2008 Wrap Up

၂၀၀၈ ခုနှစ်လည်း ကုန်ခါနီးပြီ။ ဒီတစ်နှစ်အတွင်းမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ရရင်…

Jan – အလုပ်စဝင်ပြီး တစ်လကျော်ကျော်လောက် ရှိသွားပြီဆိုတော့ အလုပ်ထဲမှာ နည်းနည်း နေသားကျသွားတယ်။ ကျောင်းကို လွမ်းတာလည်း နည်းနည်း လျော့သွားတယ်။ project တစ်ခု ရဲ့ အခက်ဆုံးအချိန်ရောက်နေတော့ meeting တွေတက်ရင်း ဆရာဝန်တွေနဲ့ ငြင်းခုံရင်း တော်တော် အလုပ်ရှုပ်တဲ့ လတစ်လ ဖြစ်သွားခဲ့တယ်။

Feb – ရထားပေါ်မှာ ဖုန်းအခိုးခံလိုက်ရတယ်။ ပထမဆုံးအကြိမ် ဖုန်းပျောက်တာဆိုတော့ တော်တော် ဝမ်းနည်းမိတယ်။ အလုပ်ကတော့ အရင်လတွေအတိုင်းဘဲ။ OT နည်းနည်း များတယ်။ weekend တွေပါ အိမ်မှာ လုပ်ရတဲ့ အပြင် ရုံးကနေလည်း တော်တော် နောက်ကျမှ ပြန်ရတဲ့ရက်တွေ ရှိခဲ့တယ်။

March – ကျောင်းပြီးနောက် စစချင်းလုပ်ရတဲ့ project ရဲ့ နောက်ဆုံး phase ဆိုတော့ တော်တော် ပင်ပန်းသွားတယ်။ အပါတ်တိုင်း review, UAT, FAT, training တွေအတွက် ပြင်ဆင်နေရတယ်။ final year project အတွက် ရေးထားတဲ့ paper ကို International Conference တစ်ခုက လက်ခံတယ်ဆိုလို့ အရမ်းဝမ်းသာသွားတယ်။

April – မေလမှာ conference တက်ဖို့ အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရတယ်။ ငါးလလောက် ပစ်ထားတဲ့ VMWare ကို ဖုန်သုတ်ပြီး result အသစ်တွေ ထပ်ထုတ်ရတယ်။ ကျောင်းသားဘဝကို ပြန်လွမ်းမိသလိုလိုတော ့ရှိသား။ အလုပ်အနေနဲ့ကတော့ နည်းနည်း အားသွားတယ်လို့ ပြောရမယ်။ bug fixing ဘဲ အဓိက လုပ်နေရတာ။

May – conference အတွက် ပြင်ဆင်ရင်း freelance project တစ်ခုကို လက်ခံလိုက်တယ်။ conference ကြောင့် မအားပေမယ့် တစ်ဘက်ကလည်း ကိုယ့်ကျောင်းအတွက် တစ်ခုခု လုပ်ပေးချင်လို့သာ။ တော်တော်အလုပ်ရှုပ်တဲ့ လတစ်လ ဖြစ်သွားတာပေါ့။ အဲဒီအချိန် ရုံးမှာလည်း project အသစ်တစ်ခု ထပ်လုပ်ရတယ်။ နှစ်ခုလုံး .NET project ဖြစ်နေလို့ အဆင်ပြေသွားတယ်။ မဟုတ်ရင် လေးငါးလလောက် မလုပ်ဘဲ ပစ်ထားတဲ့ language ဆိုရင် မနည်း ပြန်လေ့လာရမယ်။ Asian Universities Debating Championship (AUDC) မှာ volunteer သုံးရက် သွားလုပ်တယ်။ ၂၀၀၈ မှာ အလုပ်အများဆုံး လတစ်လ လို့ ပြောရမယ်။ မြန်မာပြည်ကို နာဂစ်ဝင်သွားတော့ ကျောင်းကကျောင်းသားတွေနဲ့ပေါင်းပြီး အလှူငွေကောက်တာ ဘာညာ နည်းနည်း ဝင်ကူလိုက်သေးတယ်။ တစ်ခြားအလုပ်တွေကလည်း ဒီတစ်လထဲမှာ လာစုနေတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး ဖြစ်ခဲ့တယ်။

June – လက်ထဲမှာ project သုံးခု ရောက်နေတယ်ဆိုပေမယ့် အားလုံးက bug fixing နဲ့ new feature request တွေချည်း။ bug fixing လောက် ပျင်းဖို့ ကောင်းတဲ့ အလုပ် မရှိတော့ဘူး။ အလုပ်ကိုတောင် နည်းနည်း စိတ်ပျက်ချင်ချင် ဖြစ်မိတယ်။ လကုန်ခါနီးမှာတော့ အရင် အလုပ်ထွက်သွားတဲ့ senior programmer တစ်ယောက်လုပ်ထားတဲ့ project တစ်ခုကို feature တစ်ခု ထပ်ဖြည့်ဖို့ တာဝန်ယူရတယ်။ သူများ code တွေ ပြန်ဖတ်ရတာ သိပ်တော့ မလွယ်တဲ့ အလုပ်ဘဲ။ အဲဒီလူကြီးရေးထားတာက တော်တော်ကို အဆင့်မြင့်လွန်းတယ်။ AJAX တွေ ဘာတွေလည်း ပါတယ်။ အစက ကိုယ့်ကိုယ်ကို လုပ်နိုင်မယ်တောင် မထင်မိဘူး။

July – အလုပ်မှာတော့ bug fixing ဘဲ။ ဘွဲ့ယူဖို့အတွက် မိဘတွေလာလည်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်တယ်။

August - ၂၀၀၈ ခုနှစ် အတွက်တော့ ပျော်စရာအကောင်းဆုံး လတစ်လပေါ့။ (ကြားထဲမှာ အကြောင်းကိစ္စတစ်ခုကြောင့် နည်းနည်း စိတ်ညစ်လိုက်ရတာက လွဲရင်။) လေးနှစ်လုံး ကြိုးစားလာတာ ဘွဲ့ယူတဲ့နေ့တစ်နေ့မှာတင် ကိုယ်ကြိုးစားခဲ့ရကျိုး နပ်သွားတယ်လို့ ခံစားခဲ့ရတယ်။ မိဘကို စိတ်ကျေနပ်မှု တစ်ခုတော့ ပေးနိုင်လိုက်တယ်လို့ ယူဆမိတယ်။

Sept – အလုပ်မှာ ပရောဂျက် အသစ်တစ်ခုအတွက် requirement gathering နဲ့ database design phase ကိုင်ရတယ်။ ဒီလရောက်တော့ ကိုယ် အခုလုပ်နေတာတွေဟာ ကောင်းရဲ့လားဆိုတာ ပထမဆုံးအကြိမ် တွေဝေမိတယ်။ တစ်ခြားနိုင်ငံသွားရင် ကောင်းမလား။ ရန်ကုန်ဘဲပြန်ပြီး programmer လုပ်စားရင် ကောင်းမလား။ ကျောင်းဘဲ ဆက်တက်ရင် ကောင်းမလား ဆိုတာ တော်တော် ဝေခွဲမရ ဖြစ်သွားတယ်။

Oct – အောက်တိုဘာ ခရီးသွားလပေါ့။ ရန်ကုန်ပြန်တယ်။ မလေးရှားပြန်လာတယ်။ ဆော်ဒီသွားတယ်။ မလေးရှားကို ပြန်လာတယ်။ ပြီးတော့ ရန်ကုန်ထပ်ပြန်တယ်။ (transit ဆိုတော့ ဘန်ကောက်ပါ ရောက်လိုက်သေးတယ်။) Personal Development Workshop တစ်ခု တက်ရတယ်။ ကိုယ့်ကိုယ် အမြင်တွေ အများကြီး ပြောင်းလဲပေးနိုင်ခဲ့တယ်။ အိုင်ဒီယာသစ်တွေ ရှေ့ဆက်ကြိုးစားဖို့ ခွန်အားသစ်တွေ ရလိုက်တယ်။ Umrah လုပ်ဖြစ်လိုက်တာက အားလုံးထဲက အကောင်းဆုံးပါဘဲ။

Nov – တောင်ကြီးပြန်ဖြစ်တယ်။ တစ်နှစ်ခွဲကြာပြီးမှ ပြန်ဖြစ်ပေမယ့် တောင်ကြီးမြို့ကတော့ အရင်အတိုင်းပါဘဲ။ ဝမ်းသာဖို့ကောင်းတာကတော့ တန်ဆောင်တိုင်ပွဲနဲ့ သွားကြုံတယ်။ သူငယ်ချင်းတွေနဲ့ အင်းလေးသွားဖြစ်လိုက်တယ်။ ပြီးတော့ မပြန်ချင် ပြန်ချင်နဲ့ မလေးရှားပြန်ခဲ့ရတယ်။ ခွင့်ယူတာ ငါးပါတ်ဖြစ်သွားတဲ့အတွက် အလုပ် အကြွေးတွေ ပုံသွားတယ်။ အားတယ်ဆိုတာ သိပ်မရှိတော့ဘူး။ GoMobile Expo မှာ exhibitor သွားလုပ်ရတယ်။ အတွေ့အကြုံ အသစ်တွေ ရလိုက်တယ်။

Dec - ရုံးက စပွန်ဆာ လုပ်လို့ conference တစ်ခု တက်ဖြစ်တယ်။ အိုင်ဒီယာအသစ်တွေ နည်းနည်းရတယ်။ project module by module review ဆိုတော့ နည်းနည်း အလုပ်ရှုပ်ပြန်ရော။ ရုံးပိတ်ရက်တွေ များတော့ ဟိုလည် ဒီလည်ပေ့ါ။

တစ်နှစ်လုံး အတိုင်းအတာ အနေနဲ့ တစ်ခြားလုပ်ခဲ့တာတွေကို အားရပေမယ့် အလုပ်နဲ့ပါတ်သတ်ပြီး သိပ်အားမရဘူး။ တိုးတက်သင့်သလောက် မတိုးတက်သလိုဘဲ။ နောက်နှစ်မှာ ဒီတစ်နှစ်လို အီးယောင်ဝါး လုပ်မနေတော့ဘဲ ပိုကြိုးစားသင့်တယ်လို့ ထင်မိတယ်။ ကျောင်းပြီးသွားတော့ သူငယ်ချင်း အပေါင်းအသင်းနည်းသွားတယ်။ ဒါလည်း သိပ်မကောင်းဘူး။ New year resolution သတ်မှတ်ရမယ်။


Taman Pertanian Malaysia

ဒီရက်ပိုင်းမှာ ရုံးပိတ်ရက်တွေ အရမ်းများနေတယ်။ Christmas, Awal Muharaam, New Year ဆက်နေတော့ အလုပ်လုပ်ချင်စိတ်တောင် ပျောက်နေတယ်။ new year eve လည်း half day ဘဲ အလုပ်လုပ်ရမယ်။ စနေနေ့က Shah Alam က Bukit Cahaya မှာရှိတဲ့ Taman Pertanian Malaysia (Malaysia Agriculture Park) ကို သွားလည်တယ်။ အခုတလော နေရာတော်တော်များများ ရောက်ဖြစ်ပေမယ့် ဖုန်းကင်မရာနဲ့ဘဲ ဓါတ်ပုံတွေ ရိုက်ဖြစ်တယ်။ ဆေးရုံတင်ထားတဲ့ ကင်မရာလေးကလည်း ဘယ်တော့မှ ပြန်ရမှာလဲ မသိဘူး။ ကင်မရာ ပျက်နေသော်လည်း ဖုန်းကင်မရာနဲ့ ရိုက်ပြီး မျက်စိဒုက္ခပေးလိုက်ဦးမယ်။ :)
အဲဒီ Taman Pertanian မှာ အဓိက ရှိတာကတော့ Four Season House လို့ခေါ်တဲ့ နေရာလေးပါ။ မလေးရှားလိုနိုင်ငံက ဥတုသုံးပါး မရှိတော့ တစ်ခြား နိုင်ငံတွေရဲ့ Spring, Summer, Autumn, Winter ရာသီအတိုင်း indoor setting လုပ်ထားတဲ့ နေရာပေါ့။ အခုအချိန်မှာ ကမာ္ဘနိုင်ငံတော်တော်များများမှာ ဆောင်းတွင်းဆိုတော့ သူ့setting က ဆောင်းရာသီအပြင်အဆင်လေးကို တွေ့ရပါတယ်။ အပူချိန်ကို ရေခဲမှတ်အောက် -၂ ကနေ -၁ရ ကြား လွှတ်ထားတာမို့ အထဲမှာ နှင်းတွေ၊ ရေခဲတွေ၊ ရေခဲဂူလေးတွေ ကို တွေ့ရပါတယ်။ အဲလောက်အေးမယ် မထင်ထားတော့ အကျီ င်္အနွေးထည် မယူသွားတာ မှားတာဘဲ။ အထဲမှာ ချမ်းလွန်းလို့ သေချာတောင် မကြည့်နိုင်ဘူး။ ဓါတ်ပုံ နည်းနည်းရိုက်ပြီး အမြန် ပြန်ပြေးထွက်ခဲ့ရတယ်။ ဒါပေမယ့် ဝင်ကြေးက ရင်းဂစ် သုံးကျပ်ဘဲ ပေးရတယ်ဆိုတော့ တန်ပါတယ်။ မတန်ဆုံးက Genting Highland က Snow World ဘဲ။ နေရာကလည်း သေးသေးလေးကို ရင်းဂစ် ၁ရကျပ် ပေးဝင်ရတယ်။ ပြီးတော့ အထဲမှာ ကင်မရာယူသွားလို့လည်း မရဘူး။ ရောက်ဖူးသမျှထဲမှာ အလှဆုံးကတော့ Mines Wonderland က snow world ဘဲ။ ကျယ်လည်း ကျယ်တယ်။ လှလည်းလှတယ်။ အဲဒီနေရာလည်း ကင်မရာတော့ ယူသွားလို့ မရဘူး။ ဒီ Four Seasons House တစ်ခုဘဲ ဝင်ကြေးလည်း သက်သာပြီး ဓါတ်ပုံလည်း ရိုက်လို့ရတယ်။



အထဲရောက်သွားတော့ ဓါတ်ပုံသာရိုက်ရတာ။ လက်ကတော့ တော်တော့်ကို အေးခဲပြီး တုန်နေတယ်။ ငါးမိနစ်လောက်နေပြီး လူတစ်ကိုယ်လုံးလည်း တော်တော် တောင့်သွားတယ်။ ဘာကြောင့် ဝင်ကြေးဈေးသက်သာလဲဆိုတာ သိသွားတယ်။ ဘယ်သူမှ အထဲမှာ ၁ဝမိနစ်ထက် ပိုနေနိုင်မှာ မဟုတ်ဘူး။ လေးလတစ်ကြိမ် ရာသီဥတုအလိုက် အပြင်အဆင်ပြောင်းတာဆိုတော့ ဖေဖေါ်ဝါရီကုန်ရင် နွေဦးပေါက် ပုံစံ ပြောင်းတော့မှာ။ အဲဒီအခါကြရင်လည်း သွားကြည့်ချင်သေးတယ်။
ဒီပန်းခြံအထဲမှာ Four seasons House အပြင် Animal Garden, Orchid Garden, Mushroom Garden, Paddy Garden, Durian/Rambutan Garden စသဖြင့် နေရာ အများကြီး ရှိပါသေးတယ်။ နေ့လည် ၂နာရီလောက်မှ ရောက်သွားတော့ နေရာအစုံတော့ မရောက်ဖြစ်လိုက်ဘူး။ ငါးနာရီဆို ပိတ်ပြီ။ အထဲမှာ လမ်းလျှောက်ရင်လျှောက်၊ စက်ဘီး ငှားစီးရင်စီး၊ ဒါမှမဟုတ် free shuttle bus လည်း ရှိတော့ လည်ရပါတ်ရတာ တော်တော် အဆင်ပြေတယ်။
တောတောင် သဘာဝလည်း သာယာတယ်။ ဝင်ကြေးလည်း သက်သာတော့ အနားယူ အပန်းဖြေလို့ကောင်းတဲ့ နေရာလေး တစ်ခုပါဘဲ။ ၂၀၀၈ ကို ဒီပို့စ်လေးနဲ့ဘဲ အဆုံးသတ်လိုက်ပါမယ်။


Selamat Menyambut Awal Muharam 1430 Hijrah and Tahun Baru!!
Happy New Year!


တို့ရှမ်းမြေ



ဆောင်းနှင်းဖွေးဖွေးလေး တောင်တန်းများကြားမှာ ~~
အေးချမ်းလှတဲ့ ကျတော်တို့မြို့လေးကို ~~
အလည်တစ်ခေါက် ရောက်လာပါလားလို့ ဟန်ဆောင်မှုကင်းတဲ့ ~~

စေတနာရင်မှာ တကယ်ရင်းနှီးတဲ့ တို့ရှမ်းမြေ ~~

တောင်ကြီးမြို့အဝင် (တောင်တက်လမ်း မရောက်ခင်)

မနက်ထလာလို့ တောင်ချွန်းကြီးကို မြင်လိုက်ရရင်ဘဲ စိတ်ထဲမှာ အလိုလို ကြည်နူးသွားတယ်။

bird’s eye view of my home town Taunggyi (အိမ်ခေါင်မိုးတွေလဲ နီနေဆဲပါဘဲ။)

နှစ်ပါတ်ဘဲခွင့်ရတာ တောင်ကြီးပြန်ဖို့လေယာဉ်လက်မှတ် မရလို့ ရန်ကုန်မှာ သောင်တင်သွားတာနဲ့ တောင်ကြီးမှာ ၁ဝရက်လောက်ဘဲ နေလိုက်ရတယ်။ တန်ဆောင်တိုင် ပြန်မယ်လို့ မရည်ရွယ်ထားပေမယ့် ပြန်ရောက်တာနဲ့ တန်ဆောင်တိုင် စနေပြီ။ ကလေးလည်း မဟုတ်တော့ဘူးဆိုတော့ ပွဲခင်းထဲ လိုက်ပို့ပေးဖို့လည်း မပူဆာမိဘူး။ ငယ်ငယ်တုန်းကဆို နေ့တိုင်းနီးနီးကို ပွဲသွားချင်တာ။ အရုပ်တွေဝယ်၊ မုန့်တွေစား နဲ့ နေ့နေ့ညည စိတ်က ပွဲထဲရောက်နေတာ။ ဒီတစ်ခေါက် မီးပုံးပျံ တစ်ရက်ဘဲ သွားကြည့်ဖြစ်တယ်။ မီးကျည် သုံးလုံးလောက် ဘဲ ကြည့်ခဲ့တယ်။ အရမ်းချမ်းတာနဲ့ ည၁၂နာရီကျော်လောက်မှာ ပြန်လာကြတယ်။ မီးပုံးပျံကွင်းထဲကနေ မီးပုံးပျံကြည့်ရတာကတော့ တကယ်ကို အရသာရှိတယ်။ နေ့လွှတ်မီးပုံးပျံတော့ သွားမကြည့်ဖြစ်ဘူး။ တောင်ကြီးတန်ဆောင်တိုင်ကို နောက်ဆုံးရောက်တာ ၂၀၀၄ ကဆိုတော့ ၄နှစ်ကြာမှ ပြန်ရောက်ဖြစ်တာပေါ့။ မီးပုံးပျံကွင်းတော့ ပိုကြီးသွားတယ်။ ပိုဝေးသွားတယ်။ ဆိုင်ကယ်အပ်ခ ၁၀၀၀၊ ကားရပ်ခ ၂၀၀၀၊ မလွယ်ဘူး။ လိုင်းကားခတော့ ၂၀ဝလား မသိဘူး။ မီးပုံးပျံကွင်း သွားတဲ့လမ်းကို တစ်လမ်းမောင်း လုပ်ထားတဲ့အတွက် အပြန်မှာ ဖရဲရွာတစ်ရွာလုံးကို တစ်ပါတ်ပါတ်ပြီးမှ တောင်ကြီး ပြန်ရောက်တယ်။ အဲဒါတစ်ခုတော့ သိပ်မကောင်းဘူး။

အဖိတ်နေ့မှာတော့ မြို့လုံးကျွတ် ဘုံကထိန်ပွဲရှိတယ်ဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ အဖွားအိမ်ကနေ သွားကြည့်ဖို့ စောစောစီးစီး ထွက်လာခဲ့တယ်။ နောင်…နောင်..နောင်ဗေနောင်.. ဆိုတဲ့ ရှမ်းအိုးစည်သံက ကြားရတဲ့သူကိုပါ မြူးကြွလာစေတယ်။ ဓါတ်ပုံတွေ အများကြီး ရိုက်မယ်လို့ အားခဲထားပေမယ့် ဒီတစ်နှစ်က အရင်နှစ်တွေကလောက် မစည်တော့တာ တွေ့ရတယ်။ ပဒေသာပင်တွေဘဲ များပြီး အရုပ်တွေ သိပ်မတွေ့ရတော့ဘူး။ ပဒေသာပင် တော်တော်များများလည်း လမ်းလျှောက်မလှည့်ကြတော့ဘဲ ကားနဲ့ဘဲ သွားကြတယ်။ အရင်တုန်းကဆိုရင် မြို့လုံးကျွတ်ကထိန်က ရပ်ကွက် တစ်ခုနဲ့ တစ်ခုမတူ ထူးခြားစွာ အရုပ်ချိုးထားတာဆိုတော့ အရမ်းကို ကြည့်လို့ကောင်းတာ။ ဒါပေမယ့်လည်း တစ်မှူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တုနိုင်ရိုးလား ဆိုတာတော့ ထင်ရှားနေဆဲပါဘဲ။ ကျောင်းကထိန်လည်း ပေးမလုပ်တော့ဘူးလို့ ကြားတယ်။ တောင်ကြီးမှာ ကျောင်းသားဖြစ်ရတာ ပျော်စရာတစ်ခု လျော့သွားတာပေါ့။

တန်ဆောင်မုန်းလပြည့်နေ့ည မီးပဒေသာ ပြိုင်ပွဲ


တန်ဆောင်မုန်းလပြည့်နေညမှာတော့ မီးပဒေသာပြိုင်ပွဲရှိတယ်။ ရပ်ကွက်အလိုက် ပြိုင်ကြတာပေါ့။ မီးပဒေသာက ပုံတွေက သဉ္ဖာ့မောင်လေး ရိုက်ထားတာ။ ဘလော့ဂ်ပို့စ်ထဲ ထည့်ရေးရအောင် သူ့နားကနေ ယူလာတာ။ ပွဲခင်းထဲမှာ ဓါတ်ပုံလိုက်ရိုက်ဖို့ ကြိုးစားသေးတယ်။ ကိုယ့်ကို အရူးလိုလို အကြောင်လိုလို ဝိုင်းကြည့်လို့ မရိုက်ဖြစ်တော့တာ။ ကျီးမနိုးပွဲတော့ လုပ်လား မလုပ်လား မသိလိုက်ဘူး။ မယ်ဇလီဖူးသုပ်တော့ အိမ်နီးချင်း အန်တီကြီးတစ်ယောက်လာပေးလို့ စားလိုက်ရတယ်။ တော်တော်စားကောင်းတယ်။ ပထမဆုံးအကြိမ် စားဖူးတာဘဲ။ မီးပဒေသာမှာ တိုးနယား အကတွေလဲပါတယ်။ မီးပုံးပျံပုံတွေတော့ ရိုက်ထားတာ တစ်ပုံမှ မလှလို့ မတင်တော့ဘူး။ မကြည့်ရသေးရင်တော့ တောင်ကြီးချယ်ရီမြေမှာ သွားကြည့်လို့ ရပါတယ်။

၂၀၀၉ မရောက်ခင် ၂၀၀၈ ရဲ့ ခရီးသွားပို့စ်တွေကို အပြတ်ဖြတ်ရမယ်။ နောက်ပို့စ်မှာ အင်းလေးကပုံတွေ တင်မယ်။


A day at Berjaya Hills

Colmar TropicalFraser’s Hill အကြောင်းရေးရင်နဲ့ Berjaya Hills အကြောင်း မရေးရသေးတာ သွားသတိရတယ်။ ဩဂုတ်လပိုင်းလောက်က သွားခဲ့တာ။ ကွာလာလမ်ပူ ကနေ ကားနဲ့သွားရင် ၄၅မိနစ် လောက်ဘဲမောင်းရတဲ့ တောင်ပေါ် အပန်းဖြေ စခန်း တစ်ခုပါ။ အရင်တုန်းက Bukit Tinggi (Bukit=တောင်ကုန်း Tinggi=မြင့်သော) လို့ခေါ်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀ဝ လောက် မြင့်ပါတယ်။ တောင်တက်လမ်းတွေထဲက အဆိုးဆုံးလမ်းတစ်လမ်း ပြပါဆိုရင် Berjaya Hills တက်တဲ့လမ်းကို ပြရမယ်ထင်တယ်။ လမ်းက မတ်ရတဲ့အထဲ bumper တွေ အများကြီးနဲ့ဆိုတော့ နည်းနည်းတော့ စိတ်ညစ်ဖို့ကောင်းတယ်။ လမ်းဖောက်တဲ့နေရာမှာတော့ ဗြိတိသျှတွေကို မမှီဘူးလို့ဘဲ ပြောရမလားမသိ။ ဒီ resort က လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ဆောက်ထားတာ။ အရင်ပို့စ်တွေမှာ ရေးခဲ့တဲ့ Fraser’s Hill တို့ Cameron Highland တို့ တက်တဲ့လမ်းတွေက အင်္ဂလိပ်ခေတ်ကဖောက်ခဲ့တာဆိုတော့ ဘယ်လိုဘဲဖြစ်ဖြစ် သိပ်မဆိုးလှဘူး။ (အမှန်က နောက်ပိုင်းမှ ဖောက်တဲ့ လမ်းတွေက နည်းပညာ တိုးတက်လာတာနဲ့ အမျှ ပိုကောင်းလာရမှာ မဟုတ်လား။ တို့နိုင်ငံမှာလည်း ဒီအတိုင်းဘဲ။) ကိုယ်က အင်ဂျင်နီယာမဟုတ်တော့ လမ်းဖောက် တံတားဆောက်တာတွေ သိပ်နားမလည်ပါဘူး။

at Colmar Square
Berjaya Hills မှာ အဓိက ရှိတာကတော့ Colmar Tropical လို့ခေါ်တဲ့ ပြင်သစ်စတိုင် French-themed resort, Japanese tea house, Botanical garden, golf course စတာတွေ ရှိပါတယ်။ ဂေါက်သီးနဲ့ကိုယ်နဲ့က ဘာမှ မဆိုင်တဲ့အတွက် တစ်ခြားနေရာတွေကိုဘဲ သွားဖြစ်တယ်။ Horse Trail လည်း ရှိတယ်လို့ပြောတယ်။ မရောက်ဖြစ်လိုက်ဘူး။ တောင်ပေါ်ဆိုပေမယ့် ဩဂုတ်လပိုင်းဘဲ ပူလို့လားတော့ မသိ ရာသီဥတု သိပ်မအေးမြဘူး။ အထဲမှာ အဆမတန် ဈေးမြှောက်နေတဲ့ restaurant တွေကလွဲရင် လွယ်လွယ်ကူကူ စားစရာရှာလို့မတွေ့ဘူး။ ဒါကြောင့် Berjaya Hills သွားမယ်ဆိုရင် ဗိုက်အပြည့်ဖြည့်သွား၊ ဒါမှမဟုတ် စားစရာ ယူသွားသင့်ပါ၏။

Colmar Tropical ကို ပြင်သစ်နိုင်ငံ Alsace မှာ ရှိတဲ့ Colmar Village အတိုင်း ဆောက်ထားတယ်လို့ သိရပါတယ်။ ထူးထူးခြားခြား အဆောက်အဦးပုံစံလေးတွေ မြင်ရတာလည်း တစ်မျိုး စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Japanese Tea House and Botanical Garden
Japanese Tea House ကမာ္ဘ့ပထမဆုံး tropical forest မှာဆောက်ထားတဲ့ tea house လို့တော့ ရေးထားပေမယ့် မှာတော့ ဘာမှ သိပ်မရှိပါဘူး။ ဂျပန်စတိုင် ဆောက်ထားတဲ့ အိမ်လေးတစ်လုံးရှိတယ်။ ဂျပန်က ဗိသုကာ ပညာရှင်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဆောက်ထားတာလို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဗိုက်အရမ်းဆာနေတော့ သိပ်ပြီး စိတ်ဝင်တစား မကြည့်လိုက်ဘူး။ အဲဒီနားမှာ ဂျပန်ဝတ်စုံ ကီမိုနို ဝတ်ထားတဲ့သူ နှစ်ယောက်လောက် ထိုင်နေတယ်။ အဲဒီ ကီမိုနို ဝတ်ပြီး ဓါတ်ပုံရိုက်ချင်ရင် ရင်းဂစ် သုံးဆယ် လားမသိဘူး ပေးရတယ်။ အဲလောက်တော့ အကုန်မခံနိုင်ဘူး။ တရုတ်ကားတွေထဲက ရှေးခေတ်မင်းသမီးတွေ ဝတ်တဲ့ ဝတ်စုံနဲ့တော့ ဓါတ်ပုံရိုက်ချင်သား။ ဘေဂျင်းသွားတုန်းက ကပ်စီးနည်းနေတာနဲ့ မရိုက်ခဲ့ရဘူး။ နောက်တစ်ခေါက်သွားဖြစ်ခဲ့ရင်တော့ ဖြစ်အောင်ကို ရိုက်ရမယ်။ Berjaya Hills မှာ Christmas တို့ New Year တို့ဆို ပိုပြီး စည်မယ်ထင်တယ်။ မရောက်ဘူးသေးရင် အပျင်းပြေ သွားလည်ဖို့ကောင်းတဲ့ နေရာတစ်ခုပါဘဲ။


ဟိုးရှေးရှေးတုန်းက

သားအဖနှစ်ယောက်နဲ့ နွားပုံပြင်ကို လူတိုင်းကြားဖူးကြမှာပေါ့။ နွားကို စီးတော့လည်း အကြင်တရားမရှိဘူးလို့ အပြောခံရတယ်။ မစီးပြန်တော့ အ သတဲ့။ သားကို ပေးစီးတော့ လူကြီးသူမကို မရိုသေ၊ အဖေစီးတော့ ကလေးကို နှိပ်စက်တယ် ဖြစ်ပြန်ရော။ ဒီလိုပါဘဲ။ လောကကြီးက ခက်တယ်။

အဲဒီပုံပြင်ကို ဟိုးရှေးရှေးတုန်းက လို့ အစချီပြီး သီချင်းတစ်ပုဒ်ဆိုထားတာ နားထောင်ပြီး အရမ်းကြိုက်သွားလို့ ပြန် share လိုက်ပါတယ်။ သီချင်းနာမည်တော့ မမှတ်မိတော့ဘူး။ အဆိုတော်ကတော့ “အရိုး” ဆိုလား သိပ်တော့ မသေချာဘူး။ (တောကျောင်းဆရာ ပြောပြသွားတာ။ ရေးသူကော ဆိုသူပါ အရိုးဖြစ်ပါတယ်တဲ့။)


Dumpling Soup (ဖက်ထုပ်)

ဒီ weekend မှာ ဖက်ထုပ် လုပ်စားဖြစ်တယ်။ ပြုတ်စားတာဆိုတော့ ဈေးမှာရောင်းတဲ့ ဖက်ထုပ်အရွက်ဝယ်ပြီးလုပ်တာ အဆင်ပြေတယ်။ သူက ပါးပါးလေးဆိုတော့။ ဖက်ထုပ်ကြော်က ဂျုံပြားနဲနဲထူမှ စားကောင်းတာဆိုတော့ ကိုယ့်ကိုလှိမ့်တာ ပိုကောင်းတယ်။

လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ ဖက်ထုပ်ထဲမှာ ထည့်တာတွေ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းကွဲတယ်။ ကျမတော့ ကျမကြိုက်တဲ့ပုံအတိုင်းလုပ်တယ်။ ဖက်ထုပ်အတွက် အဓိက အကျဆုံးကတော့ ကြက်သားပြုတ်ရည် ကောင်းကောင်းတစ်အိုး အရင် ရဖို့ပါဘဲ။


ကြက်သားပြုတ်ရည်
ကြက်တစ်ကောင်ကို နှစ်ပိုင်းပိုင်းပြီး ဆားနဲ့ နယ်ထားလိုက်တယ်။ ဂျင်း ၃တက်လောက်နဲ့ ကြက်သွန်ဖြူနည်းနည်းကို ထုပြီးထည့်တယ်။ ဆားဝင်သွားအောင် တစ်နာရီလောက် နပ်ထားလိုက်ပြီးမှ မီးပေါ်တင်တယ်။ ၄၅မိနစ်လောက် ပြုတ်ပြီးတဲ့အခါမှာ ကြက်သားပြုတ်ရည် ချိုချိုလေး တစ်အိုးရပါပြီ။ ဟင်းရည်ပွက်သွားမှ ငရုတ်ကောင်း၊ ချောက်ကော ထည့်တယ်။

ဖက်ထုပ်အစာ
ဖက်ထုပ်ထဲထည့်ဖို့ လိုအပ်တဲ့ အစာတွေကတော့

- Dumpling Pastry (2 ထုပ်ဆိုရင် သုံးယောက် အဝစားလို့ရတယ်)
- အမဲသား (သို့) ကြက်သား
- ပဲပင်ပေါက်
- Ku Chai အရွက် (သို့) ကြက်သွန်မြိတ်
- ဂျင်းကြက်သွန်ဖြူထောင်း၊ ဆား၊ ငရုတ်ကောင်း၊ ချောက်ကောမှုန့်
ပဲပင်ပေါက်၊ ku chai ရွက် (မြန်မာလို ဘယ်လိုခေါ်လဲ မသိဘူး။)၊ အမဲသားတို့ကို သေးသေးလေးစီစဉ်း၊ ဂျင်းကြက်သွန်ဖြူအရည်၊ ပဲငံပြာရည် အနည်းငယ်၊ ဆား၊ ငရုတ်ကောင်း၊ ချောက်ကော ထည့်ပြီး ရောနယ်လိုက်တဲ့အခါ ဖက်ထုပ်ထဲ ထည့်တဲ့ အစာ ရပါပြီ။ အိမ်မှာတော့ ဒီအစာက ဖက်ထုပ်ကြော်လုပ်ရင် ထည့်တာများတယ်။ ရိုးရိုး ဖက်ထုပ် ပြုတ်စားတဲ့အခါ အမဲသား ကို ဂျင်းကြက်သွန်ဖြူအရည်ညစ်ထည့်ပြီး ဒီအတိုင်း အစာထည့်တယ်။ ကျမကတော့ အသားချည်းဆို နည်းနည်းအီလို့ အရွက်နည်းနည်း ပါတာကို ပိုကြိုက်တယ်။ ပြီးတော့ ku chai က အမဲသားရဲ့ အညှီနဲ့ကို တော်တော်ပျောက်စေတယ်လေ။

ဖက်ထုပ်ခေါက်တာကတော့ ကိုယ်ကြိုက်သလို ခေါက်လိုက်လဲ ရပါတယ်။ ကျမလုပ်တဲ့ပုံကိုတော့ ဘယ်လို ဓါတ်ပုံရိုက်ပြီး ရှင်းပြရမလဲ မသိတော့ဘူး။ ကောက်ညှင်းမှုန့် (သို့) corn flour အနည်းငယ်ကို အရည်ဖျော်ထားပါ။ ဖက်ထုပ်အရွက်အလယ်မှာ အစာကိုထည့် နှစ်ခြမ်းခေါက် ပြီးရင် အခုနကဖျော်ထားတဲ့ ရေနည်းနည်းတို့ပြီး ကပ်လိုက်ပါ။ ပြီးရင် ထောင့်နှစ်ဘက်ကို ရေနည်းနည်း သုတ်ပြီး ထပ်လိုက်ရင် အပေါ်ကပုံအတိုင်း ရပါတယ်။ ဖက်ထုပ်ကြော်စားချင်ရင်တော့ ဘေးကတစ်ခုလိုမျိုးခေါက်ပါ။



ရေနွေးပွက်ပွက်မှာ ဖက်ထုပ်တွေကို ထည့်ပြုတ်ပါ။ ကျက်သွားပြီဆိုရင် ဆယ်ပြီး ခုနက ပြုတ်ထားတဲ့ ကြက်သားဟင်းရည်၊ ကြက်သွန်ဖြူ ငရုတ်သီး ဆီသတ်၊ ပဲငံပြာရည် အနည်းငယ်၊ သံပုရာသီး တို့ကို ထည့်လိုက်ရင် အရသာရှိတဲ့ ဖက်ထုပ်ပြုတ် ရပါပြီ။

ဖက်ထုပ်လို အစားအသောက်မျိုးက လူများရင် စားလို့ပျော်ပါတယ်။ တစ်ယောက်တစ်ခု ဝိုင်းလုပ်လိုက်ရင် ခဏလေးနဲ့ ချက်လို့ ပြီးတဲ့အစာမျိုး။ တရုတ်လူမျိုးတွေကတော့ နှစ်သစ်ကူးလိုမျိုး မိသားစု စုံစုံညီညီ ရှိတဲ့အချိန်ဆိုရင် ဖက်ထုပ်လုပ်စားကြပါတယ်။ ကျမတို့အိမ်မှာဆိုရင် တစ်ယောက်က ဂျုံနယ်၊ တစ်ယောက်က ဂျုံလှိမ့်၊ တစ်ယောက်က အစာထည့်ပြီးခေါက်၊ နောက်တစ်ယောက်ကချက်နဲ့ မိသားစုဆုံတဲ့အချိန်တုန်းက စားခဲ့ရတာမျိုး ဘယ်အချိန်မှ နောက်တစ်ခေါက် ပြန်ကြုံရမလဲမသိတော့ဘူး။ ဖက်ထုပ်လုပ်စားတိုင်း အိမ်ကို လွမ်းမိတယ်။


A visit to Fraser’s Hill

weekend မှာ Fraser’s Hill သွားလည်ဖြစ်တယ်။ ကွာလာလမ်ပူမြို့နဲ့ နှစ်နာရီခွဲလောက် မောင်းရတဲ့ တောင်ပေါ်မြို့လေး တစ်မြို့ပေါ့။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၀ဝ မီတာ ဆိုတော့ ပေ ၄၉၀ဝ ကျော်.. တောင်ကြီးနဲ့တော့ သိပ်မကွာဘူး။ တောင်တက် တောင်ဆင်းက တစ်လမ်းဘဲ ရှိတယ်။ အဲဒါကြောင့် အတက်တစ်လှည့် အဆင်းတစ်လှည့် သွားရတယ်။ တောင်တက်လမ်းက မတ်ပြီး အကွေ့အကောက် တော်တော်များတယ်။ တောင်တက်လမ်းတင်မဟုတ်၊ မြို့ထဲက လမ်းတွေပါ မတ်စောက်ပြီး ကွေ့ကောက်တယ်။

နံနက်ခင်းမှာ မြူခိုးတွေ ဝေနေမယ်။ ညအချိန်ဆို ချမ်းစိမ့်စိမ့် ရာသီဥတုမှာ စောင်လေးခြုံပြီး ကွေးအိပ်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ အဲဒါကြောင့် ဗြိတိသျှ လူမျိုးတွေဟာ ရောက်လေရာ အရပ်မှာ တောင်ပေါ်ဒေသကို လိုက်ရှာပြီး အပန်းဖြေလေ့ ရှိခဲ့တာဘဲ။ မြန်မာပြည်မှာဆိုရင် တောင်ကြီး၊ ကလော၊ မေမြို့တို့ဟာ အရင် ကိုလိုနီခေတ်က ဗြိတိသျှလူမျိုးတို့ရဲ့ အပန်းဖြေစခန်းဖြစ်ခဲ့တာ။ မလေးရှားနိုင်ငံဟာလည်း တစ်ချိန်က ဗြိတိသျှလက်အောက် ကျရောက်ဖူးခဲ့တာမို့ Cameron Highland, Fraser’s Hills စသဖြင့် တောင်ပေါ် အပန်းဖြေစခန်းတွေ ရှိနေတာပါ။ အိမ်လေးတွေက ဘန်ဂလို ပုံစံလေးတွေ များတယ်။ မလေးရှားနိုင်ငံရဲ့ အလှဆုံး hill resort လို့တော့ ပြောတာဘဲ။
ဒီအချိန် နေရာတော်တော်များများ renovation လုပ်နေလို့ ကောင်းကောင်းမလည်ခဲ့ရပေမယ့် “Take nothing but photographs, leave nothing but footprints” ဆိုတဲ့အတိုင်း ဓါတ်ပုံတွေရိုက် ခြေရာတွေချန်ပြီး ပြန်ခဲ့ပါတယ်။ တောင်ကြီးသူတစ်ယောက်အတွက် ဒီလိုရာသီဥတုမျိုးနဲ့ ဒီလိုပါတ်ဝန်းကျင်မျိုးဟာ မထူးဆန်းပေမယ့် ကွာလာလမ်ပူလိုမျိုး ဥတုသုံးပါးမရှိတဲ့ မြို့ပြမှာ အလုပ်လုပ်လို့ မွန်းကြပ်လာရင် တခဏ ဖြစ်ဖြစ် အနားယူ အပန်းဖြေဖို့ကောင်းတဲ့ တောင်ပေါ်ဒေသလေးတစ်ခု ဖြစ်ပါတယ်။ Cameron Highland လောက် လည်စရာ သိပ်မများပေမယ့် Fraser Hill မှာက လူနေ သိပ်မထူထပ်တဲ့အတွက် ပါတ်ဝန်းကျင် လေထုကတော့ ပိုပြီး သန့်ရှင်းတယ်။ Trail တွေ အများကြီး ရှိတဲ့အတွက် Jungle trekking ဝါသနာ ပါတဲ့သူတွေအတွက်တော့ အရမ်းကို ကောင်းတဲ့ နေရာလေးတစ်ခုပါ။

ပန်းစိုက်တာတော့ ဝါသနာ မပါဘူး။ ပန်းတွေကို ဓါတ်ပုံရိုက်ရတာတော့ စိတ်ဝင်စားတယ်။ ပန်းတွေရဲ့ အရောင်, texture တွေကို ကြိုက်တယ်။


Handphone အတွက် အသုံးဝင်တဲ့ Java apps များ

ယနေ့ handphone တွေဟာ ဖုန်းပြောဖို့တင် မဟုတ်ဘဲ စွယ်စုံသုံးလို့ ရပါပြီ။ ကျမလို ကပ်စေးနဲနဲ နည်းတဲ့သူတွေကတော့ Java Apps တွေကို ဝယ်ဖို့ သိပ်စဉ်းစားကြမှာ မဟုတ်ဘူး။ သူများရဲ့ Intellectual Property ကို လေးစားပေမယ့် free ရဖို့ဘဲ လိုက်ရှာနေမိတယ်။ http://myn73.hafees.com/ ဆိုတဲ့ ဘလော့ဂ်ကို အမှတ်မထင်ရောက်သွားပြီး ဖုန်းအတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲ တော်တော်များများကို download ဖြစ်တယ်။ သူကတော့ N73 အတွက် အဓိကထားရေးပေမယ့် applications တွေက Symbian (S60 series) ဖုန်းတော်တော်များများကို support လုပ်ပါတယ်။

N73 အတွက် download လုပ်သုံးကြည့်ပြီး သဘောကျမိတဲ့ apps တွေကတော့ ...

1. Webster Dictionary: တော်တော်ပြည့်စုံရှည်လျားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါတဲ့ အတွက် အင်္ဂလိပ်စာ လေ့လာနေတဲ့သူတွေအတွက် အသုံးဝင်ပါတယ်။ ဒါပေမယ့် မူရင်းစာလုံးကို အပေါ်နားမှာ မပြထားပေးတော့ တစ်ခါတစ်ခါ ဖတ်ရင်းဖတ်ရင်း ငါဘာစာလုံးရဲ့ အဓိပ္ပါယ်ကို ရှာလိုက်ပါလိမ့်ဆိုတာတော့ ပြန်စဉ်းစားရလိမ့်မယ်။




2. English-Chinese-English Dictionary: လိုရင်းတိုရှင်းနဲ့ အဓိပ္ပါယ်ပြန်ပေးပါတယ်။ စာလုံးအရမ်းစုံတယ်။ တစ်ခါတစ်လေ တရုတ်စာကို ပိုကြိုက်မိတာက မြန်မာလို ၁ဝလုံးလောက်ရေးရမယ့်နေရာမှာ အင်္ဂလိပ်စာလုံးနဲ့ဆို ငါးလုံးလောက် အဓိပ္ပါယ် ဖွင့်နေရပြီး တရုတ်လို စာလုံး နှစ်လုံးလောက်နဲ့ ပြီးသွားလို့ပါ။ ဘယ်က download လုပ်ထားလည်း မမှတ်မိတော့ဘူး။ Apps မှာ About လည်း မပါတော့ ပြန်ရှာမရဘူး ဖြစ်နေတယ်။ mediafire မှာ တင်ပေးဖို့ဆိုတော့လည်း ဘယ်နား save ထားမှန်း သတိမရတော့လို့။ link ရှာတွေ့မှ ပြန်တင်ပေးပါမယ်။



3. Scientific calculator: ဖုန်းထဲမှာ scientific calculator သုံးလို့ရတော့ အရမ်း အသုံးဝင်တာပေါ့။ ဘဝမှာ အမြဲတွက်ချက်နေရတာ မဟုတ်လား။ free download လုပ်လို့ ရပါတယ်။ သုံးရလဲ လွယ်တယ်



4. S60 Spot On: အရင် sony ericsson သုံးတုန်းက ကင်မရာ flash ကို torch light အဖြစ် သုံးလို့ရတော့ တော်တော် အဆင်ပြေပေမယ့် N73 ကို torch light အဖြစ်သုံးချင်ရင် video mode မှာ သွားသွားဖွင့်ရတာ တော်တော်အလုပ်ရှုပ်ပါတယ်။ အခု S60 spot on ဆိုတဲ့ apps ကို သွင်းပြီးသွားတော့ N73 ကိုလည်း လက်နှိပ်ဓါတ်မီး အဖြစ် အလွယ်တကူ သုံးလို့ ရသွားပါပြီ။

5. Screen shot – ဖုန်း screen shot ရိုက်တဲ့ software တော့ တစ်ခါတစ်လေ လိုခဲ့သည်ရှိသော်ဆိုပြီး download လုပ်ပြီး သွင်းထားလိုက်တယ်။ ဒီပို့စ်ရေးတော့ ပုံလေးတွေထည့်ဖို့ အသုံးဝင်သွားတယ်။



6. အစ္စလာမ်ဘာသာဝင်တွေအတွက် Quran, Hadith, Doa, Zikir, Zakat Calculator စတဲ့ apps တွေကိုတော့ www.guidedways.com တွေမှာ တော်တော် အသုံးဝင်တဲ့ apps လေးတွေ ရနိုင်ပါတယ်။ သုံးနေရင်း expired ဖြစ်ဖြစ်သွားတာ တစ်ခုကလွဲရင် ကောင်းပါတယ်။ အလကားရတယ်ဆိုတော့ ဒီလောက်တော့ ရှိမပေါ့နော်။


Games တွေအတွက်ဆိုရင်တော့ Gameloft ကနေ download လုပ်ဖြစ်တာ များတယ်။ handphone ကတော့ ကျမအတွက် swiss knife အတိုင်းပါဘဲ။ (တစ်ချက်တစ်ချက် hang သွားတာကလွဲရင် :-P ဖုန်းခေါ်တာကလွဲရင် အားလုံးလုပ်လို့ရတယ် ဖြစ်သွားတော့မယ်။) နောက် အသုံးဝင်မယ့် freeware, shareware လေးတွေရှိရင်လည်း ဝေမျှပေးကြပါဦး။


Conference ဒုတိယပိုင်း

~~မနေ့ကရေးခဲ့တဲ့ ကွန်ဖရင့် နောက်ဆက်တွဲပါ။~~

အိမ်ထောင်ကျပြီးတဲ့နောက်မှာ သားသမီးတွေကို အနီးကပ် ပြုစုပျိုးထောင်ဖို့အတွက် အလုပ်ထွက်လိုက်ပြီး အိမ်ကနေဘဲ online bookstore ဖွင့်ပြီး အောင်မြင်လာခဲ့တဲ့ အသက်၃၀ဝန်းကျင် အမျိုးသမီး လုပ်ငန်းရှင် တစ်ဦးပြောသွားတာတွေဟာလည်း အားကျစရာ ကောင်းလှပါတယ်။ သူ့ရဲ့ စီးပွါးရေးကို ဘယ်လို ကြော်ငြာခဲ့သလဲဆိုတာ စိတ်ဝင်စားစရာ အကောင်းဆုံး တစ်ချက်ပါ။ သူကတော့ ပိုက်ဆံမကုန်စေမယ့် ကြော်ငြာနည်း တွေကိုသာ သုံးခဲ့ပါတယ်။ အဓိက ကတော့ ကိုယ့်ကို လူတွေ သိလာအောင် အရင်လုပ်ရမယ်။ သူ့ရဲ့ customer ဖြစ်လာနိုင်တာတွေက အင်တာနက်သုံးတဲ့ မိဘတွေသာ ဖြစ်တဲ့အတွက် သားသမီးပြုစုပျိုးထောင်နည်းနဲ့ ပါတ်သတ်ပြီး ဖိုရမ် ရေးတယ်။ ကိုယ့်ရဲ့အတွေ့အကြုံတွေကို ဘလော့ဂ်မှာဝေမျှတယ်။ ကလေးတွေ ဘယ်အရွယ်မှာ ဘာစာအုပ်တွေ ဖတ်သင့်တယ် ဆိုတာတွေကို အကြံပေးတယ်။ သူ့ဆိုင်မှာ ကလေးနဲ့ပါတ်သက်တဲ့ စာအုပ်တွေကို အဓိက ထားရောင်းတဲ့အတွက် ကြုံရင် ကြေငြာတယ်။ ဒီလိုနဲ့ လူတွေရဲ့ ယုံကြည်မှုကို သူရခဲ့တယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ အင်တာနက်လို virtual world မှာ လူတွေရဲ့ ယုံကြည်မှုဆိုတာ ရဖို့ မလွယ်ပါဘူး။ ဥပမာ ကျမတို့ မြန်မာ ဘလော့ဂ်ဂါလောကမှာကြည့်ရင် တစ်ချို့ ဘလော့ဂါ တွေကို လူတော်တော်များများက ယုံကြည်လေးစားကြတယ်။ သူ့တို့စေတနာတွေဟာ သူတို့ရေးတဲ့ စာတွေထဲကနေ ထင်ဟပ်နေတယ်။ virtual world မှာ ဟန်ဆောင် လိမ်ညာနေရင်လည်း ဘယ်သူသိမှာလည်း ဆိုပေမယ့် ရေရှည်မှာ ကြာကြာဟန်မဆောင်နိုင်ပါဘူး။ တကယ်လက်တွေ့လောကနဲ့ personality သာ အနည်းငယ်ကွဲကောင်း ကွဲနိုင်ပေမယ့် စိတ်ဓါတ်ရေးရာအရတော့ သူတို့ရေးတဲ့စာတွေက အနည်းနဲ့ အများတော့ ထင်ဟပ်နေတာပါဘဲ။ (ကျမ ဘလော့ဂ်ဖတ်တာ နည်းနည်းတော့ လျှော့သင့်သလားဘဲ။ :D) conference အကြောင်းရေးရင်းနဲ့ မြန်မာ ဘလော့ဂါတွေဆီ ဘယ်လို ရောက်သွားမှန်း မသိတော့ဘူး။ ပြန်ဆက်ပါမယ်။ အဲဒီအမျိုးသမီးဟာ တစ်ခြားမိဘတွေနဲ့ သားသမီးတွေကို ကိုလည်း စာအုပ်ကောင်းတွေ ဖတ်စေချင်တဲ့ သူ့ရဲ့ စေတနာကို အရင်းပြုပြီး တိုးတက်လာတဲ့ အင်တာနက်ခေတ်ကို အသုံးချရင်း လုပ်ငန်း အောင်မြင်သွားခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ marketing မှာ တော်တော် အရေးပါလာတဲ့ sms စနစ်အကြောင်း ရှင်းပြသွားခဲ့တယ်။ အခုနောက်ပိုင်း ကြော်ငြာ sms တွေ သိပ်မရတော့ပါလားလို့ ကြည့်နေတာ sms spam လုပ်ရင် တရားစွဲလို့ရတဲ့ ဥပဒေ ထုတ်တော့မှာမို့ကိုး။ မဟုတ်ရင် တစ်နေ့ တစ်နေ့ ဖုန်းနံပါတ် ဒေတာတွေကို တစ်ယောက်ကို တစ်ယောက် ရောင်းပြီး ကြော်ငြာတွေပို့နေလို့ သိပ်စိတ်ရှုပ်ရတယ်။ Academi Fantasia, Malaysian Idol, Singapore Idol စတဲ့ တီဗီရှိုးတွေ sms ကနေ ရင်းဂစ် သိန်းပေါင်းများစွာ အမြတ်ရသွားတာ ဘာကြောင့်လဲဆိုတာ နားလည်သွားခဲ့တယ်။ ကိုယ်ကသာ sms ပို့ဖို့ ဆယ်ပြား၊ ပြားနှစ်ဆယ်လောက်ကို နှမြောနေတာ။ သူတို့ နိုင်ငံသားတွေက ငါးရာတစ်ထောင်လောက်တော့ အသာလေး ဖြုန်းကြတယ်။

နောက်တစ်ယောက်ကတော့ မလေးရှားက နာမည်ကြီး ကာတွန်းဆရာ ဦးဘီ (အူဘီး) ဘယ်ဟာ အသံထွက် မှန်သလဲ မသိပါ။ အင်တာနက် ထွန်းကားလာတာနဲ့အမျှ ကာတွန်း ထုတ်ဝေသူတွေ ဒေဝါလီခံရလုနီးနီး ဖြစ်နေချိန်မှာ သူဟာ HTML ကို မတောက်တစ်ခေါက် လေ့လာ၊ website တစ်ခုလုပ် ပြီး အင်တာနက်မှာ သူ့ကိုယ်သူ ကြော်ငြာခဲ့ပါတယ်။ SEO (Search Engine Optimization) ကို လေ့လာပြီး သူ့ website hit တက်လာအောင် လုပ်နိုင်ခဲ့တယ်။ သူ မထင်မှတ်ထားတာက website ပေါ်တင်လိုက်တဲ့ သူ့ကာတွန်းတွေကို တစ်ခြားနိုင်ငံက လူတွေ သဘောကျပြီး သူ့ကို ကုန်ပစ္စည်းကြော်ငြာအတွက် ကာတွန်းလိုဂိုဆွဲပေးဖို့ အလုပ်အပ်တာကနေ သူ့ရဲ့ အောင်မြင်မှု စပါတယ်။ အဲဒီကနေတဆင့် အခု သူဟာ နိုင်ငံပေါင်းမြောက်မြားစွားကနေ အလုပ်အပ်တာကို လက်ခံရရှိခဲ့တယ်။ တစ်နှစ်အတွင်းမှာ ဘယ်လောက်တောင် ဝင်ငွေကောင်းသွားသလဲဆိုရင် သူ့ရဲ့ဘဏ်စာရင်းဟာ တစ်နေ့မှာ ငွေထုတ်လို့မရတော့တဲ့အထိ ဖြစ်သွားပါသတဲ့။ အမှန်တော့ သူ့ဆီကို အရှေ့အလယ်ပိုင်းဒေသက customer တွေ လွှဲပေးတဲ့ငွေဟာ အတော်များလာတော့ အကြမ်းဖက်လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတယ်ဆိုပြီး ရဲခေါ်စစ်တဲ့အထိ ဖြစ်သွားရတာပါ။ ကာတွန်းဆရာမှန်းသိမှ ပြန်လွှတ်ပေးလိုက်တယ်တဲ့။ ကျမတို့နိုင်ငံက ကာတွန်းဆရာတွေလည်း အင်တာနက်ကို ကောင်းကောင်းအသုံးချမယ်ဆိုရင် သူ့လိုဘဲ အောင်မြင်နိုင်ပါတယ်။ အဲဒါကြောင့် funding မရနိုင်ရင်လဲ အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်လေးသာရမယ်ဆိုရင် တိုးတက်နိုင်တဲ့ လမ်းကြောင်းတွေက အများကြီးပါဘဲ။

နောက်ဆုံးတစ်ယောက်ကတော့ Ebay မှာ သူလိုချင်တဲ့ ပစ္စည်းတစ်ချို့ ရှာဝယ်ပြီးနောက် ပစ္စည်းစမ်းရောင်းကြည့်ရာကနေ Ebay မှာ အချိန်ပြည့် ဈေးရောင်းတဲ့ အလုပ်ကို လုပ်နေတဲ့ consultant တစ်ယောက်ပါ။ သူကတော့ ယူကေ ဈေးကွက်ကို အဓိကထားပြီး ရောင်းလို့ရသမျှ အကုန်ရောင်းပါတယ်။ မလေးရှား လမ်းဘေးဈေးဆိုင်တွေမှာ စိတ်ဝင်စားမယ်လို့ထင်ရတဲ့ ပစ္စည်းတွေကိုဝယ် ပြီး Ebay မှာတင်ပါတယ်။ တစ်ခါတစ်လေ တွယ်ချိတ်တောင် ဝယ်တဲ့သူ ရှိပါသတဲ့။ သူပြောသလိုဆို ကျမတို့ မြန်မာပြည်မှာ ရောင်းစရာပစ္စည်း အများကြီး ရှိတယ်နော်။ ကျောက်မျက်တို့၊ ကျောက်ပန်းချီ၊ ရှေးဟောင်းငွေစက္ကူ၊ စတာတွေကို Ebay ကနေ ရောင်းရင်လည်း မဆိုးဘူးလားလို့။ ဥပဒေနဲ့ မလွတ်ကင်းဘူးဆိုပြီးများ လာမလားမသိ။ မလွတ်ကင်းတာက နောက်မှ။ စာတိုက်ကြီးနဲ့ ပြဿနာတက်မှာက အရင်။ Paypal တို့ credit card တို့ကတော့ ထားပါ။ သူငယ်ချင်း မိတ်ဆွေတွေရဲ့ အကူအညီ ယူလို့ ရသေးတယ်။ Ebay နဲ့ ကောင်းကောင်းစီးပွါးရေး လုပ်ချင်ရင် ယုံကြည်စိတ်ချရပြီး ဈေးနှုန်းချိုသာတဲ့ စာတိုက်က ပထမဘဲ။ မဖြစ်သေးပါဘူး။ မြန်မာပြည်ပြန်ပြီး Ebay ကနေ ဈေးရောင်းစားမယ့် အကြံအစည်ကိုလည်း လောလောဆယ် ခဏဖျက်လိုက်တာ ကောင်းပါတယ်။

စာလည်းတော်တော်ရှည်သွားပြီမို့ ဒီမှာဘဲ ရပ်လိုက်ပါ့မယ်။ conference က အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပေမယ့် ကျမရဲ့ စာအရေးအသားအားနည်းသေးတာကြောင့် ပြန်ပြီးဝေမျှချင်တာတွေ ထင်သလောက် ခရီးမရောက်ဘူး ဖြစ်သွားတယ်။ ကိုယ်တိုင်နားထောင်ခဲ့ရတဲ့ success stories တွေဆိုတော့ ကျမအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။


E = MC2


အခု ရေးမှာ အိုင်းစတိုင်းအကြောင်း မဟုတ်သလို Mariah Carey ရဲ့ သီချင်းအကြောင်းလည်း မဟုတ်ပါဘူး။ မနေ့က တက်ခဲ့တဲ့ conference ရဲ့ theme လေးပါ။
Entrepreneurship = Marketing + creativity + commerce
ဘယ်သူစဉ်းစားလိုက်လို့ ထွက်လာသလဲ မသိပေမယ့် theme လေးကို တော်တော် သဘောကျမိတယ်။ တက်ဖူးသမျှ conference တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပါဘဲ။ session အားလုံးရဲ့ speaker တွေ အားလုံးဟာ တက်ရောက်လာတဲ့သူတွေကို တစ်စက်မှ အိပ်ငိုက်ဖို့ အချိန် မရှိလိုက်အောင် ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။ (အစားအသောက်တွေ ကောင်းတာလည်း ပါတယ်။ :-P )

မေလမှာ တက်ဖြစ်ခဲ့တဲ့ conference က academic ပိုင်း ပိုကျပြီး ဒီ conference ကတော့ လုပ်ငန်းရှင်တွေ အတွက်မို့ စီးပွါးရေး ပိုဆန်တယ်။ ပြောသွားတဲ့ speaker တွေ အားလုံးကလည်း အောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေမို့ လေးစားအားကျ အတုယူဖို့ ကောင်းပါတယ်။ ကျမတော့ စီးပွါးရေးတွေ ဘာတွေလုပ်တာ ဝါသနာ မပါဘူး။ လူတွေနဲ့ စကားအများကြီးပြောရမယ့် အလုပ်နဲ့ သိပ်မကို်က်ဘူးဆိုတာကို ကိုယ့်ကိုယ်လည်းသိတယ်။ မထင်မှတ်ထားဘဲ အလကားတက်ရလို့ ဒီ conference လေးကို တက်ဖြစ်သွားတာပါ။ သူတို့ ပြောသွားခဲ့တာတွေထဲက မှတ်သားမိသလောက်လေးတွေကို ပြန်ပြီး ရေးရရင်…

မြန်မာလို ပြန်ရရင် “မလေးရှားနိုင်ငံ အမျိုးသမီး လုပ်ငန်းရှင်များအသင်း” က စီစဉ်တဲ့ ဒုတိယအကြိမ်မြောက် နည်းပညာ ကွန်ဖရင့်စ် ပါ။ (တတ်နိုင်သမျှ မြန်မာလို ပြန်ပစ်လိုက်တယ်။ search engine hit တွေ ဖောင်းပွနေမှာစိုးလို့။) ပထမဆုံး ပြောသွားတာကတော့ ICT နည်းပညာကို အသုံးပြုတဲ့ လုပ်ငန်းရှင်တွေ အစိုးရဆီက ဘယ်လို ထောက်ပံ့ကြေးတွေ ရနိုင်တယ်ဆိုတဲ့ အကြောင်းပါ။ ကိုယ့်ရဲ့ အိုင်ဒီယာအသစ်ကို အစိုးရကို တင်ပြပြီး သူတို့ လက်ခံနိုင်လောက်အောင် ကောင်းမယ်ဆိုရင် grant အနေနဲ့ မလေးရင်းဂစ် တစ်သိန်း ငါးသောင်း ရမှာပါ။ မလေးရှားမှာ နည်းပညာတိုးတက်ဖို့အတွက် ဘတ်ဂျက် ရင်းဂစ် ၈ဝ ဘီလီယံထဲက ပေးတာပါ။ မလေးရှားနိုင်ငံသားတွေ အတွက်သာ ဖြစ်ပေမယ့် သူတို့နိုင်ငံ တစ်နေ့တစ်ခြား (တစ်ခြားနိုင်ငံတွေနဲ့ စာရင် တိုးတက်မှု နှေးပေမယ့် ဖြေးဖြေးနဲ့ ပုံမှန်) တိုးတက်လာတာကို ကြည့်ပြီး ကိုယ်နိုင်ငံကိုလည်း အဲဒီလို ဖြစ်လာစေချင်တဲ့စိတ်က တစ်ဖွားဖွားပေါ်လာပါတယ်။ Miracle ဆိုတာ ကိုဘဲ ယုံရမလား မသိတော့ဘူး။ ထားပါတော့။ အဲဒီလို ပေးဖို့ အခြေအနေမရှိသေးရင်တောင် နည်းပညာကို အခြေခံတဲ့ စီးပွါးရေးလုပ်ကိုင်ခွင့်တွေကို မပိတ်ပင်ထားသင့်တာတော့ အမှန်ပါဘဲ။ အဓိကကတော့ အင်တာနက် ပေါ့။

နောက်တစ်ယောက်ကတော့ Maintenance ဆော့ဝဲတစ်ခုရေးပြီး ခြောက်နှစ်အတွင်းမှာ နိုင်ငံပေါင်း ၉ဝကျော်ကို ရောင်းချနိုင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်ပါ။ စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံတွေဟာ ဒီအတိုင်းပစ်ထားလို့ မရဘဲ အမြဲထိန်းသိမ်းနေဖို့ လိုအပ်ပါတယ်။ အဲဒါတွေကို manage လုပ်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုရေးဖို့ ၂၀၀၂ ခုနှစ်မှာ သူအကြံရတယ်။ တစ်ခြား ပရိုဂရမ်မာသုံးလေးယောက်နဲ့ ပေါင်းပြီး တစ်နှစ်လောက် ခရက်ဒစ်ကဒ်အကြွေးတွေ ဝိုင်းနေတဲ့ကြားကနေ ဆော့ဖ်ဝဲတစ်ခု ပြီးအောင် ရေးခဲ့တယ်။ ဒါပေမယ့် မလေးရှားမှာ ဘယ်သူ့ကို သွားရောင်းရမလဲဆိုတာ သူစဉ်းစားလို့ မရခဲ့ဘူး။ သူ့လို ချောင်ကျကျ မြို့စွန်နားလောက်မှာနေတဲ့သူတစ်ယောက်ရေးတဲ့ ဆော့ဖ်ဝဲကို ဝယ်ဖို့ လူတွေက စိတ်မဝင်စားကြဘူး။ နောက်ဆုံးတော့ web site ပေါ်တင်ပြီး free ပေးလိုက်တယ်။ နှစ်ပါတ်အတွင်းမှာဘဲ ပွါတိုရီကို နဲ့ အမေရိက က လုပ်ငန်းရှင်တစ်ချို့ သူ့ကို ဆက်သွယ်လာခဲ့တယ်။ သူ့တို့ရဲ့ software ကို ကြိုက်တဲ့အကြောင်း၊ နောက်ထပ် feature တွေ ပိုစုံအောင် ထည့်ပေးနိုင်မလားဆိုတဲ့အကြောင်း ကမ်းလှမ်းခဲ့တယ်။ အဲဒီကနေစပြီး ယနေ့ နိုင်ငံပေါင်း ၉ဝကျော်မှာ သူ့ တို့ ဆော့ဖ်ဝဲကို customize လုပ်ပြီး ရောင်းချနိုင်တဲ့အထိ အောင်မြင်မှု ရလာခဲ့တယ်။ အဲဒီတော့ သူ့ကုမ္ပဏီရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ဘာလဲ? သူပြောသွားတာကတော့ “Give to get.” တဲ့။ အခုမှစတဲ့ လုပ်ငန်းရှင်တစ်ယောက်မှာ အလိုအပ်ဆုံးက စားသုံးသူတွေရဲ့ ယုံကြည်မှုဘဲ။ တစ်ခုခုကို ပေးမှ ကိုယ်လည်း တစ်ခုခု ပြန်ရမယ်ဆိုတာပေါ့။ အကြွေးတွေ ဝိုင်းနေတဲ့ကြားက ဆော့ဖ်ဝဲကို တစ်ယောက်ယောက်အတွက် အသုံးဝင်ပါစေတော့ ဆိုပြီး အလကား ပေးလိုက်တော့ လူတွေက သုံးကြည့်ပြီး စိတ်ကျေနပ်မှု ရလာတဲ့အခါ သူတို့ကို ယုံကြည်မှု ရှိလာပြီး တစ်ခါမှ မမြင်ဖူးပေမယ့် အလုပ်အပ်တဲ့အထိ တိုးတက်သွားခဲ့တာပါဘဲ။ သူ့ရဲ့ ကြိုးစားမှု၊ အောင်မြင်မှု ကတော့ တကယ်ကို အားကျဖို့ ကောင်းပါတယ်။

နောက်တော့ စင်ကာပူ based ဂူဂယ်လ် က ဝန်ထမ်းတစ်ယောက်က “Online search engine marketing” အကြောင်းကို ပြောသွားပါတယ်။ ဥပမာအနေနဲ့ သူတို့ရဲ့ Google AdWord ကို သုံးတဲ့ customer တစ်ယောက်က success story ကို ရှင်းပြသွားပါတယ်။ အင်တာနက်ပေါ်မှာ ဓါတ်ပုံရောင်းတဲ့ ကုမ္ပဏီဆိုတော့ သတင်းစာတွေ မဂ္ဂဇင်းတွေမှာ ကြော်ငြာတာထက် ဂူဂယ်လ်မှာ ကြော်ငြာထည့်တာ သူတို့စီးပွါးရေးအတွက် ဘယ်လို အကျိုးအမြတ်ရှိတယ်ဆိုတာတွေ ရှင်းပြသွားတာပါ။ ရနှစ်အတွင်း ဂူဂယ်မှာ Pay-per-click ကြော်ငြာအတွက် ရင်းဂစ် ရသိန်းလောက် သုံးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှု တစ်ခုပါလို့ ပြောသွားပါတယ်။ ကျမတော့ Google Ad တွေကို ယောင်လို့တောင်မှ မနှိပ်ဘူး။ အရင်တုန်းက adsense ထည့်ထားတဲ့ website ကို တော်တော် မျက်စိနောက်မိတာ အမှန်ဘဲ။ ဒါပေမယ့် သူတို့ ပြောသွားတဲ့ပုံအရဆိုရင် နှိပ်တဲ့သူတွေ မနည်းရှိနေတာသေချာတယ်။ Paypal account ဖွင့်ပြီးရင် စမ်းကြည့်ဦးမှဘဲ။

“ကျွန်တော်တောင် လုပ်နိုင်ရင် သင်တို့လည်း လုပ်နိုင်ရမှာပေါ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ပြောသွားတဲ့သူကတော့ လွန်ခဲ့တဲ့ ၁၄နှစ် ၁၉၉၄ခုနှစ်မှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ပခုံးအောင်ပိုင်း တစ်ကိုယ်လုံးသေသွားခဲ့ပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားခဲ့လို့ အခု အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေတဲ့သူပါ။ ခေါင်းကလွဲရင် တစ်ကိုယ်လုံး လှုပ်လို့ မရတော့ပေမယ့် voice recognition software ရဲ့ အကူအညီနဲ့ ကွန်ပျူတာကို ကျွမ်းကျင်စွာ သုံးတတ်ရုံသာမက web developer တစ်ယောက် ဖြစ်လာအောင် ကြိုးစားခဲ့တယ်။ Voice Recognition software ကို ကြားဖူးနေပေမယ့် တစ်ကယ် အသုံးချပုံကို အဲဒီနေ့ကမှ အသေအချာ တွေ့ဖူးတာပါ။ (Stephen Hawkin ဆိုရင် တစ်ကိုယ်လုံးသေတဲ့အပြင် စကားတောင် ကောင်းကောင်းမပြောနိုင်တော့ပေမယ့် လူအနည်းငယ်သာ နားလည်တဲ့ အိုင်းစတိုင်းရဲ့ သီအိုရီကို ရှင်းပြသွားနိုင်ခဲ့တယ်။ ဒါကတော့ exceptional case ပါ။ off-topic … ရေးရင်းနဲ့ သတိရသွားလို့။) အခု မလေးရှားနိုင်ငံ ဒုက္ခိတများ စောင့်ရှောက်ရေးအသင်းမှာ ဥက္ကဌ လုပ်နေပြီး သူ့စီးပွါးရေးကိုလည်း ဆက်လက်လုပ်ကိုင်နေပါသတဲ့။ သူပြောချင်တဲ့ အဓိကအချက်ကတော့
“နည်းပညာဟာ သူ့လို ဒုက္ခိတ တစ်ယောက်ကို ဘယ်လို မျှော်လင့်ချက်တွေနဲ့ ဆက်လက် ရှင်သန်စေဖို့ အားအင်တွေ ပေးနိုင်ခဲ့တယ်”
ဆိုတာပါဘဲ။ သူ အက်ဆီးဒင့် ဖြစ်သွားတဲ့ ၁၉၉၄ ခုနှစ်ဆိုတာ အင်တာနက် မပြောနဲ့ ကွန်ပျူတာတောင် လူတိုင်း မြင်ဖူးတဲ့ ခေတ် မဟုတ်သေးပါဘူး။ “ဘယ်အလုပ်မဆို အစပိုင်းတော့ ခက်ခဲတာဘဲ” လို့ပြောသွားခဲ့ပါတယ်။ ဒုက္ခိတ တစ်ယောက် ဖြစ်သွားပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားတဲ့ သူ့ရဲ့စိတ်ဓါတ်ကို အရမ်း လေးစားမိတယ်။

လက်တော်တော်ညောင်းသွားပြီ။ ဖတ်တဲ့သူလဲ ပျင်းလာလောက်ပြီ။ နောက်နေ့မှ ဒုတိယပိုင်း ဆက်ပါမယ်။


တောင်ပံပါရင်

Zin Yaw Bird
အင်းထဲ ရောက်တုန်း ရိုက်ဖြစ်ခဲ့တဲ့ စင်ရော်ငယ်လေးရဲ့ ပုံတစ်ပုံပါ။


Month of Travel

ရုံးက ယူထားတဲ့ ခွင့်တစ်လကလည်း တစ်ခြားကိစ္စတွေ ပြီးတော့ တောင်ကြီးပြန်ဖို့ တစ်ပါတ်ဘဲ ကျန်တော့တယ်။ ဒါနဲ့ဘဲ မျက်နှာပူပူ (မျက်နှာပြောင်ပြောင်?? :D ) နဲ့ ခွင့်နောက်တစ်ပါတ် ပိုတောင်းပြီး တောင်ကြီးရောက်အောင် ပြန်ဖြစ်ခဲ့တယ်။ မစီစဉ်ထားဘဲ တန်ဆောင်တိုင်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံသွားတယ်။ တန်ဆောင်တိုင်က နိုဝင်ဘာလ ကုန်ပိုင်းလောက်မှ စမယ်လို့ ထင်ထားတာ။ ကံကောင်းသလားဆိုတော့ တန်ဆောင်တိုင်ပွဲရက်ဖြစ်နေလို့ ရန်ကုန်-ဟဲဟိုးလေယာဉ်လက်မှတ်က တစ်ပါတ်စာလုံး မရှိတော့ပါဘူးတဲ့။ ခါတိုင်းပြန်ရင် လေယာဉ်လက်မှတ်က အမြဲဝယ်ရလွယ်နေတော့ ကြိုမှာထားဖို့လည်း သတိမရဘူး။ ကားလက်မှတ်တွေ စုံစမ်းကြည့်တော့လည်း တစ်စောင်နှစ်စောင်ဘဲ ကျန်တော့တယ်တဲ့။ တောင်ကြီးကို ကားနဲ့ ပြန်ဖို့ကလည်း ၁၆နာရီလောက် စိတ်ညစ်နေအောင် စီးရမှာဆိုတော့ ခပ်ကြောက်ကြောက်။ ကိုညီလင်းဆက်ရေးထားသလိုများ ရထားစီးပြန်ရရင်တော့ ဖတ်ရင်နဲ့တောင် လန့်တယ်။ ရန်ကုန်မှာဘဲ သောင်တင်ပြီလို့တောင် ထင်ထားတာ။ နောက်ဆုံး ဆွေမျိုး အသိတစ်ယောက်က လုပ်ပေးလို့ အဲပုဂံ လက်မှတ် ရသွားခဲ့တယ်။ ခဲရာခဲဆစ် ရလိုက်တဲ့ လက်မှတ်လေးနဲ့ မွေးရပ်ဌာနေကို ပြန်ရောက်သွားခဲ့ပါတယ်။

လေယာဉ်လက်မှတ်ဆိုလို့ တစ်လအတွင်း လေယာဉ်လက်မှတ် ပြဿနာတွေဘဲ ကြုံနေရတယ်။ သွားစရာအားလုံးကလည်း တစ်လအတွင်းမှာ လာစုနေတော့ လေယာဉ် ၉ ခေါက်စီးလိုက်ရတယ်။ ခါတိုင်း တစ်နှစ်နေလို့မှ တစ်ခါတောင် စီးဖြစ်တာမဟုတ်ဘူး။ AirAsia နဲ့ ဘန်ကောက်လေဆိပ်မှာ ရနာရီလောက် ထိုင်စောင့်လိုက်ရဖူးပြီးပြီ။ မလေးရှားသွားတဲ့ လေယာဉ်လက်မှတ်တွေ တစ်ပါတ်စာလုံး မရှိတော့လို့ ရန်ကုန်မှာ တစ်ပါတ်လောက် ထိုင်နေလိုက်ရသေးတယ်။ (ဒီလောက်တောင် မလေးရှား သွားကြသလားကွယ်။) နောက်မှဘဲ တောင်ကြီး တန်ဆောင်တိုင် အကြောင်း ရေးတော့မယ်။ တစ်လအတွင်း ဝေဟင်ထဲမှာ နာရီ ၃ဝလောက် ရောက်နေတော့ ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေကိုဘဲ တင်လိုက်မယ်။ အခုတော့ ကင်မရာလေးလည်း ဆားဗစ်စင်တာမှာ အိပ်နေရှာပြီ။

Air Asia MAS Airbus A330



plantations near HEHO airport

အောက်ဆုံးပုံကတော့ ရှမ်းပြည်နယ်ကို ရောက်ပြီဆိုတာ သိနိုင်တဲ့ landmark ပေါ့။ ပန်းနှမ်းစိုက်ခင်းလေးတွေနဲ့ မြေကြီးနီနီလေးတွေကို တွေ့လိုက်ရပြီဆိုရင် ဟဲဟိုးလေဆိပ်သို့ မကြာမီအချိန်အတွင်းမှာ ဆင်းသက်ပါတော့မယ်ရှင် ဆိုတဲ့ လေယာဉ်မယ်လေးရဲ့ အသံချိုချိုလေးကို ကြားရမှာ အသေအချာပါဘဲ။


လေယာဉ်ပျံကို အဲလို တရစပ်ကြီး စီးရတဲ့ အခါမှဘဲ နားမအူအောင် ဘယ်လို လုပ်ရသလဲဆိုတာ သိသွားလို့ တော်တော့တယ်။ အတူတူ ခရီးသွားခဲ့တဲ့ ဆရာဝန်မမ ပြောပြတာ အရင်တုန်းက လေယာဉ်ဆင်းခါနီး ချိုချဉ်ဘာကြောင့် ကျွေးသလဲ စဉ်းစားလို့ မရခဲ့ဘူး။ ဆရာဝန်မမ ပြောပြချက်အရဆိုရင် လေယာဉ်ဟာ လေဖိအားနည်းတဲ့အရပ်ကနေ ရုတ်တရက် လေဖိအားများတဲ့အရပ်ကို ရောက်သွားတဲ့အခါ နားအထဲက (ဘာဆိုလားမသိ) က လေဖိအားပြောင်းလဲမှုဒဏ်ကြောင့် နားအူသွားတာပါတဲ့။ တစ်ခါတစ်လေဆို အိမ်ရောက်ပြီး နှစ်ရက်လောက် နားအူနေတာ တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ သူများနဲ့ စကားပြောရင် ကိုယ်ဘဲ နားလေးနေသလိုလို။ နားမအူအောင် လေယာဉ်အတက်အဆင်းမှာ နားထဲက လေပြွန် (လို့ထင်တာဘဲ) ကို ချုံ့ချဲ့ပေးအောင် ချိုချဉ်၊ ဒါမှမဟုတ် ပီကေ စသဖြင့် တစ်ခုခုကို ငုံထားပေးရင် နားမအူတော့ပါဘူး။ လက်တွေ့။ :D အရင်ကဆို ချိုချဉ်လာပေးရင် တစ်ခါတည်း စားပစ်တာ။ လေယာဉ်တောင် ဆင်းမယ်မကြံရသေးခင် ချိုချဉ်က ကုန်ပြီ။ ခုတော့ လေယာဉ်တက်တော့မယ့်အချိန် ဒါမှမဟုတ် ဆင်းခါနီးနီး အချိန်ကျမှ ချိုချဉ် ထုတ်ငုံတတ်တဲ့ အကျင့် ရသွားခဲ့ပါပြီ။ အကယ်လို့ ချိုချဉ်မကျွေးတဲ့ လေကြောင်းလိုင်းဆို ဘယ်လို လုပ်မလဲ။ အဆက်မပြတ် အားရပါးရ "အို..၀..အို..၀" ဆိုပြီး ရွတ်ဆိုနေရင်လည်း နားရွက်က လေပြွန်ကို ချဲ့လိုက်ချုံ့လိုက် ဖြစ်ရာရောက်တဲ့အတွက် နားမအူတော့ပါဘူးတဲ့။ ဂါထာလေးပေါ့ကွယ်။


အဖေ့ အပြုံး

အဖေနဲ့အမေ ခရီးထွက်မှာမို့ ကျွန်တော် မနေ့က လေဆိပ်ကို လိုက်ပို့ခဲ့တယ်။ ကျွန်တော့အဖေဟာ လေယာဉ်နဲ့ တစ်ခါမှ ခရီးမထွက်ဖူးတော့ အတွေ့အကြုံသစ် ရစေချင်တာနဲ့ ခါတိုင်း ဝယ်နေကြ ရထားလက်မှတ်အစား လေယာဉ် လက်မှတ်ဝယ်ပေးလိုက်တာ။ လက်မှတ်ဝယ်ပြီး ပေးလိုက်တဲ့အချိန်မှာ အဖေ အရမ်း အံ့ဩပြီး ဝမ်းသာသွားခဲ့တယ်။ အဖေဟာ ကလေးငယ်တစ်ယောက်လို လေယာဉ်နဲ့ ခရီးထွက်ရမှာကို စိတ်လှုပ်ရှားနေခဲ့တယ်။ အဲဒီနေ့က အဖေဟာ ပစ္စည်းတွေကို ထုပ်ပိုး၊ လေဆိပ်ကို သွား၊ ကောင်တာမှာ check-in လုပ်၊ ပြတင်းပေါက်နဲ့နီးတဲ့ ထိုင်ခုံတောင်းပြီးတဲ့ အထိ အလွန်အမင်း ပျော်ရွှင်နေခဲ့တယ်။ အဖေ့ကို ကြည့်ရင်း ကျွန်တော်လည်း အလိုလိုနေရင် ဝမ်းသာနေမိတယ်။

အဲဒီနောက် လေယာဉ်စီးဖို့ ဂိတ်ထဲ ဝင်ရတော့မယ့် အချိန်မှာ အဖေက မျက်ရည် တစ်စမ်းစမ်းနဲ့ ကျွန်တော့်ကို ကျေးဇူးတင်ကြောင်းလာပြောတယ်။ “ရပါတယ် အဖေရယ်၊ ကျေးဇူးတင်ဖို့မလိုပါဘူး” လို့သာ ကျွန်တော် ပြောနိုင်ခဲ့တယ်။ အမှန်တော့ ကျွန်တော့်ရဲ့ လုပ်ရပ်ဟာ ဘယ်လောက် မှ မကြီးမားတော့ အဖေ့အတွက် ဒီလောက် ဝမ်းသာစရာ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူး။

ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ကျွန်တော် ငယ်စဉ်က အကြောင်းတွေကို ပြန်စဉ်းစားမိတယ်။

ငယ်ငယ်တုန်းက ကျွန်တော်တို့ရဲ့ အိပ်မက်ပေါင်း မြောက်များစွာကို မိဘတွေ ဘယ်လိုနည်းနဲ့ အကောင်အထည် ဖေါ်ပေးခဲ့တယ်ဆိုတာ မှတ်မိကြသေးရဲ့လား။ မိဘတွေရဲ့ အခက်အခဲကို ထည့်မစဉ်းစားဘဲနဲ့ အကျီ င်္အသစ်၊ ဘောလုံး၊ အရုပ် စသဖြင့် လိုချင်တာ မှန်သမျှ ပူဆာခဲ့ကြဖူးတယ်။ မိဘတွေကလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ အများစုဟာ မိဘတွေ ဘယ်လောက် အနစ်နာခံခဲ့ကြသလဲဆိုတာ အများအားဖြင့် မစဉ်းစားခဲ့ကြဘူး။ မိဘတွေကို ကျေးဇူးတင်ပါတယ်လို့ ဘယ်နှစ်ခါ ပြောခဲ့ဖူးပါသလဲ။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ သားသမီးတွေကို အမြဲ အကောင်းဆုံး ဆိုတာတွေကို ပေးချင်ကြတာချည်းဘဲ။ အလှူငွေ ဘယ်လောက်ဘဲ ထည့်ရထည့်ရ အကောင်းဆုံး ကျောင်းကို တက်စေချင်တယ်။ ဒါပေမယ့် ကျွန်တော်ကို ပျော်ရွှင်အောင် ထားခဲ့တဲ့ မိဘတွေရဲ့ အနစ်နာခံမှုတွေကို မေ့လျော့နေခဲ့ကြတယ်။ ကျွန်တော်တို့အတွက် လုံးပန်းနေခဲ့ရလို့ ငယ်စဉ်က သူတို့ မရနိုင်ခဲ့တာတွေကို ဖြည့်ဆည်းပေးဖို့ဟာ ကျွန်တော်တို့တာဝန်ပါပဲ။

ကျွန်တော့သမီးရဲ့မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ပြန်ဖြေနေတဲ့ အချိန်မှာ အဖေ့ရဲ့ မေးခွန်းတွေကို ကျွန်တော် စိတ်မရှည်စွာ ဖြေခဲ့မိတဲ့ အကြိမ်တွေလည်း မနည်းတော့ဘူးဆိုတာ ပြန်စဉ်းစားမိလိုက်တယ်။ အဲလိုအချိန်တွေမှာ အဖေ ဘယ်လိုများ ခံစားနေရမလဲ မသိဘူး။ အမှန်တော့ အသက်အရွယ်ကြီးလာရင် လူတွေဟာ ဒုတိယ ကလေးဘဝကို ပြန်ရောက်သွားသလိုပါဘဲ။ ကလေးတွေလိုဘဲ လူကြီးသူမတွေဟာလည်း ဂရုစိုက်မှု နားလည်ပေးမှုတွေ လိုအပ်ပါတယ်။

အဖေရဲ့ကျေးဇူးတင်စကားကို နားထောင်ရမယ့်အစား အဖေ့ဆန္ဒတစ်ခုကို ဒီလောက် အချိန်တွေကြာမှ ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်က တောင်းပန်သင့်တာပါ အဖေ။ မိဘတွေ ပေးဆပ်ခဲ့တာ အနစ်နာခံခဲ့တာ အခုအချိန်မှာ ကျွန်တော် သဘောပေါက် နားလည်သွားခဲ့ပြီ။ မိဘတွေရဲ့ လိုအပ်ချက်တွေကို ကျွန်တော် တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။

(အင်္ဂလိပ်လိုမူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။)


Myanmar Embassy (Malaysia)

သံရုံးမကြာခန (လေးနှစ်အတွင်းမှာ လေးခါ) ပြောင်းနေတော့ ဒီတစ်ခေါက်ရောက်တုန်း လိပ်စာနဲ့ ဖုန်းနံပါတ် မှတ်လာလိုက်တယ်။ လိုအပ်ရင် ပြန်ရှာရလဲ လွယ်အောင် တခြားသူတွေလည်း လိုချင်ရင် အလွယ်တကူ ဆက်သွယ်နိုင်အောင် တင်ပေးလိုက်ပါတယ်။ IT ခေတ်ဆိုတော့ ဂူဂယ်လ်မှာ ရှာခဲ့ရင် updated information ရတာပေါ့။ မလေးရှားမှာ နေနေသမျှ သံရုံးနဲ့ မကင်းကြတဲ့ သူတွေဘဲ မဟုတ်လား။ :) (သံရုံးရှေ့မှာ ချထားတဲ့ စာရွက် အပိုင်းလေးတွေကနေ ကူးလာတာပါ။ ဖုန်းတွေ အလုပ်လုပ်သလား မလုပ်ဘူးလားဆိုတာ ကျမလဲ မသိကြောင်းပါ။ နံပါတ်တွေတော့ အများကြီးဘဲ။)

Myanmar Embassy (Malaysia)

8 C, Jalan Ampang Hilir
55000, Kuala Lumpur
Malaysia
Phone: 03 4251 4455
03 4251 6355
03 4251 6455
03 4251 5595
Fax: 03 4251 3855


Putra LRT ရထားနဲ့လာရင် Ampang Park မှတ်တိုင်မှာ ဆင်းပြီး ဘတ်စ်ကားစောင့်ပါ။ ကားနံပါတ် ၂၈၊ ၇၈၊ ၇၉ တို့ကို နှစ်မှတ်တိုင်စီးပြီး Sucasa မှတ်တိုင်မှာဆင်းပါ။ (ကေအယ်လ်ထဲကနေ ဘတ်စ်ကားစီးပြီး လာမယ်ဆိုရင် ၂၈၊ ၇၈၊ ၇၉ ကားတွေကို Kota Raya ကနေစီးလို့ ရပါတယ်။) ကုန်းကျော်တံတားကို ဖြတ်ပြီးရင် တည့်တည့်ဆက်သွားပြီး မီးပွိုင့်ရောက်ရင် ညာချိုးပါ။ နည်းနည်းဆက်သွားပြီးလို့ လမ်းအဝိုင်းပါတ် တွေ့ရင် ဘယ်ဘက်ချိုးလိုက်ရင် ရောက်ပါပြီကွယ်။ အနီးစပ်ဆုံး မြေပုံတော့ ဒီမှာ သွားကြည့်ပါ။ Lanson Place နားမှာ ကွေ့ပြီး Ampang Hilir ထဲကို ဝင်ရပါမယ်။

အမှန်တော့ ပါတ်စ်ပို့သက်တမ်းတိုးရင် ဘာတွေလိုတယ်။ အခွန်ဆောင်မယ်ဆို ဘာတွေလိုတယ်။ အခွန်နှုန်း တွေပါ မှတ်ထားချင်တာ။ လူတွေ အရမ်း ရှုပ်နေလို့ မမှတ်ခဲ့ရဘူး။ website တစ်ခုနဲ့ အမြဲ update လုပ်ပေးနေရင် ကောင်းမယ်။ မဟုတ်ရင် တစ်ခါသွားလိုက် ပြန်လာလိုက် ပြန်သွားလိုက်ဆို မလွယ်ဘူး။


Digital Fortress နှင့် နောက်ဆက်တွဲ စဉ်းစားစရာများ

Hari Raya ရုံးပိတ်ရက်တွေမှာ မပျင်းလိုက်ရအောင် Digital Fortress က အဖော်လုပ်သွားခဲ့တယ်။ မဂျစ်ရဲ့ Digital Fortress ထဲမျှောပါသွားခြင်း ဆိုတဲ့ ပို့စ်ကို ဖတ်ပြီးကတည်းက အဲဒီ စာအုပ်ကို ဘာကြောင့်လဲမသိ အရမ်း ဖတ်ချင်သွားခဲ့တယ်။ code-breaking တို့ cryptography တို့ဆို အရမ်း စိတ်ဝင်စားတယ်။ chapter တစ်ခုပြီး တစ်ခု ဆက်ဖတ်ချင်အောင် Dan Brown ရဲ့ အရေးအသားတွေက အရမ်းကို ဆွဲဆောင်မှု ရှိလွန်းတယ်။ ကျမက ပုံမှန်ဆို စာအုပ် ထူထူတွေကို ခေါင်းခုအိပ်ဖို့လောက်ဘဲ စိတ်ဝင်စားတာ။ စာဖတ်ဝါသနာ ပါတယ်ဆိုတာ ကာတွန်းနဲ့ ပုံပြင် စာအုပ်ကို ထည့်တွက်မှဘဲ ပြောလို့ ရမယ်ထင်တယ်။ ဒါပေမယ့် Digital Fortress ကို ဖတ်တော့ Dan Brown ရဲ့ အရေးအသား ဇာတ်လမ်း တည်ဆောက်မှု အပေါ်မှာ မျှောပါသွားခဲ့တယ်။ (တစ်ခြားသူတွေတော့ မသိဘူး။ IT securityတို့ cryptography တို့ကို နည်းနည်းပါးပါး တီးမိခေါက်မိရှိတဲ့သူတွေအတွက် ပိုစိတ်ဝင်စားဖို့ ကောင်းမယ် ထင်တာဘဲ။ Biomedical Science ကျောင်းသူ ကွန်ပျူတာနဲ့ သိပ်အစေးမကပ်တဲ့ ကျမသူငယ်ချင်း တစ်ယောက်ကတော့ Dan Brown ရဲ့ စာအုပ်တွေထဲမှာ ဒီတစ်အုပ်တော့ ဘယ်လိုမှ နားမလည်တဲ့အတွက် ဖတ်လို့ မကောင်းဘူးလို့ မှတ်ချက်ပေးတယ်။)

ဇာတ်လမ်းကို အတိအကျ ပြန်ပြီး review မရေးတော့ပါဘူး။ ဖတ်ရင် အရသာ ပျက်သွားမှာစိုးလို့။ Hero နဲ့ heroin ကိုတော့ အရမ်းကြိုက်တယ်။

Susan Fletcher - ထုံးစံအတိုင်း မင်းသမီးဆိုတော့ သူ့ရဲ့ IQ 170 နဲ့မလိုက်အောင် ချောမောလှပတဲ့ အသက် ၃၈နှစ်အရွယ် Cryptography department ရဲ့ head။ JHU ကနေ သချင်္ာနဲ့ ဘွဲ့ရပြီး MIT ကနေ ဒေါက်တာဘွဲ့ရထားတာဆိုတော့ မျက်စိထဲမှာ ပုံဖေါ်ကြည့်တာနဲ့တင် အရမ်းကို အားကျဖို့ကောင်းနေပြီ။

David Becker – Spanish, French, Italian နဲ့ အာရှတိုက်ဘက်က စကား ခြောက်မျိုးလောက်တတ်တဲ့ George Town University ရဲ့ ပရော်ဖက်ဆာ က ဒီဇာတ်လမ်းရဲ့ မင်းသားပါ။

Digital Fortress ဖတ်ပြီး စိတ်ဝင်စားသွားတာက သူ့ဇာတ်လမ်းထဲမှာပါတဲ့ NSA ဆိုတဲ့ National Security Agency ကိုပါ။ အရင်က တစ်ခါမှ မကြားဖူးလို့။ အမေရိကန်လူမျိုးရဲ့ ၃%လောက်ဘဲ သိကြတဲ့ လျှို့ဝှက် အဖွဲ့အစည်းတစ်ခုလို့ စာအုပ်ထဲမှာ ဆိုထားတယ်။ NSA ဆိုတာ No Such Agency ဆိုပြီး နောက်ပြောလေ့ ရှိကြသေးတယ်တဲ့။ အများအားဖြင့် စာအုပ်တွေ ရုပ်ရှင်တွေက တကယ်မရှိတာတွေကို ဇာတ်အိမ်တည်ပြီး ရေးလေ့ ရှိတာဆိုတော့ တကယ်ရှိလားမရှိလားဆိုတာ သိချင်မိတယ်။ စာရေးဆရာရဲ့ အဆိုအရကတော့ NSA ဆိုတဲ့ အဖွဲ့အစည်းက တကယ် ရှိပြီးတော့ ကမာ္ဘကျော် CIA လောက်နီးနီး ကြီးတဲ့ အဖွဲ့အစည်းတစ်ခုပါတဲ့။ ၁၉၅၂ ခုနှစ် နိုဝင်ဘာလ လေးရက် မနက် ၁၂နာရီ တစ်မိနစ်မှာ စတင် တည်ထောင်ခဲ့ပြီးတော့ အခုဆိုရင် ဝန်ထမ်းပေါင်း နှစ်သောင်းငါးထောင် နှစ်စဉ် ဘတ်ဂျက် ဒေါ်လာ ၁၂ဘီလီယံနဲ့ လည်ပါတ်နေပါတယ်။ FBI, CIA နဲ့ တစ်ခြား အမေရိကန် အစိုးရ အဖွဲ့ အစည်းတွေက NSA ရဲ့ information အပေါ် မှီခိုနေရတယ်လို့ဆိုရင် NSA ရဲ့ အရေးပါမှုကို ခန့်မှန်းလို့ ရပါတယ်။ အရင်တုန်းကတော့ telephone conversation တွေ FAX တွေကို tap လုပ်ပြီး နိုင်ငံတော်ကို ခြိမ်းခြောက်တဲ့ အန္တရယ်တော်တော်များများကို ကာကွယ်နိုင်ခဲ့တယ်။ အခုနောက်ပိုင်းတော့ Email တွေကို အဓိက ပစ်မှတ်အဖြစ်ထားတယ်။ လူတွေက သူတို့အီးမေးလ်တွေကို ပိုပြီး လုံခြုံအောင် ဘယ်လောက်ကောင်းတဲ့ encryption technique တွေ သုံးသုံး နောက်ဆုံးတော့ NSA က ကမာ္ဘ့အတော်ဆုံး cryptographer တွေရဲ့ decrypt လုပ်တာ ခံရမှာဘဲ။
National Security Agency headquarters, Fort_Meade, Maryland

NSA တော့ တကယ်ရှိပေမယ့် စာအုပ်ထဲမှာပါတဲ့ TRANSLTR ဆိုတဲ့ processor ၃သန်း နဲ့ ဖွဲ့စည်းထားတဲ့ supercomputer ကတော့ fiction ပေါ့။ တကယ်ရှိရင်လည်း ရှိနိုင်တယ်။ စာအုပ် တစ်အုပ်လုံး အဲဒီ TRANSLTR ကို ဇာတ်အိမ်တည်ပြီး ရေးထားတာပါ။ အဓိကတော့ cipher text (စကားဝှက်) တွေကို brute force နည်းနဲ့ decipher လုပ်တဲ့ supercomputer ပေါ့။

ဒီစာအုပ်ဖတ်ပြီး ၂၁ရာစုမှာ တိုးတက်လာတာနဲ့အမျှ လူတွေဟာ တစ်နေ့ထက်တစ်နေ့ privacy ကင်းမဲ့လာကြတယ်ဆိုတာကို ခံစားလာရလိမ့်မယ်။ ကိုယ့်ရဲ့ ATM ကဒ်၊ ခရက်ဒစ်ကဒ်၊ ရထားစီးဖို့ ဘတ်စ်ကားစီးဖို့ စသဖြင့် စွယ်စုံ သုံးလို့ရတဲ့EZကဒ်(touch-n-go) တွေကတဆင့် တစ်နေ့တစ်နေ့ ကိုယ်ဘာလုပ်တယ်၊ ဘယ်သွားတယ်၊ ဘာဝယ်တယ်ဆိုတာ one-click နဲ့ တစ်ခြားသူတွေ သိခွင့် ရသွားပြီ။ ကိုယ့်ရဲ့ Handphone ကနေ တဆင့် ကိုယ်ဘယ်ရောက်နေလဲဆိုတာ အလွယ်တကူ track လုပ်လို့ ရလာပြီ။ (ဒါကြောင့် အိုစမာ ဘင်လာဒင်က ဒီနည်းပညာအသစ်တွေ ဘာမှ မသုံးဘူးဆိုဘဲ။ ;-) ) အခု နောက်ဆုံးထွက်တဲ့ TEMPEST ဆိုတဲ့ နည်းပညာနဲ့ မိမိနဲ့ ပေတစ်ရာ အကွာကနေ (အုတ်နံရံခြားနေရင်တောင်) ကိုယ့်ရဲ့ ကွန်ပျူတာ ကီးဘုတ်မှာ ဘာစာတွေ ရိုက်နေလည်း ဆိုတာ tap လုပ်လို့ ရပါသတဲ့။ အံ့ရော..အံရောကွယ်.. QWERTY keyboard မသုံးဘဲ ကိုယ့်ကိုယ် keyboard တစ်ခု အသစ် တီထွင် သုံးရမလို ဖြစ်နေပြီ။

Digital Fortress ထဲမှာ အဓိကထားပြီး ပြောသွားတဲ့ Encryption techniques တွေကတော့ Ceaser Box ပါ။ ကမာ္ဘ့ ပထမဆုံး encoder ဖြစ်တဲ့ ဂျူးလိယပ်စ် ဆီဇာ ထွင်သွားခဲ့တဲ့ နည်းလမ်းပေါ့။ မဂျစ် တော့ စိတ်ရှည်လက်ရှည် ရှင်းပြထားတယ်။ ဒါပေမယ့် စာရေးဆရာက IT လိုင်းက မဟုတ်လေတော့ သူ့စာအုပ်ထဲမှာ အမှားတော်တော်များများ ပါတယ်လို့ wikipedia က ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

အားလုံးထဲမှာတော့ villain နေရာမှာ ရောက်နေတဲ့ ဂျပန်လူမျိုး Ensei Tankado က အတော်ဆုံးဘဲလို့ ထင်တယ်။ ဉာဏ်လည်း တော်တော်သွားတယ်။ သူတစ်ယောက်တည်း ဒုက္ခပေးလိုက်တာ NSA တစ်ခုလုံး ရေရေလည်လည် ခံလိုက်ရတယ်။ Tankado ပြောသွားတဲ့ “Who guard the guards?” ဆိုတဲ့ မေးခွန်းလေးက တကယ်ကို အဓိပ္ပါယ် ရှိလွန်းတယ်။ စာရေးဆရာ Dan Brown က သူပြောချင်တဲ့ စကားတော်တော်များများကို Tankado ကို နေရာကနေ ရေးထားပုံဘဲ။ mutation strings တွေ အကြောင်းလည်း စိတ်ဝင်စားတယ်။ နောက်မှ သေချာလေ့လာပြီး ပို့စ်ရေးရမယ်။ တကယ်ကောင်းတဲ့ စာအုပ်တစ်အုပ်မို့ မဖတ်ရသေးရင် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် recommend လုပ်ချင်ပါတယ်။

Without Wax,
Thinzar (David Becker ကို အားကျလို့ ahee…)

Photo credits: http://commons.wikimedia.org/