Taunggyi Trip 2010 - 4

အပိုင်း၄ - တောင်ကြီးအစားအသောက်

ဒီပို့စ်က Taunggyi Trip 2010 - 3 မှာရေးခဲ့တဲ့ ဆိုင်ရဲ့ အဆက်ပါ။



ဘယ်တော့မှ မရိုးနိုင်တဲ့ ရှမ်းအစားအစာ နောက်တစ်မျိုးကတော့ ချဉ်ငံစပ် ပါ။ ဆန်ခေါက်ဆွဲကို မုန်ညှင်းချဉ်၊ ရှလကာရည်၊ ပဲပုတ်အနှစ်၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူ/ငရုတ်သီးဆီချက် တို့နဲ့ စားတဲ့ ရှမ်းအစားအစာပါ။ ငယ်ငယ်တုန်းကဆို အမေ မြို့မဈေးသွားမယ်ဆိုရင် အရမ်းလိုက်ချင်တာ။ ဈေးထဲက ထောင့်လေး တစ်နေရာမှာရောင်းတဲ့ ချဉ်ငံစပ်စားချင်လို့။ :-D


တောင်ကြီးကို လွမ်းရတဲ့ထဲမှာ ကောက်ညှင်းထုပ် က ထိပ်ဆုံးနားက ပါပါတယ်။ ခုလောလောဆယ်တော့ ကောက်ညှင်းမီးကင်၊ ကောက်ညှင်းငှက်ပျော၊ ကောက်ညှင်းပူတင်း တွေကို ၁ဝထုပ်လောက်ဝယ်ပြီး ထမင်းလွတ်စားလိုက်ချင်တယ်။

ကိုယ်ကြိုက်တဲ့ ရှမ်းအစားအသောက်တွေကို တစ်နေရာထဲမှာ ရနိုင်တဲ့အတွက် တောင်ကြီး ပြန်တိုင်း အဲဆိုင်မှာ အမြဲသွားစားဖြစ်ပါတယ်။ မနက် ၁၁ ဝန်းကျင်လောက် သွားစားရင် အဆင်အပြေဆုံးပါဘဲ။ ညနေဆို တစ်ချို့ အစားအသောက်တွေ ကုန်သွားတာ များပါတယ်။ တော်တော်ရောင်းကောင်းတဲ့ဆိုင်ပါ။

တောင်ကြီးမပြန်တာကြာလို့ ဈေးနှုန်းလေးတွေသိချင်မယ့် သူတွေအတွက် မှတ်မိသလောက် ရေးပေးလိုက်ပါမယ်။

ကြက်ဥကင် (၁လုံး) - ၂၀ဝ ကျပ်
ကောက်ညှင်းထုပ်၊ ငှက်ပျောထုပ်၊ ကောက်ညှင်းပူတင်း (၁ထုပ်) - ၁၀ဝ ကျပ်
ခေါက်ဆွဲအွန်၊ ချဉ်ငံစပ်၊ သင်္ဘောသီးထောင်း၊ မြေပဲတိုဖူး၊ ပဲကပ်ကြော်သုပ် (၁ပွဲ) - ၃၀ဝ ကျပ်
ဒိန်ချဉ် (၁ခွက်) - ၄၀ဝ ကျပ်

တောင်ကြီးရောက်ရင် ဖြစ်အောင် သွားစားသင့်တဲ့ ဆိုင်တစ်ဆိုင်ပါ။ (ဆိုင်ရှင်အဒေါ်ကြီး နောက်ဆို သဉ္ဖာ့ကို အလကား ကျွေးသင့်တယ်။ :D)

အစားအသောက်ကို ဓါတ်ပုံရိုက်တာ ဘလော့ဂ်ဂါတွေဘဲ နားလည်ပေးနိုင်ပေမယ့် တစ်ခြားသူတွေကတော့ တော်တော် ကြောင်စီစီနိုင်တဲ့ အလုပ်လို့ မြင်ပါတယ်။ သူတို့တွေခမျာ ဗိုက်ဆာနေတဲ့အထဲ သဉ္ဖာ ဓါတ်ပုံရိုက်တာကို အရင်စောင့်ရတဲ့အတွက် တော်တော် အမြင်ကပ်နေလောက်တယ်။ ပြောချင်တာပြော ဆိုပြီး ရိုက်ခဲ့တော့လည်း ဘလော့ဂ်ပို့စ်၂ခု ဖြစ်သွားတယ်ပေါ့ကွယ်။

6 comments:

ZT said...

တောင်ကြီးမှာ အစားအသောက် အတော် ပေါတယ် ထင်ရတယ်နော်။ :)

khin oo may said...

သွားစားချင်သည်.

TZA said...

ဟားဟား.. မစားခင်အရင်ရိုက်ရတာကတော့ အကျင့်တောင်ဖြစ်နေပြီ.. ကိုယ်ချင်းစာပါတယ်သဉ္စာ..

Shinlay said...

ငယ်ငယ်က တောင်ကြီး မြို ့မရုပ်ရှင်ရုံအောက်မှာနေတဲ့
အဒေါ်မိသားစုဆီမှာ သွားနေဖူးတယ်။
တောင်ကြီးကိုရောက်ရောက်ချင်းညမှာပဲ အေးပြီ နှာခေါင်း
သွေးလျှံတာသတိရသေးတယ်။ အဲ့ဒီတုန်းက အချိန်လေးတွေ သတိရတယ်။ မရောက်တာ ကြာခဲ့ပါပြီ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောက်ညင်းမီးကင် မစားဖူးသေးဘူး
ကိုယ်ဘယ်နား အိပ်ပျော်နေပါလိမ့်
ရောက်ဖြစ်ရင် သွားရှာစားဦးမှ
ကောက်ညင်းကိုလဲ တအားကြိုက်တယ်

သဉ်ဇာ - Thinzar said...

ကိုဇက်တီ>> ထင်ရတာဘဲ မဟုတ်ဘူးလေ။ တကယ်ပေါတာ။

မခင်ဦးမေ>> သွားစားပါ အစ်မ :)

ကိုTZA>> ဘလော့ဂ်ဂါတွေ ဝိုင်းပြီး အစားစားကြရင် စားတဲ့ဆီတောင် ရောက်မလား စိုးရိမ်မိတယ်။

မShinlay>> ဟုတ်တယ်။ ငယ်ငယ်တုန်းကဆို အရမ်းအေးတဲ့အချိန် နှာခေါင်းသွေး လျှံတတ်တယ်။ မြို့မရုပ်ရှင်ရုံအနားတစ်ဝိုက်တောင် တော်တော့်ကို ပြောင်းလဲသွားပြီ အစ်မ..

မချော>> ဟီး.. အစ်မရှာစားစရာ တစ်ခု တိုးသွားတာပေါ့။ ကောက်ညှင်းမီးကင်က ဈေးထဲမှာတွေလည်း ရတတ်ပါတယ်။

Post a Comment

Please feel free to use any font to comment :)