Animals Photos

Taman Pertanian ထဲက ကြက်တူရွေးလေး။ သူ့ပုံက လူကို ပြုံးပြနေသလိုဘဲ။

လိပ်ပြာ နဲ့ leaf frog (သစ်ရွက်နဲ့တူတဲ့ဖား)

ငါးကလေးတွေ တန်းစီ (ငါးစာကျွေးတုန်း ရိုက်ထားတာ)
KLCC Acquaria ထဲက။ ဘာခေါ်လဲ မေ့နေတယ်။ ငါးလိပ်ကျောက် မဟုတ်ဘူးထင်တယ်။ မျက်နှာပုံစံက ရုပ်ဆိုးဆိုး လူတစ်ယောက်နဲ့တူတယ်နော်။ :)
ယုန်မြင်ရင် ငယ်ငယ်တုန်းက အိမ်မှာ ယုန်ကလေးတွေ မွေးဖူးတာကို သွားသတိရတယ်။ ယုန်က တစ်ခါ သားပေါက်ရင် ခြောက်ကောင် အနည်းဆုံးဘဲ။ ဒါပေမယ့် မွေးလာပြီးရင် ကလေးတွေကို မစောင့်ရှောက်တတ်ဘူး။ အမှန်က စောင့်ရှောက်ရကောင်းမှန်းမသိတာလား ဘာလားဘဲ။ ယုန်အမေကြီး နင်းပစ်မိမှာစိုးလို့ ယုန်သားပေါက်လေးတွေကို သပ်သပ်ခွဲထားရတယ်။ တောင်ကြီးမှာ အေးတော့ နွေးအောင်ဆိုပြီး မီးသီးလေးတစ်လုံး ထွန်းထားပေးရတယ်။ နို့တိုက်တဲ့အခါ ယုန်အမေကြီးရဲ့ ခြေထောက်နှစ်ချောင်းကို တစ်ယောက်ကဆွဲ၊ နောက်၂ချောင်းကို နောက်တစ်ယောက်ကဆွဲ၊ မျက်စိမပွင့်သေးတဲ့ သားပေါက်လေးတွေကို တစ်ယောက်က ရွှေ့နဲ့ ပျော်ဖို့တော့ ကောင်းတယ်။ ဒါပေမယ့် ယုန်ကလေးတွေ ခဏခဏ အခိုးခံရတယ်။ အရက်သမားတွေ အရက်နဲ့မြည်းဖို့ထင်တယ်။ ညဆိုရင် သူတို့ မျက်လုံးလေတွေဟာ မီးသီးလိုဘဲ နီရဲလက်နေတာဘဲ။ အရမ်းချစ်ဖို့ကောင်းတယ်။ တစ်ခုဘဲ မကောင်းတာ။ ယုန်ချီးက အရမ်းနံတယ်။ ယုန်အိမ်ကို တံခါးဝနားမှာထားတော့ ဧည့်သည်လာရင် အားနာဖို့တော့ ကောင်းတယ်။ ဒါပေမယ့် ရှင်းလို့ မနိုင်ဘူး ဖြစ်နေတယ်။ ညပိုင်းတော့ အိမ်ရှေ့မှာ ညမွှေးပန်းပင်စိုက်ထားလို့ တော်သေးတယ်။ မနက်မနက် အမေ တောင်ကြီးဈေးထဲသွားရင် ဂေါ်ဖီထုပ်အနွမ်းတွေ ဆာလာအိတ်နဲ့ တစ်အိတ်အပြည့် နှစ်ရက်တစ်ခါ ဝယ်ရတယ်။ နောက်ဆုံးတော့ ယုန်တွေ များလာပြီး မနိုင်တော့တာနဲ့ အဖေက အကုန်လုံးကို ဆရာတစ်ယောက်ကို လက်ဆောင်ပေးလိုက်တယ်။ အိမ်မှာ ခြောက်လလောက်ဘဲ ကြာလိုက်တယ်ထင်တယ်။

အမှန်က ပုံတွေဘဲ တင်မလို့။ ယုန်မြင်လို့ သတိရသွားတာနဲ့ စာနည်းနည်း ရှည်သွားတယ်။ ရိုက်ထားတဲ့ ပုံအဟောင်းထဲကရှာပြီး တင်လိုက်တာ ကုန်းလေရေနေ သတ္တဝါ စုံသွားတာဘဲ။


Bukit Tabur Hiking Trip

ပြီးခဲ့တဲ့ စနေနေ့က သူငယ်ချင်းတွေနဲ့ Bukit Tabur ကို သွားခဲ့တယ်။ ဗာလင်တိုင်းဒေး အမှတ်တရ ဖြစ်သွားတယ်။ သူများတွေက ရိုမန်တစ် ဆန်ဆန် နူးနူးညံ့ညံ့ ဖြတ်ကျော်တဲ့နေ့တစ်နေ့မှာ တို့တွေက တောင်သွားတက်တယ်။ :-D တောင်ပါတ်လယ် ဝန်းရံထားတဲ့ မြို့မှာ ကြီးပြင်းခဲ့ပေမယ့် တောင်ပေါ်ကို တစ်ခါမှ လမ်းလျှောက် မတက်ဖူးဘူး။ ဒီတစ်ခေါက်က ဒုတိယမြောက်အကြိမ် တောင်တက်ခြင်းဘဲ။ (ပထမ တစ်ခေါက်က ကျောင်းက မြန်မာကျောင်းသားတွေနဲ့ Hutan Lipur Kanching ရေတံခွန်ကို တက်တုန်းက။ ပင်းတယတောင်ကို တက်တာ လှေကားနဲ့ တက်တာဆိုတော့ hiking category ထဲမဝင်လို့ ပယ်တယ်။) ဒီတစ်ခေါက်တော့ ကျောင်းတုန်းက သူငယ်ချင်း တော်တော်များများလိုက်မယ် ဆိုတာနဲ့ လိုက်သွားဖြစ်တယ်။ ဗာလင်တိုင်းဒေးမှာ ဝီရိယ ကြီးကြီးနဲ့ မနက် ၅နာရီခွဲလောက် ထပြီး လာခေါ်မယ့် သူငယ်ချင်းကို ထိုင်စောင့်နေတယ်။ ခြောက်နာရီ လာခေါ်မယ်ဆိုတဲ့ သူတွေက ခြောက်နာရီခွဲလောက် သူတို့ကို ဖုန်းဆက်တော့မှ နိုးသတဲ့။ အဲဒါနဲ့ တောင်ပေါ်တက်ပြီး နေထွက်တာ ကြည့်မယ့် အစီအစဉ်က ပျက်ရော။ ကိုယ်ကလဲ ကိုယ်ဘဲ။ မလေးရှားမှာ နေတာ ဒီလောက်ကြာပြီ။ မလေးလူမျိုးတွေ ခြောက်နာရီ လာမယ်ဆိုရင် အတိအကျ စောင့်နေမိတုန်းဘဲ။ အမှတ်သည်းခြေ မရှိသေးဘူး။ ရနာရီကျော်လောက်မှ လူစုံတယ်။ Taman Melawati မှာ လူစုပြီး ကားနဲ့ ၁ဝမိနစ်လောက် ထပ်မောင်းတော့ တောင်ခြေကို ရောက်တယ်။

သူငယ်ချင်းတွေထဲက တစ်ယောက်က ဒီ Bukit Tabur ကို မကြာခဏ တက်ဖူးတော့ ဒီခရီးမှာ သူက လမ်းပြပေါ့။ နေစစထွက်ချင်း ရနာရီခွဲလောက်မှာ စတက်ကြတယ်။ နေသိပ်မပူသေးတဲ့အချိန်မို့ ရာသီဥတုကလည်း သာသာယာယာ ရှိတယ်။ တောင်တက်လမ်းကနည်းနည်းကြမ်းတော့ အရမ်း သတိထားပြီး တက်ရတယ်။
တစ်ချို့နေရာမှာ နည်းနည်း ပြေပေမယ့် တစ်ချို့နေရာတွေမှာ အရမ်းမတ်တယ်။ ဂရုစိုက်ပြီး တက်နေရတာနဲ့ ဓါတ်ပုံတောင် သိပ်မရိုက်နိုင်ဘူး။ ခြေလျင်တောင်တက် အဖွဲ့ဝင်တွေနဲ့ တောင်တက်နေသလား ထင်ရအောင် သူတို့တွေက အရမ်းကို မြန်လွန်းနေတယ်။
တောင်ထိပ်ပေါ်ရောက်တော့ နေတောင် နည်းနည်း မြင့်နေပြီ။ မနားတမ်း တက်မယ်ဆိုရင် နာရီဝက်လောက်ဘဲ ကြာမယ်ထင်တယ်။ ကျမတို့တစ်တွေတော့ တောင်ထိပ်မှာ ခဏနား ဓါတ်ပုံရိုက်ပြီး ပြန်ဆင်းတာ ၉နာရီခွဲလောက်မှာ တောင်အောက် ရောက်တယ်။ ၂နာရီလောက် ကြာသွားတာပေါ့။
ငှက်ကလေးတွေ တကျီကျီ၊ လေကလေးက တဖြူးဖြူး၊ တောတောင် သဘာဝကလည်း သာယာတော့ တောင်တက်ရတာ အိပ်ရေးမဝတာ ပင်ပန်းတာတွေတောင် ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။
တောင်ပေါ်တစ်နေရာကနေ မြင်ရတဲ့ ကွာလာလမ်ပူမြို့ရှုခင်း (ဟိုးမှာ KLCC နဲ့ KL tower တွေ့လား။ တွေ့လား။ ဟိုးမှာလေ။ :D)
ဒီနေရာလေးက အိမ်တွေအားလုံး ခေါင်မိုး နီနီလေးတွေနဲ့ဆိုတော့ တောင်ကြီးနဲ့ ဘယ်လို တူမှန်း မသိဘူး။

ကျောင်းတုန်းက သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျသွားတဲ့သူနဲ့ တစ်ခြားမြို့/တစ်ခြားနိုင်ငံ ရောက်နေတဲ့သူတွေကလွဲရင် အားလုံး ပြန်ဆုံကြတော့ မထင်မှတ်ထားဘဲ ပျော်စရာကောင်းတဲ့ ခရီးလေး တစ်ခု ဖြစ်ခဲ့တယ်။ ကင်မရာက ဒုတိယံမိ service center ကို အလည်သွားနေတဲ့အတွက် ဖုန်းကင်မရာနဲ့ဘဲ ရိုက်ခဲ့ရတယ်။ တစ်ချို့ပုံတွေကို သူငယ်ချင်းတွေနားကနေ ယူသုံးမယ်ဆိုတော့ သူတို့လည်း အလုပ်ရှုပ်နေလို့ ပုံမတင်သေးတာနဲ့ ကိုယ်ရိုက်ခဲ့တဲ့ ပုံတစ်ချို့နဲ့ဘဲ ဘလော့ဂ်ပို့စ်တစ်ခု ဖြစ်အောင် ဖန်တီးလိုက်ရတယ်။ professional ကင်မရာနဲ့ရိုက်ရင် ရှုခင်းတွေက တော်တော်လှမှာ။ ကြုံဦးမယ်ဆိုရင် နောက်တစ်ခေါက် ခပ်စောစောသွားပြီး နေထွက်တာ ကြည့်ချင်သေးတယ်။ တောင်တက်ရတာ ပင်ပန်းပေမယ့် အပေါ်ရောက်သွားရင် မြင်ရတဲ့ ရှုခင်းက ကိုယ့်ကို အမောပြေစေတယ်။ (တောင်အောက်ရောက်မှ ပင်ပန်းတာ။ အဆင်းမှာ တော်တော် ညောင်းနေပြီ။ မကြာခဏ ချော်လဲတော့ ဒူးတောင် တော်တော်ပွန်းသွားတယ်။ သူငယ်ချင်းတစ်ယောက်ပြောတာတော့ ဒါပါနဲ့ ဆို နင်ချော်လဲတာ ငါးခေါက်ရှိပြီတဲ့။

အရင်နှစ် နိုဝင်ဘာလလောက်တုန်းက ကောင်မလေးတစ်ယောက် တောင်တက်ရင်း ပြုတ်ကျလို့ ၃ရက်လောက် မေ့သွားသေးတယ်တဲ့။ အိပ်ရေးဝအောင် အိပ်ပြီးမှ တောင်တက်သင့်ပါတယ်။ ဓါတ်ပုံရိုက် ဝါသနာပါတဲ့သူတွေအတွက် အရမ်းကောင်းတဲ့ ဓါတ်ပုံတွေ ရနိုင်တယ်။ သူများတွေ ရိုက်ထားတာ ရေလည် မိုက်တယ်။ http://thetrekkers.blogspot.com - ဒီဘလော့ဂ်မှာ Bukit Tabur တက်ချင်တဲ့သူတွေအတွက် information ရနိုင်ပါတယ်။

***********************************
Not to disappoint some of my friends who visit my blog, and got puzzled looking at those rectangle and rounded scriptures, I decided to drop a few lines in English for each entry. I went for a hiking trip with some of my ex-UIA friends (and their friends) last Saturday. Around 15 people showed up, made the trip the more the merrier. We met at Taman Melawati then moved on to Bukit Tabur at about 7:30am. It took about half an hour to reach the peak. The bird's eye from above the hill was so breathtaking. I just managed to snap a few pictures with my handphone (my camera was at the service centre for the second time because of some dead pixels.) But, N73's pictures are considerably ok isn't it? After a few adjustments in Picasa and Paint.NET (I don't have photoshop, sob sob~) Thanks to everyone, I really enjoyed the trip and would love to go there again next time especially to see the sunrise. :-)


Geng: Adventure Begins

တနင်္ဂနွေနေ့က Pavilion မှာ သူငယ်ချင်းတွေနဲ့ Geng: Adventure Begins သွားကြည့်တယ်။ မလေးရှားကထုတ်တဲ့ ပထမဆုံး CGI animation movie ဆိုတော့ သွားအားပေးတာပေါ့။ ပရိသတ်ကတော့ ရုံအပြည့်ဘဲ။ KLCC မှာ တစ်နေကုန်စာ လက်မှတ်ဘွတ်ကင်တွေ ပြည့်သွားလို့ Pavilion အထိ ကြိုးစားပမ်းစား သွားကြည့်တာ။ animation ရုပ်ရှင်တစ်ကားအနေနဲ့ ကြည့်ရင် အရုပ်/အသံ ပိုင်းဆိုင်ရာတော့ ဘာမှ ပြောစရာမရှိဘူး။ မလေးရှားနိုင်ငံရဲ့ ပထမဆုံး ထုတ်တဲ့ ကာတွန်းရုပ်ရှင်အနေနဲ့ ကမာ္ဘ့အဆင့်မီအောင် တော်တော်ကြိုးစားထားတာ တွေ့ရတယ်။ ဒီကာတွန်း ဇာတ်လမ်းကို ထုတ်ဖို့ သူတို့တွေ ဝန်ထမ်းအယောက် ၄ဝ နဲ့ ၂နှစ် ကြာအောင် အချိန်ယူခဲ့ရတယ်။ ဝန်ထမ်းတွေကလည်း အတွေ့အကြုံ အရမ်းရှိတဲ့သူတွေ မဟုတ်ဘဲ လောလောလတ်လတ် Multimedia major နဲ့ ကျောင်းပြီးထားတဲ့သူတွေ များတယ်။ အစပိုင်းမှာ အပိုဝင်ငွေရအောင် TV9 အတွက် ၅မိနစ်စာ ဇာတ်လမ်းတိုလေးတွေ အပိုင်း ၁၈ပိုင်း ရိုက်ပေးခဲ့တယ်။ အဲဒီ ဇာတ်လမ်းတိုလေးတွေ မှာ Upin နဲ့ Ipin ဆိုတဲ့ ချစ်စရာ အမြွာကလေး နှစ်ယောက်ဟာ မလေးရှားတစ်နိုင်ငံလုံးမှာ လူကြီးလူငယ်မရွေး အားပေးမှုကို ရခဲ့တယ်။ အဲဒီ ဇာတ်လမ်းတိုလေးတွေကနေ သူတို့ကုမ္ပဏီဟာ တော်တော်ကို နာမည်ရသွားခဲ့တယ်။ အားလုံးက ဒီရုပ်ရှင်ထွက်လာမယ့်အချိန်ကို မျှော်လင့်စောင့်စားနေတယ်လို့တောင် ပြောလို့ရတယ်။ Feb 12ရက်နေ့က စပြတာ အခုထိ တစ်ပါတ်အတွင်းမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းမှာ နံပါတ်တစ်ဖြစ်နေတယ်။

ဒါပေမယ့် ကျမအတွက်တော့ ဇာတ်လမ်းက မျှော်လင့်ထားသလောက် မကောင်းဘူး ဖြစ်နေတယ်။ အစပိုင်းမိနစ် ၃ဝ လောက်အထိကတော့ အရမ်းကို ကောင်းတယ်။ ခွေထွက်ရင် Original ခွေ ဝယ်လိုက်မယ်လို့တောင် ဆုံးဖြတ်ထားတာ။ အလယ်ပိုင်းလောက်ရောက်တော့ နည်းနည်း ချာသွားတယ်။ မဖြစ်နိုင်တာကြီးတွေ ထည့်ရိုက်ထားတော့ အရမ်းကို ကလေးကလား ဆန်သွားတယ်။ အခုတော့ ညဈေးကနေ ၅ကျပ်နဲ့ ခိုးကူးခွေဘဲ ဝယ်မလားလို့ စဉ်းစားထားတယ်။

KL မြို့ပြမှာနေတဲ့ Badrol ဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်း Lim တို့ဟာ Badrol ရဲ့ အဖိုးပိုင်တဲ့ Kampung Durian (ဒူးရင်းသီးရွာ) ကို ကျောင်းပိတ်ရက်မှာ အလည်ထွက်ခဲ့ကြတယ်။ အရမ်းကို အဆော့မက်တဲ့ Upin နဲ့ Ipin အမြွာနှစ်ယောက်ရယ်၊ တိရိစာ္ဆန်တွေရဲ့ စကားကို နားလည်တဲ့ Rajoo ဆိုတဲ့ Indian လေး တစ်ယောက်ရယ် နေတဲ့ရွာပေါ့။ အဲဒီရွာမှာ ဒူးရင်းသီး တစ္ဆေ သောင်းကျန်းနေတယ်လို့ သတင်းထွက်နေတဲ့အချိန်၊ ရွာထဲက ဒူးရင်းသီးတွေ ပျောက်ပျောက်နေတာ တစ္ဆေ လက်ချက်လို့ ရွာသားတွေက ယုံကြည်ထားကြတယ်။ တစ်နေ့ Badrol, Lim, Upin, Ipin, Kak Ros, Rajoo တို့ဟာ ဒူးရင်းသီးခြံကို သွားလည်ရင်း အရမ်းချစ်စရာကောင်းတဲ့ သတ္တဝါလေး တစ်ကောင်ကို တွေ့တယ်။ သူတို့တွေဟာ အဲဒီ အကောင်လေးနောက်ကို လိုက်ရင်း တောထဲမှာ လမ်းပျောက်သွားပြီး ဒူးရင်းသီး တစ္ဆေနဲ့ တွေ့တဲ့ပုံလေးကို ရိုက်ပြထားတာပါ။ အစပိုင်းမှာ ရွာထဲက ရွာသားတွေရဲ့ ရိုးရာဓလေ့ကို ကွက်ကွက်ကွင်းကွင်း ပေါ်အောင် ရိုက်ပြထားတာကို အရမ်းကြိုက်မိတယ်။ မျောက်ရှုံးအောင်ဆော့တဲ့ အမြွာနှစ်ကောင်၊ အတင်းပြောကြတဲ့ လူတွေရဲ့ဓလေ့၊ မလေး၊တရုတ်၊အင်ဒီယန်း စတဲ့ မတူညီတဲ့ လူမျိုးစု သုံးစု စည်းလုံးညီညွတ်စွာ နေတဲ့ ရွာလေးရဲ့အကြောင်းကို အဓိကထားပြီး ပြသွားတယ်။ တရုတ်သံဝဲဝဲလေးနဲ့ ပြောသွားတဲ့ မလေးစကားရယ်၊ ကုလားသံ ဝဲဝဲနဲ့ ရန်ဖြစ်တဲ့ မလေးစကားရယ်က အရမ်းကို နားထောင်လို့ကောင်းတယ်။ တကယ်ကို ချစ်စရာကောင်းတဲ့ စရိုက်လေးပါဘဲ။

တောထဲသွားရင်း ဂူထဲမှာ မြွေကြီးနဲ့ တိုက်ခိုက်တဲ့အခန်းမပါဘဲ သူတို့ ရွာဓလေ့ပေါ်အောင် လုပ်ထားတဲ့ အခန်းများများပါရင် ဒီထက်ပိုကောင်းမှာ အမှန်ဘဲ။ အဲဒီ မြွေကြီးက သူတို့နောက် လိုက်နေတာနဲ့တင် မိနစ် ၃ဝ လောက် ကြာသွားတယ်။ ရုံမှာ သွားကြည့်မယ်ဆိုရင် စာတန်းတွေ ဘာတွေ အားလုံး ထိုးပြီးတဲ့ အထိ ထိုင်ကြည့်ပါ။ တစ်ချို့က ရုပ်ရှင်ရုံက ဝန်ထမ်းတွေ တံခါးစဖွင့်တာနဲ့ ပြိုင်ပွဲဝင်သလိုဘဲ ပထမရအောင် ထထွက်သွားကြတယ်။ [ဟို ဘလော့ဂါတစ်ယောက် စာတန်းထိုးတာနဲ့ ထပြေးလို့ ရုပ်ရှင်တစ်ဝက်ဘဲ ကြည့်လိုက်ရတာကို မဆီမဆိုင် သတိရမိသေးတယ်။ :D] အမှန်က စာတန်းထိုးပြီး တစ်ဝက်လောက်မှာ Bonus အပိုင်း တစ်ခုပါသေးတယ်။ အမြွာနှစ်ကောင်က သူတို့အဖွားတို့တစ်တွေ ဒီတောထဲကို ဘယ်လိုရောက်လာကြသလဲဆိုတာ ကလေးအတွေးလေးနဲ့ တွေးလိုက်တဲ့ အခန်းလေးပေါ့။ တော်တော်ရီရတယ်။
ရုပ်ရှင်ရဲ့ အရောင်တွေ ဘာတွေ လုပ်ထားတာ အရမ်းကောင်းတယ်။ ခွေနဲ့ကြည့်တာထက်စာရင် ရုပ်ရှင်ရုံမှာ ကြည့်ရတော့ သူ့ရဲ့ sound effect တွေလည်း တော်တော်ကို ကောင်းတာ သတိထားမိတယ်။ Final Editing တစ်ခုဘဲ ဘန်ကောက်မှာ သွားလုပ်ပြီး ကျန်တာအားလုံး မလေးရှားမှာထုတ်တာဆိုတော့ သူတို့လူမျိုးတွေအတွက် တကယ့်ကို ဂုဏ်ယူစရာဘဲပေါ့။
**************************************************
The long awaited animation Geng: Adventure Begins finally arrives to cinemas. I went to watched it at GSC Pavilion last Sunday. Overall, I would rate the movie 8.0/10. Initially, I’ve already given it 10/10 but somewhere in the middle of the film, the scenes where a giant snake chased the geng were totally unrealistic and skewed the story a little bit, I think.

I really love the way they incorporate the Malay, Chinese and Indian cultures into the film. The background color, lighting and the sound effects left me in awe. I was just a little unsatisfied because my favorite Upin & Ipin appeared in a few scenes only. I am sure many fans will feel discontent about not seeing Upin & Ipin as the main lead as well. By the way, I felt that Upin & Ipin's skin got darker compare to when they first come out in season1. Don't you think so? However, I’m really impressed with what Malaysians can achieve for their first ever 3D film. They have a great potential to achieve more in the future.

Others: Upin & Ipin's Youtube Channel
Credits: Images taken from Les' Copaque Production Website, Official movie webiste, and their official blog.



စာအုပ်အညွှန်း - Deception Point

Digital Fortress ဖတ်ပြီးကတည်းက Dan Brown ရဲ့ အရေးအသားကို အရမ်းကြိုက်သွားခဲ့တယ်။ ဒုတိယ အနေနဲ့ Deception Point ကို ဖတ်ဖြစ်တယ်။ Digital Fortress လိုမျိုးတော့ လက်က မချချင်လောက်အောင် မဖြစ်ပေမယ့် သူလည်း တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ပါဘဲ။ နိုင်ငံရေး၊ သိပ္ပံနဲ့ နည်းပညာ၊ သမိုင်း၊ ဘူမိဗေဒ၊ အဏ္ဏဝါ သိပ္ပံ စသဖြင့် ဘာသာရပ်ပေါင်းစုံနဲ့ ဇာတ်အိမ်တည်ထားပြီး ရသပေါင်းစုံ ဗဟုသုတပေါင်းစုံ ပေးနိုင်တဲ့ စာအုပ်တစ်အုပ် ပေါ့။

ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ လုပ်နေတဲ့အချိန်။ အစိုးရဘက်က NASA ကို အပြတ်အသတ် ထောက်ခံပြီး အတိုက်အခံ ပါတီက အစိုးရဟာ NASA နဲ့ ပါတ်သတ်ပြီး ဖြုန်းတီးနေတယ်ဆိုပြီး NASA ရဲ့ အားနည်းချက်တွေကို အဓိက တိုက်ခိုက်တယ်။ NASA ရဲ့ ယခုနှစ်ပိုင်းအတွင်း မအောင်မြင်တဲ့ ပရောဂျက်များစွာကြောင့် တစ်နှစ်တစ်နှစ် NASA ကို ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်ပံ့နေတဲ့ အစိုးရဘက်က တစ်ဖြည်းဖြည်း အားနည်းလာခဲ့တယ်။ အဲဒီအချိန်မှာ NASA ဟာ မြောက်ဝင်ရိုးစွန်းမှာ သက်ရှိရုပ်ကြွင်းတွေပါတဲ့ ဥက္ကာပျံတစ်ခုကို ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ သတင်းထွက်လာတယ်။ ဒါဟာ ကမာ္ဘအပြင်ဘက်မှာ သက်ရှိတွေ နေနိုင်သလား ဆိုတာကို အဓိကထား လေ့လာနေတဲ့ NASA အတွက် တော်တော်ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပါဘဲ။ ဒီဥက္ကာပျံနဲ့ သက်ရှိရုပ်ကြွင်းတွေဟာ အစစ်အမှန် ဖြစ်ကြောင်းကို အရပ်သား သိပ္ပံပညာရှင် ငါးယောက်ကို စစ်ဆေးခိုင်းတဲ့အခါမှာ … ဇာတ်လမ်းနာမည်ကိုက Deception Point ဆိုတော့ တစ်ယောက်ယောက်က တစ်ခုခုကို လိမ်နေတာတော့ သေချာတယ်။ ဘာလဲ၊ ဘယ်သူလဲ၊ ဘာကြောင့်လဲ ဆိုတာ သိချင်ရင်တော့ စာအုပ် ငှား/ဝယ် ဖတ်ပါ။ :-D

ဒီဝတ္ထုထဲက အဓိက ဇာတ်ကောင်တွေကတော့
  • Rachel Sexton - အတိုက်အခံပါတီ ခေါင်းဆောင်ရဲ့ သမီး၊ NRO ရဲ့ Data Analyst
  • Michael Tolland – documentary တင်ဆက်သူ အဏ္ဏဝါ သိပ္ပံ ပညာရှင်
  • Corky Marlinson – astrophysicist (မြန်မာလို ဘာခေါ်လဲ?? နက္ခတ္တဗေဒ+ရူပဗေဒ ပညာရှင်?)
  • Norah Mangor – တက္ကသိုလ်က အော့ကြောလန် ပါမောက္ခ၊ glaciologist (ရေခဲမြစ်တွေကို လေ့လာတဲ့ ပညာရှင်)
  • Wailee Ming - ဘာပညာရှင်လည်း မသိတော့ဘူး။ မေ့သွားပြီ။ နောက်မှ စာအုပ်ပြန်လှန်ပြီး ထပ်ထည့်မယ် :D
  • Zach Henry - လက်ရှိ အမေရိကန် သမ္မတ
  • Senator Sexton - အတိုက်အခံပါတီ ခေါင်းဆောင်
Dan Brown ရဲ့ အရေးအသားမှာ တကယ်ကြိုက်မိတဲ့ အချက်က သူ့ဇာတ်လမ်းထဲမှာ ဘာသာရပ် တော်တော်များများကို အသေအချာ လေ့လာပြီး အသေးစိတ် ထည့်သွင်းရေးသားထားတာကိုပါ။ Deception Point ထဲမှာဆိုရင်
- အမေရိကန်ပြည်ထောင်စု ရဲ့ ရှုပ်ထွေးလှတဲ့ သမ္မတ ရွေးကောက်ပွဲ အကြောင်း
- နိုင်ငံရေးသမားတွေရဲ့ sex scandal
- အဏ္ဏဝါ သမုဒ္ဒရာ ရေပြင် နဲ့ ငါးမန်းတွေ
- ဘူမိဗေဒဆိုင်ရာ ကျောက်တုံး ကျောက်ခဲတွေ အကြောင်း
- NASA နဲ့ပါတ်သက်ပြီး အာကာသ သိပ္ပံအကြောင်း
- မြောက်ဝင်ရိုးစွန်း အာတိတ်စက်ဝိုင်း ရဲ့ ရေခဲပြင် ဖွဲ့စည်းပုံ၊ ရာသီဥတု
- UFO (ပန်းကန်ပြားပျံ) တွေနဲ့ ဂြိုလ်သားတွေ တကယ်ရှိမရှိ
- အမေရိကရဲ့ ထိပ်သီးအဖွဲ့အစည်းတွေဖြစ်တဲ့ NASA, NRO (National Reconnaissance Office), SFF (Space Frontier Foundation)
- အမေရိကန်စစ်တပ်ရဲ့ အထူးလျှို့ဝှက်အဖွဲ့ဖြစ်တဲ့ Delta force နဲ့ သူတို့သုံးတဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေနဲ့ လက်နက်ကိရိယာ
- White House အထဲက တစ်ချို့နေရာတွေကို အသေးစိတ် ရေးထားတယ်

ဝထ္ထုဆိုတော့ တစ်ချို့ အပိုင်းတွေဟာ ဖြစ်ရပ်မှန်တွေကို မှီငြမ်းထားတာ ဖြစ်မယ်။ တစ်ချို့ ဖြစ်ရပ်တွေကတော့ စာရေးဆရာရဲ့ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်လိမ့်မယ်။ စာရေးသူကတော့ ဇာတ်လမ်းထဲမှာ ပါတဲ့ နည်းပညာတွေဟာ အပြင်မှာ တကယ်ရှိပြီးဖြစ်တယ်လို့တော့ အဖွင့်မှာ ရေးထားတယ်။

Dan Brown ရဲ့ နောက်ထပ်စာအုပ်တွေ ဖြစ်တဲ့ Da Vinci Code နဲ့ Angel & Demons ကိုလည်း ဆက်ဖတ်ဖို့ စဉ်းစားထားတယ်။ Angel & Demons က ရုံတင်တော့မှာဆိုတော့ အဲဒါ အရင် ဝယ်ဖတ်လိုက်ဦးမယ်။ ဖတ်ပြီးမှ ရုံတင်တာ သွားကြည့်ရတာလည်း အရသာ တစ်မျိုးဘဲ။

Malaysia Airlines Travel Fair

ဒီတစ်ပါတ် မလေးရှားအဲလိုင်းက လေယာဉ်လက်မှတ် ပရိုမိုးရှင်းရှိတယ်။

Booking Period: 10-19 February 2009
Travel Period: 17 Feb 2009 - 30 Sept 2009

အတိအကျသိချင်ရင် မလေးရှားအဲလိုင်း website မှာ သွားဖတ်ပါ။

ရန်ကုန်ကို အသွားအပြန်မှ ရင်းဂစ် ၇၈ဝ လောက်ဘဲကျတယ်။တော်တော်ကို တန်တယ်။ မြန်မာပြည်ကို တစ်ရက် flight နှစ်ခုတောင် ဆွဲပေးပြီဘဲ။ ဈေးချတဲ့အချိန်ကလည်း ကိုးလို့ကန့်လန့်။ ကျောင်းတက်တုန်းကလိုဆို ကျောင်းပိတ်ရက်ကို ချိန်ပြီး ကြိုဝယ်ထားလို့ ရတယ်။ အခု အလုပ်လုပ်နေတော့ ဘယ်လဘယ်ရက်မှာ အားမယ်ဆိုတာ ကြိုပြီး မမြင်နိုင်ဘူး ဖြစ်နေတယ်။ အရင်တစ်ခေါက် ခွင့်တစ်လ ယူထားတာလည်း မကြာသေးဘူးဆိုတော့ ငါ့ကို ဘယ်အချိန် ခွင့်ပေးမလဲ သွားမေးရင် အရိုက်ခံရမလား မသိဘူး။ Sydney ကို အသွားအပြန် RM ၁၆၂၉ တဲ့။


Fake email & ID Theft

The Net 2.0 ကြည့်ဖူးကြလား။ ထွက်တာ နည်းနည်းတော့ ကြာနေပြီ။ ၂၀၀၆ လောက်က။ တူရကီမှာ ရိုက်ထားတဲ့ကားလေ။ movie review ရေးမလို့တော့ မဟုတ်ဘူး။ အဲဒီကားထဲမှာ system analyst တစ်ယောက်ဖြစ်တဲ့ မင်းသမီးက သူ့ရဲ့ ID တွေ အကုန် အခိုးခံလိုက်ရပြီး လူမသိ သူမသိ ဘဝကို ရောက်သွားတဲ့အချိန်မှာ သူ့ဘဝအမှန် ပြန်ရဖို့ ကြိုးစားတာကို မှတ်မိမှာပေါ့။ ဘဏ်မန်နေဂျာရဲ့ အီးမေးလ် အကောင့်ကို သုံးပြီး ဘဏ်ကို အီးမေးလ်ပို့ထားလိုက်တယ်။ ပြီးတော့ ဘဏ်မန်နေဂျာနဲ့ သိသလိုလိုနဲ့ ဓါတ်ပုံတွဲရိုက်ဖူးတဲ့ ပုံလိုမျိုး photoshop လုပ်လိုက်တယ်။ ဘဏ်ကို သွားတဲ့အချိန်မှာ ဝန်ထမ်းတွေက ယုံကြည်သွားတယ်လေ။ အဲဒီလိုမျိုး ရုပ်ရှင်ထဲမှာဘဲ ရှိတယ်။ ဒါမှမဟုတ် အပြင်မှာဆိုလည်း လွယ်လွယ်နဲ့ လုပ်လို့ မရဘူး ထင်ထားတာ။ အခု application တစ်ခု စမ်းရေးကြည့်ရင်းနဲ့မှ အလွယ်တကူ လုပ်လို့ ရတယ်ဆိုတာ သိသွားတယ်။ ဒီလိုလုပ်ဖို့ မရည်ရွယ်ဘဲ လုပ်ကြည့်ရင် လက်ခံမလားဆိုတာ စမ်းသပ်ကြည့်ရင်းနဲ့ အန္တရာယ်များလှတဲ့ အီးမေးလ် server တွေအကြောင်း သိလာတယ်။

The Net 2.0 ထဲကလိုမျိုး ဘဏ်မန်နေဂျာအနေနဲ့ ဝန်ထမ်းတစ်ယောက်ကို အီးမေးလ်ပို့ချင်ရင် အဲဒီ ဘဏ်မန်နေဂျာရဲ့ password တွေ ဘာတွေ အပင်ပန်းခံပြီး hack နေဖို့ မလိုဘူး။ သူတို့သုံးတဲ့ email server ရယ် port ရယ် သိရင် ရပြီ။ အကယ်လို့ သင့်ဆီကို အောက်ကလိုမျိုး အီးမေးလ် တစ်စောင် ဝင်လာတယ် ဆိုပါစို့။ အခုခေတ်မှာ spam တွေ အရမ်းများတဲ့အတွက် တော်ရုံအီးမေးလ်ဆိုရင် သံသယ ဝင်ကောင်းဝင်နိုင်မယ်။ ဒါပေမယ့် အီးမေးလ် လိပ်စာကို ကြည့်ပြီး admin@microsoft.com ဆိုတာနဲ့ သံသယတွေ ရှိချင်မှ ရှိတော့မယ်။

အမှန် ဒီ email က ဘယ် Microsoft ကမှ ပို့တာ မဟုတ်ဘူး။ ဥပမာပေးဖို့ From: အတွက် ထည့်ချင်တာ တစ်ခုထည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပို့ထားတာ။ double click နှစ်ချက် နှိပ်လိုက်ရုံနဲ့ ဒီလို email မျိုးပို့လို့ရတယ်။ ကျမကတော့ ဥပမာဘဲပေးတာမို့ အကြောင်းအရာထဲမှာ ဘာမှ ထွေထွေထူးထူး မရေးထားပါဘူး။ ဒါပေမယ့် ဘာတွေ လုပ်လို့ရတယ်ဆိုတာ တွေးကြည့်တာနဲ့တင် ကြောက်စရာကောင်းပါတယ်။

ဒီပို့စ်ကို ရေးတာကလည်း ဒါကိုသိပြီး သူများကို လိုက်ပြီး မကောင်းကြံဖို့ မရည်ရွယ်ပါဘူး။ အဲဒါကြောင့်လည်း technical details မရေးတော့ပါဘူး။ fake email ပို့ရတာ ဘယ်လောက် လွယ်သလဲဆိုတာကို သိထားနိုင်ဖို့ပါ။ ကိုယ့်ဆီကို ဝင်လာသမျှအီးမေးလ်တိုင်းကို မယုံဖို့ ဆင်ခြင်နိုင်စေချင်တယ်။ အခုခေတ်ကြီးမှာ သံသယကြီးကြီးနဲ့နေမှသာ တော်ကာကျတယ်။ နည်းပညာ တိုးတက်လာလေလေ လိမ်လည် လှည့်ဖြားမှုတွေကလည်း ပိုများလာမှာဘဲ။ ရှာဖတ်ကြည့်သလောက်တော့ ဒီထက်လွယ်တဲ့နည်းတွေ ရှိသေးတယ်တဲ့။ ဒါတွေအားလုံးကို Email Spoofing လို့ခေါ်တယ်။ ဘာလို့ ဒီလိုလုပ်လို့ ရသလဲဆိုတာတော့ ကျမ စဥ်းစားလို့ မရသေးဘူး ဖြစ်နေတယ်။ SMTP server တွေရဲ့ အားနည်းချက်တစ်ခုလား???

Related:
1. မိမိဆီလာတဲ့ အီးမေးလ်ကို ဘယ်ကလာသလဲ ရှာကြည့်မယ်
2. Tracking E-mail