Saturday Special

တောင်ကြီးစီးရီးစ်မပြီးခင် စနေနေ့က သူငယ်ချင်းတွေနဲ့ ချက်စားဖြစ်တာလေးတွေကို ကြားဖြတ် တင်လိုက်ဦးမယ်။ အဲနေ့က ချက်လိုက်တာ နေ့လည်စာ ရှမ်းထမင်းချဉ်၊ ညနေစာ ထိုဖူးနွေးဆိုတော့ ရှမ်းပြည်နယ်နေ့ ကျင်းပသလိုတောင် ဖြစ်သွားတယ်။
ရှမ်းထမင်းချဉ်

ရှမ်းထမင်းချဉ် လုပ်ဖို့အတွက် လိုအပ်သော အဆာများ

ရှမ်းထမင်းချဉ်လုပ်နည်းတော့ အထွေအထူး မရေးတော့ပါဘူး။ အရမ်းလွယ်လို့။ အာလူးပြုတ်၊ ငါးပြုတ်၊ ခရမ်းချဉ်သီးချက်၊ ကြက်သွန်ဖြူ/ငရုတ်သီး ဆီချက်ကို အားလုံး ရောနယ်လိုက်ရင် ငါးထမင်းချဉ်ဖြစ်သွားရော။ နယ်ရတာ နည်းနည်း လက်ညောင်းတာ တစ်ခုဘဲ။ ပဲပုတ်ကြော်၊ ဘလချောင်ကြော်တို့နဲ့ တွဲစားပါတယ်။ ငါးပြုတ်ရည်ကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနည်းနည်း ထည့်ပြီး ဟင်းခါး လုပ်လိုက်တယ်။ ငါးမုန့်ကြော်လို အကြော် တစ်ခုခုပါရင် ပိုစားကောင်းမယ်။ ဒီမှာ ဂျူးမြစ်မရှိတော့ ဂျူးပဲပုတ်ကြော်နဲ့ဘဲ ကျေနပ်လိုက်ရတယ်။



ထိုဖူးနွေး
ထိုဖူးနွေးကတော့ သူငယ်ချင်းကျိုတာ။ မွှေးတံဆိပ် ပဲမှုန့်အစိမ်းတစ်ထုပ်ကို ရေအေးနဲ့ဖျော်ပြီး ဆနွင်းနည်းနည်း ဆားနည်းနည်းနဲ့ ပျစ်လာတဲ့အထိ ကျိုလိုက်တာဘဲ။ တစ်ထုပ်ကို လေးယောက်စာလောက်ရတယ်။ မနားတမ်းမွှေနေရတာဆိုတော့ ကျိုရတဲ့သူတော့ တော်တော်ညောင်းသွားတယ်။ ပြီးတော့ ကြက်သွန်ဖြူ/ငရုတ်သီးဆီချက်၊ မြေပဲ/နှမ်းထောင်း၊ ထညက်ရည်နည်းနည်း၊ ပဲငံပြာရည်၊ နံနံပင် စတဲ့ အဆာပလာတွေ ထည့်လိုက်တော့ အလွန် အရသာရှိတဲ့ ထိုဖူးနွေးတစ်ပွဲ ဖြစ်သွားပါတယ်။ ထိုဖူးနွေးက အားလုံးထည့်ပြီးမှ မြေပဲထောင်းက ပျောက်နေပြီး နံနံပင် မလှီးထားတာကို သွားသတိရတယ်။ အဲဒါ မြေပဲထောင်းကို အမြန်လိုက်ရှာ၊ နံနံပင်ကို ပြေးဆေးပြီး လှီးရသေးတယ်။ ဓါတ်ပုံကလည်း ရိုက်ချင်သေးတယ်။ ထိုဖူးနွေးက အေးသွားရင် ခဲသွားတတ်တာမို့ စားခါနီး အပြေးအလွှား လုပ်လိုက်ရသေးတယ်။

ရှမ်းအစားအစာ အကြောင်းရေးရင်း ရှမ်းပြည်နဲ့ဆိုင်တဲ့ ဟာသတစ်ခု ဖတ်မိလို့ ပြန် share လိုက်ပါတယ်။ :-D
တနေ့ပထမတန်းကလေးများအားဆရာမကပထဝီဝင်ဘာသာရပ်ကိုသင်ကြားနေလေ၏။
ဆရာမ - "ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ မြို့တော်ကို သိလားကလေးတို့"
ကျောင်းသားများ - "တောင်ကြီး ပါဆရာမ"
ဆရာမ - "တော်တယ်ကလေးတို့ ... ဒါဆို မြောက်ပိုင်းရဲ့မြို့တော်ရော"
ကျောင်းသားများ - "မြောက်ကြီး ပါဆရာမ"
ဆရာမ - "ဟေ"

6 comments:

သက်ဝေ said...

ဘုရားရေ...
အောက်ဆုံးက အမေးအဖြေကို ဖတ်ပြီး အသံထွက် ရယ်မောမိပါကြောင်း... :-D

ကိုကိုမောင်(ပန်းရနံ့) said...

"ကလေးတို့ မြန်မာနိုင်ငံပထမမြို့တော်မှာရှိတဲ့ တန်ခိုးအကြီးဆုံးဘုရားကို သိလား"

"သိပါတယ် ဆရာမ။ ရွှေတိဂုံဘုရားပါ။"

"တော်တယ်ကလေးတို့။ ဒါဆို ဒုတိယမြို့တော်ရဲ့ တန်ခိုးအကြီးဆုံးဘုရားကော"

"ငွေတိဂုံပါ ဆရာမ"

"ဟေ"
...

တုပြီးရောယောင်လုပ်သွားတာ။ း)) ရှမ်းအစားအစာလေးတွေကြိုက်တယ်။ ရှမ်းခေါက်ဆွဲ၊ တိုဟူး၊ ရှမ်းမုန့်ညှင်းချဉ်၊ ဆီတို့ဟူး၊ စွန်တန် အကုန်ကြိုက်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

An Asian Tour Operator said...

ဒီအစားအသောက် တွေနဲ့ဝေးနေရတာလဲကြာ..။
ဗိုက်ဆာနေတဲ့ အချိန်မှာ ဖတ်မိရက်သားလဲ ဖြစ်..။

T T Sweet said...

မြောက်ကြီးမြို့ရော တောင်ကြီးမြို့ရော မရောက်ဖူးဘူး :))ခုတလော မနိူင်းနိူင်း ဘလော့မှာလဲ အဲဒီမြို့တွေ အကြောင်း ရေးထားတယ်နော်။ ရှမ်းပြည်မရောက်ဖူးပေမဲ့ ရှမ်းအစားအစာတွေတော့ အကုန်နီးပါးကြိုက်ပါတယ်။ တို့ဟူးနွေးတော့ လုပ်မစားဖူးဘူး။ ပုံလေးပြထားတာ စားချင်စဖွယ်လေး။

သဉ်ဇာ - Thinzar said...

မသက်ဝေ>> ရုံးမှာ မဟုတ်ဘူးမလား :D NSFW မထည့်မိဘူး။

ကိုကိုမောင်>> အဲဒီအတန်းက ကလေးတွေ သိပ်တော်ကြတယ်..

AnAsianTourOperator>> ဗိုက်ဆာတဲ့ အချိန် ဖတ်မိရင် ရေးရကျိုးနပ်တာပေါ့.. အဟဲ..

တီဆွိ>> မြောက်ကြီးမြို့ သွားလည်ကြရအောင်။ :D ဟုတ်တယ်။ မနိုင်းနိုင်းရေးထားတာ စုံနေတာဘဲ။ အဲဘလော့ဂ်ပို့စ် ၂ခုဖတ်လိုက်ရင် မြို့တစ်ဝက်လောက် ပါတ်ပြီးသား ဖြစ်သွားပြီ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါးထမင်းချဉ်လုပ်ဖို့ ချက်ထားတဲ့ အဆာပလာတွေများ အရောင်လှချက်။
တကယ်ကိုစားချင်စရာပါဘဲ
ဗိုက်ထဲကတောင် အသံမြည်သွားတယ်
အောက်က ဟာသဖတ်လိုက်တော့ ရယ်လိုက်ရတာနဲ့ ပိုဆာသွားရော း)

Post a Comment

Please feel free to use any font to comment :)