Taunggyi Trip 2010 – 6 (My high school)

အပိုင်း၆ - ကျောင်းတော်သာ

၂၀၁၁ ရောက်သွားပေမယ့် ၂၀၁၀ ခရီးကို ဆက်ပါဦးမယ်။ တောင်ကြီးမှာ အထက်တန်းကျောင်း ၇ကျောင်း ရှိတယ်။ အထက၁၊ အထက၂ စသဖြင့် အထက ၇ အထိပေါ့။ သဉ္ဇာတို့ကျောင်းက အထက၄။ ငယ်ငယ်က TTC မူလတန်းကျောင်းမှာတက်ပြီး ငါးတန်းမှာ အထက(၄) ပြောင်းခဲ့တာ။ သဉ္ဇာ တက်ခဲ့တဲ့ အချိန်တုန်းက ဆရာမကြီး ဒေါ်အေးချစ် လက်ထက် တောင်ကြီးမှာ အထက၄ ခေတ်ဆိုတော့ ထ၄ ကျောင်းသားတွေက ကိုယ့်ကိုယ် အလကားနေရင်းတောင် သူများကျောင်းထက် နှာတစ်ဖျားသာတယ်လို့ ကြံဖန်ဂုဏ်ယူကြတယ်ပေါ့ကွယ်။ တစ်ခြားမြို့မှာ ကျောင်းသားဖြစ်ရတာထက် တောင်ကြီးမှာ ကျောင်းသားဖြစ်ရတာ သာတဲ့အချက်က တန်ဆောင်တိုင်မှာ ကထိန်လှည့်ခွင့်ရတဲ့အချက်ပေါ့။ (ခုနောက်ပိုင်းတော့ ကျောင်းသားတွေ ကထိန်လှည့်ခွင့် မပေးတော့ဘူး ပြောတယ်။)
အပါတ်တိုင်း နိုင်ငံတော် အလံကို အလေးပြုခဲ့တဲ့ ဘောလုံးကွင်း။ ဆောင်းတွင်းဆို နံနက်စောစောလာပြီး Assembly မတိုင်ခင် နေပူဆာလှုံရတာကိုလည်း လွမ်းစရာပါဘဲ။ မြက်ပင်တွေ ရှည်လာပြီဆိုရင် မြက်တွေကို ထုံးပြီး ထောင်ချောက်မလုပ်ကြည့်ဖူးတဲ့သူ နည်းမလားဘဲ။ အပေါ်က မြင်ရတဲ့ အဆောင်ကတော့ မူကြိုဆောင်။ မူကြိုဘေးမှာ အားကစားရုံ ရှိပါတယ်။ သဉ္ဇာတို့ ကျောင်းဝင်အပြီးမှာ အဆောက်အဦးအသစ် တော်တော်များများ တိုးလာတယ်။ ၁၉၉၆ အရှေ့ပိုင်း အောင်သွားတဲ့ ကျောင်းသားဟောင်း တွေကတော့ မူကြို၊ ဓမ္မာရုံ၊ အားကစားရုံ၊ မြသီရိ ခန်းမတွေကို မှီလိုက်မှာ မဟုတ်ဘူး။
အားသစ် - ၁။ ငါးတန်းမှာ ထ၄ စပြောင်းတော့ ဒီအဆောင်မှာ တက်ခဲ့ရတာ။ ကျောင်းဝင်စတော့ ဘယ်လိုမှ မပျော်ဘူးပေါ့။ သူများကျောင်းမှာ သွားတက်နေရသလို ခံစားရတယ်။ ဒါတောင် အရင်ကျောင်းက သူငယ်ချင်းတော်တော်များများ ကိုယ်နဲ့ တစ်တန်းထဲကျလို့ တော်သေးတယ်။
ဒါကမြသီရိဆောင်။ အပေါ်ထပ်က ဆုပေးပွဲခန်းမ။ ကျောင်းဆောင်သစ်ဆောက်ပြီးတာနဲ့ သဉ္ဇာတို့လည်း ၇တန်း အရောက်။ ကျောင်းဆောင်သစ်မှာ စျေးဦးပေါက် ကျောင်းတက်ခဲ့ရတာ။ ဘောလုံးကွင်းကို တိုက်ရိုက်မြင်နေရတာဆိုတော့ သူများတွေ ကွင်းထဲမှာ ဘင်ခရာ ကျင့်တဲ့အချိန်၊ အားကစား အချိန်ဆို တစ်တန်းလုံးက ဆရာမစာသင်တာကို မကြည့်ဘဲ အပြင်ဘဲ ငေးနေလို့ ဆရာမတွေကတော့ ဒီကျောင်းဆောင်က အတန်းတွေကို သိပ်မကြိုက်ကြဘူး။
ဒါကတော့ မုန့်စားဆင်းချိန်ဆို အစည်ကားဆုံးနေရာပေါ့။ ဘေးမှာ မုန့်ဆိုင်တန်းတွေ ရှိတယ်လေ။ ခုတော့ မုန့်ဆိုင်တန်းတွေနေရာမှာ ကျောင်းဆောင်သစ် ဆောက်နေတယ်။ အနောက်ဘက်က ၉တန်း ၁၀တန်း အဆောင်။ ကိုယ်တိုင်ဆို ပုံအများကြီး ရိုက်ဖြစ်လောက်ပေမယ့် စိတ်မရှည်တဲ့ မောင်လေးကို ရိုက်ခိုင်းရတော့ သူက လေးပုံဘဲ ရိုက်ခဲ့ပေးတယ်။
ငယ်ငယ်က ဆုပေးပွဲတွေဆို ဒီလို ဗလာစာအုပ်တွေ ပေးလေ့ရှိပါတယ်။ စာရွက်တွေက ကွာလတီ သိပ်မကောင်းပေမယ့် သဉ္ဇာတို့အတွက်တော့ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေပါ။ (၅တန်းကတည်းကနေ ဆုရထားတဲ့စာအုပ်တစ်ချို့ မသုံးရက်ဘဲ သိမ်းထားတာ ခုထိ ရှိနေသေးတယ်။) ဘာရယ်တော့ မဟုတ်ပါဘူး။ အမှတ်တရပေါ့။

  

ကိုးတန်းတုန်းက အိမ်တွင်းမှု အချိန်မှာ လုပ်ခဲ့တဲ့ တစ်ရှူးဘောက်စ်လေး၊ အဲတုန်းက ပလတ်စတစ် ဇကာကွက်တွေအပေါ်မှာ သိုးမွေးချည်နဲ့ထိုးပြီး ပုံမျိုးစုံလုပ်တာ ခေတ်စားတုန်းကပေါ့။ ဒီတစ်ခုပြီးဖို့ အချိန် တော်တော်ယူခဲ့ရတယ်။ 


ကျောင်းတုန်းက အမှတ်တရလေးတွေပေါ့..

Related Links
1. BEHS 4 Tgi on Facebook: http://www.facebook.com/group.php?gid=4422771052


Rakhine-style Seafood Curry

ရခိုင်စတိုင် ပင်လယ်စာ ချဉ်စပ်ဟင်း

ကျောင်းတက်တုန်းက ရခိုင်က အမကြီးတွေနဲ့နေတော့ သူတို့အမြဲချက်ကျွေးလေ့ရှိတဲ့ဟင်းပါ။ ချက်ရတာ မြန်ပြီး ချဉ်ချဉ်စပ်စပ်နဲ့ တော်တော်စားကောင်းပါတယ်။ 

 
လိုအပ်သော ပစ္စည်းများ
ပုဇွန်၊ ပြည်ကြီးငါး
ကြက်သွန်နီ အသေးတစ်လုံး
ငရုတ်သီးစိမ်း ၄တောင့်
သံပုရာသီး တစ်ခြမ်း
နံနံပင် အနည်းငယ်

ဟင်းချက်ရန် ပြင်ဆင်ခြင်း

၁။ ကြက်သွန်နီ အသေးတစ်လုံးကို ပါးပါးလှီးထားပါ။ (အလုံးကြီးလျှင် တစ်ဝက်ဆို လောက်ပါပြီ။)
၂။ ငရုတ်သီးစိမ်းကို ၅မိနစ်ခန့် ပြုတ်၍ ညက်အောင် ထောင်းပါ။ 
၃။ ပုဇွန်နှင့် ပြည်ကြီးငါးတို့အား သေချာ သန့်စင်ထားပါ။

ဟင်းချက်နည်း အဆင့်ဆင့်
၁။ ဆီအနည်းငယ် ကို အိုးအတွင်းအပူပေး၍  ကြက်သွန်နီကို ဆနွင်းအနည်းငယ်တို့ကို ဆီသတ်ပါ။ (ကြက်သွန်ဆီသတ်ဖို့ လောက်ငှရန်လောက်သာ ဆီလိုပါတယ်။ များသွားရင် မကောင်းပါဘူး။)
၂။ ကြက်သွန်နီ အနည်းငယ်နွမ်းလာလျှင် ညက်အောင် ထောင်းထားသော ငရုတ်သီးစိမ်းကို ခဏဆီသတ်ပြီး ပုစွန်နှင့် ပြည်ကြီးငါးတို့ကို ထည့်ပါ။ (သတိ - ငရုတ်သီး နည်းနည်းညှော်မည်။ :D)
၃။ ဆား၊ အချိုမှုန့်တို့ကို လိုသလိုထည့်ပါ။
၄။ ၂မိနစ်ခန့် နှံ့အောင် မွှေပြီးလျှင် ရေတစ်ဖန်ခွက်ခန့် လောင်းထည့်လိုက်ပါ။
၅။ သံပုရာရည် ညှစ်ထည့်ပါ။
၆။ ပွက်လာလျှင် နံနံပင်အပေါ်မှ အုပ်၍ ခဏအကြာမှာတော့ ချလို့ရပါပြီ။

ပင်လယ်စာဟင်း ရခိုင်ချက် (ပန်းကန်ထဲ ထည့်ရမှာ ပျင်းလို့ အိုးထဲဘဲ ဓါတ်ပုံရိုက်လိုက်တယ်။)
မှတ်ချက်
၁။ ရခိုင်ဟင်း အားလုံးမှာ ငရုတ်သီးစိမ်းကို ဖုတ်(သို့)ပြုတ်ပြီးမှ ထည့်ရသည်။ အစိမ်းထောင်းထည့်လျှင် စားမကောင်းပါ။
၂။ ငရုတ်သီးကို အစေ့ပါ မကျန်တဲ့အထိ ညက်အောင် ထောင်းရပါတယ်။
၄။ တစ်ခါတစ်လေကြတော့ အနှစ်များအောင် ဆိုပြီး ခရမ်းချဉ်သီး တောက်တောက်စဉ်းထားတာ တစ်လုံးလောက်လဲ ထည့်ချက်လေ့ ရှိတယ်။
၃။ တစ်ခြား ငါး (သို့) ငါးဖယ် တို့နဲ့လည်း ချက်လို့ရပါတယ်။ ငါးအစိမ်းနဲ့လည်း စားလို့ဖြစ်ပေမယ့် ငါးကို ကြော်ပြီး ချက်ရင် ပိုစားကောင်းပါတယ်။ ဒီနည်းအတိုင်းချက်ရင် စားလို့အကောင်းဆုံးကတော့ ငါးမုတ်ဖြူနဲ့ပါ။ ငါးမုတ်ဖြူကို အရင် ကြော်ထားပြီး ပုဇွန်နေရာမှာ ထည့်လိုက်ရုံပါဘဲ။ 

ချက်ရတာ လွယ်မှလွယ်(ငရုတ်သီးထောင်းရတာက လွဲလို့)။ ဒီဟင်းချက်တိုင်း ရေထည့်တာ များသွားမလားလို့ ထင်မိပေမယ့် အမြဲ အနှစ်က မလောက်လို့ ရေပြန်ပြန်ထိုးရတာ များတယ်။ ဟိုးအရင်က အစပ်သိပ်မစားနိုင်ပေမယ့် ရခိုင်ဟင်းတွေနဲ့တွေ့တော့ တော်တော်စားနိုင်သွားတယ်။ ရခိုင်စကားလည်း တော်တော်နားရည်ဝသွားတယ်။

ရခိုင်ဟင်းစစ်စစ် ယင်းပိုင် ဟုတ်မဟုတ် မဟိပါရေ။ ရခိုင်ကလူတိချက်တော့လည်း ရခိုင်ဟင်း ဖြိုက်ရေပေါ့။ (မှန်လားတော့မသိ၊ မှတ်မိသလောက် ပြောကြည့်တာ။ နားလည်လား? :-D )


Chinese-style steamed fish

အင်တာနက်ထဲမှာ “Chinese-style steamed fish” recipe ဆိုပြီး ရှာလိုက်တော့ တော်တော်များများ တွေ့လာတယ်။ အဲတာတွေထဲက ကောင်းမယ်ထင်တဲ့ အချက်လေးတွေ ရွေးပြီး စိတ်ကြိုက်လုပ်လိုက်တာ တော်တော်တော့ စားကောင်းသွားတယ်။ (ပဲငံပြာရည် နည်းနည်းများသွားတာကလွဲရင်)။ ငါးက ပေါင်းအိုးထဲ မဆန့်လို့ ခေါင်းဖြတ်လိုက်ရတယ်။
ပါဝင်သော ပစ္စည်းများ

ငါးတစ်ကောင် (ပုံထဲက Ikan Siakap။ မြန်မာလို ကကတစ် ငါးလို့ခေါ်တာထင်တယ်။)
ကြက်သွန်ဖြူ ၅မွှာခန့်
ဂျင်း တစ်တက်
ငရုတ်သီးစိမ်း ၃တောင့်
နံနံပင် တစ်စည်းခန့်
စပါးလင် ၂တက်
ပဲငံပြာရည် အကြည်
ဆီ ၂ဇွန်း (လက်ဖက်ရည်ဇွန်း)
နှမ်းဆီ အနည်းငယ်
ကောက်ညှင်းမှုန့် ၂ဇွန်း
ဆား

ပြင်ဆင်ခြင်း


ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင် တစ်ဝက်၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။
ကျန်နံနံပင် တစ်ဝက်ကို ငါးအပေါ်မှ အုပ်ရန် ဖယ်ထားပါ။
စပါးလင် ၂တက်ကို ဓါးပြားရိုက်ထားပါ။

ငါးပေါင်းရန်
ငါးကို ဓားဖြင့်မွမ်းပြီး ဆားနယ်၍ နာရီဝက်ခန်၌ထားပါ။ ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ခုနက ပါးပါးလှီးထားတဲ့ အဆာ(ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်) အနည်းငယ်ကိုခင်း၊ တစ်ချို့ တစ်ဝက် နဲ့ စပါးလင် ကို ငါးဝမ်းဗိုက်အတွင်းသွတ်ပြီး ၁၀မိနစ်ခန့် ပေါင်းပါတယ်။ ငါးပေါင်းတာ ကျက်သွားပြီဆိုရင် ငါးပေါင်းကနေ ထွက်လာတဲ့ အရည်တွေကို သွန်လိုက်ပြီး ငါးကို ပန်းကန်တစ်ချပ်မှာ ထည့်ထားပါ။

အနှစ်ပြုလုပ်ခြင်း
ဆီလက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ကို ပူလာအောင် တည်ပြီး ဂျင်းနှင့် ကြက်သွန်ဖြူ အနည်းငယ်ကို စက္ကန့် ၂၀ ခန့် အပူပေးပြီး ငါးအပေါ်ကို လောင်းချလိုက်ပါ။

ထို့နောက် ရေအေးဖြင့်ဖျော်ထားသော ကော်မှုန့် ၂ဇွန်းခန်၌ကို ပွက်အောင် တည်ပါ။ ပွက်လာလျှင် ပဲငံပြာရည်အကြည်၊ နှမ်းဆီ အနည်းငယ်၊ ကျန်နေသော အဆာ (ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီး)နှင့် စပါးလင်တို့ကို ထည့်၍ ပွက်လာလျှင် ငါးအပေါ်သို့ လောင်းချလိုက်ပါ။

(သဉ္ဇာ့အမေကတော့ စားရတာ ပေါ့လို့ဆိုပြီး သံပုရာသီး ညှစ်ပါတယ်။ Original Recipe ထဲမှာတော့ သံပုရာသီး ညှစ်တဲ့ အဆင့် မပါဘူး။)

လုပ်ရတာ မခက်တော့ အရသာရှိတဲ့ ငါးပေါင်းတစ်ခွက် ထွက်လာမှာပါ။

သူတို့ပြောတဲ့ လျို့ဝှက်ချက်

၁။ ငါးပေါင်းလို့ထွက်လာတဲ့အရည်ကို ပြန်မသုံးပါနဲ့။ လူတော်တော်များများက ငါးပေါင်းရည်မှာ အရသာနဲ့အာဟာရဓါတ်တွေ ပါတယ်လို့ ယူဆကြပေမယ့် အမှန်မှာ ငါးပေါင်းရည်ဟာ အနံ့အနည်းငယ် ညှီတဲ့အတွက် ငါးပေါင်းရဲ့ အရသာကို ပျက်စေပါတယ်။
၂။ ပဲငံပြာရည်အကြည်ရဲ့ အရသာကို အနှစ်အတွက် အဓိက သုံးပါတယ်။
၃။ လူအစုက ဆီထည့်လေ့မရှိပေမယ့် ဆီသတ်ပြီး လောင်းချလိုက်တဲ့ ဆီပူပူဟာ ငါးပေါင်းရဲ့ အနံ့အရသာကို ပိုပြီး ပြည့်စုံစေတာကို တွေ့ရပါလိမ့်မယ်။

ref: Steamed Fish Recipe

ပဲငံပြာရည်ကတော့ မြန်မာပြည်မှာ အမြဲသုံးနေတာဘဲ အရသာရှိသလိုဘဲ။ ဒီက ပဲငံပြာရည်တွေက အချိုများလွန်းတယ်။ ဒီ Lee Kum Kee တံဆိပ်တော့ မဆိုးဘူး။ အရင်နှစ်အထိ မြန်မာပြည်ပြန်တိုင်း ပဲငံပြာရည် သယ်ရတာ အလုပ်တစ်ခု :D


(အရင်ပို့စ်ကို NHM Writer နဲ့ ရေးပေမယ့် ခုပို့စ်တော့ လက်ကွက်ကျင့်ကြည့်မယ်ဆိုပြီး Keyman နဲ့ ရိုက်ကြည့်တယ်။ ရရစ် အရင်ရေးပြီးမှ အက္ခရာ ရေးတာ အကျင့်ပါနေတော့ စာရေးရတာ နည်းနည်းထောက်တယ်။ ပြီးတော့ ယပလက်ရယ် ဂငယ် ရယ် ဝလုံးရယ် ခဏခဏ ပြန်ရှာရတာကလွဲရင် ကျန်တာ အားလုံး အဆင်ပြေတယ်။ တစ်ပုဒ်လောက် ရေးပြီးတာနဲ့ ကီးဘုတ်ကို တော်တော်ကြိုက်သွားတယ်။)


My blog and myanmar unicode issue

SOLVED! The issue caused by having Unicode 5.1 version of Myanmar3. The display is fine after replacing with new version of Myanmar3. Thanks everyone.

=================================

ဘလော့ဂ်ကို ယူနီကုဒ် ပြောင်းအပြီးမှာ သတိထားမိတာက အသတ်နဲ့ အောက်ကမြစ်တွဲထားတဲ့စာလုံးတွေ တလွဲဖြစ်နေတယ်။ သဉ္ဇာက ဘလော့ပို့စ် အဟောင်းတွေကို Myanmar NLP က Converter နဲ့ ပြောင်းထားတာ။ နောက်ဆုံးပို့စ်တစ်ခုတော့ MS Word မှာ ရိုက်ပြီးတင်တာ။ keyboard အတွက် NHM Writer ကို သုံးတယ်။ ရိုက်တုန်းကတော့ မှန်တယ်။ publish လုပ်ပြီးမှ အသတ်နဲ့ အောက်ကမြစ်တွေက တလွဲ ဖြစ်သွားတာ။ ရေလည်စားတယ်။


ကိုရဲလင်းကျော် ဘလော့ဂ်


စေတန်ဂေါ့ဒ် ဘလော့


ကိုဒီဘီ ဘလော့


သဉ္ဇာ့ဘလော့




ကိုဇက်တီ ဘလော့ဂ်ကြတော့ ဟုတ်လို့။ သူ ဘာ magic တွေ သုံးထားသလဲ လိုက်ရှာရတယ်။ Right Click -> View Page Source ပေါ့။ CSS ကိုလည်း ကိုဇက်တီ ပြောတဲ့အတိုင်း ပြင်တာဘဲ။ ဘာလို့ အဲဒီ အသတ်နဲ့ အောက်ကမြစ်က တလွဲဖြစ်နေသလဲ စဉ်းစားလို့ကို မရဘူး။ Source ထဲက ကုဒ်တွေကို လိုက်ရှာတော့ ဒီလိုတွေ့တယ်။

e.g., ဒါပေမယ့် ဆိုတဲ့ စာလုံးကို HTML Encoding နဲ့

ကိုဇက်တီ ဘလော့ဂ်မှာ
ဒါပေမယ့်


သဉ္ဇာ့ ဘလော့ဂ် မှာကြတော့ ဒီလို
ဒါပေမယ့်

NHM Writer ရဲ့ keymap ကို update လုပ်ရမှာလား။ browser setting ကြောင့်လား။ CSS ကြောင့်လား။ မသိတော့ဘူး

Ref:
Myanmar Unicode Character and HTML Entities