အရင်အပါတ်က အဒေါ်နဲ့ အစ်မ တစ်ဝမ်းကွဲ ကိုယ့်ကို တွေ့ဖို့ မလေးရှားကို ၄ရက်လောက် transit ဝင်တယ်။ စင်ကာပူလည်း ရောက်ဖြစ်သွားအောင် ၂ရက် တစ်ည ခရီး စီစဉ်လိုက်တော့ တော်တော်လေးကို ပြေးလွှားပြီး လည်ရတဲ့ ခရီး တစ်ခု ဖြစ်သွားတယ်။ စင်ကာပူဆိုတာ မြေပုံကြည့်ပြီး မြို့ပါတ်လို့ရတဲ့ နိုင်ငံမို့ ကိုယ်ဘဲ တိုးဂိုက်လုပ်ပြီး ခေါ်သွားမယ်ပေါ့။ ဒီတိုးဂိုက်ကို အားကိုးမိတဲ့ တိုးရစ်နှစ်ယောက်ကတော့ လေးရက်လုံး ကိုယ်ပြေးတဲ့နောက် လိုက်ပြေးနေခဲ့ရတာဘဲ။
စင်ကာပူဗီဇာကိုတော့ အစောကြီး သွားတင်ထားလိုက်လို့ တော်သေးတယ်။ မလေးရှားမှာ စင်ကာပူဗီဇာကို သံရုံးမှာ တင်လို့ မရတော့ဘူး။ အေးဂျင့်ငါးခုကို ကန်ထရိုက်ပေးလိုက်ပြီ။ ဒါနဲ့ ရှာရအလွယ်ဆုံး နေရာဖြစ်တဲ့ Times Square ရှေ့က AMODA Building (level 3) မှာ သွားလုပ်တယ်။ ခါတိုင်း ဗီဇာကြေး ၇၁ကျပ်အပြင် ဝန်ဆောင်ခ ၂၉ ကျပ်ပေးရတော့ စုစုပေါင်း ရင်းဂစ် ၁၀ဝ ကျသွားတယ်။ ကားလက်မှတ်ကို Transnasional ကနေ အသွားအပြန် ဝယ်လိုက်တယ်။စင်ကာပူမရောက်ခင်ကတည်းက ပြေးရလွှားရတာက စတာဘဲ။ မနက် ၈း၄၅ လက်မှတ်ဝယ်ထားတာ ရထားကျပ်နေတာနဲ့ ၁ဝ မိနစ်လောက် နောက်ကျသွားတော့ ကားက ထွက်သွားပြီ။ နောက်ကား ၁၁းဝဝ နာရီကားကို ဈေးတစ်ဝက် ထပ်ပိုပေးပြီး စောင့်စီးရတယ်။ အဒေါ်တွေနဲ့ကလည်း မတွေ့တာ တော်တော်ကြာသွားပြီဆိုတော့ တစ်လမ်းလုံး စကားပြောရင်း စင်ကာပူကို ဘယ်လို ရောက်သွားမှန်းတောင် မသိလိုက်ဘူး။
စင်ကာပူကို ညနေ လေးနာရီကျော်မှ ရောက်သွားတော့ Orchid Garden တို့ Bird Park တို့ ခေါ်သွားဖို့ မမှီတော့ဘူး။ Lavander ကားဂိတ်ရှေ့က တွေ့တဲ့ တည်းခိုခန်းတစ်ခုမှာဘဲ တည်းလိုက်တယ်။ MRT နဲ့လည်း သိပ်မဝေးတော့ တော်တော် အဆင်ပြေတယ်။ စင်ကာပူက Fish Head Curry ကိုတော့ အရမ်းကြိုက်လို့ Little India ဘက်သွားပြီး ညစာစားတယ်။ ပြီးတော့ Night Safari ကို သွားတယ်။ ဘတ်စ်ကားကို မိနစ် ၄ဝ လောက် စီးလိုက်ရတော့ ည ကိုးနာရီခွဲမှ ရောက်တယ်။ အချိန်သိပ်မရလို့ လမ်းမလျှောက်ဖြစ်ဘူး။ Tram စီးပြီးတော့ဘဲ ကြည့်ဖြစ်တယ်။ နောက်ဆုံးတစ်ကောင်ဘဲ မှတ်မိတော့တယ်။ ဗမာပြည်က သမင်တဲ့။ (THAMIN) လို့ ပေါင်းထားတယ်။ :D (နာမည်အသစ် ပေးထားတဲ့ သစ်ခွပန်းကို သွားမကြည့်လိုက်ရတာ နာတာဘဲ။) MRT က ည ၁၁း၃ဝ ရပ်တာဆိုတော့ ဘယ်လိုမှ မမှီနိုင်တော့ဘူး။ တိုးဂိုက်လဲ တော်တော် စိတ်ညစ်သွားတယ်။ အဲဒီနားမှာ မြို့ထဲ ရောက်တဲ့ Express ကားကိုတွေ့လိုက်လို့ တော်သေးတယ်။ ၁၁း၃ဝ ထွက်တဲ့ နောက်ဆုံးကားကို ကပ်မှီလိုက်ပြီး ၄ဒေါ်လာနဲ့ မြို့ထဲ ပြန်ရောက်သွားတယ်။ Esplanade ဘက်သွားဖို့လုပ်ထားတာ အရမ်းနောက်ကျသွားတော့ မရောက်လိုက်ဘူး။စင်ကာပူမှာ MRT ရထားလက်မှတ်ဝယ်ရတာ သိပ်အချိန်ကြာပြီး စိတ်ညစ်ဖို့ကောင်းတယ်။ ကောင်တာမှာလည်း မရောင်းတော့ စက်ကနေ ဝယ်ရတယ်။ အဲဒီစက်ကလည်းနှေးနှေးကွေးကွေး။ တိုးရစ်တွေကို ကိုယ်ချင်းစာတယ်ဆိုရင် အဲဒီစက်ကို နည်းနည်း ပိုမြန်အောင် လုပ်သင့်တယ်။ အရေးအကြောင်းဆို လက်မှတ်ဝယ်နေတာနဲ့ဘဲ မပြီးတော့ဘူး။ လက်မှတ်ဝယ်တဲ့အခါ တစ်ဒေါ်လာ ပိုဖြတ်ပြီး ပြန်ထွက်တဲ့အခါ အဲဒီလက်မှတ်ကို စက်ထဲ ပြန်သွင်းမှ တစ်ဒေါ်လာ ပြန်ရတယ်။ ဒုတိယအကြိမ် လက်မှတ်ဝယ်တဲ့အခါ ပထမတစ်ခေါက်က လက်မှတ်တွေကို တစ်စောင်ချင်းသွင်းပြီး တစ်ဒေါ်လာစီ ပြန်ယူရတယ်။ ပြီးတော့ တစ်စောင်ချင်းစီ တစ်ခါ ထပ်ဝယ်ရတယ်။ တစ်ခြားကဒ်တွေ top-up လုပ်သလို ငွေသွင်းပေးလိုက်လို့ မရဘူးလား မသိပါဘူး။ ထည့်လိုက်သွင်းလိုက် အလုပ်ကို ရှုပ်နေတာဘဲ။ လူ ၁ဝ ယောက်လောက်များသွားရင်တော့ လက်မှတ်ဝယ်ဖို့ နာရီဝက်လောက် အချိန်ယူရမယ်။
ဒုတိယတစ်ရက်မှာ ညနေငါးနာရီ အပြန် လက်မှတ်ဝယ်ထားတာဆိုတော့ Sentosa သွားဖို့ဘဲ စီစဉ်လိုက်တယ်။ မတ်လ ၃၁ ရက်နေ့အထိ ၃၀% ဈေးလျှော့ထားတော့ Merlion+Sky Tower+Fort Siloso+4D Theatre ကို ၃၃ဒေါ်လာဘဲ ပေးရတယ်။ ညနေ ကားမမှီမှာ စိုးလို့ Sentosa ထဲမှာ မပါတ်ပြေးရုံတမယ် လည်လိုက်ရတယ်။ 4D Cinema ကို တော့ အကြိုက်ဆုံးဘဲ။ ဓါတ်ပုံတောင် နည်းနည်းဘဲ ရိုက်ဖြစ်တယ်။ အရေးထဲ မိုးရွာလို့ မိုးခိုနေရသေးတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကနဲ့စာရင် အများကြီးကောင်းသွားတယ်။ ကျွန်းပေါ်မှာ ဘတ်စ်ကား ၁ဝမိနစ်လောက်ဆို တစ်စီး ရှိတယ်။ အရင်တုန်းက နာရီဝက်လောက် စောင့်ရတယ်။ စောစောပြန်ခဲ့ရလို့ Song of the Sea ကို မမှီခဲ့ဘူး။ ငါးရဲ့ကိုယ်မှာ ခြင်္သေ့ခေါင်းကို ပေါက်ပေါက်ရှာရှာ တပ်ထားပေမယ့် ကြည့်ကောင်းသလိုလို ရှိသားဘဲ။
Vivo City ကလို့ ထင်တာဘဲ။ ဆိုင်နာမည်လေးရယ်၊ ပေါက်စီပေါင်းချောင်ကို ပေါင်ချိန် ဦးထုပ်နဲ့ ခပ်ဆင်ဆင် လုပ်ထားတဲ့ idea လေးရယ်ကို အရမ်းသဘောကျတယ်။ A view from sky Tower
Fort siloso ထဲမှာ ဒေါင်းအမေကြီးနောက် တကောက်ကောက် လိုက်နေတဲ့ ဒေါင်းကလေးတွေ။ ကြက်ကလေးတွေနဲ့တူတယ်။ Surrender Chamber (စင်ကာပူရဲ့ တစ်ခုတည်းသော ဖယောင်း ရုပ်တု ပြတိုက်လို့ ပြောတာဘဲ။)
တစ်ခါသေဖူး ပျဉ်ဖိုး နားလည်သွားပြီး အမောတကောနဲ့ ပြေးပြန်လာခဲ့တော့ ကားထွက်ဖို့ ၁ဝ မိနစ်အလိုမှာ ကားဂိတ်ကို ရောက်သွားတယ်။ ဘုရားလည်းဖူး လိပ်ဥလည်းတူး၊ ခရီးလည်းသွား ဝိတ်လည်းကျချင်တဲ့ သူတွေအတွက် တိုးဂိုက်လုပ်မလား စဉ်းစားနေတယ်။ KL မှာ ပြေးခဲ့တာတွေတော့ မကြာမှီ လာမည်။ :D