သွားမယ်စီစဉ်တိုင်း မရောက်ဖြစ်တဲ့ Batu Caves ကို ဒီတစ်ခေါက်တော့ အစီအစဉ်မရှိဘဲ ဖြတ်သွားဖြတ်လာ လမ်းကြုံလို့ ဝင်လိုက်မှဘဲ ရောက်ဖြစ်တော့တယ်။ Batu Caves က ကွာလာလမ်ပူမြို့ရဲ့ tourist attraction တွေထဲက တစ်ခုအပါအဝင်ပါ။ နှစ်ပေါင်း သန်းလေးရာလောက် သက်တမ်းရှိတဲ့ ထုံးကျောက်ဂူထဲဖြစ်ပြီး အထဲမှာ Tamil လူမျိုး ဟိန္ဒူဘာသာဝင်တွေ တည်ထားကိုးကွယ်တဲ့ ဘုရားကျောင်း/နတ်ကွန်းတွေ ရှိတယ်။
တောင်ပေါ်မတက်ခင် ရင်ပြင်မှာ ပေ၁၄၀မြင့်တဲ့ ကမ္ဘာ့အကြီးဆုံး Lord Murugan ရုပ်တုကြီးကို အရင်တွေ့ရတယ်။ tourist attraction နေရာ မို့လားမသိဘူး။ အနီးအနားဝန်းကျင် တစ်ခုလုံး သန့်ရှင်းနေတာဘဲ။ ခိုစာကျွေးတဲ့ နေရာတွေရှိတော့ ရင်ပြင်ပေါ်မှာ လူတွေနဲ့ ယဉ်ပါးနေတဲ့ခိုလေးတွေ ဟိုတစ်စု ဒီတစ်စု တွေ့ရတယ်။
လှေကားကတော့ ဒီလိုမတ်တာ တစ်ဝက်မှာ နောက်ပြန်လှည့်ကြည့်ရင်တောင် ခေါင်းတွေမူးလာတယ်။
တောင်ပေါ်ကိုတက်ဖို့ လှေကား ၂၇၂ ထစ်ဆိုတော့ ၁၂ထပ်တိုက်ပေါ် တက်ရသလောက်တော့ မြင့်ပါလိမ့်မယ်။ သူ့လှေကားတွေက မတ်တော့ တက်ရတာ နည်းနည်းတော့ ပင်ပန်းတယ်။ သူငယ်ချင်းတွေနဲ့ စကားတပြောလိုက်၊ ဓါတ်ပုံရိုက်လိုက်နဲ့တက်တော့လည်း ခဏလေးနဲ့ ရောက်သွားသလိုဘဲ။ အဲနေ့က နေမပူလို့လဲပါမယ်။ နေပူကျဲတဲထဲဆို တက်သိပ်မလွယ်လောက်ဘူး။ ဘုရားကျောင်းလာတဲ့သူတွေတော့ ဖိနပ်ချွတ်ပြီး တက်ကြပေမယ့် ကျန်တဲ့သူတွေကို ဖိနပ်စီးတက်ခွင့်ပေးထားတယ်။
ဂူအတွင်းပိုင်း
ထုံးကျောက်ဂူက နှစ်သက်တမ်းကြာနေတာရယ် လူအလာများတာရယ်ကြောင့်ထင်တယ် သိပ်မလှတော့ဘူး။ ထုံးကျောက်ခက်ပန်းဆွဲတွေလည်း ပုံမလှတော့ဘူး။ ဂူပေါက်ဝနားပိုင်းလောက်ဘဲလှတယ်။ အထဲမှာလည်း နတ်ရုပ်တွေ သိပ်တော့မများဘူး။ ဂူကျယ်တာလည်းပါမယ်ထင်တယ်။ ဂူအမိုးကတော့ တော်တော်ြမင့်တယ်။ ဂူခေါင်မိုးက အပွင့်ဆိုတော့ မိုးရွာထားလို့ အထဲမှာ စိုရွှဲရွှဲဖြစ်နေတော့ ကြာကြာမနေတော့ဘဲ မြန်မြန်ပြန်ဆင်းခဲ့ကြတယ်။ အမှန်ဆို နည်းနည်းဆက်သွားပြီး ဘယ်နေရာမှာ ဆုံးသလဲ။ အထဲမှာ ဘာတွေရှိသေးလဲ ကြည့်ခဲ့ရမှာလို့ ခုမှပြန်စဉ်းစားမိတယ်။ နောက်တစ်ခေါက် လမ်းကြုံရင်တော့ ထပ်သွားကြည့်ချင်သေးတယ်။ နတ်ဘုရားရုပ်တုတွေကိုးကွယ်ထားတဲ့ main cave ကနေဆင်းရင် အဆင်းလမ်းတစ်ဝက်လောက်မှာ လမ်းခွဲသွားတဲ့နေရာမှာ "dark cave tour” ဆိုတာ တွေ့မိတယ်။ ၄၅မိနစ်ကြာ Educational Tour က တစ်ယောက်ကို 35 ရင်းဂစ်၊ ၂နာရီအကြာ Adventure tour က ရင်းဂစ် ၈၀၊ အနည်းဆုံး ငါးယောက် တစ်ဖွဲ့ထင်တယ်။ သေချာ ထိန်းသိမ်းထားတဲ့ ဂူရဲ့ အတွင်းပိုင်းတွေထိ သွားမယ့် Guided Tour ဆိုတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ တစ်ခါလောက်တော့ သွားကြည့်ချင်တယ်။
အဆင်းလမ်းကိုကြည့်ရင် မူးတောင်မူးတယ်။
အတက်အဆင်းမှာ မျောက်အန္တရာယ်ကိုလည်း သတိထားရသေးတယ်။ တစ်လမ်းလုံး မုန့်လုဖို့ စောင့်နေတဲ့ မျောက်တွေ အများကြီးဘဲ။ လူကိုတော့ အန္တရာယ်မပေးဘူး။ဖုန်းတွေလွယ်အိတ်တွေ လုသွားမှာတော့ လန့်နေရတယ်။ ဓါတ်ပုံတောင် ဖြောင့်အောင် မရိုက်ရဲဘူး။ အဆင်းလမ်းမှာ ကလေးလေးတစ်ယောက် ဗြဲကနဲအော်ငိုတာ လှမ်းကြည့်လိုက်တော့ သူစားနေတဲ့မုန့်ကို မျောက်ကလုသွားတာကိုး။ သူ့အမေမှာ ငိုရအခက် ရယ်ရအခက်။ ကလေးကတော့ လန့်တာလား..သူစားနေတဲ့ မုန့်ကိုယူသွားလို့လားတော့ မသိဘူး။ ငိုနေတာ တော်တော်နဲ့ကို မတိတ်တော့ဘူး။
အောက်ဆင်းလာပြီး ရင်ပြင်တော်နားမှာ ပန်းခြံသေးသေးလေး လုပ်ထားသေးတယ်။ တစ်ယောက်ကို ရင်းဂစ်၇ကျပ် ဆိုတော့လည်း မဝင်ြဖစ်တော့ဘူး။ ရေကန်သေးသေး ငါးနည်းနည်းမွေးပြီး တောင်ပေါ်ထိမတက်နိုင်တဲ့သူတွေ အောက်မှာ အနားယူရအောင် စီးပွားရှာတတ်ပုံကိုလည်း ချီးကျူးမိတယ်။
တောင်ပေါ်ကဆင်းလာပြီဆိုတော့ နောက်ကြောင်းပြန်လိုက်ပါဦးမယ်။ :D အမှန် အဲနေ့မနက်က ဆလာရမ်းဆိုတဲ့ နေရာမှာ မနက်စာသွားစားတာ။ ဆလာရမ်းက မြန်မာအစားအစာ တော်တော်စုံစုံလင်လင်ရနိုင်တဲ့နေရာပါ။ ဘိန်းမုန့်ကအစ၊ အစုံသုပ်၊ အုန်းနို့ခေါက်ဆွဲထိ အစုံရပါတယ်။ မနက်စာစားရင်း weekend ၂ရက်လုံးစားဖို့ပါ ဟင်းဝယ်လာလိုက်တယ်။ ဘုရားလည်းဖူး လိပ်ဥလည်းတူး၊ ငါးလည်းမျှား ရေလည်းချိုးပြန်လုပ်ခဲ့တာ။ လမ်းကြုံလို့ batu caves ပေါ်ပါရောက်သွားတယ်ဆိုတော့ ပိတ်ရက်မှာ စောစောထရကျိုး နပ်သွားတယ်။ Selayang ကဝယ်ခဲ့တဲ့ ချဉ်ပေါင်ကြော်ရယ် ငါးကြော်ရယ်နဲ့ batu caves ခရီးစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။ :D