Tagged game pool ထဲ ပါခဲ့ရပြန်တယ်

ဒီရက်ပိုင်း မြန်မာ ဘလော့ဂါတွေ tag တမ်း ကစားနေကြပါတယ်။ ကျမလည်း လမ်းလျှောက်ရင် ခြေထောက်ကို တည့်တည့်ထားမှ လျှောက်လို့ရတဲ့ ကိုရန်အောင်ရှမ်းပြည်ကိုကြိုက်တယ်ဆိုတဲ့ ကိုချမ်းမြစိုး နဲ့ ညီမလေးရဲ့ တိုတို တို့ ရဲ့ tag ခြင်းခံလိုက် ရပြီးသကာလ ကိုယ့်ရဲ့ ပုံမှန် မဟုတ်တဲ့ အကျင့်တွေကို ရေးချရန် အကြောင်းဖန်လာပါတော့တယ်။ လူတစ်ကိုယ် စရိုက်တစ်မျိုးပေါ့နော်။

၁၀။ အစားစားတာကနေ စရေးရတော့မှာဘဲ။ တစ်နေ့တစ်နေ့ အများဆုံးလုပ်နေတဲ့ အလုပ်ဆိုတော့။ =) ကျမဟာ အစားဂျီးများတဲ့သူ လုံးဝမဟုတ် ရပါဘူး။ ဒါပေမယ့် ကျမ လုံးဝမကြိုက်တဲ့ ကြက်သွန် family ဝင်တွေက ဟင်းတိုင်းမှာ ပါနေတော့ ကွိုင်ဘဲ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီး စတဲ့ ဟင်းထဲမှာ ရှုပ်နေတဲ့ အရာတွေ အားလုံးကို လုံးဝစားလို့ မရဘူး။ ဒီတော့ နေ့တိုင်းလိုလို ထမင်းမစားခင် အရင်ဆုံးလုပ်လေ့ ရှိတာကတော့ ဟင်းထဲကနေ မစားတဲ့ အရာတွေကို ဆယ်ထုတ်ပါတယ်။ အားလုံးရှင်းသွားမှ စားပါတယ်။ ခေါက်ဆွဲ စားရင် ဆယ်ယူရေး အချိန် နည်းနည်း ပိုကြာတာပေါ့။ ကိုယ့်ဟာနဲ့ကိုယ်တော့ ဟုတ်နေတာဘဲ။ ဒါကို ဘေးကလူတွေကတော့ ကြည့်လို့ မရကြပါဘူး။ သူငယ်ချင်းတွေကတော့ ကျမကို ဆယ်လွန်းလို့ ကယ်ဆယ်ရေးဌာနမှာ အလုပ်လုပ်ပါလားတဲ့။

၉။ နောက်တစ်ခုလည်း အစားနဲ့ ပါတ်သက်တာဘဲ။ လူတွေ အရမ်းစားတဲ့ ချော့ကလက်ကို ကျမ လုံးဝမကြိုက်တာဘဲ။ ချော့ကလက်စားရင် stress ကျတယ် လို့တော့ ကြားဖူးတယ်။ ကျမကတော့ အဲဒီ ချော့ကလက်ကို စားလိုက်ရင် မရှိတဲ့ stress တွေ ဝင်လာတယ်။ သူငယ်ချင်းတွေကလည်း တွေ့ရင် ချော့ကလက်၊ ချော့ကလက် ရေခဲမုန့်၊ ချော့ကလက် ချိုချဉ်၊ ချော့ကလက် ဝေဖာ၊ ဒါတွေဘဲ စားမလားလို့ လာလာမေးတော့ မကြိုက်ဘူးလို့ ဖြေရင်ဘဲ အူကြောင်ကြောင် လူတစ်ယောက်လို့ အမြဲ အထင်ခံနေရပါတယ်။

၈။ အစားတွေချည်း ဖြစ်နေပြီ။ အခု တစ်ခုကတော့ ကိုယ့်ကိုကိုယ် ပြုပြင်သင့်တဲ့ အကျင့်လို့တော့ သတ်မှတ်ထားပါတယ်။ အသီးအနှံတွေကို အခွံခွာပြီးမှ စားပါတယ်။ ပန်းသီး၊ သစ်တော်သီး အခွံကတော့ လူတိုင်းခွါတာပေ့ါလို့ ဆိုရင် ကျမက ပိုခွာပါတယ်။ လိမ္မော်သီးဆိုရင် အမွှေး တစ်မျှင်မှ မကျန်အောင် ရှင်းမှ စားလို့ ဝင်ပါတယ်။ ဆိုးတာက စပျစ်သီးကို အခွံ ခွာမှ စားပါတယ်။ ဒါတော့ဆိုးတယ်။ လူအများနဲ့စားရင် ငတ်တာ များတယ်။ ကျမ သုံးလုံးလောက် စားပြီးရင် အားလုံး ပြောင်ပြီ။ မခွာရင်လည်း လုံးဝ စားလို့ မရလို့။ ဒုက္ခ.. ဒုက္ခ..

၇။ ညအိပ်ရင် ခေါင်းအုံး နှစ်လုံး မရှိရင် လုံးဝအိပ်လို့ မရဘူး။ ဖက်လုံးတော့ မကြိုက်ဘူး။ အဲဒါကြောင့် ခေါင်းအုံး သုံးလုံး ဝယ်ထားတယ်။ တစ်လုံးက သူများ လာငှားရင် ပေးဖို့။ မဟုတ်ရင် သူငယ်ချင်းတွေ လာငှားတဲ့ နေဆို အိပ်လို့ မရလို့..

၆။ ညညဆို အသံတွေ ကြားနေသမျှ လုံးဝ အိပ်လို့ မရတာ အဆိုးဆုံး ရောဂါပါ။ ဘယ်လောက် အသံတိုးတိုး နားက ကြားနေရော.. အဆောင်မှာနေတော့လည်း လူအမျိုးမျိုး… ညည ရုပ်ရှင် ထကြည့်တဲ့ roommate.. ညည ဖုန်းပြောတဲ့ roommate.. ဒါကြောင့်ဘဲ လူတွေ တော်တော်များများနဲ့ ရန်ဖြစ်ခဲ့ရဖူးတယ်။ ဒီတော့ လူတွေ အားလုံး အိပ်သွားမှ အိပ်ဖြစ်တော့ ညစောစောမအိပ် မနက်စောစောမထတဲ့ အကျင့် ရသွားတာဘဲ။

၅။ စာကျက်ရင်လည်း ပါတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေမှ ကျက်လို့ရတယ်။ ဒါကြောင့် အဆောင်မှာနေတာထက် ခိုက်ခိုက်တုန်အောင် အေးပေမယ့် တိတ်ဆိတ်တဲ့ library ကိုရောက်နေတာက ပိုများပါတယ်။ မှတ်မိသေးတယ်။ ကျမ ၁ဝတန်းဖြေတုန်းက တစ်အိမ်လုံး စကားတိုးတိုးပြောပြီး အသံတိတ် ရုပ်ရှင်ကြည့်တတ်တဲ့ အကျင့် ရသွားကြသေးတယ်။

၄။ တစ်ရက်ကို ၈နာရီပြည့်အောင် အိပ်လေ့ရှိတယ်။ အိပ်ရေးပျက်သွားရင် နောက်နေ့ အစားထိုး ပြန်အိပ်တယ်။ အခုတော့ အိပ်ချိန်ကို တတ်နိုင်သမျှ လျှော့နေပါတယ်။

၃။ တစ်ချို့တွေက ကျမကို အရမ်းစကားများတဲ့ ကောင်မလေးတဲ့။ တစ်ချို့ကြပြန်တော့လည်း အရမ်းအေးလို့တဲ့။ ဒီမှာတင် personality နှစ်မျိုးဖြစ်နေပြီ။ စိတ်ပေါက်ရင် ပေါက်သလို နေပါတယ်။ တစ်ခါတလေ ပေါကြောင်ကြောင်နေပြီး တစ်ခါတစ်လေတော့ ပညာရှိဂိုက် ဖမ်းတတ်ပါတယ်။

၂။ ဆေးထိုးအပ်ကို သူမတူအောင် ကြောက်ပါတယ်။ အခုထိဘဲ…

၁။ အနေအထိုင်ကတော့ ဆင်မယဉ်သာပါဘဲ.. ကိုယ့်ခြေထောက်ထက်ကြီးတဲ့ ဖိနပ်နဲ့ မြေလူးနေတဲ့ ဘောင်းဘီမျိုးကို အရမ်းကြိုက်ပြီး ကားယား ကားယား လမ်းလျှောက်နေတာတွေ့ရင် လှမ်းသာ ခေါ်လိုက်ပါတော့။ လူမမှားစေရဘူး…

ကိုရန်အောင် ပြောသလို DV များ ပေါက်မလားလို့ မနည်းစဉ်းစားရေးလိုက်ရတယ်။ ၁ဝချက်တော့ ပြည့်သွားသားဘဲ။ ပုံမှန်ဟုတ်သော အမူအကျင့်များ ကို ရေးခိုင်းရင်တောင် ၁ဝချက်ပြည့်မှာ မဟုတ်ဘူးလို့ doubt ဖြစ်လာပြီ… =)

ကိုယ် ခံထားရတော့ မထူးဘူးဆိုပြီ်း ဆက် tag ပါ့မယ်။ ကံထူးရှင်တွေကတော့
၁။ မောင်သန့်ဇင်
၂။ မောင်စေတန်ဂေါ့ဒ်
၃။ အိမွန်စိုး

ကဲ… အားလုံးက ကျောင်းသားတွေဆိုတော့ စာပိနေတယ်လို့ အကြောင်းပြရင် စာပိုပိသွားမယ်နော်။ (စာနဲ့ခြောက်မှဘဲ ရမယ့်ပုံဘဲ။) ဤစာဖတ်မိပြီး တစ်ပါတ်အတွင်း အကောင်အထည် ဖော်ကြပေလော့။

8 comments:

kyawmintun said...

ကောင်းတယ်ဗျိူ့ ...........

KoCho said...

လုံခြုံနွေးထွေးမှု ့တွေ အပြည့်ပေးနိုင်တဲ့ ညာလက်မောင်း ခေါင်းအုံးစရာ ရရင်ကော ခေါင်းအုံး၂လုံး လိုဦးမှာလားဟင်။

(စတာနော်။ :D)

CMS said...

ဆေးထိုးအပ် ကြောက်တုန်းပဲဆိုတော့ ကလေးပေါ့ :D

Yan said...

၁၀. ဒါဆိုကြက်သွန်မထည့်ဘဲ ဟင်းတွေချက်ရမှာပေါ့နော်. ဘယ်အချိန်ကစပြီး Onion Phobia ဝင်သွားရတာလဲ.
၉. Chocolate Phobia ဖြစ်ရမယ်. Valentine's Day ကျရင်တော့ ဘဲဘဲခမျာ ပိုက်ဆံမကုန်တော့ဘူးပေါ့ ကောင်း၏...
၈. ဒါကတော့ Peel Phobia ဖြစ်ရမယ်.
၇. ဒီတစ်ခါကျတော့ Couple Phobia ဗျ ဟဲဟဲ
၆.၅. အင်းဒါလေးလည်း မဆိုးပါဘူး. နားပူနားဆာလုပ်ခံရတာ မကြိုက်တဲ့သူဟာ သူများကိုလည်း နားပူနားဆာ လုပ်မယ်မထင်ဘူး. ဘဲဘဲ ကံကောင်းသွားပြန်ပြီ... နာလိုလိုက်တာဗျာ...
၄. တူလိုက်တာ. ဒါကြောင့်ကျွန်တော်တို့ online မှာ ခဏခဏတွေ့ဖြစ်တာကိုး. ခုတော့ တို့သိပြီ..
၃. ဟုတ်တယ်. ဟုတ်တယ်. တစ်ခါတစ်လေကျရင် လိမ္မာတဲ့ ကလေးလေးပုံစံမျိုးလေးနဲ့ စကားနားထောင်ပြီးတော့ တစ်ခါတစ်လေကျရင်တော့ လူကြီးဂိုက်ဖမ်းနေတာ မပြီးတော့ဘူး.. Split Personality ရှိပုံရတယ်. ဟဲဟဲ ကြုံတုန်းလည်း ဝင်ဖဲ့လိုက်ဦးမယ်.
၂. Needle Phobia ကတော့ မိန်းကလေးတိုင်းကြောက်တတ်ကြပါတယ်. ဒါပေမယ့် မသဉ္ဇာလို အာဂမိန်းကလေးက ကြောက်တယ်ဆိုတော့ စိတ်ထဲမှာ မကောင်းဘူး. နေမကောင်းရင် ပြောနော်. ဟဲဟဲ
၁. ဆင်မယဉ်သာလေးလမ်းလျှောက်နေတာ မြင်လို့ခေါ်လိုက်ရင် သမင်လည်ပြန်လေး လှည့်ကြည့်မှာလားဟင်.

Phobia တွေများတယ်နော်. ဘာလို့လဲ. Anyway, ရေးလို့ပြီးဆုံးသွားတဲ့အတွက် ကံကောင်းခြင်းများ ဆိုက်ရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် မသဉ္ဇာရေ...

Myo Kyaw Htun said...

I've updated ThinZar

သဉ်ဇာ - Thinzar said...

ကိုကျော်မင်းထွန်း>> ဟမ်.. မကောင်းတဲ့ အချက်တွေ ရေးပါတယ်ဆို ကောင်းတယ်တဲ့.. :D

ကိုချို >> အဲဒါကတော့ အခြေအနေ အရ..

ကိုဖိုးချမ်း>> အဲလို ကလေးလို ကြောက်တာလဲ မဟုတ်ဘူး။ ဆေးနဲ့ ပါတ်သက်ရင် ဘာမှကို မကြိုက်တာ.. ဆရာဝန်က တစ်နေ့ ဆေးလေးကြိမ်သောက်ပါဆိုရင် နှစ်ကြိမ်ဘဲ သောက်တယ်။

ကိုရန်အောင်>> သူလုပ်မှ ပိုဆိုးနေပြီ.. phobia တွေ စုံစိနေတာဘဲ..
၉။ Valentine day မှာ ချောကလက်ပေးရမယ်လို့ ဘယ်သူများ သတ်မှတ်ခဲ့လဲ မသိပါဘူး။
၃။ သူများကို ဝင်ဖဲ့သွားသေးတယ်။ split personality တဲ့။ အခြေအနေအရ နေရတာပါ။ :D
၂။ needle phobia ကတော့…
၁။ သမင်လည်ပြန် လှည့်ကြည့်ရုံတင် မကဘူး။ ငါးခူပြုံးပါ ပြုံးပြလိုက်ဦးမှာ။

ကိုမျိုးကျော်ထွန်း>> thanks နော်..

TZA said...

အစားဂျီးမများလို့သာ တော်တော့တယ် မသဉ္စာရေ့.. ဂျီးသာများလို့ကတော့.. ဟင်းဟင်း.

သဉ်ဇာ - Thinzar said...

ဟော.. ကြည့်.. နောက်တစ်ယောက်.. တကယ်ဂျီးမများပါဘူးဆို.. မယုံရင် မုန့်လိုက်ကျွေးကြည့်လေ.. :P

Post a Comment

Please feel free to use any font to comment :)