Facebook Quiz တစ်ခု လုပ်ကြည့်ခြင်း

အခုနောက်ပိုင်း ကိုယ့်ရဲ့ အချိန်တော်တော်များများဟာ Facebook ထဲမှာဘဲ အချိန်ကုန်နေတာကို သတိထားမိတယ်။ status update တွေကို ဖတ်လိုက် သူငယ်ချင်းတွေတင်ထားတဲ့ ဓါတ်ပုံတွေကြည့်လိုက် quiz တွေဖြေလိုက် လယ်စိုက်လိုက် အကောင်မွေးလိုက်နဲ့ ဟုတ်နေတယ်။ အလုပ်နည်းနည်းအားနေတာလဲ ပါတယ်။ ဟိုတစ်လောက သူငယ်ချင်းတွေနဲ့ အလုပ်ချိန်အတွင်းမှာ အင်တာနက် သုံးလွန်းတာဟာ အလုပ်စွမ်းရည် ကျစေနိုင်သလားဆိုတာကို ပြောဖြစ်သေးတယ်။ အလုပ်ချိန်အတွင်းမှာ ကိုယ်ရေးကိုယ်တာအတွက် အင်တာနက် သုံးတာကို Cyberslacking လို့ ခေါ်ပါတယ်။ ကုမ္ပဏီ တစ်ချို့မှာ Yahoo, Gmail, Friendster, Facebook စတာတွေကို ပိတ်ထားတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို လုံးဝကြီး တားမြစ်ထားတဲ့ကုမ္ပဏီက ဝန်ထမ်းတွေထက် မပိတ်ပင်ထားတဲ့ ကုမ္ပဏီက ဝန်ထမ်းတော်တော်များများက လုပ်ငန်း စွမ်းဆောင်ရည်မှာ ပိုသာတယ်လို့ research တစ်ချို့မှာ ဖတ်ရပါတယ်။ ဘာဘဲ ဖြစ်ဖြစ် နောက်ဆုံးတော့ attitude ပါဘဲ။ ကိုZT ရေးထားသလိုဆိုရင်တော့ Cyberslacking ကို အကျိုးရှိရှိ အသုံးချတတ်ရင် ရာထူးတောင် တိုးနိုင်တယ်တဲ့။

topic ချော်သွားပြီ။ ရေးလိုရင်းကို ပြန်ဆက်ရရင် Facebook မှာ သူများ ဖြေသမျှ quiz တွေ လိုက်ဖြေကြည့်ရင်းကနေ “Make your own quiz” ဆိုတာလေးကို တွေ့သွားတယ်။ ဒီတော့ quiz engine ဘယ်လိုရှိသလဲ သိချင်တာနဲ့ တစ်ခုလောက် လုပ်ကြည့်မယ်ဆိုပြီး Forwarded Email ထဲက ရတဲ့ “You know you are Burmese if” ကို ကိုယ်လိုသလို ဖြတ်ညှပ်ကပ်ပြီး makeaquiz engine နဲ့ လုပ်လိုက်တဲ့ အခါမှာ How Burmese are you? ဆိုတဲ့ quiz ထွက်လာပါတယ်။ (မလိုအပ်ဘဲ ပို့စ်ရှည်သွားမှာစိုးလို့ original email ကို comment ထဲမှာဘဲ ရေးထားလိုက်မယ်။) ကျမက လူတစ်မျိုး။ ကောက်ရိုးမီးလို့ ပြောလို့ရတယ်။ တစ်ခုခု လုပ်ချင်ပြီဆို ချက်ချင်းထပြီး ဝုန်းဒိုင်းနဲ့ မဖြစ်ဖြစ်အောင် လုပ်တယ်။ ပြီးရင်လည်း ဘာမှ မဟုတ်တော့သလိုဘဲ။ idea တွေက ကိုယ်ပိုင် မဟုတ်ဘူး ဆိုပေမယ့် ထွက်လာမယ့်အဖြေကို formulate လုပ်ရတာ နည်းနည်း ပင်ပန်းတယ်။ ရေးရင်းရေးရင်းနဲ့ ပျင်းတောင် ပျင်းလာတယ်။ နောက်ပိုင်း result တွေကို တစ်ကြောင်းချင်းစီဘဲ ရေးလိုက်တော့တယ်။ တစ်ချို့စာသားတွေလည်း ထပ်ကုန်တယ်။ result ထုတ်တဲ့နေရာမှာ တော်တော် လိုနေသေးတယ်။ ဒါပေမယ့် edit လုပ်ဖို့ ပျင်းသွားပြီ။ ပြီးသွားတော့ ကိုယ် အရင်ဆုံးဖြေကြည့်တယ်။ You are 100% Burmese တဲ့။ ဟဲဟဲ.. ကိုယ်create လုပ်ထားတဲ့ quiz ဘဲ။ ဘယ်အဖြေလိုချင်ရင် ဘာကို ရွေးရမလဲဆိုတာ သိတာပေါ့ ;-)
ဒါပေမယ့် သူ့quiz engine က နည်းနည်း တုံးတယ်။ အမှန်ဆို အဖြေတွေ အားလုံး အပေါ်မှာ မူတည်ပြီး ရာခိုင်နှုန်း အနည်းအများ တွက်ထုတ်သင့်တာ။ အခုဟာက ဘယ်လိုလဲဆိုတော့ ဥပမာ Which Disney character are you ဆိုပါစို့။ အဖြေကနေ စစဉ်းစားရတယ်။ အဖြေမှာ Chicken Little, Mickey Mouse, Donald Duck, Dumbo, Goofy ဆိုပါစို့။ သူ့formula က နောက်ဆုံးမှာ အဖြေ ငါးခုရှိမယ်ဆိုရင် မေးခွန်း တစ်ခုချင်းစီမှာ ရွေးချယ်စရာ ငါးမျိုး ရှိရမယ်။ အကယ်လို့ မေးခွန်း ၈ခု ရှိတယ် ဆိုပါစို့။ နောက်ဆုံးမှာ ကိုယ်ဖြေထားတဲ့ အဖြေဟာ Chicken Little နဲ့ ၄ခု ကိုက်ညီပြီး ၂ခုဟာ Dumbo၊ နောက်၂ခုဟာ Goofy ဆိုရင် Chicken Little ပါလို့ အဖြေ ထွက်ပါမယ်။ ဒီလိုမျိုး မေးခွန်းတွေ အတွက်က နည်းနည်း အဓိပ္ပါယ်ရှိပေမယ့် “How Burmese are you” မျိုးကြတော့ ရာခိုင်နှုန်း တွက်ထုတ်ချင်တာ ဖြစ်တဲ့အတွက် နည်းနည်း လက်ပေါက်ကပ်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ကိုယ်ကလည်း quiz တစ်ခုလုံးကို သုညကနေစပြီး code လုပ်ဖို့ စိတ်မဝင်စားဘူး။ quiz engine ဘယ်လိုရှိသလဲ လောက်ဘဲ သိချင်တာဆိုတော့ကာ ၃နာရီလောက် မရပ်မနား ကြိုးစားလိုက်တဲ့အခါ မေးခွန်း ၉ခု ထွက်လာတယ်။ ၁ဝခုပြည့်အောင် ရေးချင်ပေမယ့် ဦးနှောက်က ဆက်ပြီး အလုပ် မလုပ်တော့ဘူး။ ဒါနဲ့ဘဲ ၉ခုမှာ ရပ်ထားလိုက်တယ်။ အဖြေက 100%, 85%, 70%, 55%, 40%, 20% ဆိုပြီး အဖြေ ၆ခု ထုတ်လိုက်တယ်။ အမှန်က မေးခွန်းက အဖြေရဲ့ ၂ဆလောက် ရှိနိုင်ရင် ပိုကောင်းတယ်။ ပြီးတော့ သူငယ်ချင်း ၅ယောက်ကို invite လုပ်ခိုင်းတယ်။ အနည်းဆုံး Active User ၁ဝယောက်ရှိမှ ကိုယ့် quiz ကို application directory က လက်ခံမှာကိုး။ ဒါနဲ့ ဂျီတော့ခ်မှာ တွေ့တဲ့သူတွေကို အတင်းရော အဓမ္မရော ဖြေခိုင်းလိုက်တယ်။ ၂ရက်လောက်နေတော့ အယောက် ၁၀ဝလောက် ဝင်ဖြေထားတယ်ဆိုတော့ ဝမ်းသာ ကျေနပ်သွားတယ်။

April 13 ရက်နေ့က လုပ်ထားတာဆိုတော့ အခု ၁၆ရက်လောက် ရှိသွားပြီ။ ဒီနေ့ ဝင်ကြည့်ကြည့်တော့ 2,910 users တဲ့။ listed in application directory တဲ့။ listed ဆိုတာက application directory မှာ Burmese လို့ ရှာလိုက်ရင် ထွက်လာတာကို ပြောတာပါ။ ထင်တောင် မထင်ထားဘူး။ =) user ၁၀၀၊ ၂၀ဝ လောက်နဲ့ ပြီးသွားပြီ အောက်မေ့တာ။ အပျင်းပြေ quiz ဖြေပြီး ကိုယ့်ကို ချီးကျူးတာဘဲ ဖြစ်ဖြစ် မကောင်းဘူး ပြောပြော copy cat ပြောပြော ဒီလောက်ဆို ကျေနပ်ပြီ။ :D အချိန်အကုန်ခံပြီး တကူးတက ဖြေပေးကြတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါ၏။

Conclusion က ဘာလဲဆိုတော့ Facebook quiz engine ကို နားလည်သွားတယ်။ နောက်ပိုင်း quiz တွေ သိပ်မဖြေဖြစ်တော့ဘူး။ ဒါပါဘဲ။ ပို့စ်တစ်ခုလုံး ဘာတွေ ရေးထားသလဲ မသိဘူး ဆိုရင်တော့ Facebook မှာ How burmese are you ဆိုတဲ့ quiz ဖြေပြီး လာရောက် ဝေဖန် အကြံပြုနိုင်ပါတယ်။ :-)



A delicious dinner


I can’t remember when the last time I cooked was. I used to cook quite often during the university life, but not really in the mood of cooking lately. After today’s office hour, I was tempting for a delicious dinner. So, I dropped by at KLCC Cold Storage to get some grocery and decided to cook Kyay-Oh (ကြေးအိုး), a special food we Myanmar people love to eat. It basically is a vermicelli soup with green vegetable, tofu, meatball and chicken. The main secret for this kind of dish is to have a delicious soup base.

The ingredients are:
- Half slice of whole chicken
- Chicken liver
- Meat balls
- Quail egg
- Green Vegetable, I use pak choy
- Tofu
- Garlic, ginger, salt, pepper

I boiled the ingredients separately and mixed again at last. I didn’t like the taste of boiled chicken liver, so, I fried it with some soy-sauce first. And to prepare a tasty sauce is important to match a Kyay-Oh dish. Actually, this is my first time cooking this, but amazingly it turns out to be quite delicious . I don’t really know how to mix the sauce, thus I ended up with a normal chili sauce. Wished someone would join me, but, I had to eat alone. Anyway, it had been a great dinner ;-)


Farm Town Craze

ကွန်ပျူတာဂိမ်းတွေ မကစားဖြစ်တာ တော်တော်ကြာနေပြီ။ ၁ဝတန်းအောင်ပြီးတုန်းကနေ 2nd year ပြီးတဲ့အထိလောက် နေ့နေ့ညည ဂိမ်းကစားတာ မျက်မှန် တပ်လိုက်ရတဲ့ အထိဘဲ။ နောက်ပိုင်း သိပ်မကစားဖြစ်တော့ဘူး။ အရင် နှစ်ပါတ်လောက်က NativeMyanmar ဖိုရမ်ထဲမှာ Facebook က ဂိမ်းတစ်ခုဖြစ်တဲ့ Farm Town အကြောင်း ရေးထားတာတွေကို ဖတ်ရတော့ ကစားကြည့်ချင်စိတ် ပေါက်လာတယ်။ အဲဒီဂိမ်းက လယ်စိုက်ရတာ။ စစချင်း ထွန်ယက်ရတယ်။ ပြီးရင် အာလူး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ စပါး၊ ဂျုံ၊ နေကြာပင်၊ ကော်ဖီ မျိုးစေ့တွေ ဝယ်ပြီး စိုက်ရတယ်။ တစ်ချို့ ကောက်ပင်တွေက တစ်ရက်နဲ့ ရိတ်သိမ်းလို့ ရပြီး တစ်ချို့ ၂ရက် သုံးရက် ကြာတယ်။ ရိတ်သိမ်းပြီးရင် ဈေးမှာ သွားရောင်း။ ရတဲ့ပိုက်ဆံနဲ့ လယ်ထပ်စိုက် ဒါနဲ့ သံသရာ လည်နေတာပေါ့။ ကိုယ့်မှာ ပိုက်ဆံကုန်သွားရင် ဈေးထဲသွားပြီး အလုပ်သွားရှာလို့ ရတယ်။ Hire me.. plz hire me လို့သာ အော်နေရင် တစ်ယောက်မဟုတ် တစ်ယောက် က လာငှားတယ်။ ဘာလို့လဲဆိုတော့ အပင်တွေ ရိတ်သိမ်းတဲ့ အခါကြရင် သူများကို ငှားပြီး ရိတ်ခိုင်းရင် ကိုယ်လည်း သက်သာတယ်။ ပိုက်ဆံလည်း မပေးရတဲ့အပြင် သူများ ရိတ်သိမ်းပေးတဲ့ဆန်တွေ ဂျုံတွေ အာလူးတွေဟာ ကိုယ့်ကိုယ် ရိတ်သိမ်းတာထက် ရောင်းတဲ့အခါ ဈေးပိုရတယ်။ ရိတ်သိမ်းပေးတဲ့သူကလည်း အပင်တွေရဲ့ ၂၅% ကို ရတယ်။

ဒါက စစချင်း သိပ် မတတ်ခင်တုန်းက စောင်းစောင်း ရွဲ့ရွဲ့နဲ့ ထွန်ယက်ထားတဲ့ လယ်ကလေး။ အဲဒီတုန်းက ပိုက်ဆံ တစ်ပြားမှ မကျန်တော့တော့ ဈေးထဲမှာ hire me.. hire me နဲ့ သွားအော်နေတာ။ လူတစ်ယောက်က လာငှားသွားပြီး ကော်ဖီခင်း အကြီးကြီး တစ်ခင်လုံး ရိတ်လိုက်ရတာ တော်တော် ပိုက်ဆံရလိုက်တယ်။ နောက်ပိုင်း အဲဒီလောက် ကံမကောင်းတော့ဘူး။ အငှားခံရရင်လည်း သုံးယောက် လေးယောက် ငှားတာဆိုတော့ အပြိုင် လိုက်ရိတ်သိမ်းနေရတယ်။ ကိုယ့်လယ်တွေ သီးပြီဆိုရင်လည်း သူငယ်ချင်းတွေ online ရှိမရှိကြည့်၊ မရှိရင် ဘယ်အချိန်လာမလဲလို့ ဖုန်းနဲ့မေးရတာလည်း အလုပ်တစ်ခု :D ရိုးသားကြိုးစား လယ်သမား လုပ်နေတာ။ စာတောင် ဒီလောက် မကြိုးစားဖူးဘူး။

အားလုံး real-time ကစားနေတာကြောင့် ဈေးထဲမှာ ကမာ္ဘအနှံ့က ကစားနေတဲ့သူတွေကို တွေ့နိုင်တယ်။ ဈေးကသူတွေနဲ့ဖြစ်ဖြစ် ကိုယ့်လယ်ကို လာလည်တဲ့သူတွေနဲ့လည်း chat လုပ်လို့ ရတဲ့ function လည်းပါတယ်။ သူများတွေ စိုက်ထားတဲ့ လယ်ကွက်တွေထဲကို လိုက်လည်ရတာလည်း ပျော်စရာ တစ်မျိုးဘဲ။ အခုတော့ level 18 ရောက်နေပြီ။ မကြာခင် လယ်ထပ်ချဲ့လို့ရပြီ။ level က experience point အရ တက်သွားတာ။ ဥပမာ စပါးတို့ ကော်ဖီတို့ စိုက်ရင် ရိတ်သိမ်းပြီး ရောင်းတဲ့အခါ မြိုးမြိုးမြက်မြက် ရပေမယ့် သုံးရက်လောက်နေမှ ရိတ်သိမ်းလို့ ရတာဆိုတော့ experience point က သိပ်မတက်ဘူး။ အစပိုင်းတော့ experience point မြန်မြန်တက်အောင် အာလူးချည်း ဖိစိုက်ပစ်တယ်။ ၁ရက်ကြာမှရိတ်သိမ်းလို့ရမယ့်အပင်ဟာ နောက်တစ်ရက်ကျော်သွားရင် ပျက်စီးသွားတယ်။ အဲဒီတော့ ကိုယ်အားမယ့်အချိန်၊ online တက်ဖြစ်မယ့် အချိန်နဲ့ ကိုက်ပြီး စိုက်ရသေးတယ်။ ဥပမာ - နှစ်ရက်လောက် အင်တာနက် မသုံးဖြစ်ဘူးဆိုရင် သုံးရက်လောက် ကြာမယ့် ကော်ဖီတို့ နေကြာပင်တို့ စိုက်ခဲ့လိုက်တယ်။ အပေါ်ကပုံက သုံးရက်လောက် ကစားဖြစ်မှာ မဟုတ်လို့ ကော်ဖီနဲ့ နေကြာစိုက်ခဲ့တဲ့အချိန်။

ဒါက အပျင်းပြေ ဟိုတစ်ကွက် ဒီတစ်ကွက် စိုက်ထားတဲ့လယ်။ ကစားနေတာမလို့ပေါ့။ တကယ်အပြင်မှာတော့ အဲလို ကွက်ကြား ကွက်ကြား လယ်စိုက်ရင် အပင်တွေ အောင်ပါ့မလားတောင် မသိဘူး။

အခု လက်ရှိ အခြေအနေ။ စပါးတွေချည်း အဓိက စိုက်ထားတယ်။

လယ်ကွက်က 16x16 ရှိသွားပြီ။ မကြာခင် 18x18 ကို ချဲ့လို့ရပြီ။ ဒီဂိမ်းကစားပြီ စွဲနေတာ၊ လမ်းသွားလို့ လမ်းဘေးဝဲယာမှာ ငှက်ပျောပင်၊ အုန်းပင်တွေ တွေ့ရင် Farm Town ထဲက အပင်လေးတွေကို သတိရမိပြန်ရော။ ဘယ်level ရောက်ရင် ပျင်းပြီး ရပ်သွားမလဲဆိုတာ သိချင်လို့ ဆက်ကစားကြည့်ဦးမယ်။ ဒီလိုနဲ့ လယ်စိုက်လိုက်၊ ရိတ်သိမ်းခါနီးကြတော့ ပင်ပင်ပန်းပန်းစိုက်ထားတဲ့ လယ်ကလေးကို ဒီအတိုင်း ရိတ်ပစ်ရမှာ နှမြောတာနဲ့ screenshot ရိုက်ပြီး save ထားတာ။ ဘယ်လောက် ရူးသလဲဆို :D .. ဘလော့ဂ်ရေးဖို့ ပို့စ်တစ်ခု ရသွားလေသတည်း။

နောက်ဆက်တွဲ (Bonus)

လယ်တွေကို ဒီလိုထပ်ပြီး စိုက်လို့ရတယ်ဆိုတာ အခုမှသိတယ်။ ဒီနည်းက IE မှာဘဲ အလုပ်လုပ်တယ်။ တစ်ခြား browser နဲ့ဆို မရဘူး။ ပထမဆုံး ညာဖက်ဆုံးက လယ်တစ်ကွက်ကို အရင် plow လုပ်လိုက်။ ပြီးရင် ဒုတိယ လယ်ကို plow လုပ်ဖို့ mouse နဲ့ထောက်၊ အစိမ်းရောင်အကွက်ကလေးရပြီဆိုရင် right click နှိပ်လိုက်။ ပြီးရင် ပထမ ထွန်ထားတဲ့ လယ်ပေါ်မှာ left click နှိပ်။ အဲလိုဆို ထပ်ပြီးသား ဖြစ်သွားရော။ သိသွားတော့လည်း လွယ်မှလွယ်။ ဒီနည်းနဲ့ဆို ပိုက်ဆံ မြန်မြန်ဝင်ပြီး level မြန်မြန်တက်တယ်။ သဉ္ဖာ့ကွန်ပျူတာမှာ IE crash ဖြစ်နေတာ ကြာပြီ။ သုံးလည်းမသုံးတော့ fix လုပ်ရမှာလည်း ပျင်းတာနဲ့ ဒီအတိုင်း ထားထားတာ။ ရုံးမှာ testing တွေ ဘာတွေ လုပ်ရင် IE သုံးလို့ မရဘူးလို့ ဆင်ခြေပေးပြီး တစ်ခြားသူကို လုပ်ခိုင်းတာ :D လယ်စိုက်ဖို့လိုအပ်မှ IE ကို ကြိုးကြိုးစားစား fix လုပ်တာ သိရင်တော့ .. အင်း.. ချီးကျူးမှာတော့ မဟုတ်ဘူး။ သေချာတယ်။



A hasty tour guide & a rushed tour (2)

စင်ကာပူကို နှစ်ရက်အတွင်းမှာ သုတ်သုတ်သွား သုတ်သုတ်ပြန် လုပ်ပြီးတော့ ကျန်နေတဲ့ တစ်ရက်ခွဲမှာ KL မှာ ခြေဆန့်ကြပါတယ်။ ပထမ နေ့တစ်ဝက်မှာ အဒေါ်တွေကို MyDIN ကုန်တိုက်နဲ့ ကုလားတန်း ခေါ်သွားလိုက်တာ ဆိုင်တွေ မပိတ်မချင်း ဘယ်လိုမှ ပြန်ခေါ်လို့ မရတော့ပါဘူး။ ကွာလာလမ်ပူမှာ လက်ဆောင်ပစ္စည်း ဝယ်လို့ အကောင်းဆုံးနေရာပါ။ ပစ္စည်းစုံပြီး ဈေးလည်း သက်သာတယ်။ MyDIN ကတော့ စင်ကာပူက Mustafa လိုမျိုး ဈေးပေါပေါနဲ့ ပစ္စည်း အစုံရတဲ့ ကုန်တိုက်ပေါ့။ အဲဒီကအပြန် KLCC ဝင်၊ ညစာစား ဓါတ်ပုံရိုက်ပြီး အိမ်ပြန်ခဲ့တယ်။ Twin Tower က ညဘက်မှာ တော်တော်လှတယ်။ နေ့ဘက်ကြတော့လည်း တစ်မျိုးလှတာပေါ့။

နောက်တစ်နေ့ မနက် အစောကြီးထပြီး twin towers ရဲ့ sky bridge တက်ဖို့ လက်မှတ် သွားတန်းစီတယ်။ တစ်နေ့ကို လက်မှတ် အစောင် ၁၀၀ဝ အလကား ပေးတယ်ဆိုပေမယ့် စောစောမသွားရင် လက်မှတ်ရဖို့ မလွယ်ဘူး။ ၈း၃ဝမှာ လက်မှတ်စဝေတယ်။ ၈းဝဝလောက် ရောက်သွားတာ ကိုယ့်အရှေ့မှာ လူတွေ တော်တော်များနေပြီ။ ဒါပေမယ့် ကိုယ့်လိုဘဲ အိပ်ချင်မူးတူးနဲ့ လာတန်းစီနေတဲ့သူတွေ များတယ်။ တစ်ယောက်ကို လက်မှတ် ၅စောင် အထိ ယူလို့ရတယ်။ ပထမဆုံး sky bridge visit က ၉းဝဝ မှာ စတယ်။ ၁၅ မိနစ် တစ်ဖွဲ့နှုန်းနဲ့ တစ်ခေါက်ကို လူ ၄ဝ လောက်စီ ပါတယ်။ ကိုယ်တို့တွေက ၁ဝးဝဝနာရီ လက်မှတ်ရတယ်။ စနေနေ့ဆိုတော့ လက်မှတ်က ခဏလေးနဲ့ ကုန်သွားတယ်။ Twin towers က ၈၈ ထပ် ရှိပေမယ့် ၄၄ ထပ်က တံတားအထိဘဲ တက်လို့ရတာ။ ဘာရယ်တော့ မဟုတ်ပေမယ့် မလေးရှားနိုင်ငံရဲ့ landmark ဆိုတော့ ကမာ္ဘလှည့် ခရီးသွားတွေလည်း တက်ဖူးသည် ရှိအောင်တော့ တက်ကြည့်ကြတာနေမှာ။ စာရေးရတာ ပျင်းလာပြီ။ ပုံဘဲ တင်တော့မယ်။ KL မှာ လည်စရာ ဒီလောက်ဘဲ ရှိပါတယ်။

KLCC Park and KL Convention Centre

The area between Public Bank and KLCC

Public Bank, Istana Budaya from KLCC skybridge

KL Twin Tower Building

Prime Minister Office (Putrajaya)

Sunway Pyramid

Berjaya Hills လည်း သွားသေးတယ်။ ဒါပေမယ့် ရောက်ပြန်ဘဲ။ အဲဒီနေရာက တစ်ခါရောက်ပြီးရင် ထပ်မသွားချင်တဲ့နေရာ။ ဘာမှလည်း မရှိဘူး။ ဓါတ်ပုံရိုက်လို့ လှတာ တစ်ခုဘဲ။ ခပ်သုတ်သုတ်လည်ရတာဆိုတော့ ကင်မရာကို တစ်နေရာကို ချိန်၊ တစ်ယောက်ပြီး တစ်ယောက် ကင်မရာရှေ့ကို ဝင်ရပ်၊ ကလစ်... ပြီးရင် နောက်တစ်နေရာပြောင်းပေါ့။ သုံးရက်ခွဲအတွင်း စင်ကာပူနဲ့ မလေးရှားကိုလည်တာ tourist တွေတော့ မသိဘူး။ tourist guide တော့ ဘာမှန်းတောင် မသိလိုက်ဘူး။ မြန်လွန်းလို့။ :-P