Doodles မှ စိတ်နေစိတ်ထား ခန့်မှန်းခြင်း

တစ်ခုခုကို စဉ်းစားနေရင်းဖြစ်ဖြစ် တစ်စုံတစ်ခုကို ကြည့်နေရင်းဖြစ်ဖြစ် လက်ထဲမှာ ခဲတံ (သို့) ဘောပင် တစ်ခုခု ရှိနေတယ်ဆိုရင် မထင်မှတ်ဘဲ ကိုယ့်ရှေ့မှာရှိတဲ့ စာရွက်အလွတ်ပေါ်မှာ ပုံလေးတွေ ဆွဲမိကြတယ်။ တစ်ခါတစ်လေတော့ တောင်ခြစ်မြောက်ခြစ် လျှောက်ခြစ်ထားမိမယ်။ အဲဒီလို အာရုံမစိုက်မိတဲ့အချိန်မှာ ဆွဲမိတဲ့ပုံလေးတွေကို doodle လို့ခေါ်ပါတယ်။ ကိုယ်က ဒီပုံကို ဆွဲမယ်လို့ စဉ်းစားပြီး ဆွဲတာမဟုတ်ဘဲ သူ့အလိုလို ဆွဲဖြစ်သွားတဲ့ ပုံလေးတွေဟာ အရာဝတ္ထု တစ်ခုခု ဖြစ်ရင် ဖြစ်နေမယ်။ ဒါမှမဟုတ် ကာတွန်းပုံလေးတွေလည်း ဖြစ်နိုင်တယ်။ တစ်ချို့ကတော့ အဝိုင်းတွေ လေးထောင့်တွေကို စာရွက်ပြည့်အောင် ဆွဲမိနေမယ်။ ကမာ္ဘပေါ်မှာ doodle အများဆုံးဆွဲတာဟာ ကျောင်းသားတွေပါဘဲ။ စာသင်ခန်းထဲမှာ ပျင်းတယ်လို့ မခံစားဖူးတဲ့ ကျောင်းသား ရှိမယ်မထင်ဘူး။ အဲဒီအခါ စာအုပ်ပေါ်မှာ ဟိုခြစ်ဒီခြစ် လုပ်ကြတယ်။ ဆရာမရဲ့ ပုံကို ဆွဲကောင်း ဆွဲနေမိမယ်။

လူတစ်ယောက်ရဲ့ လက်ရေးကို ကြည့်ပြီး သူ့ရဲ့ စိတ်ကို ခန့်မှန်းလို့ ရသလိုဘဲ လူတစ်ယောက် အမှတ်မထင် ဆွဲထားတဲ့ပုံတွေကိုကြည့်ပြီး သူ့ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရပါတယ်တဲ့။

• တြိဂံ၊စက်ဝိုင်း၊ လေးထောင့် => စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသူ။
• မြှား၊ လှေကား => ရည်မှန်းချက်ကြီးပြီး တစ်ခုခုကို အကောင်းအထည်ဖေါ်ဖို့ စဉ်းစားနေသူ။
• ကြယ် => အကောင်းမြင်တတ်သူ။
• အိမ်ပုံ => အိမ်လွမ်းနေသူ (သို့) မိသားစု တစ်ယောက်ယောက်ကို စောင့်နေတာ (သို့) တစ်နေရာရာမှာ အခြေတကျ နေနိုင်အောင် စဉ်းစားနေခြင်း။ အိမ်ပုံလှလှလေး ဆွဲလေ့ရှိသူဟာ ပျော်ရွှင်တဲ့ မိသားစုဘဝကို ရထားတယ်လို့ ဆိုနိုင်တယ်။ မလှမပ ဆွဲထားတဲ့ အိမ် (သို့) ပြတင်းပေါက် မပါတဲ့ အိမ်ဆိုရင်တော့ အိမ်မှာ မပျော်တဲ့သူ တစ်ယောက်လို့ ကောက်ချက်ချလို့ ရမယ်။
• ကုဗတုံး၊ ဗဟုဂံ စတဲ့ သုံးဖက်မြင် ပုံများ => အဖက်ဖက်မှ စဉ်းစားချင့်ချိန်နိုင်သူ (သို့) ထိုသို့ စဉ်းစားလိုသူ။ ဒါပေမယ့် ကုဗတုံးပုံ သေတ္တာတွေကို မညီမညာ ဆင့်ထားတဲ့ပုံဆိုရင်တော့ ထိုသူဟာ တော်တော် စိတ်ဖိစီးမှု ခံနေရလို့ဘဲ။
• နာမည်တစ်ခုခုရေးပြီး အောက်မှာ မျဉ်းသားထားတယ်ဆိုရင် => အဲဒီ လူ (သို့) ပစ္စည်း (သို့) နေရာဟာ သင့်အတွက် အရေးပါလို့ပေ့ါ။
• သေနတ်၊ ဓါး၊ လက်နက်တစ်ခုခု => ပြိုင်ဆိုင်လိုစိတ် ပြင်းထန်နေသူ
• အကောင်အထည်မရှိတဲ့ပုံ => ဘာရယ်လို့ မယ်မယ်ရရ မပြောနိုင်တဲ့ ပုံတွေကို ဆွဲနေရင်တော့ ဦးတည်ရာမဲ့နေတာ (သို့) စိတ်အနှောင့်အယှက် ဖြစ်နေပုံ ရပါတယ်။
• ပန်းပွင့်၊ ပန်းအိုး၊ ပန်းပင် => နူးညံ့တဲ့ စိတ်ထားရှိသူ (သို့) စိတ်ထားဖြူစင်တဲ့သူလို့ အကြမ်းဖျင်းပြောကြတယ်။ ဒါပေမယ့် ဆူးတွေနဲ့ ပန်းဆိုရင်တော့ အချစ်ရေးနဲ့ ပါတ်သက်ပြီး ထိခိုက်ထားပုံဘဲ။
• Zig-zag => တစ်ယောက်ယောက်ရဲ့ နှစ်သိမ့်ပေးမှုကို လိုအပ်နေသူ။
• အုတ်နံရံပုံ => အခက်အခဲ အတားအဆီး တစ်ခုခုနဲ့ ရင်ဆိုင်နေရသူ။

ပုံဆွဲထားတဲ့ စာမျက်နှာ နေရာ အနေအထားကို ကြည့်ပြီး ကောက်ချက်ချလို့လဲ ရသေးတယ်။
• အလယ် => လူအများရဲ့ အရေးပေးမှုကို ခံလိုသူ။
• အပေါ် => လွတ်လပ်တဲ့ အတွေးအခေါ်ရှိသူ။ သွက်သွက်လက်လက် ရှိသူ။
• ဘယ်ဘယ် => အများအားဖြင့် ဒီနေရာမှာ ဆွဲထားတာတွေဟာ ပုံဆွဲသူရဲ့ အတိတ် နဲ့ ပါတ်သက်နေမယ်။ ဒါမှမဟုတ် အနာဂတ် နဲ့ သက်ဆိုင်ကောင်း သက်ဆိုင်နေမယ်။
• ညာဘက် => တကယ်တမ်း စာရေးဖို့ ထားတဲ့ စာမျက်နှာရဲ့ ညာဖက်အပိုင်းမှာ ပုံတွေ လျှောက်ဆွဲထားတယ်ဆိုရင်တော့ ထိုသူဟာ သူ့ရင်ထဲက ခံစားချက်တွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုနေသူ ဖြစ်တယ်။
• အောက်ဆုံး => တစ်ခုခုကို သံသယ ဝင်နေသူ (သို့) စိတ်ဓါတ်ကျနေသူ

အရင်ဆုံး စာအုပ်ပြန်လှန်ပြီး ကိုယ်ဘာပုံတွေ ဆွဲမိတတ်လဲဆိုတာ သတိထားကြည့်ပေါ့။ ပြီးရင် တစ်ခြားသူတွေရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်း ကောက်ချက်ချကြည့်လို့ ရတယ်။ ရာနှုန်းပြည့်တော့ မှန်ချင်မှ မှန်လိမ့်မယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ သုတေသန လုပ်ထားတာဆိုတော့ အချက်အလက် တော်တော်များများက လူအများစုအပေါ်တော့ အကျိုးသက်ရောက်မှု ရှိမှာပါ။ အင်တာနက်ထဲက ဖတ်မိတာတွေထဲက ကြိုက်တဲ့အချက် နည်းနည်းပါးပါးကို ဘာသာပြန်ထားတာပါ။ ဆက်ပြီး ဖတ်ချင်တယ်ဆိုရင်တော့ “Doodle Interpretation” ကို Google လုပ်ပြီး ရှာဖတ်နိုင်ပါတယ်။

Source: Wikipedia
Doodles Interpretation
Doodle Analysis
Image Credit: http://garcya.us/blog/top-20-free-brushes-list-awesome-collection/

12 comments:

လင်း said...

မျဉ်းကြောင်းတွေ အပေါ်အောက်ဆင်ပြီး ဂျစ်ဂျစ်နဲ ့ခြစ်ကြသွားတာကြတော့ရော? ပျင်းနေရင်ဖြစ်ဖြစ်။ စိတ်ရှုတ်လာရင်ဖြစ်ဖြစ် မျဉ်းတွေဆွဲနေတတ်တယ်။ sketch ခြစ်သလိုမျိုးလေ။

Harun said...

Wow...Nice....I also used to do that but mine is circles and stars and so on.....

ဇနိ said...

တခုခုရေးပြီးရင် ဘောလ်ပင်နဲ့ ဝိုင်းဝိုင်းထားတတ်တယ်
း)
စိတ်အတက်အကျပေါ်မူတည်ပြီး ဆွဲတဲ့ပုံတွေကတော့ ပြောင်းနေမှာပါ
း)

ThuHninSee said...

အိမ်ပုံလေးတွေ ဆွဲလေ့ရှိပါတယ်.. အထူးသဖြင့် အမိုးလှလှလေးတွေ နဲ့ ဆွဲရတာ သဘောကျတယ်။

ThuHninSee said...

အဲ..အခုတလော..လျှာထုတ်ပြနေတဲ့ပုံ..မျက်လုံးဲပူးပြီး သွားခေါနေတဲ့ပုံ..
ပြောင်ချော်ချော်တွေ ဆွဲမိနေတယ်..ဂေါက်ချင်နေလားမသိဘူး။ဟာ.းဟား။

အိမ့်ချမ်းမြေ့ said...

စိတ်အရမ်းဝင်စားဖို့ကောင်းတာပဲ။ မှန်လဲမှန်တယ်လို့ထင်ပါတယ်။ ဝေမျှတာကျေးဇူးပါ။

khin oo may said...

ဘာမှမဆွဲဖြစ်ပါ။

ရွာသားလေးဝိုင်တီယူ said...

မThinzar ရေ ဟိုတစ်ခေါက်ကော့မန့်ထဲက ပြန်လိုက်လာပြီး နှုတ်ဆက်ဖို့ပါပဲ ဝင်လို့မရဖြစ်နေလို့ဗျ။ စာလာဖတ်ပြီး ကော့မန့်ပေးသွားတာ ကျေးဇူးပါဗျာ။ စီဘောက်မတွေ့လို့ ကော့မန့်မှာပဲ လာပြန်ရေးသွားပါတယ်။ ပျော်ရွှင်ပါစေခင်ဗျာ

သဉ်ဇာ - Thinzar said...

လင်း>> artistic, patient တဲ့။

Harun>> the geometric shape says you has rational way of thinking. But I would interpret that you were not concentrated in class and day-dreaming :D

ကိုဇနိ>> နောက်ဆို စာအုပ်မှာ အဝိုင်းတွေနဲ့ ပြည့်သွားလား။ သဉ္ဖာဆို ဝိုင်းလိုက် လေးထောင့်နဲ့ ခတ်လိုက်နဲ့ ပြီးရင် ဘာမှ ပြန်ရှာလို့ မရတော့ဘူး။

ThuHninSee>> အိမ်ပုံလှလှ လေးတွေ ဆွဲတယ်ဆိုတော့ ပျော်ရွှင်တဲ့ မိသားစုဘဝရှိလို့ပေါ့။ ပြောင်ချော်ချော်ပုံကတော့ ဂေါက်တာ မဟုတ်ဘူးတဲ့။ ဆွဲတဲ့သူက ဟာသဉာဏ် ရှိတဲ့သူ၊ လက်ရှိ ပျော်နေတဲ့သူဖြစ်လို့ပါတဲ့ကွယ်။

မအိမ့်ချမ်းမြေ့>> စိတ်ခံစားမှုအခံတစ်ခုခုကြောင့် လက်က ဆွဲဖြစ်သွားတာဆိုတော့ ကိုယ့်ရဲ့ လက်ရှိ စိတ်နေစိတ်ထားကို ထင်ဟပ်သွားတာလို့ ထင်တာဘဲ

မခင်ဦးမေ>> မဆွဲဖြစ်တော့ စာအုပ် မညစ်ပတ်ဘူးပေါ့။ အစ်မအတွက် "ဘလော့ဂ်ကို ကြည့်ပြီး စိတ်နေစိတ်ထား ခန့်မှန်းခြင်း" ဆိုတာ ရေးဦးမယ်။ :D

ရွာသားလေးဝိုင်တီယူ >> စာတွေက စိတ်ဝင်စားဖို့ ကောင်းလို့ မကြာခဏ ဖတ်ဖြစ်တယ်။ တောင်ကြီး အင်းလေး အကြောင်းတွေ့တော့ ကောမန့်မပေးဘဲ မနေနိုင်တော့ဘူး။

လုလု said...

မလုကတော့ ပန်းပွင့်လေးတွေ ဆွဲဖြစ်တယ်
ဘာပန်းမှန်းတော့ မသိဘဲ စိတ်ထင်ရာ လျှောက်ဆွဲခြင်းဖြစ်ပါတယ်။

သဉ်ဇာ - Thinzar said...

မလုလု>> ပန်းပွင့်လေးတွေ ဆွဲလေ့ရှိတယ်ဆိုတော့ စိတ်ထားနူးညံ့တဲ့သူမှန်း ခန့်မှန်းလို့ ရပါတယ်။ ဟင်းသီးဟင်းရွက်ပုံတွေ ဒယ်အိုးဒန်ခွက် ပုံတွေကော မဆွဲဘူးလားဟင် :)

icn2 said...

Doodleအကြောင်း ကျနော်လည်း စိတ်ဝင်စားတယ် ။ နည်းနည်းရေးဖူးတယ် ဘလော့မှာ ။ အထူးသဖြင့် ကလေး ငယ်တွေရေးတာကို ပိုသဘောကျတယ် ။

Post a Comment

Please feel free to use any font to comment :)