တောင်ပံပါရင်

Zin Yaw Bird
အင်းထဲ ရောက်တုန်း ရိုက်ဖြစ်ခဲ့တဲ့ စင်ရော်ငယ်လေးရဲ့ ပုံတစ်ပုံပါ။


Month of Travel

ရုံးက ယူထားတဲ့ ခွင့်တစ်လကလည်း တစ်ခြားကိစ္စတွေ ပြီးတော့ တောင်ကြီးပြန်ဖို့ တစ်ပါတ်ဘဲ ကျန်တော့တယ်။ ဒါနဲ့ဘဲ မျက်နှာပူပူ (မျက်နှာပြောင်ပြောင်?? :D ) နဲ့ ခွင့်နောက်တစ်ပါတ် ပိုတောင်းပြီး တောင်ကြီးရောက်အောင် ပြန်ဖြစ်ခဲ့တယ်။ မစီစဉ်ထားဘဲ တန်ဆောင်တိုင်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံသွားတယ်။ တန်ဆောင်တိုင်က နိုဝင်ဘာလ ကုန်ပိုင်းလောက်မှ စမယ်လို့ ထင်ထားတာ။ ကံကောင်းသလားဆိုတော့ တန်ဆောင်တိုင်ပွဲရက်ဖြစ်နေလို့ ရန်ကုန်-ဟဲဟိုးလေယာဉ်လက်မှတ်က တစ်ပါတ်စာလုံး မရှိတော့ပါဘူးတဲ့။ ခါတိုင်းပြန်ရင် လေယာဉ်လက်မှတ်က အမြဲဝယ်ရလွယ်နေတော့ ကြိုမှာထားဖို့လည်း သတိမရဘူး။ ကားလက်မှတ်တွေ စုံစမ်းကြည့်တော့လည်း တစ်စောင်နှစ်စောင်ဘဲ ကျန်တော့တယ်တဲ့။ တောင်ကြီးကို ကားနဲ့ ပြန်ဖို့ကလည်း ၁၆နာရီလောက် စိတ်ညစ်နေအောင် စီးရမှာဆိုတော့ ခပ်ကြောက်ကြောက်။ ကိုညီလင်းဆက်ရေးထားသလိုများ ရထားစီးပြန်ရရင်တော့ ဖတ်ရင်နဲ့တောင် လန့်တယ်။ ရန်ကုန်မှာဘဲ သောင်တင်ပြီလို့တောင် ထင်ထားတာ။ နောက်ဆုံး ဆွေမျိုး အသိတစ်ယောက်က လုပ်ပေးလို့ အဲပုဂံ လက်မှတ် ရသွားခဲ့တယ်။ ခဲရာခဲဆစ် ရလိုက်တဲ့ လက်မှတ်လေးနဲ့ မွေးရပ်ဌာနေကို ပြန်ရောက်သွားခဲ့ပါတယ်။

လေယာဉ်လက်မှတ်ဆိုလို့ တစ်လအတွင်း လေယာဉ်လက်မှတ် ပြဿနာတွေဘဲ ကြုံနေရတယ်။ သွားစရာအားလုံးကလည်း တစ်လအတွင်းမှာ လာစုနေတော့ လေယာဉ် ၉ ခေါက်စီးလိုက်ရတယ်။ ခါတိုင်း တစ်နှစ်နေလို့မှ တစ်ခါတောင် စီးဖြစ်တာမဟုတ်ဘူး။ AirAsia နဲ့ ဘန်ကောက်လေဆိပ်မှာ ရနာရီလောက် ထိုင်စောင့်လိုက်ရဖူးပြီးပြီ။ မလေးရှားသွားတဲ့ လေယာဉ်လက်မှတ်တွေ တစ်ပါတ်စာလုံး မရှိတော့လို့ ရန်ကုန်မှာ တစ်ပါတ်လောက် ထိုင်နေလိုက်ရသေးတယ်။ (ဒီလောက်တောင် မလေးရှား သွားကြသလားကွယ်။) နောက်မှဘဲ တောင်ကြီး တန်ဆောင်တိုင် အကြောင်း ရေးတော့မယ်။ တစ်လအတွင်း ဝေဟင်ထဲမှာ နာရီ ၃ဝလောက် ရောက်နေတော့ ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေကိုဘဲ တင်လိုက်မယ်။ အခုတော့ ကင်မရာလေးလည်း ဆားဗစ်စင်တာမှာ အိပ်နေရှာပြီ။

Air Asia MAS Airbus A330



plantations near HEHO airport

အောက်ဆုံးပုံကတော့ ရှမ်းပြည်နယ်ကို ရောက်ပြီဆိုတာ သိနိုင်တဲ့ landmark ပေါ့။ ပန်းနှမ်းစိုက်ခင်းလေးတွေနဲ့ မြေကြီးနီနီလေးတွေကို တွေ့လိုက်ရပြီဆိုရင် ဟဲဟိုးလေဆိပ်သို့ မကြာမီအချိန်အတွင်းမှာ ဆင်းသက်ပါတော့မယ်ရှင် ဆိုတဲ့ လေယာဉ်မယ်လေးရဲ့ အသံချိုချိုလေးကို ကြားရမှာ အသေအချာပါဘဲ။


လေယာဉ်ပျံကို အဲလို တရစပ်ကြီး စီးရတဲ့ အခါမှဘဲ နားမအူအောင် ဘယ်လို လုပ်ရသလဲဆိုတာ သိသွားလို့ တော်တော့တယ်။ အတူတူ ခရီးသွားခဲ့တဲ့ ဆရာဝန်မမ ပြောပြတာ အရင်တုန်းက လေယာဉ်ဆင်းခါနီး ချိုချဉ်ဘာကြောင့် ကျွေးသလဲ စဉ်းစားလို့ မရခဲ့ဘူး။ ဆရာဝန်မမ ပြောပြချက်အရဆိုရင် လေယာဉ်ဟာ လေဖိအားနည်းတဲ့အရပ်ကနေ ရုတ်တရက် လေဖိအားများတဲ့အရပ်ကို ရောက်သွားတဲ့အခါ နားအထဲက (ဘာဆိုလားမသိ) က လေဖိအားပြောင်းလဲမှုဒဏ်ကြောင့် နားအူသွားတာပါတဲ့။ တစ်ခါတစ်လေဆို အိမ်ရောက်ပြီး နှစ်ရက်လောက် နားအူနေတာ တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ သူများနဲ့ စကားပြောရင် ကိုယ်ဘဲ နားလေးနေသလိုလို။ နားမအူအောင် လေယာဉ်အတက်အဆင်းမှာ နားထဲက လေပြွန် (လို့ထင်တာဘဲ) ကို ချုံ့ချဲ့ပေးအောင် ချိုချဉ်၊ ဒါမှမဟုတ် ပီကေ စသဖြင့် တစ်ခုခုကို ငုံထားပေးရင် နားမအူတော့ပါဘူး။ လက်တွေ့။ :D အရင်ကဆို ချိုချဉ်လာပေးရင် တစ်ခါတည်း စားပစ်တာ။ လေယာဉ်တောင် ဆင်းမယ်မကြံရသေးခင် ချိုချဉ်က ကုန်ပြီ။ ခုတော့ လေယာဉ်တက်တော့မယ့်အချိန် ဒါမှမဟုတ် ဆင်းခါနီးနီး အချိန်ကျမှ ချိုချဉ် ထုတ်ငုံတတ်တဲ့ အကျင့် ရသွားခဲ့ပါပြီ။ အကယ်လို့ ချိုချဉ်မကျွေးတဲ့ လေကြောင်းလိုင်းဆို ဘယ်လို လုပ်မလဲ။ အဆက်မပြတ် အားရပါးရ "အို..၀..အို..၀" ဆိုပြီး ရွတ်ဆိုနေရင်လည်း နားရွက်က လေပြွန်ကို ချဲ့လိုက်ချုံ့လိုက် ဖြစ်ရာရောက်တဲ့အတွက် နားမအူတော့ပါဘူးတဲ့။ ဂါထာလေးပေါ့ကွယ်။


အဖေ့ အပြုံး

အဖေနဲ့အမေ ခရီးထွက်မှာမို့ ကျွန်တော် မနေ့က လေဆိပ်ကို လိုက်ပို့ခဲ့တယ်။ ကျွန်တော့အဖေဟာ လေယာဉ်နဲ့ တစ်ခါမှ ခရီးမထွက်ဖူးတော့ အတွေ့အကြုံသစ် ရစေချင်တာနဲ့ ခါတိုင်း ဝယ်နေကြ ရထားလက်မှတ်အစား လေယာဉ် လက်မှတ်ဝယ်ပေးလိုက်တာ။ လက်မှတ်ဝယ်ပြီး ပေးလိုက်တဲ့အချိန်မှာ အဖေ အရမ်း အံ့ဩပြီး ဝမ်းသာသွားခဲ့တယ်။ အဖေဟာ ကလေးငယ်တစ်ယောက်လို လေယာဉ်နဲ့ ခရီးထွက်ရမှာကို စိတ်လှုပ်ရှားနေခဲ့တယ်။ အဲဒီနေ့က အဖေဟာ ပစ္စည်းတွေကို ထုပ်ပိုး၊ လေဆိပ်ကို သွား၊ ကောင်တာမှာ check-in လုပ်၊ ပြတင်းပေါက်နဲ့နီးတဲ့ ထိုင်ခုံတောင်းပြီးတဲ့ အထိ အလွန်အမင်း ပျော်ရွှင်နေခဲ့တယ်။ အဖေ့ကို ကြည့်ရင်း ကျွန်တော်လည်း အလိုလိုနေရင် ဝမ်းသာနေမိတယ်။

အဲဒီနောက် လေယာဉ်စီးဖို့ ဂိတ်ထဲ ဝင်ရတော့မယ့် အချိန်မှာ အဖေက မျက်ရည် တစ်စမ်းစမ်းနဲ့ ကျွန်တော့်ကို ကျေးဇူးတင်ကြောင်းလာပြောတယ်။ “ရပါတယ် အဖေရယ်၊ ကျေးဇူးတင်ဖို့မလိုပါဘူး” လို့သာ ကျွန်တော် ပြောနိုင်ခဲ့တယ်။ အမှန်တော့ ကျွန်တော့်ရဲ့ လုပ်ရပ်ဟာ ဘယ်လောက် မှ မကြီးမားတော့ အဖေ့အတွက် ဒီလောက် ဝမ်းသာစရာ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူး။

ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ကျွန်တော် ငယ်စဉ်က အကြောင်းတွေကို ပြန်စဉ်းစားမိတယ်။

ငယ်ငယ်တုန်းက ကျွန်တော်တို့ရဲ့ အိပ်မက်ပေါင်း မြောက်များစွာကို မိဘတွေ ဘယ်လိုနည်းနဲ့ အကောင်အထည် ဖေါ်ပေးခဲ့တယ်ဆိုတာ မှတ်မိကြသေးရဲ့လား။ မိဘတွေရဲ့ အခက်အခဲကို ထည့်မစဉ်းစားဘဲနဲ့ အကျီ င်္အသစ်၊ ဘောလုံး၊ အရုပ် စသဖြင့် လိုချင်တာ မှန်သမျှ ပူဆာခဲ့ကြဖူးတယ်။ မိဘတွေကလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ အများစုဟာ မိဘတွေ ဘယ်လောက် အနစ်နာခံခဲ့ကြသလဲဆိုတာ အများအားဖြင့် မစဉ်းစားခဲ့ကြဘူး။ မိဘတွေကို ကျေးဇူးတင်ပါတယ်လို့ ဘယ်နှစ်ခါ ပြောခဲ့ဖူးပါသလဲ။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ သားသမီးတွေကို အမြဲ အကောင်းဆုံး ဆိုတာတွေကို ပေးချင်ကြတာချည်းဘဲ။ အလှူငွေ ဘယ်လောက်ဘဲ ထည့်ရထည့်ရ အကောင်းဆုံး ကျောင်းကို တက်စေချင်တယ်။ ဒါပေမယ့် ကျွန်တော်ကို ပျော်ရွှင်အောင် ထားခဲ့တဲ့ မိဘတွေရဲ့ အနစ်နာခံမှုတွေကို မေ့လျော့နေခဲ့ကြတယ်။ ကျွန်တော်တို့အတွက် လုံးပန်းနေခဲ့ရလို့ ငယ်စဉ်က သူတို့ မရနိုင်ခဲ့တာတွေကို ဖြည့်ဆည်းပေးဖို့ဟာ ကျွန်တော်တို့တာဝန်ပါပဲ။

ကျွန်တော့သမီးရဲ့မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ပြန်ဖြေနေတဲ့ အချိန်မှာ အဖေ့ရဲ့ မေးခွန်းတွေကို ကျွန်တော် စိတ်မရှည်စွာ ဖြေခဲ့မိတဲ့ အကြိမ်တွေလည်း မနည်းတော့ဘူးဆိုတာ ပြန်စဉ်းစားမိလိုက်တယ်။ အဲလိုအချိန်တွေမှာ အဖေ ဘယ်လိုများ ခံစားနေရမလဲ မသိဘူး။ အမှန်တော့ အသက်အရွယ်ကြီးလာရင် လူတွေဟာ ဒုတိယ ကလေးဘဝကို ပြန်ရောက်သွားသလိုပါဘဲ။ ကလေးတွေလိုဘဲ လူကြီးသူမတွေဟာလည်း ဂရုစိုက်မှု နားလည်ပေးမှုတွေ လိုအပ်ပါတယ်။

အဖေရဲ့ကျေးဇူးတင်စကားကို နားထောင်ရမယ့်အစား အဖေ့ဆန္ဒတစ်ခုကို ဒီလောက် အချိန်တွေကြာမှ ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်က တောင်းပန်သင့်တာပါ အဖေ။ မိဘတွေ ပေးဆပ်ခဲ့တာ အနစ်နာခံခဲ့တာ အခုအချိန်မှာ ကျွန်တော် သဘောပေါက် နားလည်သွားခဲ့ပြီ။ မိဘတွေရဲ့ လိုအပ်ချက်တွေကို ကျွန်တော် တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။

(အင်္ဂလိပ်လိုမူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။)