Taunggyi Trip 2010 – 3

အပိုင်း၃ - တောင်ကြီးနှင့် အစားအသောက်


ဒီပို့စ်မှာတော့ ၇ရက်သားသမီး ဘလော့ဂ်ဖတ်သူ တွေကို နှိပ်စက်ဖို့ တကူးတက ရိုက်လာတဲ့ အစားအသောက်ပုံလေးတွေကို တင်ပါမယ်။ (တစ်ချို့ပုံတွေတော့ FB မှာတင်ပြီးသား။ ကြည့်ပြီးသားဆိုလည်း ထပ်ကြည့်ပေါ့နော်။)

တောင်ကြီးပြန်တိုင်း အမြဲစားဖြစ်တဲ့ဆိုင်ကတော့ ပြည်တော်သာထဲက ကျိုင်းတုံ ရှမ်းစားသောက်ဆိုင် ပါ။ အောက်ကပုံက အဲဒီဆိုင်ရဲ့ Menu ပေါ့။ ဈေးသက်သာတဲ့အပြင် အရသာအရမ်း ကောင်းတဲ့အတွက် တောင်ကြီးမှာတော့ တော်တော်နာမည်ကြီးပါတယ်။


ဆိုင်က နည်းနည်းချောင်ကျတော့ တောင်ကြီးမှာအမြဲနေတဲ့သူတွေတောင် တော်တော် ရှာယူရပါတယ်။ ကျမအလွယ်ဆုံး မှတ်ထားတဲ့ လမ်းကတော့ မြစံပါယ်မင်္ဂလာခန်းမရဲ့ ဘေးလမ်းကနေ ဆင်းသွားလိုက်ရင် (ဒုတိယ လမ်းချိုးလား၊ တတိယ လမ်းချိုးလားမသိ) သစ္စာလမ်းကို အရင်တွေ ့အောင်ရှာ ညာဖက်ချိုးဝင်လိုက်ပါ။ အဲလမ်းထဲမှာ ဆိုင်၂ဆိုင်ရှိတယ်။ ကျိုင်းတုံဆိုင်က ဒုတိယတစ်ဆိုင်ပါ။


ဒါကတော့ ခေါက်ဆွဲအွန် လို့ခေါ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ စကြားဖူးတာ။ ဆန်ခေါက်ဆွဲအပြားထဲမှာ ပဲပင်ပေါက် ပဲပြား တို့နဲ့ အခြား ဟင်းသီးဟင်းရွက် စသဖြင့် ကိုယ်ကြိုက်တဲ့ အစာပလာတွေထည့်ပြီး လိပ်ထားတာပါ။ တော်တော် အရသာရှိပါတယ်။ ဘယ်ဖက်အပေါ်နားက ပဲကပ်ကြော်သုပ်ပါ။ အနီးကပ် ဓါတ်ပုံရိုက်ဖို့ အချိန်မရလိုက်ခင် ပြောင်သွားပါတယ်။

ဒါက မြေပဲထိုဖူးသုပ်။ နောက်ပိုင်းမှ ခေတ်စားလာတဲ့ ရှမ်းအစားအစာ တစ်မျိုးပါ။ အရင်က ဆန်တိုဖူး၊ ပဲတိုဖူး ဆိုပြီးသာ ရှိပေမယ့် ခုနောက်ပိုင်း မြေပဲကိုကြိတ်ပြီး ကောက်ညှင်းမှုန့်နဲ့ ကျိုတဲ့အခါ မြေပဲတိုဖူး ဆိုပြီး စားစရာ တစ်မျိုး တိုးလာပါတယ်။ မြေပဲထိုဖူးနွေးလည်း အရမ်းစားလို့ကောင်းတယ်။ သဉ္ဖာတော့ ကုလားပဲနဲ့ ကျိုတဲ့ ထိုဖူးနွေးထက် မြေပဲထိုဖူးနွေးကို ပိုကြိုက်တယ်။


နောက်တစ်မျိုးကတော့ အလွန်အင်မတန် ရွှေဉာဏ်တော် စူးရောက်တဲ့သူတွေ တီထွင်ထားတဲ့ ကြက်ဥကင် ပါ။ တရုတ်ပြည်က စထွင်သလား၊ ယိုးဒယားက လား အသေအချာ မသိပေမယ့် အခု မြန်မာပြည်တစ်ဝှမ်းမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေပါတယ်။ မြန်မာပြည် မပြန်ဖြစ်တာ ကြာတဲ့သူတွေအတွက်တော့ အထူးအဆန်း ဖြစ်နေမှာပါ။ ဘယ်လိုလုပ်သလဲ မေးကြည့်တော့ ကြက်ဥကို အပေါက်သေးသေးဖောက်ပြီး ဆေးထိုးအပ်နဲ့ အထဲက အကာနဲ့ အနှစ်ကို စုပ်ထုတ်ပါတယ်။ ပြီးရင် ဇလုံကြီးတစ်ခုထဲမှာ နာနာခေါက်ပြီး ကြက်ဥထဲကို ဆေးထိုးအပ်နဲ့ ပြန်သွင်းတယ်တဲ့။ ပြီးတော့ အဲဒီကြက်ဥကို ပြုတ်ပြီးမှ အခွံခွါ၊ ပြီးတော့ ပြန်ကင်တာပါ။ အဲတာကို ပဲပုပ် အမှုန့်နဲ့ တို့စားတာ အရမ်းအရသာ ရှိပါတယ်။ ရန်ကုန်မှာဆို ငရုတ်သီးဆော့စ်ဘဲ ပေးတယ်။ အပေါ်က ပန်းကန်ထဲက ကြက်ဥကင် ခြောက်လုံးစာပါ။ (ထိပ်မှာ အပေါက်သေးသေးလေးတွေနဲ့ ကြက်ဥတွေရဲ့ပုံကို မနိုင်းနိုင်းစနေ တောင်တန်းတွေကြားမှ ကျိုင်းတုံ ဆိုတဲ့ ပို့စ်မှာ တစ်ခါ တင်ဖူးပါတယ်။ ပုံကို ဒီမှာ ကြည့်လို့ရပါတယ်။)

(အရှည်ကြီးတင်ရင် ဖတ်ရတာ ပျင်းနေမှာစိုးလို့ ကျန်တဲ့တစ်ဝက် နောက်နေ့မှ ဆက်ရေးပါမယ်။ ဒီတစ်ဆိုင်တည်းကို ပို့စ်၂ပို့စ်ရအောင် ခွဲတင်လိုက်ဦးမယ်။)

8 comments:

Handsome Geek said...

ကြက်ဥကင် စားချင်တယ်။ မစားဘူးဘူး :P
ဝယ်လာခဲ့တာ မဟုတ်ဝူး :P

သဉ်ဇာ - Thinzar said...

HandsomeGeek>> aiya.. ကြက်ဥကို ဘယ်လိုသယ်လာမလဲ။ customs က ရစ်နေဦးမယ် :-P

MrDBA said...

FB acc မသိတော့ မကြည့်ရသေးဘူး။

T T Sweet said...

ရှမ်းစာဆိုလို့ မနေ့ကပဲ အိမ်အောက်ထပ်က ဟင်းထုတ်ဆိုလာပေးလို့ စားလိုက်ရသေးတယ်။ တစ်ခါမှ မစားဖူးပေမဲ့ တော်တော်ကြိုက်သွားတယ်။ ရှမ်းစာတော်တော်များများကို ကြိုက်ပါတယ်။ အပေါ်က စလုံးက ကော်ပြန့်စိမ်းနဲ့ ပုံစံတူတယ်နော်။ ကြက်ဥကင်ကလဲ ကြံကြံဖန်ဖန်နော်။

သဉ်ဇာ - Thinzar said...

ကိုဒီဘီ>> ဟီး.. မကြည့်ရသေးတော့ အသစ်ပေါ့.. :)

TTSweet>> ဟင်းထုပ်ကို တစ်ချို့က မစားတတ်ကြဘူး။ ခေါက်ဆွဲအွန်အထဲက အစာက ကော်ပြန့်စိမ်းနဲ့ ဆင်တယ် အစ်မ.. အပြင်က အခွံဘဲ မတူတာ။ ကြက်ဥကင်ကတော့ တကယ် ကြံကြံဖန်ဖန်။ စဉ်းစားမိတဲ့သူကို ချီးကျူးတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ရှမ်းအစားအစာ တော်တော်များများက လူတိုင်းကြိုက်ကြတာ များတယ်နော်။
အပေါ်ဆုံးက ဓာတ်ပုံရိုက်ထားတဲ့ ဆန်ပြားလိပ်(ခေါက်ဆွဲအွန်)က လှမှလှဘဲ ချစ်စရာတောင် ကောင်းသေးတော့တယ်
မစားဘဲ အလှကြည့်ထားဖို့ ကောင်းတယ်
တောင်ကြီးမြို့ကို အကြိုက်ဆုံးမြို့ထဲမှာ ထိပ်ဆုံးကပါတယ်
အစားအသောက်ပေါတာတစ်ကြောင်း
မြို့က သာယာတာ တစ်ကြောင်းပေါ့နော်။

Aung said...

အမ..ရှမ်းခေါက်ဆွဲလုပ်စားချင်လို့..နည်းလေးပေးပါဦး

သဉ်ဇာ - Thinzar said...

မချော>> ဟုတ်တယ်နော်။ ခေါက်ဆွဲအွန်က တော်တော်လှတယ်။ :)

Aung>> ရှမ်းခေါက်ဆွဲတော့ သေချာမလုပ်တတ်ဘူး။
တစ်ခြားသူတွေ ရေးထားတဲ့ receipe လေးတွေ ဖတ်ကြည့်လိုက်ပါနော်။ တစ်ယောက်နဲ့ တစ်ယောက် ချက်နည်းလေးတွေတော့ နည်းနည်းကွဲတယ်။

http://smokenspice.blogspot.com/2009/02/blog-post_28.html
http://eainshinma.eainmathlaing.com/?p=436
http://zh-cn.facebook.com/note.php?note_id=122583844423346

Post a Comment

Please feel free to use any font to comment :)