Mom's recipe - Hot Pot!!

မြန်မာပြည်ပြန်တိုင်း အမေ့ကို အမြဲ ဟော့ပေါ့ လုပ်ကျွေးခိုင်းတယ်။ ဟော့ပေါ့တို့ steamboatတို့က ဒေသအလိုက် မူတည်ပြီး အထဲထည့်တဲ့ အစာတွေ ကွဲတယ်ထင်တယ်။ အိမ်က အမြဲချက်လေ့ရှိတာတော့ ယူနန်စတိုင် ဖြစ်မယ်။ ready-madeအသားတုတွေ မသုံးဘဲ အကုန်လုံးကို ကိုယ်တိုင် လုပ်တာဆိုတော့ အချိန် တော်တော်ပေးပြီး ချက်ရတယ်။ 

 ingrediens 1
Meat Ingredients
၁။ အမဲသားကြက်ဥလိပ် (蛋卷) − ဒီတစ်ခုက လုပ်ရတာ တော်တော်လက်ဝင်တယ်။ စစချင်း ကြက်ဥကိုခေါက်ပြီး တစ်ချပ်ချင်း ပါးပါးလေး ရအောင် non-stick pan နဲ့ ကြော်တယ်။ ပြီးရင် အမဲသားတောက်တောက်စဉ်း+ဂျင်း+ကြက်သွန်ဖြူ နယ်ထားတာကို ကြက်ဥပေါ် ပါးပါးလေးသုပ်၊ ပြီးရင် လိပ်။ အသားက အစိမ်းထည့်ထားတာဆိုတော့ steamer နဲ့ ပြန်ပေါင်းရသေးတယ်။ လုပ်ရတာ လက်ဝင်သလို စားလို့လည်း အတော်ကောင်းတယ်။ 

၂။ ငါးဖယ် − အလုံးသေးသေးလေးတွေလုံးပြီးကြော်။ 

၃။ စူးကျီး − ကြက်ဥနဲ့ ဂျုံနဲ့ခေါက်ပြီး အလယ်မှာ ကြက်သားဌာပနာပြီး ကြော်ရတာ။ ပန်းသေး အစားအသောက်တစ်မျိုးဘဲ။ 

၄။ နွားလျှာ − pressure-cooker နဲ့ နူးနေအောင် ပေါင်းရတာ။


ingrediens 2
Vegetable
၅။ စူကာရွက် − တောင်ကြီးမှာ စူကာသီးလို့ခေါ်ပေမယ့် အခြားဒေသတွေမှာ ဂေါ်ရခါးသီးလို့ခေါ်တယ်ထင်တယ်။ အဲဒီအပင်ရဲ့ အရွက်ကိုမှ အညွှန့် နုနုလေးတွေဘဲ ရွေးပြီး ရေနွေးနဲ့ ခဏလေး ကြိုဖျောထားတယ်။

၆။ ကန်စွန်းရွက်− အမေရဲ့ original recipe မှာ ကန်စွန်းရွက်မပါဘူး။ အမေက ဘာအရွက်တွေလဲမသိဘူး ရှာမရလို့ဆို အရွက်နည်းနေတယ်ပြောလို့ ကန်စွန်းရွက်ထည့်ဖို့ အကြံပေးထားတာ။ :D 

၇။ မုန်ညင်းဖြူ − မုန်ညင်းဖြူကိုလည်း ရေနွေးနဲ့ ခဏလေး ပြုတ်ထားတယ်။

၈။ မုန်လာဥဖြူ − မုန်လာဥဖြူကို ကြက်သားဟင်းရည်နဲ့ ကျက်ခါနီးထိ အရင်ပြုတ်ထားရတယ်။ 

Soup base
၉။ soup-base က ကြက်သားဟင်းရည်ဆိုတော့ ကြက်၂ကောင်လောက်ကို အရင်ပြုတ်ထားရတယ်။ မွေးမြူရေးကြက်မှ စားလို့ကောင်းတာဆိုပြီး အဲဒီ ကြက်ကို ပြုတ်ရတာလည်း လေးငါးနာရီလောက်ကြာတယ်။ 
− ပိန်းဥနဲ့ အမဲသားလုံးက ရှာမရလို့ ဒီတစ်ခေါက် မပါလိုက်ဘူး။

ဟော့ပေါ့ထဲ ထည့်ရတဲ့ အစာတွေက လက်ဝင်လွန်းတော့ အမေက တစ်ခါလုပ်ရင် အများကြီးလုပ်ပြီး မောင်နှမဝမ်းကွဲတွေအများကြီး တစ်ခါတည်း ခေါ်စားတာ ပျော်ဖို့ကောင်းတယ်။  
 
အိုးထဲစီထည့် 
ပြီးရင် အောက်ဆုံးမှာ မုန်လာဥဖြူတွေကို အရင်စီပြီး အပေါ်မှာ meat intredients တွေကို တစ်ထပ်ချင်း စီထည့်တယ်။ အရင်က အလယ်ကနေ မီးသွေးထည့်ရတဲ့ အိုးတွေ သုံးတယ်။ ခုနောက်ပိုင်း electric အိုးတွေ ပေါ်လာပြီး မီးလျှော့ရ တင်ရတာ လွယ်တယ်၊ အပူမြန်တယ်ဆိုတော့ ပိုအဆင်ပြေသွားတယ်။ မဟုတ်ရင် မီးသွေးထည့်လိုက်၊ ထုတ်လိုက်နဲ့ မလွယ်ဘူး။ ပြီးတော့ အဲဒီအိုးတွေကို ဆေးရတာလည်း ပင်ပန်းတယ်။ 
side dish
Side dish
၁။ ကြက်သား − ပြုတ်ထားတဲ့ ကြက်သားကို ခုတ်ပြီး ပန်းကန်ထဲ စီတယ်။ 
၂။ နွားနို့ခြောက်ကြော် − ဒီအကြော်ကြော်ရတာလည်း လက်ဝင်တယ်။ နွားနို့ခြောက် အပြားကြီးကို တူနဲ့ ခက်ခက်ခဲခဲလိပ်ပြီး ကြော်ရတယ်။ မီးပြင်းရင်လည်း မဟုတ်၊ မီးအေးရင်လည်းမဟုတ်နဲ့။ နည်းနည်းခက်တယ်။
၃။ ကြက်သွန်ချဉ်နဲ့ မုန်ညင်းချဉ်

စားဖို့အသင့် 
ရှမ်းခေါက်ဆွဲရယ်၊ ရှမ်းခေါက်ဆွဲမကြိုက်တဲ့သူတွေအတွက် ဂျုံခေါက်ဆွဲရယ် အရွက်တွေရယ်ကို ကိုယ်လိုချင်သလောက် ဟင်းရည်ထဲထည့်ပြုတ်ပြီး စားလို့ရပြီ။ ;-) တောင်ကြီးလို ချမ်းချမ်းအေးအေး ရာသီဥတုနဲ့ ဟော့ပေါ့က တကယ်ကို လိုက်ဖက်တဲ့ အစားအသောက်တစ်ခုပါဘဲ။

3 comments:

မီးမီးငယ် said...

အမျိုးတော်မယ်၊
ဟော့ပေါ့စားဖို့ဖိတ်ကွယ်..
:P တောင်ကြီးကပန်းသေးဆိုတော့၊
ကိုယ့်ငယ်သူငယ်ချင်းတယောက်ရှိတယ်။
သူတို့ညီအမတွေအများကြီးရှိတယ်။
ချစ်ချစ်ဋ္ဌေး..တဲ့ အိမ်ကညဈေးအပေါ်ဖက်မှာဘဲ၊
မတွေ့တာတော့ နှစ်ပေါင်း ၃ဝကျော်ပေါ့..

witch83 said...

ကွန်ပျူတာထဲမှာ ဇော်ဂျီ သွင်းတုန်းက ယူနီကုဒ်ကို uninstall လုပ်လိုက်တာ... သဉ္ဇာ့စာတွေ ဖတ်လို့ မရဘူး ဖြစ်နေတယ်။ ပြန် install လုပ်လည်း ဖတ်လို့ မရဘူး။ စာတွေဖတ်မရပေမဲ့ ဓါတ်ပုံကြည့်ပြီး ဗိုက်အတော်စာသွား ... ( အဲ... ဓါတ်ပုံလေးတွေကြည့်ပြီး) ပြန်သွားတယ်လို့ ... :)

Ye Lin Kyaw said...

တလောလေးက Hotpot လုပ်စားမယ်ဆိုပြီး လုပ်နေတုံးက ဘယ်နားဖတ်ဖူးလဲ မမှတ်မိဘူးဆိုပြီး လိုက်ရှာနေသေးတယ် အခုမှပြန်ရှာတွေ့တာ :D

Post a Comment

Please feel free to use any font to comment :)