Rakhine fish noodle soup (ရခိုင်မုန့်တီ)

ဒီနေ့မနက်ထတော့ ဘာစားရင်ကောင်းမလဲ ဆိုပြီး လှန်လှောရှာရင်း ငါးဝယ်ထားတာတွေ့တာနဲ့ ရခိုင်မုန့်တီ ချက်စားမယ် စိတ်ကူးမိတယ်။ အရင်တစ်လလောက်က မြန်မာဆိုင်ဘက်ရောက်တုန်း မုန့်တီခြောက်ဝယ်ထားတာ ရှိနေတော့ အတော်ဘဲဖြစ်သွားတယ်။ ရခိုင်မုန့်တီ မချက်ဖြစ်တာ ၁နှစ်လောက်ရှိပြီထင်တယ်။ ဒီချက်နည်းကိုလည်း အရင်တစ်ခေါက် ပုစွန်ရခိုင်ချက် လိုဘဲ ရခိုင်က အစ်မကြီးတွေနား သင်ထားတာ။ ချက်ထားပြီး ၂ရက်လောက် ဒါချည်းထိုင်စားမှာဆိုတော့ လေးယောက်စာ လောက်ရှိမှာပေါ့။ :D 

လိုအပ်သော အဆာများ (လေးယောက်စာ) 
ငါး ၂ကောင် (ကြီးရင် တစ်ကောင်ဆိုလောက်ပါတယ်။) 
ငရုတ်သီးစိမ်း ၁၀ တောင့် 
ကြက်သွန်ဖြူ ၂လုံး 
ငရုတ်ကောင်းစေ့ အနည်းငယ် 
မုန့်တီခြောက် အထုပ်တစ်ဝက် 
သံပုရာသီး(သို့)မန်ကျည်းမှည့် ၊ နံနံပင်
ပြင်ဆင်ခြင်း 
၁။ ငါးကိုအကြေးခွံခွါပြီး အညှီနံ့ပျောက်အောင် ဆားနဲ့ပွတ်ဆေးတယ်။ (ဆားများများနဲ့ပွတ်ဆေးလိုက်တာနဲ့ အညှီနံ့တော်တော်ကို ပျောက်သွားတာ။ ငါးရိုးတွေနဲ့ ထိုးမိပြီး  လက်တော့ ခဏခဏရှတယ်။ :D) ပြီးရင်ရေနည်းနည်းနဲ့ ငါးမိနစ်လောက်ပြုတ်။ ညှီမှာစိုးလို့ စပါးလင်နည်းနည်းထည့်ပြုတ်လိုက်တယ်။ အအေးခံပြီး အသားနွှင်ထားပါ။ ငါးပြုတ်ရေရဲ့အနံ့ကို မကြိုက်လို့ ပြန်မသုံးတော့ဘူး
၂။ ငရုတ်သီးစိမ်းကိုပြုတ်ပြီး  ညက်အောင်ထောင်းထားပါ။ 
၃။ ကြက်သွန်ဖြူတစ်လုံးကို ညက်အောင်ထောင်းပြီး ကျန်တစ်လုံးကို ဆီချက်ချက်ဖို့စဉ်းထားပါ။ 
၄။ ငရုတ်ကောင်းအမှုန့်ထက် ငရုတ်ကောင်းစေ့ထောင်းထည့်ရင် ပိုမွှေးတဲ့အတွက် ငရုတ်ကောင်းစေ့ ထမင်းစားဇွန်းတစ်ဝက်ခန့်ကို ညက်အောင်ထောင်းထားပါ။ 
၅။ မန်ကျည်းမှည့်ရှိလျှင် ရေဖျော်ထားပါ။ မရှိလျှင် သံပုရာသီး စိတ်ထားပါ။ 

ချက်ပြုတ်ြခင်း 
ငါးအနှစ်သပ်သပ် ဟင်းရည်သပ်သပ် ချက်ပါမယ်။ သပ်သပ်ချက်ရြခင်း အကြောင်းရင်းက အစပ်သိပ်မစားနိုင်တဲ့သူတွေ အနှစ်လျှော့ထည့်၊ စားနိုင်တဲ့သူ အစပ်ပိုထည့်လို့လည်းရတယ်။ အရည်မစားချင်တဲ့သူအတွက် အနှစ်ရယ် ကြက်သွန်ဆီချက်လေးရယ်နဲ့ အသုပ်လုပ်စားလည်း အဆင်ပြေအောင်ပေါ့။ ခုနက ပြင်ဆင်ထားတဲ့ အဆာပလာတွေကို အောက်ကလို ၂ပုံခွဲလိုက်တယ်။ ဘယ်ဘက်က ဟင်းရည်အတွက်၊ ညာဘက်က အနှစ်အတွက်။
ဟင်းရည် 
ရေနွေးဆူလာရင် နွှင်ထားတဲ့ ငါးတစ်ဝက်ရယ်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူတစ်ဝက်ရယ်၊ ငရုတ်ကောင်း၊ ဆား၊ ဟင်းချိုမှုန့်၊ ငံပြာရည်အနည်းငယ် တို့ကို သင့်တော်သလို ထည့်ပြီး ဆူအောင်ထပ်တည်ပါ။ 

ငရုတ်သီးအနှစ်
ဒယ်အိုးထဲကို ရေနည်းနည်းထည့်ပြီး ပူလာရင် အခုနက ဖယ်ထားတဲ့ ငါးတစ်ဝက်ရယ်၊ ကြက်သွန်ဖြူရယ်၊ ထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းချိုမှုန့်တို့ထည့်ပြီး မီးအေးအေးနဲ့ ပွက်အောင်တည်ပါ။ 
ရခိုင်မုန့်တီနဲ့ တွဲစားဖို့အတွက် ကြက်သွန်ဖြူ ဆီချက် ချက်၊ မကျည်းသီးမှည့်အနည်းငယ်ကို ရေနွေးနဲ့ ဖျော်ထား (မရှိရင်တော့ သံပုရာသီးပေါ့)။ မုန့်ဖတ်၊ ဟင်းရည်၊ ငါးအနှစ်လိုသလိုထည့်၊ ကြက်သွန်ဖြူဆီချက်၊ မန်ကျည်းသီးအရည် အနည်းငယ်၊ နံနံပင်၊ ငါးဖယ်ဆုပ် ရှိလျှင်ထည့်။ ရောသမမွှေလိုက်ရင် အရသာရှိသော ရခိုင်မုန့်တီကို ရပါပြီ။ (ဒီနေ့တော့ အရသာ သိပ်မရှိဘူး။ :D ငါးဖယ်နဲ့ အကြော်မပါလို့။ မလေးရှားမှာ ငါးဖယ်ငါးမရတော့ ပင်လယ်ငါးတစ်မျိုးဖြစ်တဲ့ Ikan Tenggiri နဲ့လုပ်စားရတယ်။ ငါးဖယ်လောက် မစေးပေမယ့် စားလို့တော့ ကောင်းတယ်။) လွယ်တာတော့ တော်တော်လွယ်တယ်။ ချက်နည်းတွေတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ တစ်ချို့တွေက ပဒဲကောတို့ဘာတို့ ထည့်တယ်ဆိုလား။ ဒီနည်းကို သဘောကျတာက ငါးရုတ်သီးအနှစ်ကို သပ်သပ်ချက်လို့။ စားချင်လို့သာ ချက်စားရတာ။ ခုတလော ရာသီဥတုက တော်တော်ပူနေတယ်။ တောင်ကြီးလို အေးတဲ့နေရာမှာ ညနေစာ ရခိုင်မုန့်တီစားရတဲ့အရသာကို လွမ်းမိပါသေးတယ်။ 
ပွဲပြင်ထားတဲ့ပုံမတင်ပါလားဆိုပြီး comment မှာမေးသွားလို့ နောက်တစ်ခေါက်ချက်စားတဲ့အခါ သေချာဓါတ်ပုံရိုက်ပြီး တင်လိုက်တာ :)


Marina nugget, Sakura chicken and salad

ရောက်တတ်ရာရာ စားစရာ သောက်စရာလေးတွေအကြောင်း ရေးရဦးမယ်။ ခေါင်းစဉ်သာ ရောတပ်လိုက်တာ၊ အဲသုံးခုလုံးက စားစရာဖြစ်ပေမယ့် ဘာမှ မဆိုင်ကြပါဘူး။ :D

၁။ Marina Cheddar Cheese Chicken Nugget
တစ်နေ့ ရုံးမှာ ပိတ်ရက်ဘာချက်စားကြသလဲဆိုတဲ့ အကြောင်းပြောကြရင်း nugget အကြောင်းရောက်သွားရော။ ပုံမှန်ဆို chicken nugget တွေ စားရတာ ဖော့တုံးကြီးဝါးနေရသလိုဘဲ သိပ်မကြိုက်ဘူးလို့ပြောတော့ colleague တစ်ယောက်က Marina တံဆိပ်နဲ့ဟာ ဝယ်စားကြည့်ပါလားတဲ့။ သူဆို ရုံးပိတ်ရက်တွေမှာ nugget ချည်းကြော်ပြီး ထိုင်စားတယ်ဆိုလို့ ဝယ်စားကြည့်တာ။ တော်တော့်ကို အရသာရှိတယ်။ ခုတော့ ရုံးပိတ်ရက်တွေမှာ ဟင်းချက်ပျင်းရင် nugget လေးကြော် ကြက်ဥဟင်းရည်ချက် ခရမ်းချဉ်သီးလေးသုပ်လိုက်ရင် ထမင်းတစ်နပ် ကောင်းကောင်း စားဖြစ်ရော။

၂။ Sakura Chicken
Sakura Chicken ကို supermarket မှာ တွေ့တွေ့နေပေမယ့် စျေးက ပုံမှန် ကြက်သားတွေရဲ့ ၂ဆလောက်ပေးရတော့ ဘယ်လောက်စားကောင်းမှာမို့လဲ ဆိုပြီး မဝယ်စားဖြစ်တာ။ မလေးရှားက စီပီကြက်တွေလည်း အရသာမရှိလွန်းလို့ တော်ရုံ ကြက်သားဆို အာရုံမလာတော့ဘူး။ ဒါပေမယ့် ရုံးက ဘော့စ်က တစ်အားစားကောင်းတယ်ဆိုပြီး ခဏခဏပြောလွန်းလို့ စမ်းြပီး ဝယ်စားဖြစ်တာ။ ဂျပန်နည်းပညာနဲ့ မလေးရှားမှာ မွေးမြူတဲ့ကြက်တစ်မျိုးတဲ့.. တစ်ခြားစီပီကြက်တွေလို ဟော်မုန်းတွေမထိုးဘူး၊ စီပီကြက်က ၄၅ရက် သူတို့က ရက် ၆၀ မွေးတယ်ပေါ့။ ကြက်တွေကို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ ခြံကျယ်ကျယ်နဲ့ မွေးပြီး Live probiotics (ဒိန်ချဥ်လို ဘက်တီးရီးယားမွေးပြီးပွားတာမျိုးလားမသိ) ကျွေးတယ်ဆိုလား ပြောတာဘဲ။ Happy chicken ဖြစ်အောင်ထားပြီးမှ ရောင်းတဲ့သဘောပေါ့။ kampung chicken(တောကအိမ်မွေးကြက်) တွေက အဆီနည်းပေမယ့် သူ့အသားတွေက အရသာ မရှိဘူး။ ဒီ Sakura chicken ကြတော့ ပုံမှန်ကြက်တွေနဲ့စာရင် အဆီမရှိသလောက်နည်းပြီး အသားကလည်း တော်တော်နုတယ်။ ရင်အုပ်သားကလည်း အခြား စီပီကြက်တွေလို ခြောက်ခြောက်ကြီးဖြစ်မနေဘဲ နူးနူးအိအိနဲ့ စားကောင်းတယ်။ စျေးပိုပေးရပေမယ့် ပေးရတဲ့စျေးနဲ့ စားရတဲ့အရသာ တန်ပါတယ်။ Isetan မှာ အကောင်လိုက် တစ်ကောင်ကို RM20 နဲ့ရောင်းပေမယ့် Jusco မှာ အကောင်တစ်ဝက်ဆီ ခုတ်ပြီးသားကို ၁၀နဲ့ရောင်းတော့ အဆင်ပြေတယ်။ (ကီလိုဝက်နီးနီးတော့ ရှိမယ်ထင်တယ်။) ရုံးပိတ်ရက်လောက်ဘဲ ဟင်းချက်စားတာဆိုတော့ အကောင်တစ်ဝက်ဆို ၂ရက်စာလောက်တယ်။ ဒီနေ့တော့ ပြုတ်ကြော်လေး လုပ်ထားတယ်။ ချဉ်စော်ကားသီးခြောက်နဲ့ ကြော်ထားတာ ;-) (ချဉ်စော်ကားသီး ဘာလဲဆိုတာ မသိရင် အစိမ်းရောင်လွင်ပြင်မချောရဲ့ပိုစ့် မှာ ဖတ်နိုင်ပါတယ်။) အသီးလိုက်ရရင် ပိုစားကောင်းမှာ အခြောက်က အဲလောက်မချဉ်သလို မွှေးလည်း မမွှေးဘူး။ 
ချဉ်စော်ကားသီးခြောက်နဲ့ ကြက်သားကြော်
၃။ Salad
ထမင်းမစားချင်တဲ့ရက်တွေဆို salad ဘဲ အလွယ် သုပ်စားလိုက်တယ်။ သူငယ်ချင်းတစ်ယောက် အိမ်သွားတော့ သူသုပ်စားတဲ့ပုံ သဘောကျတာနဲ့ အဲအတိုင်း လိုက်လုပ်စားဖြစ်တယ်။ တူနာ(chunks tuna in sunflower oil သို့မဟုတ် tuna in water)၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ ရှလကာရည်အနက်၊ ပဲငံပြာရည်အကြည်၊ သံပုရာသီး၊ ဆား၊ နှမ်းဆီအနည်းငယ်တို့ကို သင့်တော်သလိုထည့်ပြီး နယ်လိုက်ရင် တော်တော် အရသာရှိတာ။ သံပုရာသီးရော ရှလကာရည်ကော ထည့်ရတဲ့ အကြောင်းရင်းက အချဉ်တစ်အားကြိုက်လို့၊ ပြီးတော့ သံပုရာသီးရဲ့ အနံ့နဲ့ ရှလကာရည်ရဲ့ အရသာကို ကြိုက်တာ။ ကြားတာနဲ့ သွားကျိန်းနေဦးမယ်။ :D

သမုဒ္ဒရာဝမ်းတစ်ထွာကို ဖြည့်ရတာလည်း တော်တော်ပင်ပန်းတဲ့အလုပ်.. ရုံးပိတ်ရက် အိမ်မှာထိုင်နေရင် တစ်နေကုန် တစ်မျိုးပြီး တစ်မျိုး စားချင်ပြန်ရော။ ဒီလိုသာ ရုံးခဏခဏပိတ်ရင်တော့ ဝလာတော့မှာဘဲ..  

P.S thinzaroo.me ဒိုမိန်းပြန်ရသွားပြီ။ ;) အရင်တစ်နှစ်က သူငယ်ချင်းတစ်ယောက် လက်ဆောင်ဝယ်ထားပေးတာ။ အောက်တိုဘာမှာ expire ဖြစ်သွားတော့ renew လုပ်ဖို့ဆို စျေးက တက်သွားရော.. အဲဒါနဲ့ renew လုပ်သင့်မသင့် စဉ်းစားနေတုန်း backorder ဆိုပြီး စျေးက ဒေါ်လာ ၄၀လောက် ဖြစ်သွားပြန်ရော။ အခုမှ နဂိုစျေးအတိုင်းရလို့ ပြန်ဝယ်ထားရတာ.. hee.. ဘာရယ်မဟုတ်.. *.me ဒိုမိန်းလေးကို သဘောကျလို့။


i-city snow walk and LED forest

New year ညကို အိမ်ထဲမှာနေပြီးဖြတ်သန်းရမှာ သေမတတ်ကြောက်တဲ့ ဒီနိုင်ငံကလူတွေရဲ့ ရောဂါကူးသွားတာတော့ မဟုတ်ပေမယ့် new year's eve မှာ i-city ရောက်သွားတယ်။ i-city က snow walk အတွက် Groupon ကနေ ဗောက်ချာဝယ်ထားတာကို အဲနေ့မှ မသွားရင် ဆုံးတော့မှာမို့ သွားလိုက်တာ.. သူ့ဘာသူ new year's eve ဖြစ်သွားတာတော့ တိုက်ဆိုင်သွားတယ်။ i-city က KL ကနေ ၄၅ မိနစ်လောက် မောင်းရတဲ့ Shah Alam မြို့မှာ ရှိတာ။
ပုံမှန်စျေးက snow walk ကို ၃၅ရင်းဂစ် ပေးရပေမယ့် Groupon ကနေ ၂၀နဲ့ ရလိုက်တာ။ ၂၀ဘဲပေးရတဲ့ ဗောက်ချာမှာ snow walk အပြင် 2 rides တောင် အဆစ်ပါသေးတော့ တော်တော့်ကို တန်သွားတယ်။ အဲထက် ပိုတန်သွားသေးတာက ကစားစရာတွေ မစီးချင်လို့ ပိုနေတဲ့လက်မှတ်တွေကို မှောင်ခို ပြန်ရောင်းခဲ့သေးတယ်။ :D ကြိုသိရင် ဗောက်ချာတွေ အများကြီးဝယ်ထားပြီး အဝမှာ သွားထိုင်ရောင်းရင် တော်တော်မြတ်မယ်။ snow walk လက်မှတ်က မလေးနိုင်ငံသားဆိုရင် ၂၅ရင်းဂစ် နိုင်ငံခြားသားဆိုရင် ၃၅ရင်းဂစ် ပေးရတယ်။ မလေးရှားမှာ အဲလို ခွဲခြားခွဲခြားလုပ်တဲ့နေရာတွေ သိပ်များတယ်။ အဲလိုနေရာတွေရောက်ရင် လူရှုပ်နေတဲ့အချိန်ကို နည်းနည်း စောင့်လိုက်တယ်။ ပြီးရင် မလေးစကားနဲ့ ကျောင်းသားစျေးမရှိဘူးလား၊ ဘယ်အချိန်ဖွင့်လဲ၊ ဘယ်အချိန်ပိတ်လဲ ဘာညာ အများကြီးလျှောက်မေးပစ်တယ်။ မေးလို့ဝသွားရင် လက်မှတ်တစ်စောင်ပေးလို့ပြောလိုက်ရင် သူတို့က နိုင်ငံသားဘဲထင်ပြီး နိုင်ငံသားစျေးပေးလိုက်တာ များတယ်။ တစ်ခါတစ်လေတော့ ရစ်ပြီး မှတ်ပုံတင်တောင်းရင်တော့ ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် ရမလားလို့ စမ်းကြည့်တာ မမှားဘူး။ ၁၀ခေါက်မှာ တစ်ခေါက်လောက်ဘဲ ရစ်ခံရတတ်တယ်။
Snow walk က Genting Highland က တစ်ခုထက်တော့ အများကြီး ပိုကျယ်တယ်။ ကင်မရာလည်း ယူခွင့်ပေးတော့ အဆင်ပြေတယ်။ Genting Highland က snow world မှာ ကင်မရာ မပေးယူဘူး။ အဝမှာ အနွေးထည်တွေ ပေးတယ်။ snow-walk သာပြောတာ။ fridge-walk လို့ ပြောင်းခေါ်ရမလိုလို.. ရေခဲသေတ္တာထဲ ရောက်သွားတဲ့ အတိုင်းဘဲ.. အေးခဲနေရော။ အထဲမှာ နာရီဝက်တောင် မနေနိုင်ပါဘူး။ ဓါတ်ပုံအများကြီးလည်း မရိုက်နိုင်.. ချမ်းလွန်းလို့။ ကြာကြာမှ တစ်ခါ သွားကြည့်ရင်သာ ကြည့်ကောင်းတဲ့ နေရာ တစ်နေရာပေါ့။ အထဲမှာ လျှောက်ပါတ်ကြည့်တယ်။ slider တစ်ခု ရှိတာကို စီးတယ်။ တစ်အားချမ်းလာတာနဲ့ မခံနိုင်တော့လို့ မြန်မြန် ပြန်ထွက်ခဲ့ရတယ်။ အပြင်ရောက်တော့ ဗိုက်ဆာတာနဲ့ ညစာစားကြတယ်။ စားပြီးတော့ LED forest ရှိတဲ့ဘက်ကို ထွက်ခဲ့ကြတယ်။ 
ညဘက်ရောက်သွားတာရယ် အပင်တွေက မီးရောင်စုံတွေရယ်ကြောင့် ဓါတ်ပုံရိုက်လို့ သိပ်မကောင်းတော့ဘူး။ ဒီလိုအချိန်မျိုးမှာ DSLR တစ်လုံးလောက် ဝယ်ချင်စိတ် တစ်ဖွားဖွား ပေါက်မိပါရဲ့။ LED မီးရောင်စုံနဲ့ အပင်တွေကတော့ တကယ်ကို လှတယ်။ ကစားကွင်းထဲမှာတော့ မူးနောက်နေအောင် ပါတ်ချာအီပေးတဲ့ ကစားနည်းတွေဘဲ များတယ်။ တစ်ခုလောက်စီးပြီး ထပ်မစီးချင်တော့တာနဲ့ ခုနက ပြောသလို ပိုတဲ့လက်မှတ် မှောင်ခို ပြန်ရောင်းပြီး ပြန်ခဲ့ကြတယ်။ :D အပြန်မှာ new year countdown ရောဂါ ဝင်လာတော့ Ampang Lookout Point ကိုသွားဖို့လုပ်ကြတယ်။ ကေအလ် တစ်မြို့လုံးက လူတွေများ ရောက်နေသလား ထင်ရလောက်အောင် လမ်းပိတ်နေလို့ တောင်ပေါ်မရောက်တစ်ရောက်နားမှာဘဲ ရပ်ပြီး fireworks ကြည့်ပြီး စိတ်ကျေနပ်လိုက်ရတယ်။

တောင်ပေါ်ကနေ ရိုက်တော့ ပုံက ဒီလောက်ဘဲ ထွက်တော့တယ်။ ကင်မရာမှာ long shutter မပါတော့ ပိုဆိုး။ တစ်နေကုန်လုံး သွားခဲ့သမျှ နေရာတွေက DSLR လိုချင်အောင် အလွန်ကို ဆွဲဆောင်နေတော့ မနည်း စိတ်ထိန်းထားရတယ်။ ဒါပေမယ့် DSLR ဝယ်လည်း သယ်နိုင်မှာ မဟုတ်လောက်ဘူး။ ပေါ့ပေါ့ပါးပါးရှိြပီး lens လဲလို့ရတဲ့ powershot တွေထဲကဘဲ စိတ်ကူးရမယ်။  တစ်နေကုန် လျှောက်သွားပြီး new year ကို တောင်ပေါ် မရောက်တရောက်လောက်မှာ countdown လုပ်လိုက်ရပေမယ့် ပျော်စရာနေ့လေးတစ်နေ့တော့ ဖြစ်ခဲ့တယ်။ ခါတိုင်းနှစ်တွေဆို new year ကို အိပ်ပြီး ကြိုဆိုတော့ တစ်နှစ်လုံးအိပ်ရေးဝတယ်။ ဒီတစ်နှစ်တော့ လမ်းပေါ်ကနေ new year ကြိုဆိုလို့လားမသိ.. ခုထိ တစ်ရက်မှကို အိပ်ရေးဝဝ မအိပ်ရသေးဘူး။ :D Anyway, နောက်ကျနေပေမယ့် Happy New Year ပါ။ :-)


Software alternatives on Mac OS X

ကွန်ပျူတာရယ်လို့ စသိကတည်းက ဝင်းဒိုးသုံးလာရာကနေ ရုတ်တရက် Mac ပြောင်းသုံးလိုက်တော့ အစပိုင်း ဆော့ဖ်ဝဲလိုက်ရှာရတာ တော်တော် ပင်ပန်းသွားသေးတယ်။ အဲဒီတော့ သူများမေးရင် ဖြေရလွယ်အောင်နဲ့ ကိုယ့်ကိုယ် ပြန်ရှာမနေရဘဲ မှတ်မိလွယ်အောင် သေချာ list လုပ်ထားပြီး နောက် အသစ်တွေတွေ့မှ ထပ်တိုးသွားလိုက်မယ်။ အခု သုံးတာ တစ်လကျော်ကျော်ဘဲရှိသေးတော့ သိပ်အများကြီး မရှိသေးဘူး။ ခုလောလောဆယ်တော့ ဘာ software မှ ဝယ်မသုံးဖြစ်သေးဘူး။ Free ရတာတွေဘဲ အရင် လိုက်ရှာသုံးနေရတယ်။ နောက်တော့ ဈေးလည်းသိပ်မကြီးတဲ့ iWork ဝယ်မယ်လို့ စဉ်းစားထားတယ်။

My favorites softwares on windows and their Mac Alternatives

Windows Mac OS X
Word Processor, Spreadsheet,
Powerpoint  
Microsoft Office Libre Office(Free)         
to unzip zip, rar, tar, bzip, etc 7-zip Unarchiver
FTP Client Filezilla Filezilla
MySql Client SQLYog Sequel Pro
Text-Editor Crimson Editor,
Notepad++
Text Wrangler (app store)
MacVim (app store)
Komodo Edit
Sublime Text 2
HTML, PHP, Javascript Editor   Eclipse for PHP Komodo Edit
Download Manager Lite Flashget iGetter
Screenshot taker Easy Capture Skitch
SVN Tortoise SVN Smart SVN *
IM gtalk Adium
Video Player GOM Media Player MPlayerX
Batch Photo Resizer Faststone Photo Resizer       ResizeIt (app store)
Media Converter Format Factory ANY Video Converter (app store)
Basic Photo EditingPicasaPicasa
DesignPaint.NETGIMP
*Not so satisfied, still searching for alternatives.

တစ်ခြားအသုံးဝင်တာလေးတွေရှိလည်း လမ်းညွှန်သွားပါဦး။ Free software ဖြစ်ဖြစ်..ဈေးသိပ်မကြီးဘဲ ပေးရတာနဲ့တန်တဲ့ Paid app ဖြစ်ဖြစ်။ :)

** Komodo Edit ကို တော်တော်သဘောကျနေတယ်။ မြန်မာစာ support လုပ်တဲ့အပြင် HTML, CSS အတွက် တစ်ခါတည်း preview ပါပါတယ်။