟိုဠ်စေ့ကြော်၊ မုန်ညင်းဟင်းရည် တို့ပေါ့။ စားလို့ကုန်ခါနီးမှ ဓါတ်ပုံရိုက်ဖို့သတိရတယ်။
အရင်နှစ် တရုတ်နှစ်သစ်ကူးပိတ်ရက်မှာ သူငယ်ချင်းတွေက ပန်းသေးဟင်းချက်ခိုင်းတော့ ချက်လိုက်သေးတယ်။ ဘယ်လိုဖြစ်သွားလဲဆိုတော့ အပေါ်က မြင်တဲ့အတိုင်း။ ဟီး.. ပြောပါတယ်။ ဟင်းက ချက်ဘဲ ချက်တတ်တယ်။ မတွဲတတ်ဘူးဆို။ ဘယ်လိုကြည့်ကြည့် ပန်းသေးဟင်းနဲ့ သိပ်မတူဘူး ဖြစ်သွားတယ်။ သူငယ်ချင်းတွေတော့ အားပေးကြရှာပါတယ်။ စားလို့ဖြစ်တယ်တဲ့။ ဒီနှစ် တရုတ်နှစ်ကူးပိတ်ရက်တော့ ဘယ်မှ သွားချင်စိတ် မရှိတာနဲ့ အိမ်တွင်းအောင်းပြီး ဘလော့ဂ်ချည်း လှိမ့်ရေးပစ်လိုက်တယ်။ မှတ်ရော။ တောင်ကြီးစီးရီးစ်က အပိုင်း၇ဘဲ ရှိသေးတယ်။ ရေးစရာ ကုန်သလောက် ဖြစ်နေပြီ။