Showing posts with label recipe. Show all posts
Showing posts with label recipe. Show all posts


Cream Puff with Custard filling

Pastry တွေထဲမှာ Cream Puff နဲ့ Croissant ကို တစ်အားကြိုက်တယ်။ Cream Puff ကို ချောကလက် topping ထည့်လိုက်ရင် အီကလဲဖြစ်သွားရော။ အများအားဖြင့် အီကလဲက ရှည်မြောမြောပုံစံ။ တစ်နေ့ မEvy ဘလော့ဂ်မှာ ဖတ်မိတော့မှ လုပ်ရတာ လွယ်တဲ့ပုံပေါက်တာနဲ့ လိုက်လုပ်ကြည့်တာ။ Cream puff လုပ်နည်းကို မEvy နဲ့ မအိချော ဘလော့ဂ်၂ခုကနေ မှီငြမ်းတယ်။ ပြီးတော့ youtube ထဲကနေ ဒီvideo နဲ့ ဒီvideo တွေမှာ လုပ်နည်းကြည့်တယ်။ ဒီတစ်ခေါက် တတိယအကြိမ်မြောက်လုပ်မှ နည်းနည်းလှတပတထွက်လာလို့ လုပ်နည်း ပြန်ရှဲလိုက်ပါတယ်။ 
Cream Puff with Custard Filling

INGREDIENTS
Cream Puff (~16 pieces)
ဂျုံ − ၇၅ ဂရမ်
ကြက်ဥ − ၂လုံး
ထောပါတ် − ၄၅ ဂရမ်
ရေ − ၁၂၅ မီလီလီတာ (ml)
သကြား − 1tbsp (ထမင်းစားဇွန်းတစ်ဇွန်း)
ဆား − အနည်းငယ်

Custard Filling 
Custard Powder − 1tbsp (ထမင်းစားဇွန်း)
Corn Starch - 1tbsp (ထမင်းစားဇွန်း)
ဗနီလာနံ့ − ၂စက်
ကြက်ဥ − ၁လုံး
သကြား − 1.5tbsp
နွားနို့ − 250ml
Ingredients တွေ 
Cream Puff အခွံလုပ်နည်း 
၀။ oven ကို ကြိုဖွင့်ထားပါ။
၁။ ဂျုံကို ဇကာချပြီး ဆား+သကြား တို့နဲ့ ရောမွှေထားပါ။ 
၂။ မီးဖိုပေါ်မှာ ရေ ၁၂၅ml ကို တည်ပါ။ နည်းနည်းနွေးလာပြီဆိုရင် ထောပါတ်ကို ထည့်ပါ။ ရေဆူပြီး ထောပါတ် အကုန်ပျော်သွားတဲ့ထိ စောင့်ပါ။ [ပုံနံပါတ် ၁]
၃။ မီးဖိုပေါ်က ခဏချလိုက်ပြီး နံပါတ်၁ မှာရောထားတဲ့ ဂျုံအရောကို ထည့်ပြီး သမအောင်မွှေပါ။ [ပုံနံပါတ် ၂]
၄။ ပြီးရင် မီးဖိုပေါ်ပြန်တင်ပြီး​ မျက်နှာပြင်ချောလာတဲ့အထိ မွှေပေးပါ။ မကပ်အောင် သစ်သားဇွန်းနဲ့မွှေရင် ပိုကောင်းပါတယ်။ (သုံးမိနစ်ခန့်) 
၅။ မီးဖိုပေါ်ကချပြီး ခဏ အအေးခံထားပါ။ [ပုံနံပါတ်၃ထဲက ပုံမျိုး ရပါမယ်။]
၆။ ကြက်ဥ ၂လုံးကို ခလောက်ပြီး ခုနက ဂျုံအရောထဲကို ထည့်မွှေပါ။ သုံးခါလောက်ခွဲထည့်ပါ။ မွှေစက်နဲ့ မွှေမွှေ လက်နဲ့ ဒီတိုင်း မွှေမွှေ ရပါတယ်။ [ပုံနံပါတ် ၄]
၇။ ပြီးရင် piping bag  နဲ့ ဗန်းထဲစီထည့်လို့ရပါပြီ။ ဒီ recipe နဲ့ဆို သဉ္ဇာ့ oven ဗန်း တစ်ဗန်းစာ ကွက်တိဘဲ ၁၆−၂၀ခုလောက် ရတယ်။ (ဗန်းပေါ်မှာ baking paper အရင်ခံပါ။) piping bag မရှိရင် ဒီတိုင် ဇွန်းနဲ့ထည့်ပြီး ပုံဖော်လည်းရတယ်။
၈။ ၁၉၀'C မှာ ၁၀မိနစ်၊ ၁၇၀'C မှာ မိနစ်၃၀လောက်ဖုတ်ပါ။ 

ပြီးတာနဲ့ သူ့ဘာသူ ပွတက်လာပြီး အလယ်မှာ အခေါင်းပေါက်လေး ဖြစ်သွားတယ်။

အထဲထည့်မယ့် Custard Filling

၁။ နွားနို့ + Custard powder + Corn Starch + ကြက်ဥ + သကြား တို့ကို သမအောင် ရောမွှေထားပါ။ 
၂။ ပြီးရင် မီးဖိုပေါ်တင်ပြီး ပျစ်လာတဲ့အထိ မွှေပေးပါ။ ပျစ်လာတဲ့အခါ ဗနီလာနံ့ ၂စက်ကိုထည့်မွှေပြီး မီးဖိုပေါ်ကချ အအေးခံထားပါ။ 

စောနက လုပ်ထားတဲ့ cream puff အခွံကို အလယ်နားကနေ ဖြတ်ပြီး piping bag နဲ့ custard filling ကိုထည့်လိုက်ရင် cream puff ရပါပြီ။ piping bag မရှိလည်း နည်းနည်းကျယ်ကျယ်ဖြတ်ပြီး ဇွန်းနဲ့ထည့်လို့ ရပါတယ်။ :) 

~ Happy Sweet December! ~


Mom's easy and tasty recipes

ဒီတစ်ခေါက် တောင်ကြီးပြန်တုန်း အမေချက်တဲ့ စားလို့လည်းကောင်း၊ လွယ်လည်းလွယ်တဲ့ဟင်းလေးတွေ မှတ်လာတာ။ ပြန်တော့မချက်ကြည့်ရသေးဘူး။ အမေချက်တုန်း ဘေးကနေ စာရွက်နဲ့ လိုက်မှတ်ထားတာ၊ အဲလိုမှမဟုတ်ရင် မေ့ရော။ ကြက်သားကတော့ ဘယ်လိုချက်ချက် မှန်းချက်လို့ရတော့ အချိုးအစား အတိအကျတော့ မမှတ်ထားဘူး။ =) အဆင်ပြေသလိုသာ ကြည့်ချက်လိုက်တာဘဲ။

ကြက်သားအုန်းနို့ချက်
(နာမည်က ကြက်သားအုန်းနို့ချက်ဆိုပေမယ့် အုန်းနို့နေရာမှာ နို့စိမ်းကို အစားထိုးချက်ထားတာ။ စားလို့တော်တော်ကောင်းတယ်။) 

၁။ ကြက်ရင်ပုံသားကို အတုံးလေးတွေလှီးပြီး ဆား+ဂျင်း၊ကြက်သွန်ဖြူထောင်းထားတာ နဲ့နယ်ထား။
၁။ ဆီပူလာရင် ကြက်သားထည့်ကြော်၊ ကြက်သွန်နီကြော်ထားနည်းနည်းထည့်ကြော်၊  ရေခြောက်လာရင်ထုတ်ထား။ 

၂။ နို့စိမ်း+ရေ ပွက်လာရင် စပါးလင်ထုထည့်၊ ရှောက်ရွက်သုံးရွက်လောက်ထည့်၊ ငရုတ်သီးစိမ်းထုထည့်၊ ငံပြာရည်နည်းနည်းထည့်။
၃။ ပြီးရင် စောနက ထုတ်ထားတဲ့ ကြက်သားထည့်၊ ခဏလေးပွက်လာပြီးရင် ချလို့ရပြီ။ 
 

ကြက်စင်ကာပူကြော်
(စင်ကာပူမှာ အဲလိုဟင်းမျိုး ရှာလို့ရမရမသိပေမယ့် တောင်ကြီးမှာတော့ အဲလိုခေါ်ကြတာဘဲ။ :D)

၁။ Cashew Nuts (သီဟိုဠ်စေ့) ကို ဆီအေးအေးနဲ့ကြော်၊ ဝါလာရင် ထုတ်ထား။ [ဆီပူမှထည့်ရင် တူးသွားတတ်တယ်။]
၂။ ကြက်ရင်ပုံသားကို အလွှာလေးဖြစ်အောင် ဘေးတစ်စောင်း ပါးပါးလှီး
၃။ ကြက်သားကို ခရုဆီ+ပဲငံပြာရည် နည်းနည်းနဲ့ ခြောက်အောင်ကြော်ပြီးထုတ်ထား
၄။ ငရုတ်သီးစိမ်း+ကြက်သွန်ဖြူ တောက်တောက်စဉ်းထားတာကိုကြော်၊ မွှေးလာရင် နံနံပင် စဉ်းထားတာကိုထည့်
၅။ ခုနက ကြက်သားကြော်ထားတာကိုထည့်
၆။ chili sauce တစ်ဇွန်း၊ tomato sauce တစ်ဇွန်း၊ thai sweet chili sauce တစ်ဇွန်း (ထမင်းစားဇွန်း) စီထည့်။ ပွက်လာရင်ထုတ်လို့ရြပီ။ 

၇။ သီဟိုဠ်စေ့ကြော်ထားတာကို စားခါနီးမှထည့်မွှေ။


Rakhine fish noodle soup (ရခိုင်မုန့်တီ)

ဒီနေ့မနက်ထတော့ ဘာစားရင်ကောင်းမလဲ ဆိုပြီး လှန်လှောရှာရင်း ငါးဝယ်ထားတာတွေ့တာနဲ့ ရခိုင်မုန့်တီ ချက်စားမယ် စိတ်ကူးမိတယ်။ အရင်တစ်လလောက်က မြန်မာဆိုင်ဘက်ရောက်တုန်း မုန့်တီခြောက်ဝယ်ထားတာ ရှိနေတော့ အတော်ဘဲဖြစ်သွားတယ်။ ရခိုင်မုန့်တီ မချက်ဖြစ်တာ ၁နှစ်လောက်ရှိပြီထင်တယ်။ ဒီချက်နည်းကိုလည်း အရင်တစ်ခေါက် ပုစွန်ရခိုင်ချက် လိုဘဲ ရခိုင်က အစ်မကြီးတွေနား သင်ထားတာ။ ချက်ထားပြီး ၂ရက်လောက် ဒါချည်းထိုင်စားမှာဆိုတော့ လေးယောက်စာ လောက်ရှိမှာပေါ့။ :D 

လိုအပ်သော အဆာများ (လေးယောက်စာ) 
ငါး ၂ကောင် (ကြီးရင် တစ်ကောင်ဆိုလောက်ပါတယ်။) 
ငရုတ်သီးစိမ်း ၁၀ တောင့် 
ကြက်သွန်ဖြူ ၂လုံး 
ငရုတ်ကောင်းစေ့ အနည်းငယ် 
မုန့်တီခြောက် အထုပ်တစ်ဝက် 
သံပုရာသီး(သို့)မန်ကျည်းမှည့် ၊ နံနံပင်
ပြင်ဆင်ခြင်း 
၁။ ငါးကိုအကြေးခွံခွါပြီး အညှီနံ့ပျောက်အောင် ဆားနဲ့ပွတ်ဆေးတယ်။ (ဆားများများနဲ့ပွတ်ဆေးလိုက်တာနဲ့ အညှီနံ့တော်တော်ကို ပျောက်သွားတာ။ ငါးရိုးတွေနဲ့ ထိုးမိပြီး  လက်တော့ ခဏခဏရှတယ်။ :D) ပြီးရင်ရေနည်းနည်းနဲ့ ငါးမိနစ်လောက်ပြုတ်။ ညှီမှာစိုးလို့ စပါးလင်နည်းနည်းထည့်ပြုတ်လိုက်တယ်။ အအေးခံပြီး အသားနွှင်ထားပါ။ ငါးပြုတ်ရေရဲ့အနံ့ကို မကြိုက်လို့ ပြန်မသုံးတော့ဘူး
၂။ ငရုတ်သီးစိမ်းကိုပြုတ်ပြီး  ညက်အောင်ထောင်းထားပါ။ 
၃။ ကြက်သွန်ဖြူတစ်လုံးကို ညက်အောင်ထောင်းပြီး ကျန်တစ်လုံးကို ဆီချက်ချက်ဖို့စဉ်းထားပါ။ 
၄။ ငရုတ်ကောင်းအမှုန့်ထက် ငရုတ်ကောင်းစေ့ထောင်းထည့်ရင် ပိုမွှေးတဲ့အတွက် ငရုတ်ကောင်းစေ့ ထမင်းစားဇွန်းတစ်ဝက်ခန့်ကို ညက်အောင်ထောင်းထားပါ။ 
၅။ မန်ကျည်းမှည့်ရှိလျှင် ရေဖျော်ထားပါ။ မရှိလျှင် သံပုရာသီး စိတ်ထားပါ။ 

ချက်ပြုတ်ြခင်း 
ငါးအနှစ်သပ်သပ် ဟင်းရည်သပ်သပ် ချက်ပါမယ်။ သပ်သပ်ချက်ရြခင်း အကြောင်းရင်းက အစပ်သိပ်မစားနိုင်တဲ့သူတွေ အနှစ်လျှော့ထည့်၊ စားနိုင်တဲ့သူ အစပ်ပိုထည့်လို့လည်းရတယ်။ အရည်မစားချင်တဲ့သူအတွက် အနှစ်ရယ် ကြက်သွန်ဆီချက်လေးရယ်နဲ့ အသုပ်လုပ်စားလည်း အဆင်ပြေအောင်ပေါ့။ ခုနက ပြင်ဆင်ထားတဲ့ အဆာပလာတွေကို အောက်ကလို ၂ပုံခွဲလိုက်တယ်။ ဘယ်ဘက်က ဟင်းရည်အတွက်၊ ညာဘက်က အနှစ်အတွက်။
ဟင်းရည် 
ရေနွေးဆူလာရင် နွှင်ထားတဲ့ ငါးတစ်ဝက်ရယ်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူတစ်ဝက်ရယ်၊ ငရုတ်ကောင်း၊ ဆား၊ ဟင်းချိုမှုန့်၊ ငံပြာရည်အနည်းငယ် တို့ကို သင့်တော်သလို ထည့်ပြီး ဆူအောင်ထပ်တည်ပါ။ 

ငရုတ်သီးအနှစ်
ဒယ်အိုးထဲကို ရေနည်းနည်းထည့်ပြီး ပူလာရင် အခုနက ဖယ်ထားတဲ့ ငါးတစ်ဝက်ရယ်၊ ကြက်သွန်ဖြူရယ်၊ ထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းချိုမှုန့်တို့ထည့်ပြီး မီးအေးအေးနဲ့ ပွက်အောင်တည်ပါ။ 
ရခိုင်မုန့်တီနဲ့ တွဲစားဖို့အတွက် ကြက်သွန်ဖြူ ဆီချက် ချက်၊ မကျည်းသီးမှည့်အနည်းငယ်ကို ရေနွေးနဲ့ ဖျော်ထား (မရှိရင်တော့ သံပုရာသီးပေါ့)။ မုန့်ဖတ်၊ ဟင်းရည်၊ ငါးအနှစ်လိုသလိုထည့်၊ ကြက်သွန်ဖြူဆီချက်၊ မန်ကျည်းသီးအရည် အနည်းငယ်၊ နံနံပင်၊ ငါးဖယ်ဆုပ် ရှိလျှင်ထည့်။ ရောသမမွှေလိုက်ရင် အရသာရှိသော ရခိုင်မုန့်တီကို ရပါပြီ။ (ဒီနေ့တော့ အရသာ သိပ်မရှိဘူး။ :D ငါးဖယ်နဲ့ အကြော်မပါလို့။ မလေးရှားမှာ ငါးဖယ်ငါးမရတော့ ပင်လယ်ငါးတစ်မျိုးဖြစ်တဲ့ Ikan Tenggiri နဲ့လုပ်စားရတယ်။ ငါးဖယ်လောက် မစေးပေမယ့် စားလို့တော့ ကောင်းတယ်။) လွယ်တာတော့ တော်တော်လွယ်တယ်။ ချက်နည်းတွေတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ တစ်ချို့တွေက ပဒဲကောတို့ဘာတို့ ထည့်တယ်ဆိုလား။ ဒီနည်းကို သဘောကျတာက ငါးရုတ်သီးအနှစ်ကို သပ်သပ်ချက်လို့။ စားချင်လို့သာ ချက်စားရတာ။ ခုတလော ရာသီဥတုက တော်တော်ပူနေတယ်။ တောင်ကြီးလို အေးတဲ့နေရာမှာ ညနေစာ ရခိုင်မုန့်တီစားရတဲ့အရသာကို လွမ်းမိပါသေးတယ်။ 
ပွဲပြင်ထားတဲ့ပုံမတင်ပါလားဆိုပြီး comment မှာမေးသွားလို့ နောက်တစ်ခေါက်ချက်စားတဲ့အခါ သေချာဓါတ်ပုံရိုက်ပြီး တင်လိုက်တာ :)


Marina nugget, Sakura chicken and salad

ရောက်တတ်ရာရာ စားစရာ သောက်စရာလေးတွေအကြောင်း ရေးရဦးမယ်။ ခေါင်းစဉ်သာ ရောတပ်လိုက်တာ၊ အဲသုံးခုလုံးက စားစရာဖြစ်ပေမယ့် ဘာမှ မဆိုင်ကြပါဘူး။ :D

၁။ Marina Cheddar Cheese Chicken Nugget
တစ်နေ့ ရုံးမှာ ပိတ်ရက်ဘာချက်စားကြသလဲဆိုတဲ့ အကြောင်းပြောကြရင်း nugget အကြောင်းရောက်သွားရော။ ပုံမှန်ဆို chicken nugget တွေ စားရတာ ဖော့တုံးကြီးဝါးနေရသလိုဘဲ သိပ်မကြိုက်ဘူးလို့ပြောတော့ colleague တစ်ယောက်က Marina တံဆိပ်နဲ့ဟာ ဝယ်စားကြည့်ပါလားတဲ့။ သူဆို ရုံးပိတ်ရက်တွေမှာ nugget ချည်းကြော်ပြီး ထိုင်စားတယ်ဆိုလို့ ဝယ်စားကြည့်တာ။ တော်တော့်ကို အရသာရှိတယ်။ ခုတော့ ရုံးပိတ်ရက်တွေမှာ ဟင်းချက်ပျင်းရင် nugget လေးကြော် ကြက်ဥဟင်းရည်ချက် ခရမ်းချဉ်သီးလေးသုပ်လိုက်ရင် ထမင်းတစ်နပ် ကောင်းကောင်း စားဖြစ်ရော။

၂။ Sakura Chicken
Sakura Chicken ကို supermarket မှာ တွေ့တွေ့နေပေမယ့် စျေးက ပုံမှန် ကြက်သားတွေရဲ့ ၂ဆလောက်ပေးရတော့ ဘယ်လောက်စားကောင်းမှာမို့လဲ ဆိုပြီး မဝယ်စားဖြစ်တာ။ မလေးရှားက စီပီကြက်တွေလည်း အရသာမရှိလွန်းလို့ တော်ရုံ ကြက်သားဆို အာရုံမလာတော့ဘူး။ ဒါပေမယ့် ရုံးက ဘော့စ်က တစ်အားစားကောင်းတယ်ဆိုပြီး ခဏခဏပြောလွန်းလို့ စမ်းြပီး ဝယ်စားဖြစ်တာ။ ဂျပန်နည်းပညာနဲ့ မလေးရှားမှာ မွေးမြူတဲ့ကြက်တစ်မျိုးတဲ့.. တစ်ခြားစီပီကြက်တွေလို ဟော်မုန်းတွေမထိုးဘူး၊ စီပီကြက်က ၄၅ရက် သူတို့က ရက် ၆၀ မွေးတယ်ပေါ့။ ကြက်တွေကို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ ခြံကျယ်ကျယ်နဲ့ မွေးပြီး Live probiotics (ဒိန်ချဥ်လို ဘက်တီးရီးယားမွေးပြီးပွားတာမျိုးလားမသိ) ကျွေးတယ်ဆိုလား ပြောတာဘဲ။ Happy chicken ဖြစ်အောင်ထားပြီးမှ ရောင်းတဲ့သဘောပေါ့။ kampung chicken(တောကအိမ်မွေးကြက်) တွေက အဆီနည်းပေမယ့် သူ့အသားတွေက အရသာ မရှိဘူး။ ဒီ Sakura chicken ကြတော့ ပုံမှန်ကြက်တွေနဲ့စာရင် အဆီမရှိသလောက်နည်းပြီး အသားကလည်း တော်တော်နုတယ်။ ရင်အုပ်သားကလည်း အခြား စီပီကြက်တွေလို ခြောက်ခြောက်ကြီးဖြစ်မနေဘဲ နူးနူးအိအိနဲ့ စားကောင်းတယ်။ စျေးပိုပေးရပေမယ့် ပေးရတဲ့စျေးနဲ့ စားရတဲ့အရသာ တန်ပါတယ်။ Isetan မှာ အကောင်လိုက် တစ်ကောင်ကို RM20 နဲ့ရောင်းပေမယ့် Jusco မှာ အကောင်တစ်ဝက်ဆီ ခုတ်ပြီးသားကို ၁၀နဲ့ရောင်းတော့ အဆင်ပြေတယ်။ (ကီလိုဝက်နီးနီးတော့ ရှိမယ်ထင်တယ်။) ရုံးပိတ်ရက်လောက်ဘဲ ဟင်းချက်စားတာဆိုတော့ အကောင်တစ်ဝက်ဆို ၂ရက်စာလောက်တယ်။ ဒီနေ့တော့ ပြုတ်ကြော်လေး လုပ်ထားတယ်။ ချဉ်စော်ကားသီးခြောက်နဲ့ ကြော်ထားတာ ;-) (ချဉ်စော်ကားသီး ဘာလဲဆိုတာ မသိရင် အစိမ်းရောင်လွင်ပြင်မချောရဲ့ပိုစ့် မှာ ဖတ်နိုင်ပါတယ်။) အသီးလိုက်ရရင် ပိုစားကောင်းမှာ အခြောက်က အဲလောက်မချဉ်သလို မွှေးလည်း မမွှေးဘူး။ 
ချဉ်စော်ကားသီးခြောက်နဲ့ ကြက်သားကြော်
၃။ Salad
ထမင်းမစားချင်တဲ့ရက်တွေဆို salad ဘဲ အလွယ် သုပ်စားလိုက်တယ်။ သူငယ်ချင်းတစ်ယောက် အိမ်သွားတော့ သူသုပ်စားတဲ့ပုံ သဘောကျတာနဲ့ အဲအတိုင်း လိုက်လုပ်စားဖြစ်တယ်။ တူနာ(chunks tuna in sunflower oil သို့မဟုတ် tuna in water)၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ ရှလကာရည်အနက်၊ ပဲငံပြာရည်အကြည်၊ သံပုရာသီး၊ ဆား၊ နှမ်းဆီအနည်းငယ်တို့ကို သင့်တော်သလိုထည့်ပြီး နယ်လိုက်ရင် တော်တော် အရသာရှိတာ။ သံပုရာသီးရော ရှလကာရည်ကော ထည့်ရတဲ့ အကြောင်းရင်းက အချဉ်တစ်အားကြိုက်လို့၊ ပြီးတော့ သံပုရာသီးရဲ့ အနံ့နဲ့ ရှလကာရည်ရဲ့ အရသာကို ကြိုက်တာ။ ကြားတာနဲ့ သွားကျိန်းနေဦးမယ်။ :D

သမုဒ္ဒရာဝမ်းတစ်ထွာကို ဖြည့်ရတာလည်း တော်တော်ပင်ပန်းတဲ့အလုပ်.. ရုံးပိတ်ရက် အိမ်မှာထိုင်နေရင် တစ်နေကုန် တစ်မျိုးပြီး တစ်မျိုး စားချင်ပြန်ရော။ ဒီလိုသာ ရုံးခဏခဏပိတ်ရင်တော့ ဝလာတော့မှာဘဲ..  

P.S thinzaroo.me ဒိုမိန်းပြန်ရသွားပြီ။ ;) အရင်တစ်နှစ်က သူငယ်ချင်းတစ်ယောက် လက်ဆောင်ဝယ်ထားပေးတာ။ အောက်တိုဘာမှာ expire ဖြစ်သွားတော့ renew လုပ်ဖို့ဆို စျေးက တက်သွားရော.. အဲဒါနဲ့ renew လုပ်သင့်မသင့် စဉ်းစားနေတုန်း backorder ဆိုပြီး စျေးက ဒေါ်လာ ၄၀လောက် ဖြစ်သွားပြန်ရော။ အခုမှ နဂိုစျေးအတိုင်းရလို့ ပြန်ဝယ်ထားရတာ.. hee.. ဘာရယ်မဟုတ်.. *.me ဒိုမိန်းလေးကို သဘောကျလို့။


Vegetables with Malar sauce - မာလာဟင်း

တောင်တက်တဲ့ပို့စ်မှာ ရပ်သွားလို့ ဒီဘလော့ဂါ တောင်ပေါ်က ပြန်မဆင်းလာတော့ဘူး ထင်ကြရော့မယ်။ ဒီနေ့ ပျင်းပျင်းရှိတာနဲ့ ဘာစားရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း အိမ်ကယူလာတဲ့ မာလာဟင်းချက်တဲ့ခေါက်ဆွဲဖတ်တွေ တွေ့တယ်။ ကိုယ်တိုင် တစ်ခါမှ မချက်ဖူးတော့ ဘယ်ကနေ စရမလဲ တော်တော်စဉ်းစားယူလိုက်ရတယ်။ မမိုးကောင်းသူနဲ့ မစုဘူးအိမ် တို့ဘလော့ဂ်ဖတ်ကြည့်သေးတယ်။ အသားတွေ၊ ရယ်ဒီမိတ် မာလာအနှစ်တွေထည့်တော့ အိမ်ကချက်တာနဲ့ နည်းမတူနေဘူး။ နောက်ဆုံးတော့ မာလာဟင်းချက်တာ အရမ်းကောင်းတဲ့ ညီမတစ်ယောက် အွန်လိုင်းမှာရှိနေတာနဲ့ သူ့ကိုမေး၊ ပြီးတော့ ရှိတာလေးတွေနဲ့ ပြုတ်ကြော်ချက်နယ်လိုက်တာ မာလာဟင်း ဖြစ်သွားတယ်။ Beginner’s luck လို့ပြောရမလား။ ပထမဆုံးစမ်းချက်တိုင်း စားလို့ကောင်းတာများတယ်။ ဟဲဟဲ.. ဒုတိယအကြိမ်ချက်မှသာ လွဲလွဲသွားတာ။
Ingredients
၁။ အဆာပလာအတွက် - မြေပဲထောင်း၊ နှမ်းထောင်း၊ ငရုတ်သီးမှုန့်၊ ဟွားကျောင်းမှုန့် (Sichuan pepper/flower pepper)၊ ချောက်ကောမှုန့် (Black Cardamom)၊ ခရုဆီ၊ ပဲငံပြာရည်
၂။ မာလာဟင်းထဲထည့်တဲ့ ခေါက်ဆွဲဖတ် ၁မျိုး၊ ၂မျိုး၊ ၃မျိုး ကြိုက်သလောက် နှင့် ကြွက်နားရွက်မှို
၃။ ထည့်ချင်တဲ့ ဟင်းသီးဟင်းရွက် (မုန်ညင်း၊ မုန်လာဥနီ၊ အာလူး၊ ကန်ဇွန်းရွက်၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကိုက်လန်၊ ပဲပင်ပေါက် စသဖြင့်)
Preparation
၁။ ခေါက်ဆွဲဖတ်နဲ့ ကြွက်နားရွက်မှိုကို ပြုတ်ပါ။ အချိန်တော်တော်ယူပါတယ်။ မိနစ်၂၀ကနေ နာရီဝက်လောက် ကြာပါတယ်။
၂။ အသီးအရွက်တွေက အကျက်မညီတဲ့အတွက် တစ်ခုချင်းစီပြုတ်ပါ။ ဆားထည့်ပြုတ်ပါ။ ဒီနေ့တော့ အိမ်မှာ Chinese cabbage နဲ့ မုန်လာဥနီဘဲ ရှိလို့ ရှိတာနဲ့ဘဲ ချက်လိုက်တယ်။

အဆာပလာလုပ်ရန်

၃ယောက်စာလောက်အတွက်ကို ဆီထမင်းစားဇွန်း ၂ဇွန်းလောက်ထည့်ပြီး ဆီအိုးတည်ပါ။ ဆီပူလာလျှင် ဟွားကျောင်းမှုန့် လက်ဖက်ရည်ဇွန်းသေးတစ်ဝက်ထည့်၊ ချောက်ကောမှုန့် နည်းနည်း၊ ငရုတ်သီးမှုန့်ထည့်၊ ခရုဆီထည့်၊ နှမ်းနဲ့ မြေပဲ ထောင်းထားတာထည့်ပြီး ခဏမွှေပြီးရင် ရပါပြီ။
(notes: မာလာဟင်းအတွက် ဟွားကျောင်းမှုန့်က အဓိကပေမယ့် အရမ်းများသွားရင် ဖန်တန်တန် အရသာ ထွက်သွားနိုင်တဲ့အတွက် သတိထားပြီးထည့်ပါ။)

 

နောက်ဆုံးအဆင့်

ခုနက ပြုတ်ထားတဲ့ ခေါက်ဆွဲဖတ်တွေ၊ အသီးအရွက်တွေကို ဇလုံထဲထည့်ပြီး ကြော်ထားတဲ့ အဆာပလာတွေ ထည့်နယ်ပါ။ ပဲငံပြာရည် ထမင်းစားဇွန်း ၂ဇွန်းခန့် ထည့်ပါတယ်။ ဆားလိုသလောက်သာထည့့်ပါ။ ကြက်သားပြုတ်ရည် ရှိတော့ နည်းနည်းလောင်းထည့်လိုက်တယ်။ မရှိရင် ဆီသတ်တုန်း Knorr ကြက်ဆီခဲ နည်းနည်းထည့်လိုက်ပါ။

လက်နဲ့နယ်နယ်၊ ဇွန်းနဲ့နယ်နယ် နောက်ဆုံးမှာတော့ စားချင့်စဖွယ် မာလာဟင်းတစ်ခွက် ရလာပါလိမ့်မယ်။ ;-)

ဒါက ဒုတိယ အကြိမ်မြောက် ဟင်းရွက်စုံအောင်ဝယ်ြပီး ချက်စားထားတာ။ :-)


Rakhine-style Seafood Curry

ရခိုင်စတိုင် ပင်လယ်စာ ချဉ်စပ်ဟင်း

ကျောင်းတက်တုန်းက ရခိုင်က အမကြီးတွေနဲ့နေတော့ သူတို့အမြဲချက်ကျွေးလေ့ရှိတဲ့ဟင်းပါ။ ချက်ရတာ မြန်ပြီး ချဉ်ချဉ်စပ်စပ်နဲ့ တော်တော်စားကောင်းပါတယ်။ 

 
လိုအပ်သော ပစ္စည်းများ
ပုဇွန်၊ ပြည်ကြီးငါး
ကြက်သွန်နီ အသေးတစ်လုံး
ငရုတ်သီးစိမ်း ၄တောင့်
သံပုရာသီး တစ်ခြမ်း
နံနံပင် အနည်းငယ်

ဟင်းချက်ရန် ပြင်ဆင်ခြင်း

၁။ ကြက်သွန်နီ အသေးတစ်လုံးကို ပါးပါးလှီးထားပါ။ (အလုံးကြီးလျှင် တစ်ဝက်ဆို လောက်ပါပြီ။)
၂။ ငရုတ်သီးစိမ်းကို ၅မိနစ်ခန့် ပြုတ်၍ ညက်အောင် ထောင်းပါ။ 
၃။ ပုဇွန်နှင့် ပြည်ကြီးငါးတို့အား သေချာ သန့်စင်ထားပါ။

ဟင်းချက်နည်း အဆင့်ဆင့်
၁။ ဆီအနည်းငယ် ကို အိုးအတွင်းအပူပေး၍  ကြက်သွန်နီကို ဆနွင်းအနည်းငယ်တို့ကို ဆီသတ်ပါ။ (ကြက်သွန်ဆီသတ်ဖို့ လောက်ငှရန်လောက်သာ ဆီလိုပါတယ်။ များသွားရင် မကောင်းပါဘူး။)
၂။ ကြက်သွန်နီ အနည်းငယ်နွမ်းလာလျှင် ညက်အောင် ထောင်းထားသော ငရုတ်သီးစိမ်းကို ခဏဆီသတ်ပြီး ပုစွန်နှင့် ပြည်ကြီးငါးတို့ကို ထည့်ပါ။ (သတိ - ငရုတ်သီး နည်းနည်းညှော်မည်။ :D)
၃။ ဆား၊ အချိုမှုန့်တို့ကို လိုသလိုထည့်ပါ။
၄။ ၂မိနစ်ခန့် နှံ့အောင် မွှေပြီးလျှင် ရေတစ်ဖန်ခွက်ခန့် လောင်းထည့်လိုက်ပါ။
၅။ သံပုရာရည် ညှစ်ထည့်ပါ။
၆။ ပွက်လာလျှင် နံနံပင်အပေါ်မှ အုပ်၍ ခဏအကြာမှာတော့ ချလို့ရပါပြီ။

ပင်လယ်စာဟင်း ရခိုင်ချက် (ပန်းကန်ထဲ ထည့်ရမှာ ပျင်းလို့ အိုးထဲဘဲ ဓါတ်ပုံရိုက်လိုက်တယ်။)
မှတ်ချက်
၁။ ရခိုင်ဟင်း အားလုံးမှာ ငရုတ်သီးစိမ်းကို ဖုတ်(သို့)ပြုတ်ပြီးမှ ထည့်ရသည်။ အစိမ်းထောင်းထည့်လျှင် စားမကောင်းပါ။
၂။ ငရုတ်သီးကို အစေ့ပါ မကျန်တဲ့အထိ ညက်အောင် ထောင်းရပါတယ်။
၄။ တစ်ခါတစ်လေကြတော့ အနှစ်များအောင် ဆိုပြီး ခရမ်းချဉ်သီး တောက်တောက်စဉ်းထားတာ တစ်လုံးလောက်လဲ ထည့်ချက်လေ့ ရှိတယ်။
၃။ တစ်ခြား ငါး (သို့) ငါးဖယ် တို့နဲ့လည်း ချက်လို့ရပါတယ်။ ငါးအစိမ်းနဲ့လည်း စားလို့ဖြစ်ပေမယ့် ငါးကို ကြော်ပြီး ချက်ရင် ပိုစားကောင်းပါတယ်။ ဒီနည်းအတိုင်းချက်ရင် စားလို့အကောင်းဆုံးကတော့ ငါးမုတ်ဖြူနဲ့ပါ။ ငါးမုတ်ဖြူကို အရင် ကြော်ထားပြီး ပုဇွန်နေရာမှာ ထည့်လိုက်ရုံပါဘဲ။ 

ချက်ရတာ လွယ်မှလွယ်(ငရုတ်သီးထောင်းရတာက လွဲလို့)။ ဒီဟင်းချက်တိုင်း ရေထည့်တာ များသွားမလားလို့ ထင်မိပေမယ့် အမြဲ အနှစ်က မလောက်လို့ ရေပြန်ပြန်ထိုးရတာ များတယ်။ ဟိုးအရင်က အစပ်သိပ်မစားနိုင်ပေမယ့် ရခိုင်ဟင်းတွေနဲ့တွေ့တော့ တော်တော်စားနိုင်သွားတယ်။ ရခိုင်စကားလည်း တော်တော်နားရည်ဝသွားတယ်။

ရခိုင်ဟင်းစစ်စစ် ယင်းပိုင် ဟုတ်မဟုတ် မဟိပါရေ။ ရခိုင်ကလူတိချက်တော့လည်း ရခိုင်ဟင်း ဖြိုက်ရေပေါ့။ (မှန်လားတော့မသိ၊ မှတ်မိသလောက် ပြောကြည့်တာ။ နားလည်လား? :-D )


Chinese-style steamed fish

အင်တာနက်ထဲမှာ “Chinese-style steamed fish” recipe ဆိုပြီး ရှာလိုက်တော့ တော်တော်များများ တွေ့လာတယ်။ အဲတာတွေထဲက ကောင်းမယ်ထင်တဲ့ အချက်လေးတွေ ရွေးပြီး စိတ်ကြိုက်လုပ်လိုက်တာ တော်တော်တော့ စားကောင်းသွားတယ်။ (ပဲငံပြာရည် နည်းနည်းများသွားတာကလွဲရင်)။ ငါးက ပေါင်းအိုးထဲ မဆန့်လို့ ခေါင်းဖြတ်လိုက်ရတယ်။
ပါဝင်သော ပစ္စည်းများ

ငါးတစ်ကောင် (ပုံထဲက Ikan Siakap။ မြန်မာလို ကကတစ် ငါးလို့ခေါ်တာထင်တယ်။)
ကြက်သွန်ဖြူ ၅မွှာခန့်
ဂျင်း တစ်တက်
ငရုတ်သီးစိမ်း ၃တောင့်
နံနံပင် တစ်စည်းခန့်
စပါးလင် ၂တက်
ပဲငံပြာရည် အကြည်
ဆီ ၂ဇွန်း (လက်ဖက်ရည်ဇွန်း)
နှမ်းဆီ အနည်းငယ်
ကောက်ညှင်းမှုန့် ၂ဇွန်း
ဆား

ပြင်ဆင်ခြင်း


ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင် တစ်ဝက်၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။
ကျန်နံနံပင် တစ်ဝက်ကို ငါးအပေါ်မှ အုပ်ရန် ဖယ်ထားပါ။
စပါးလင် ၂တက်ကို ဓါးပြားရိုက်ထားပါ။

ငါးပေါင်းရန်
ငါးကို ဓားဖြင့်မွမ်းပြီး ဆားနယ်၍ နာရီဝက်ခန်၌ထားပါ။ ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ခုနက ပါးပါးလှီးထားတဲ့ အဆာ(ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်) အနည်းငယ်ကိုခင်း၊ တစ်ချို့ တစ်ဝက် နဲ့ စပါးလင် ကို ငါးဝမ်းဗိုက်အတွင်းသွတ်ပြီး ၁၀မိနစ်ခန့် ပေါင်းပါတယ်။ ငါးပေါင်းတာ ကျက်သွားပြီဆိုရင် ငါးပေါင်းကနေ ထွက်လာတဲ့ အရည်တွေကို သွန်လိုက်ပြီး ငါးကို ပန်းကန်တစ်ချပ်မှာ ထည့်ထားပါ။

အနှစ်ပြုလုပ်ခြင်း
ဆီလက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ကို ပူလာအောင် တည်ပြီး ဂျင်းနှင့် ကြက်သွန်ဖြူ အနည်းငယ်ကို စက္ကန့် ၂၀ ခန့် အပူပေးပြီး ငါးအပေါ်ကို လောင်းချလိုက်ပါ။

ထို့နောက် ရေအေးဖြင့်ဖျော်ထားသော ကော်မှုန့် ၂ဇွန်းခန်၌ကို ပွက်အောင် တည်ပါ။ ပွက်လာလျှင် ပဲငံပြာရည်အကြည်၊ နှမ်းဆီ အနည်းငယ်၊ ကျန်နေသော အဆာ (ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီး)နှင့် စပါးလင်တို့ကို ထည့်၍ ပွက်လာလျှင် ငါးအပေါ်သို့ လောင်းချလိုက်ပါ။

(သဉ္ဇာ့အမေကတော့ စားရတာ ပေါ့လို့ဆိုပြီး သံပုရာသီး ညှစ်ပါတယ်။ Original Recipe ထဲမှာတော့ သံပုရာသီး ညှစ်တဲ့ အဆင့် မပါဘူး။)

လုပ်ရတာ မခက်တော့ အရသာရှိတဲ့ ငါးပေါင်းတစ်ခွက် ထွက်လာမှာပါ။

သူတို့ပြောတဲ့ လျို့ဝှက်ချက်

၁။ ငါးပေါင်းလို့ထွက်လာတဲ့အရည်ကို ပြန်မသုံးပါနဲ့။ လူတော်တော်များများက ငါးပေါင်းရည်မှာ အရသာနဲ့အာဟာရဓါတ်တွေ ပါတယ်လို့ ယူဆကြပေမယ့် အမှန်မှာ ငါးပေါင်းရည်ဟာ အနံ့အနည်းငယ် ညှီတဲ့အတွက် ငါးပေါင်းရဲ့ အရသာကို ပျက်စေပါတယ်။
၂။ ပဲငံပြာရည်အကြည်ရဲ့ အရသာကို အနှစ်အတွက် အဓိက သုံးပါတယ်။
၃။ လူအစုက ဆီထည့်လေ့မရှိပေမယ့် ဆီသတ်ပြီး လောင်းချလိုက်တဲ့ ဆီပူပူဟာ ငါးပေါင်းရဲ့ အနံ့အရသာကို ပိုပြီး ပြည့်စုံစေတာကို တွေ့ရပါလိမ့်မယ်။

ref: Steamed Fish Recipe

ပဲငံပြာရည်ကတော့ မြန်မာပြည်မှာ အမြဲသုံးနေတာဘဲ အရသာရှိသလိုဘဲ။ ဒီက ပဲငံပြာရည်တွေက အချိုများလွန်းတယ်။ ဒီ Lee Kum Kee တံဆိပ်တော့ မဆိုးဘူး။ အရင်နှစ်အထိ မြန်မာပြည်ပြန်တိုင်း ပဲငံပြာရည် သယ်ရတာ အလုပ်တစ်ခု :D


(အရင်ပို့စ်ကို NHM Writer နဲ့ ရေးပေမယ့် ခုပို့စ်တော့ လက်ကွက်ကျင့်ကြည့်မယ်ဆိုပြီး Keyman နဲ့ ရိုက်ကြည့်တယ်။ ရရစ် အရင်ရေးပြီးမှ အက္ခရာ ရေးတာ အကျင့်ပါနေတော့ စာရေးရတာ နည်းနည်းထောက်တယ်။ ပြီးတော့ ယပလက်ရယ် ဂငယ် ရယ် ဝလုံးရယ် ခဏခဏ ပြန်ရှာရတာကလွဲရင် ကျန်တာ အားလုံး အဆင်ပြေတယ်။ တစ်ပုဒ်လောက် ရေးပြီးတာနဲ့ ကီးဘုတ်ကို တော်တော်ကြိုက်သွားတယ်။)


Saturday Special

တောင်ကြီးစီးရီးစ်မပြီးခင် စနေနေ့က သူငယ်ချင်းတွေနဲ့ ချက်စားဖြစ်တာလေးတွေကို ကြားဖြတ် တင်လိုက်ဦးမယ်။ အဲနေ့က ချက်လိုက်တာ နေ့လည်စာ ရှမ်းထမင်းချဉ်၊ ညနေစာ ထိုဖူးနွေးဆိုတော့ ရှမ်းပြည်နယ်နေ့ ကျင်းပသလိုတောင် ဖြစ်သွားတယ်။
ရှမ်းထမင်းချဉ်

ရှမ်းထမင်းချဉ် လုပ်ဖို့အတွက် လိုအပ်သော အဆာများ

ရှမ်းထမင်းချဉ်လုပ်နည်းတော့ အထွေအထူး မရေးတော့ပါဘူး။ အရမ်းလွယ်လို့။ အာလူးပြုတ်၊ ငါးပြုတ်၊ ခရမ်းချဉ်သီးချက်၊ ကြက်သွန်ဖြူ/ငရုတ်သီး ဆီချက်ကို အားလုံး ရောနယ်လိုက်ရင် ငါးထမင်းချဉ်ဖြစ်သွားရော။ နယ်ရတာ နည်းနည်း လက်ညောင်းတာ တစ်ခုဘဲ။ ပဲပုတ်ကြော်၊ ဘလချောင်ကြော်တို့နဲ့ တွဲစားပါတယ်။ ငါးပြုတ်ရည်ကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနည်းနည်း ထည့်ပြီး ဟင်းခါး လုပ်လိုက်တယ်။ ငါးမုန့်ကြော်လို အကြော် တစ်ခုခုပါရင် ပိုစားကောင်းမယ်။ ဒီမှာ ဂျူးမြစ်မရှိတော့ ဂျူးပဲပုတ်ကြော်နဲ့ဘဲ ကျေနပ်လိုက်ရတယ်။



ထိုဖူးနွေး
ထိုဖူးနွေးကတော့ သူငယ်ချင်းကျိုတာ။ မွှေးတံဆိပ် ပဲမှုန့်အစိမ်းတစ်ထုပ်ကို ရေအေးနဲ့ဖျော်ပြီး ဆနွင်းနည်းနည်း ဆားနည်းနည်းနဲ့ ပျစ်လာတဲ့အထိ ကျိုလိုက်တာဘဲ။ တစ်ထုပ်ကို လေးယောက်စာလောက်ရတယ်။ မနားတမ်းမွှေနေရတာဆိုတော့ ကျိုရတဲ့သူတော့ တော်တော်ညောင်းသွားတယ်။ ပြီးတော့ ကြက်သွန်ဖြူ/ငရုတ်သီးဆီချက်၊ မြေပဲ/နှမ်းထောင်း၊ ထညက်ရည်နည်းနည်း၊ ပဲငံပြာရည်၊ နံနံပင် စတဲ့ အဆာပလာတွေ ထည့်လိုက်တော့ အလွန် အရသာရှိတဲ့ ထိုဖူးနွေးတစ်ပွဲ ဖြစ်သွားပါတယ်။ ထိုဖူးနွေးက အားလုံးထည့်ပြီးမှ မြေပဲထောင်းက ပျောက်နေပြီး နံနံပင် မလှီးထားတာကို သွားသတိရတယ်။ အဲဒါ မြေပဲထောင်းကို အမြန်လိုက်ရှာ၊ နံနံပင်ကို ပြေးဆေးပြီး လှီးရသေးတယ်။ ဓါတ်ပုံကလည်း ရိုက်ချင်သေးတယ်။ ထိုဖူးနွေးက အေးသွားရင် ခဲသွားတတ်တာမို့ စားခါနီး အပြေးအလွှား လုပ်လိုက်ရသေးတယ်။

ရှမ်းအစားအစာ အကြောင်းရေးရင်း ရှမ်းပြည်နဲ့ဆိုင်တဲ့ ဟာသတစ်ခု ဖတ်မိလို့ ပြန် share လိုက်ပါတယ်။ :-D
တနေ့ပထမတန်းကလေးများအားဆရာမကပထဝီဝင်ဘာသာရပ်ကိုသင်ကြားနေလေ၏။
ဆရာမ - "ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ မြို့တော်ကို သိလားကလေးတို့"
ကျောင်းသားများ - "တောင်ကြီး ပါဆရာမ"
ဆရာမ - "တော်တယ်ကလေးတို့ ... ဒါဆို မြောက်ပိုင်းရဲ့မြို့တော်ရော"
ကျောင်းသားများ - "မြောက်ကြီး ပါဆရာမ"
ဆရာမ - "ဟေ"


A delicious dinner


I can’t remember when the last time I cooked was. I used to cook quite often during the university life, but not really in the mood of cooking lately. After today’s office hour, I was tempting for a delicious dinner. So, I dropped by at KLCC Cold Storage to get some grocery and decided to cook Kyay-Oh (ကြေးအိုး), a special food we Myanmar people love to eat. It basically is a vermicelli soup with green vegetable, tofu, meatball and chicken. The main secret for this kind of dish is to have a delicious soup base.

The ingredients are:
- Half slice of whole chicken
- Chicken liver
- Meat balls
- Quail egg
- Green Vegetable, I use pak choy
- Tofu
- Garlic, ginger, salt, pepper

I boiled the ingredients separately and mixed again at last. I didn’t like the taste of boiled chicken liver, so, I fried it with some soy-sauce first. And to prepare a tasty sauce is important to match a Kyay-Oh dish. Actually, this is my first time cooking this, but amazingly it turns out to be quite delicious . I don’t really know how to mix the sauce, thus I ended up with a normal chili sauce. Wished someone would join me, but, I had to eat alone. Anyway, it had been a great dinner ;-)


Dumpling Soup (ဖက်ထုပ်)

ဒီ weekend မှာ ဖက်ထုပ် လုပ်စားဖြစ်တယ်။ ပြုတ်စားတာဆိုတော့ ဈေးမှာရောင်းတဲ့ ဖက်ထုပ်အရွက်ဝယ်ပြီးလုပ်တာ အဆင်ပြေတယ်။ သူက ပါးပါးလေးဆိုတော့။ ဖက်ထုပ်ကြော်က ဂျုံပြားနဲနဲထူမှ စားကောင်းတာဆိုတော့ ကိုယ့်ကိုလှိမ့်တာ ပိုကောင်းတယ်။

လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ ဖက်ထုပ်ထဲမှာ ထည့်တာတွေ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းကွဲတယ်။ ကျမတော့ ကျမကြိုက်တဲ့ပုံအတိုင်းလုပ်တယ်။ ဖက်ထုပ်အတွက် အဓိက အကျဆုံးကတော့ ကြက်သားပြုတ်ရည် ကောင်းကောင်းတစ်အိုး အရင် ရဖို့ပါဘဲ။


ကြက်သားပြုတ်ရည်
ကြက်တစ်ကောင်ကို နှစ်ပိုင်းပိုင်းပြီး ဆားနဲ့ နယ်ထားလိုက်တယ်။ ဂျင်း ၃တက်လောက်နဲ့ ကြက်သွန်ဖြူနည်းနည်းကို ထုပြီးထည့်တယ်။ ဆားဝင်သွားအောင် တစ်နာရီလောက် နပ်ထားလိုက်ပြီးမှ မီးပေါ်တင်တယ်။ ၄၅မိနစ်လောက် ပြုတ်ပြီးတဲ့အခါမှာ ကြက်သားပြုတ်ရည် ချိုချိုလေး တစ်အိုးရပါပြီ။ ဟင်းရည်ပွက်သွားမှ ငရုတ်ကောင်း၊ ချောက်ကော ထည့်တယ်။

ဖက်ထုပ်အစာ
ဖက်ထုပ်ထဲထည့်ဖို့ လိုအပ်တဲ့ အစာတွေကတော့

- Dumpling Pastry (2 ထုပ်ဆိုရင် သုံးယောက် အဝစားလို့ရတယ်)
- အမဲသား (သို့) ကြက်သား
- ပဲပင်ပေါက်
- Ku Chai အရွက် (သို့) ကြက်သွန်မြိတ်
- ဂျင်းကြက်သွန်ဖြူထောင်း၊ ဆား၊ ငရုတ်ကောင်း၊ ချောက်ကောမှုန့်
ပဲပင်ပေါက်၊ ku chai ရွက် (မြန်မာလို ဘယ်လိုခေါ်လဲ မသိဘူး။)၊ အမဲသားတို့ကို သေးသေးလေးစီစဉ်း၊ ဂျင်းကြက်သွန်ဖြူအရည်၊ ပဲငံပြာရည် အနည်းငယ်၊ ဆား၊ ငရုတ်ကောင်း၊ ချောက်ကော ထည့်ပြီး ရောနယ်လိုက်တဲ့အခါ ဖက်ထုပ်ထဲ ထည့်တဲ့ အစာ ရပါပြီ။ အိမ်မှာတော့ ဒီအစာက ဖက်ထုပ်ကြော်လုပ်ရင် ထည့်တာများတယ်။ ရိုးရိုး ဖက်ထုပ် ပြုတ်စားတဲ့အခါ အမဲသား ကို ဂျင်းကြက်သွန်ဖြူအရည်ညစ်ထည့်ပြီး ဒီအတိုင်း အစာထည့်တယ်။ ကျမကတော့ အသားချည်းဆို နည်းနည်းအီလို့ အရွက်နည်းနည်း ပါတာကို ပိုကြိုက်တယ်။ ပြီးတော့ ku chai က အမဲသားရဲ့ အညှီနဲ့ကို တော်တော်ပျောက်စေတယ်လေ။

ဖက်ထုပ်ခေါက်တာကတော့ ကိုယ်ကြိုက်သလို ခေါက်လိုက်လဲ ရပါတယ်။ ကျမလုပ်တဲ့ပုံကိုတော့ ဘယ်လို ဓါတ်ပုံရိုက်ပြီး ရှင်းပြရမလဲ မသိတော့ဘူး။ ကောက်ညှင်းမှုန့် (သို့) corn flour အနည်းငယ်ကို အရည်ဖျော်ထားပါ။ ဖက်ထုပ်အရွက်အလယ်မှာ အစာကိုထည့် နှစ်ခြမ်းခေါက် ပြီးရင် အခုနကဖျော်ထားတဲ့ ရေနည်းနည်းတို့ပြီး ကပ်လိုက်ပါ။ ပြီးရင် ထောင့်နှစ်ဘက်ကို ရေနည်းနည်း သုတ်ပြီး ထပ်လိုက်ရင် အပေါ်ကပုံအတိုင်း ရပါတယ်။ ဖက်ထုပ်ကြော်စားချင်ရင်တော့ ဘေးကတစ်ခုလိုမျိုးခေါက်ပါ။



ရေနွေးပွက်ပွက်မှာ ဖက်ထုပ်တွေကို ထည့်ပြုတ်ပါ။ ကျက်သွားပြီဆိုရင် ဆယ်ပြီး ခုနက ပြုတ်ထားတဲ့ ကြက်သားဟင်းရည်၊ ကြက်သွန်ဖြူ ငရုတ်သီး ဆီသတ်၊ ပဲငံပြာရည် အနည်းငယ်၊ သံပုရာသီး တို့ကို ထည့်လိုက်ရင် အရသာရှိတဲ့ ဖက်ထုပ်ပြုတ် ရပါပြီ။

ဖက်ထုပ်လို အစားအသောက်မျိုးက လူများရင် စားလို့ပျော်ပါတယ်။ တစ်ယောက်တစ်ခု ဝိုင်းလုပ်လိုက်ရင် ခဏလေးနဲ့ ချက်လို့ ပြီးတဲ့အစာမျိုး။ တရုတ်လူမျိုးတွေကတော့ နှစ်သစ်ကူးလိုမျိုး မိသားစု စုံစုံညီညီ ရှိတဲ့အချိန်ဆိုရင် ဖက်ထုပ်လုပ်စားကြပါတယ်။ ကျမတို့အိမ်မှာဆိုရင် တစ်ယောက်က ဂျုံနယ်၊ တစ်ယောက်က ဂျုံလှိမ့်၊ တစ်ယောက်က အစာထည့်ပြီးခေါက်၊ နောက်တစ်ယောက်ကချက်နဲ့ မိသားစုဆုံတဲ့အချိန်တုန်းက စားခဲ့ရတာမျိုး ဘယ်အချိန်မှ နောက်တစ်ခေါက် ပြန်ကြုံရမလဲမသိတော့ဘူး။ ဖက်ထုပ်လုပ်စားတိုင်း အိမ်ကို လွမ်းမိတယ်။