Cameron Highlands (vs. Taunggyi)

အမှန်ကတော့ Cameron highlands ကို သွားလည်တာ April ကတည်းက.. ရေးလက်စကို အပြီးမသတ်နိုင်သေးလို့ အခုမှ ပို့စ်တင်ဖြစ်တော့တယ်။ Cameron highland ဆိုတာ မလေးရှားနိုင်ငံ Pahang ပြည်နယ်မှာရှိတဲ့ တောင်ပေါ်မြို ့လေး တစ်မြို့ပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၀ဝ မီတာ (၄၉၂၁ ပေ) လောက် မြင့်တယ်ဆိုတော့ တောင်ကြီးမြို့ (၄၇၁၂ ပေ) နဲ့ အမြင့် သိပ်မကွာလှပါဘူး။ နေရာဒေသ၊ ရာသီဥတု၊ အလေ့ကျပေါက်တဲ့ သစ်ပင်ပန်းမန်၊ ဟင်းသီးဟင်းရွက် စတာတွေက တောင်ကြီးမြို့နဲ့ တော်တော့်ကို တူပါတယ်။
တစ်ညအိပ် နှစ်ရက် ခရီးကို စနေနေ့ မနက် အစောကြီး ထွက်ဖြစ်တယ်။ Kuala Lumpur ကနေ ၅နာရီလောက်ဘဲ မောင်းရတယ်။ အစပိုင်း ကတော့ မြေပြန့်ဘဲ။ တောင်ပေါ်မြို့ဆိုတော့ တောင်တက်လမ်းကို ရောက်လာတဲ့အခါ အကွေ ့တွေ အရမ်းများလာတယ်။ ဟဲဟိုးကနေ တောင်ကြီးတက်တဲ့ လမ်းကို မူးတယ်ဆိုရင် ဒီလမ်းက ပိုဆိုးတယ်။ လမ်းက တောင်ကြီးတက်တဲ့လမ်းလောက် မမတ်ပေမယ့် အကွေ့ အပါတ် အရမ်းကို များလွန်းတယ်။ ဘယ်ကွေ ့လိုက် ညာကွေ ့လိုက် နဲ့ လမ်းကတော့ တကယ့် မြွေအတိုင်းဘဲ။ လူလဲ စကောထဲ ဇီးဖြူသီး ထည့်လှိမ့်သလိုဖြစ်နေတာ။ တောင်ကြီးသူက Cameron highland သွားတဲ့လမ်းကို မူးတယ်ဆိုရင် မကောင်းဘူး ဖြစ်ဦးမယ်။

CH ကို ရောက်ရောက်ချင်း မြို့ထဲ မဝင်ခင် BOH ရဲ့ လက်ဖက် စိုက်ခင်းရှိပါတယ်။ ဒါပေမယ့် သူက လမ်းမကြီးကနေ တစ်နာရီလောက် အထဲဝင်ရတဲ့ အတွက် မသွားဖြစ်ခဲ့ဘူး။ အရှေ့ နည်းနည်း ဆက်သွားလိုက်ရင် Cameron Bharat ရဲ့ လက်ဖက်စိုက်ခင်းကို ရောက်ခဲ့တယ်။ စိုက်ခင်းနားမှာ လက်ဘက်ရည်ဆိုင်လေးပါ တွဲပြီး ဖွင့်ထားတယ်။ ရာသီဥတု အေးအေးမှာ လက်ဖက်ရည် ပူပူတစ်ခွက်သောက်လိုက်ရတာ အရမ်းကို အရသာ ရှိလှပါတယ်။ တစ်သက်နဲ့ တစ်ကိုယ် လက်ဖက်ပင်ဆိုတာ အခုမှ မြင်ဖူးတာ။ အမှန်တော့ ကိုယ်နေတဲ့ ဒေသက လက်ဖက်ပင်တွေနဲ့ မစိမ်းပါဘူး။ ဒါပေမယ့် အထူးတလည် သွားမကြည့်ခဲ့ဖူးဘူး။
Cameron Bharat tea plantation
ဤအပင်ကို လက်ဖက်ပင်ဟုခေါ်ပါသည်။ လက်ဖက်စိုက်ခင်းတွေကိုတော့ အရင်တုန်းက TV ထဲမှာတော့ မြင်ဖူးတယ်။ သူ့အပင်ကိုတော့ တစ်သက်နဲ့ တစ်ကိုယ် လက်ဖက်ပင်ဆိုတာ အခုမှ မြင်ဖူးတာ။ မြို့ထဲ စဝင်လိုက်တာနဲ့ ရာသီဥတုက KL နဲ့တစ်ခြားစီ ဖြစ်သွားပြီ။ လေတွေက အေးနေပြီးတော့ နေ့လည်တောင် ချမ်းစိမ့်စိမ့် ဖြစ်နေသေးတယ်။

ကင်မရွန်း ဟိုင်းလန်းမှာ လည်စရာ ပါတ်စရာ စားစရာတော့ တော်တော်ကို စုံပါတယ်။ ပျားမွေးမြူရေးခြံ၊ လိပ်ပြာမွေးမြူရေးခြံ၊ နှင်းဆီ၊ သစ်ခွစိုက်ခင်း၊ cactus valley စသဖြင့် လည်စရာ ပါတ်စရာတွေ ရှိပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားတွေကို အစွဲဆောင်ဆုံးကတော့ သူတို့ရဲ့ စတော်ဘယ်ရီ စိုက်ခင်းတွေပါဘဲ။ သူတို့နေထိုင်တဲ့ တောတောင် သဘာဝကိုမှီပြီး စီးပွားရှာတတ်တာက တကယ်ကို အတုယူစရာကောင်းပါတယ်။ နှင်းဆီစိုက်ခင်းက ပုံတစ်ချို့ကိုတော့ ဒီပို့စ် မှာ တစ်ခါ တင်ဖူးပါတယ်။

အကြိုက်ဆုံးနေရာတစ်ခုကတော့ Cactus valley အနောက်ဘက်မှာရှိတဲ့ Big Red strawberry farm ပါဘဲ။ သူက စတော်ဘယ်ရီစိုက်ခင်းနဲ့အတူ coleslaw, lettuce တွေပါ တွဲစိုက်ထားပါတယ်။ အဆင့်မြင့်နည်းပညာတွေနဲ့ စိုက်ပျိုးထားတာ တကယ်ကို စနစ်တကျ ရှိလှပါတယ်။ တောင်ကြီးမှာဆိုရင် စတော်ဘယ်ရီကို မြေပေါ်မှာ ဒီအတိုင်း စိုက်တဲ့အတွက် မစားခင် အထပ်ထပ် အခါခါ ဆေးရပါတယ်။ ဒီမှာတော့ တစ်ချို့က ပန်းအိုးတွေနဲ့စိုက်ပြီး တစ်ချို့က မြေပေါ်မှာ စိုက်ရင်တောင် ပလတ်စတစ် တွေ ခံထားတဲ့အတွက် ခူးပြီးတာနဲ့ ရေကျင်းပြီး ချက်ချင်းစားလို့ရပါတယ်။ စိုက်ပျိုးရေးနဲ့ ဘွဲ့ရထားရင်တောင် တောင်ကြီးပြန်ပြီး စတော်ဘယ်ရီစိုက်ကြည့်ချင်စိတ် ဖြစ်မိသေးတယ်။ ဒါပေမယ့် ကိုယ်က cactus တောင် မနည်း ရှင်အောင် စိုက်ရတဲ့ သူဆိုတော့ လက်လျှော့လိုက်တာဘဲ ကောင်းပါတယ်။ ကျမတို့ ရှမ်းပြည်နယ်မှာလည်း ဒီလို နည်းပညာတွေနဲ့ စိုက်ပျိုးရေးကို မကြာခင် လုပ်ကိုင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်။ ပြီးတော့ စိုက်ခင်းတွေကို ပြည်သူတွေ အလွယ်တကူ လေ့လာလို့ရအောင် လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် ပြည်တွင်းပြည်ပ ခရီးသွားတွေကို အလွယ်တကူ ဆွဲဆောင်နိုင်မှာပါ။ (အောင်ပန်း၊ ကလောတို့မှာ လိမ္မော်ခြံတွေ ကော်ဖီခြံတွေ ရှိပေမယ့် အရေအတွက်က နည်းလွန်းနေသေးတယ်။)



Strawberry milk shake နဲ့ strawberry and coleslaw salad [want some? ;-) ]

မပြန်ခင် ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့ ဈေးကို သွားခဲ့တာ တောင်ကြီး အထက(၅) နားက လဟာပြင်ဈေးကိုတောင် သွားသတိရမိတယ်။ တောင်ကြီးမှာ အများအားဖြင့် ပအိုဝ်းလူမျိုးတွေ ဈေးရောင်းပြီး ဒီမှာ Indian Tamil နဲ့ တရုတ်လူမျိုးတွေ ရောင်းနေတာဘဲ ကွာပါတယ်။ Kuala Lumpur မှာ သိပ်တွေ့ရလေ့ မရှိတဲ့ ဟင်းသီးဟင်းရွက်တွေ တော်တော်များများတောင် တွေ့ခဲ့သေးတယ်။ တောင်ပေါ်ဒေသတွေကို ကြိုက်နှစ်သက်တဲ့သူတွေ သွားလည်သင့်တဲ့ နေရာတစ်ခုပါဘဲ။

12 comments:

khin oo may said...

interesting

နေလင်း said...

တီတီရေ..မရောက်တာကြာလို့ လာကြည့်သွားတယ်..လမ်းက အကွေ့အကောက်များတယ်ဆိုလို့ လန့်သွားတယ်...ကလောတောင်တက် ၊ တောင်ဆင်းမှာ ဒိုင်ခံပြီး ဥဩဆွဲနေကျဆိုတော့ ကြောက်တယ်ဗျ။စတော်ဘယ်ရီတွေက စားချင်စရာပဲ...ပုံတွေကို ကြည့်တာနဲ့ တောင်ကြီးမြို့ ရဲ့ ရာသီဥတုနဲ့ သိပ်မကွာဘူးလို့ ခံစားလို့ရပါတယ်..ဒါနဲ့ စကားမစပ်..အိမ်ပြန်ရတော့မယ်..သိပ်မလိုတော့ဘူး..:)

hlatsis said...

အေးဗျာရောက်ဖူးချင်နေတာတော့ကြာပါပြီ။
တကယ်သာယာတဲ့နေရာလေးပဲ၊ ကြိုးစားပြီးရောက်အောင်သွားအုံးမယ်။

သဉ်ဇာ - Thinzar said...

ma khin oo may>> vacation ရရင် သွားလည်ပေါ့ အစ်မ။ နေရာက တော်တော်လှတယ်။

ကိုနေလင်း>> ပျောက်နေတာတောင် ကြာပြီ။ ခုမှဘဲ တီတီ တီတီ နဲ့ ပေါ်လာတော့တယ်။ အဲဒီနေရာက ကလော တောင်တက်တောင်ဆင်းလောက် မမတ်ပေမယ့် အကွေ့တွေ များလွန်းတယ်။ အိမ်ပြန်ရတော့မယ်ဆိုလို့ ဝမ်းသာပါတယ်။ တို့တော့ ဘယ်အချိန်မှ ပြန်ရမယ် မသိ။

ူ့hlatsis>> အင်း..အားရင် သွားလည်ကြည့်ပါ။ အရမ်းကို သာယာပြီး နေလို့ထိုင်လို့ တော်တော်ကောင်းပါတယ်။

Mhaw Sayar said...

ဓာတ်ပုံတွေရော၊ ရှင်းလင်းချက်တွေ နဲ့ရော ဆိုတော့ စိတ်ကူးထဲမှာ အဲဒီမြို့ကို ကိုယ်တိုင် ရောက်သွားသလိုပဲဗျာ... တစ်ကယ် အေးချမ်းမယ့် မြို့လေးပဲဗျ.။

သဉ်ဇာ - Thinzar said...

mhaw sayar>> အဲဒီနေရာလေးက အရမ်းလှတော့ ဓါတ်ပုံရိုက်လို့တောင် မဝခဲ့ဘူး။ :)

သီဟ said...

သီဟ ပါ...
လာလည်သွားပါတယ်။ဘလောက် တခု ခုမှစရေးနေပါတယ်...မလေးရှား ကပါပဲခင်ဗျာ..
မသိတာလေးတွေမေးမြန်ခွင့်ပြုပါ...
ခင်မင်လေးစားစွာဖြင့်
သီဟ
http://thiha-shade.blogspot.com/

သဉ်ဇာ - Thinzar said...

အခုလို ခင်မင်ရတာ ဝမ်းသာပါတယ်။ ဘလော့ဂ်လုပ်တာနဲ့ ပါတ်သက်လို့ သိချင်တာရှိရင် မေးနိုင်ပါတယ်။ သိရင်တော့ ဖြေပေးပါမယ်။

trh said...

ရူခင်းတွေတော့ မိုက်သားပဲဗျ ... ကျောင်းပြီးမှ သွားလည်ကြည့်ဦးမယ် ....

သဉ်ဇာ - Thinzar said...

သူရ>> ကျောင်းမပြီးသေးလည်း သွားလည်လို့ရပါတယ်။ =)

Moe Cho Thinn said...

ရှုခင်းတွေက လှလိုက်တာ။ မလေးရှားမှာ ၁နှစ်နေခဲ့ဖူး ပေမဲ့ အဲဒီနေရာကို မရောက်ဖူးခဲ့ဘူး။ ဝေမျှတာ ကျေးဇူးပါ။
စတော်ဘယ်ရီ milk shake လေးတော့ သွားရည်ယို သွားပြီ။
စာရေးကောင်းတယ်။ လာဖတ်ဖို့ ဘလော့ဂ်တခု တိုးသွားပြီ။

သဉ်ဇာ - Thinzar said...

မမိုးချိုသင်း>> ဪ.. အစ်မလည်း မလေးရှားမှာ နေခဲ့ဖူးတာကိုး။ :) အစ်မဘလော့ဂ်တော့ နေ့တိုင်း ဖတ်နေကျ။ ဖတ်လိုက်ရင် ပေါ့ပေါ့ပါးပါး ဖြစ်စေတဲ့ ရေးဟန်ကို အရမ်း သဘောကျတယ် အစ်မ။

Post a Comment

Please feel free to use any font to comment :)