နေ့ကလေးထိန်းကျောင်း ပြဿနာ

အကယ်၍ သင်ဟာ နေ့ကလေးထိန်းကျောင်းတစ်ခုရဲ့ မန်နေဂျာဖြစ်တယ် ဆိုပါစို့်။ ကျောင်းစည်းကမ်းမှာ ကလေးတွေကို ညနေ လေးနာရီ နောက်ဆုံးထားပြီး ကြိုရမယ်လို့ဆိုထားပေမယ့် မိဘတွေက မကြာခဏ နောက်ကျမှ ရောက်လာလေ့ ရှိကြတယ်။ ဒီအတွက် ကလေးတွေလည်း စိတ်မကောင်းဖြစ်ရတယ်။ ကလေးတွေကို စောင့်ဖို့အတွက် ဆရာမ တစ်ယောက်နှစ်ယောက်က အမြဲ အချိန်ပို စောင့်ပေးရနေတယ်။ ဒီပြဿနာကို သင်ဘယ်လို ဖြေရှင်းမလဲ။

အစ္စရေးနိုင်ငံ ဟိုင်ဖာ မြို့မှာ ဒီပြဿနာကို စီးပွါးရေးပညာရှင်တွေ ဖြေရှင်းဖို့ ကြိုးစားခဲ့ဖူးတယ်။ သူတို့ဟာ နေ့ကလေးထိန်းကျောင်းဆယ်ကျောင်းကို ၅လတိတိ လေ့လာခဲ့ကြတယ်။ ပထမ တစ်လမှာ နောက်ကျလေ့ရှိတဲ့ မိဘတွေကို စာရင်းကောက်ယူခဲ့ရာမှာ နေ့ကလေးထိန်းကျောင်းတစ်ခုစီအတွက် တစ်ပါတ်မှာ ပျမ်းမျှ မိဘ ရှစ်ယောက်လောက် ရှိတာကို တွေ့ရတယ်။ ဒီတော့ ဒုတိယ တစ်လကနေစပြီး ၁ဝမိနစ်ထက်ပို နောက်ကျတဲ့မိဘတွေကို တစ်ရက် သုံးဒေါ်လာ ဒဏ်ကြေးဆောင်ဖို့သတ်မှတ်လိုက်တယ်။ ဒါပေမယ့် ဒဏ်ကြေးသတ်မှတ်ပြီးနောက်ပိုင်း နောက်ကျတဲ့ မိဘတွေ မထင်မှတ်ဘဲ ပိုများလာခဲ့တယ်။ အရင် တစ်ပါတ်မှာ ရှစ်ယောက်ကနေ တစ်ပါတ်မှာ အယောက် ၂ဝ အထိ အရေအတွက် မြင့်တက်သွားခဲ့တယ်။ ဒီလိုဆိုရင် စီးပွါးရေး ပညာရှင်တွေ တွက်ချက်မှုဟာ မှားသွားခဲ့ပြီလား။

ဟုတ်ပါတယ်။ စီးပွါးရေးပညာရှင်တွေဟာ ဆုပေးဒဏ်ပေး စနစ် က ပြဿနာ အားလုံးကို ဖြေရှင်းနိုင်တယ်လို့ ယူဆထားကြတယ်။ ကမ္ဘာပေါ်မှာ ဆုပေးဒဏ်ပေးစနစ် သုံးပြီး ဖြေရှင်းလို့မရတဲ့ ပြဿနာ မရှိသေးဘူးလို့ မှတ်ယူထားကြတယ်။ တစ်ခြားနေရာမှာတော့ ဟုတ်ရင် ဟုတ်ပါလိမ့်မယ်။
ဥပမာ -
  • ကလေးလေးတစ်ယောက်က မီးဖိုကို သွားထိရင် ပူသွားမယ်။
  • စာမေးပွဲမှာ အမှတ်အများကြီးရတယ်ဆိုရင် အဖေက စက်ဘီး အသစ်တစ်စီး ဝယ်ပေးကောင်းဝယ်ပေးလိမ့်မယ်။
  • သင်ဟာ တက္ကသိုလ် စာမေးပွဲကို မအောင်ဘူးဆိုရင် အဖေရဲ့ ကုမ္ပဏီမှာ ဝင်လုပ်ရလိမ့်မယ်။
  • ဒါပေမယ့် သင်ဟာ တက္ကသိုလ်မှာ ထူးချွန်တယ်ဆိုရင်တော့ သင့်အဖေရဲ့ ပြိုင်ဘက် ကုမ္ပဏီမှာ သင်အလုပ်ရကောင်းရလိမ့်မယ်။
တကယ်တော့ ဆုပေးဒဏ်ပေးစနစ်ဆိုတာ လူတွေ ကောင်းတာကို ပိုလုပ်ကြပြီး မကောင်းတာကို လျှော့လုပ်ကြဖို့ ရည်ရွယ်တာပါ။ ဒါပေမယ့် အစ္စရေးနိုင်ငံက နေ့ကလေးထိန်းကျောင်းတွေမှာ သတ်မှတ်ခဲ့တဲ့ ဆုပေးဒဏ်ပေးစနစ်က ဘာများ မှားသွားခဲ့သလဲ။

တစ်နေ့သုံးဒေါ်လာ ဒဏ်ကြေးက နည်းနေတယ်လို့ သင်ထင်ကောင်း ထင်လိမ့်မယ်။ ဒါဆိုရင် ဘာလုပ်မလဲ။ ဒဏ်ကြေးကို ဒေါ်လာ တစ်ရာဆိုပြီး တိုးလိုက်မှာလား။ ဒီလိုဆိုရင် ဒီပြဿနာကို ဖြေရှင်းပြီးဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒေါ်လာ တစ်ရာဟာ သိပ်များတဲ့အတွက် တစ်ခြား ပြဿနာ တွေ ထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ တစ်ရက်မှ သုံးဒေါ်လာဘဲ ငါ့ရဲ့ တင်းနစ်ပွဲကို အလျင်တလို ရပ်ပြီး အချိန်မှီ သွားကြိုစရာမလိုပါဘူးလို့ မိဘတွေက မြင်တယ်။ တစ်လမှ ခြောက်ဆယ်လောက် ကျတဲ့ ဒဏ်ကြေးက လူတိုင်းနီးပါး တတ်နိုင်သလို ဖြစ်နေတယ်။ ဒါပေမယ့် ဘာကြောင့် ဒဏ်ကြေးသတ်မှတ်ပြီး နောက်ပိုင်းမှာမှ နောက်ကျတဲ့ မိဘတွေ ပိုများလာရတာလဲ။ အမှန်တော့ မိဘတွေဟာ ဒဏ်ကြေးမသတ်မှတ်ခင်က အကယ်၍ နောက်ကျရင် သူတို့ကိုယ် သူတို့ အပြစ်ရှိတယ်လို့ ယူဆကြတဲ့အတွက် နောက်မကျအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ဒဏ်ကြေးသတ်မှတ်ပြီး နောက်မှာ ဒဏ်ကြေး သုံးဒေါ်လာ ပေးလိုက်ရင် သူတို့နောက်ကျတာ အပြစ်မဟုတ်တော့ဘူးလို့ မိဘတွေအတွေးဝင်သွားတယ်။ စီးပွားရေးပညာရှင်တွေဟာ ဒဏ်ကြေးသတ်မှတ်ပြီး သုံးလအကြာမှာ အဲဒီစနစ်ကို ဖျက်သိမ်းလိုက်တယ်။ ဒါပေမယ့် နောက်ကျတဲ့ မိဘတွေအရေအတွက်ဟာ လျော့မသွားတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် သူတို့ရဲ့စိတ်ထဲမှာ နောက်ကျရင် ဒဏ်ကြေးလည်း ပေးစရာလိုဘူး။ အပြစ်လည်း မရှိဘူးဆိုတဲ့ အတွေးတွေ ထည့်ပေးလိုက်သလို ဖြစ်သွားလို့ပါဘဲ။ ငွေကြေးအရ ဆုပေးဒဏ်ပေး စနစ်နဲ့ စိတ်ဓါတ်ရေးရာအရ ဆုပေးဒဏ်ပေးစနစ် ကွားခြားချက်ဟာ ဒီပြဿနာရဲ့ အဓိက ဇစ်မြစ်တစ်ခုဆိုရင် မမှားဘူးပေါ့။

(အခု ဖတ်နေတဲ့ Freaknomics, A rogue economist explores the hidden side of everything ဆိုတဲ့ စာအုပ်ထဲက စာပိုဒ်အချို့ကို ဘာသာပြန်ထားတာပါ။ ဘာသာပြန်နေကျ မဟုတ်တော့ တစ်ချို့လုံးတွေကို အနီးစပ်ဆုံးထင်တာဘဲ ယူလိုက်တယ်။ စာထဲမှာပါတဲ့ incentives ကို အကျိုးအမြတ်ဆိုရင်ကောင်းမလား စဉ်းစားရင်း နောက်ဆုံး ဆုပေးဒဏ်ပေးစနစ်လို့ရေးလိုက်တာ။)

4 comments:

Yan Way Aung said...

kaung ei.
kaung ei..
kaung par ei...

သဉ်ဇာ - Thinzar said...

yan way aung>> တော်သေးတာပေါ့။ ကောင်းတယ်လို့ ပြောတဲ့သူ ရှိလို့ :-) ဒီလိုဆိုရင်တော့ နောက်အပုဒ်တွေ ဆက်ပြီး ဘာသာပြန်ဦးမယ်။

Mhaw Sayar said...

တစ်ကယ် ကောင်းတဲ့ ဆောင်းပါး တစ်ပုဒ်ပဲဗျာ. ကျွန်တော် Reader ကနေ ဖတ်ပြီး ပြန်ရှယ်ယာ လုပ်ထားတယ်.

အလွဲတွေ ထဲက အလွဲတစ်ခုပါပဲဗျာ. ပေးချင်တဲ့ Message နဲ့ ယူလိုက်ကြတဲ့ Message လွဲကြတဲ့ ပြဿနာတွေပေါ့.

အားပေးနေပါတယ် မသဉ္ဖာရေ. :)

သဉ်ဇာ - Thinzar said...

mhaw sayar>> အင်း..ဟုတ်တယ်။ ဒီစာအုပ် တစ်အုပ်လုံးမှာ အဲဒီလို ဥပမာတွေအများကြီးဘဲ။ ကိုယ်မထင်ထားတဲ့ အဖြေတွေ ထွက်လာတာ များတယ်။

Post a Comment

Please feel free to use any font to comment :)