ကျမနှင့် နာမ်စားများ

မြန်မာစာရေးရင်ဖြစ်ဖြစ် မြန်မာ စကားပြောရင်ဖြစ်ဖြစ် နာမ်စားတွေနဲ့ ပါတ်သက်ပြီး အရမ်း ဒုက္ခရောက်ရပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို ရည်ညွှန်းတဲ့အခါ ပိုပြီး အခက်တွေ့ရတယ်။

သမီးကလေ.. လို့ပြောရအောင်လဲ မဟုတ်။ သဉ္ဖာကတော့ ဒီလို ထင်ပါတယ်ဆိုရင်လည်း အဆင်မပြေ။ တို့ရဲ့ အမြင်ကတော့ ဟိုလိုပါဆိုရအောင်လည်း မဟုတ်ပြန်။ ဘိုလိုဆိုရင် I နဲ့ you၊ တရုတ်လိုဆိုရင် နီ နဲ့ ဝေါ် ဆိုပြီး အိုကေသွားပေမယ့် မြန်မာလိုက အဲဒီလောက် မလွယ်ဘူး။ ဥပမာ တစ်ခုခုကို မသိဘူးလို့ ပြောမယ်ဆိုပါစို့။ လူကြီးသူမကိုပြောရင် သမီးမသိလို့ပါ။ နည်းနည်းကြီးတဲ့ သူကိုကြတော့ သဉ္ဖာမသိလို့ပါ။ ရွယ်တူဆိုရင် တို့မသိလို့နော်။ သူငယ်ချင်းတွေနဲ့ကြတော့ ငါမသိဘူး။ ကိုယ့်ထက်ငယ်ရင်ကြပြန်တော့ အစ်မ မသိလို့ပါ။ နောက်ကြာလာရင် အန်တီ မသိလို့၊ အဖွား မသိလို့ပါ ဆိုပြီး လာဦးမယ်။

ဘလော့ဂ်ရေးတော့လည်း ကျမ ကျမ နဲ့ သုံးရတာ တော်တော်လေးကို ထောက်နေသလိုဘဲ။ တစ်ခါတစ်ခါ ကျနော်လို့တောင် ရေးလိုက်ချင်မိတဲ့အထိ။ ကျနော်ကြပြန်တော့လည်း အဆင်ပြေနေရော။ တစ်ခါတစ်လေလည်း တွတ်ပီလိုဘဲ ကျွန်ုပ်သည် လို့ ရေးရင် ကောင်းမလားလို့ စဉ်းစားမိတယ်။

နောက်ဆုံးတော့လည်း ကျမလို့ဘဲ ဆက်သုံးဖို့ ကျမဆုံးဖြတ်လိုက်ပါတယ်။

0 comments:

Post a Comment

Please feel free to use any font to comment :)