Random Diary, Flashget n Facebook Privacy setting

ဘလော့ဂ်မှာ ပို့စ်မတင်ဖြစ်တာ ကြာပြီ။ တစ်ခုခုကို တစိုက်မတ်မတ် ရေးဖို့ထိုင်လိုက်တိုင်း ပြီးအောင် မရေးဖြစ်ခဲ့ဘူး။ အချိန်တွေ တော်တော်များများ ဘာအတွက် ကုန်နေမှန်းတောင် မသိတော့ဘူး။ ဘလော့ဂ်ရေးဖို့ထိုင်တော့ ရေးချင်တာတွေက များနေတယ်။ ဒါကြောင့် အားလုံးပေါင်းပြီး တစ်ခုတည်း ဖြစ်အောင် ရေးလိုက်တယ်။

Random Diary
အခုတလော ရုံးမှာလည်း တောက်တိုမယ်ရ လုပ်တဲ့လူ ဖြစ်နေတယ်။ ပရောဂျက် အကြီးတွေ ပြီးသွားပြီး နောက်တစ်ခုကလည်း requirement gathering အဆင့်မှာဘဲဆိုတော့ နည်းနည်း အားသလိုလို ဖြစ်သွားတယ်။ ဒါကို မမြင်ရက်တဲ့ ရုံးကလူတွေက ဟိုစပ်စပ် ဒီစပ်စပ် လုပ်ခိုင်းပါရော။ ဒါက ပိုဆိုးသွားပြီး ပုံမှန်ထက် ပိုအလုပ်ရှုပ်သွားတယ်။

A: အရင်တစ်နှစ်က handover လုပ်လိုက်တဲ့ ပရောဂျက်လေ မှတ်မိသေးတယ်မလား။ request တစ်ခု ထပ်တောင်းနေလို့။ သိပ်မခက်ဘူး။ ခဏလုပ်ပေးလိုက်နော်။ နောက်ဆုံးအနေနဲ့ လုပ်ပေးလိုက်။ နောက်တစ်ခေါက်ဆို ပိုက်ဆံတောင်းရမယ်။
ME: ဟုတ်ကဲ့။ (ဒီလောက်ကြာပြီ။ မနည်းပြန်စဉ်းစားရမယ်။)
B: အခုလောလောဆယ် ဘာပရောဂျက်မှ မကိုင်ထားဘူးမလား။ ရုံးမှာ အလုပ်သင်တစ်ယောက် လာလိမ့်မယ်။ သူ့ကို နောက်လုပ်မယ့် project ထဲထည့်ရမယ်။ အဲဒီတော့ ASP.NET နဲ့ C# ကို ရှင်းပြထားလိုက်။
ME: ဟုတ်။ (အဲဒါမှ ဒုက္ခ။ အဲဒီ ASP ကို မကိုင်တာ ၈လလောက် ရှိပြီဆိုတော့ မေ့တေ့တေ့တောင် ဖြစ်နေပြီ။)
C: customization တစ်ခုလုပ်နေတာ cron tab ဘဲ ရေးဖို့ကျန်တော့တယ်။ class တစ်ခုနဲ့ batch file တစ်ခု ခဏရေးပေးနော်။ UAT က သောကြာနေ့။
ME: ဒီနေ့ဘဲ အင်္ဂါရှိနေပြီ။ ဟူး…
D: Data Export အတွက် Script ပြီးတော့မှာလား။ ဒါပေမယ့် အရင် ရေးထားတဲကတစ်ခုက အရမ်း error prone ဖြစ်တယ်။ Stored Procedure နဲ့ရေးလိုက်။ customer ကတော့ မေးနေပြီ။ ဘယ်တော့ ပေးမှာလဲတဲ့။ နောက်တစ်ပါတ်လို့ ပြောထားတယ်နော်။
ME: ဟ…. ု …တ်…
E: ဒီ .NET နဲ့ ရေးထားတဲ့ Module တစ်ခုက ခဏခဏ refresh လုပ်ရတော့ အရမ်းနှေးနေလို့ Javascript နဲ့ ပြောင်းရေးလိုက်ပါ။
ME: (ဘာမှ မပြောနိုင်တော့ဘူး။ ပြုံးပြီးတော့ဘဲ ခေါင်းညိတ်လိုက်တယ်။)
အဲဒါအပြင် bug-fixing လုပ်ခိုင်းထားတဲ့ customer တွေကလည်း ဘယ်တော့ပြီးမလဲ တဂျီဂျီ အီးမေးလ်ပို့နေသေးတယ်။ လူကတော့ မူးချာလည်နေတာဘဲ။

Flashget
ဖိုင်အကြီးကြီးတွေကို ဒေါင်းလုတ်လုပ်ရင် အရင်က Internet Download Manager သုံးဖြစ်ပေမယ့် အခု အလကားရပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ Flashget ကို ပြောင်းသုံးနေတယ်။ http://www.flashget.com/en/download.htm မှာ ဒေါင်းလုတ်လုပ်နိုင်ပါတယ်။ (4.5MB)

Facebook Privacy Setting
တစ်ရက် သူငယ်ချင်း တစ်ယောက်က မေးတယ်။ သူ့ကို Facebook မှာ IQ Quiz ဖြေဖို့ challenge လုပ်ထားတယ်မလားတဲ့။ အစက နည်းနည်း ကြောင်သွားတယ်။ ကိုယ်က quiz ဖြေရတာ ဝါသနာ ပါပေမယ့် တစ်ခါမှတော့ ယောင်လို့တောင် challenge ဆိုတာ သွားမနှိပ်မိဖူးပါဘူး။ တစ်ခုခုတော့ မှားနေတယ်လို့ ထင်လိုက်တယ်။ ကိုယ်လည်း တစ်ခါတစ်လေ “Your friends challenge you to take IQ Quiz” ဆိုပြီးတော့ သူငယ်ချင်းတွေ ဓါတ်ပုံနဲ့ rank တွေကို မြင်ဖူးတယ်။ ဒီနေ့တော့ ဒီဆောင်းပါး ကို ဖတ်ပြီးမှ ဇာတ်ရည်လည်သွားတော့တယ်။ ကျမတို့ Facebook အကောင့်ဖွင့်တုန်းက ပေါ့ပေါ့ဆဆဘဲ ရှိသမျှကို OK လုပ်ပြီး Register လုပ်ခဲ့တယ်လေ။ အမှန် သူ့ရဲ့ terms and condition မှာ “3rd party ကြော်ငြာတွေမှာ ထည့်သုံးရင် သုံးမယ်။” ဆိုပြီး ရေးထားတာကို ကျမတို့ သတိမထားမိခဲ့ဘူး။ ဆောင်းပါးရှင်ပြောသလိုသာ dating site မှာ ကိုယ့်ပုံသွားပေါ်နေရင် မခက်လား။ အနည်းဆုံးတော့ အထင်လွဲခံရနိုင်တယ်။ IQ QUIZ ကြော်ငြာမှာ သွားပေါ်လို့ တော်သေးတာပေါ့။ “3 friends have a crush on you” ဆိုတာမှာ ကိုယ့် profile သွားပေါ်ရင် မလွယ်ဘူး။ အဲဒီလို ကြော်ငြာတွေမှာ မပါချင်ရင် Settings -> Privacy -> News Feed and Wall -> Facebook Ads -> Appearance in Facebook Ads မှာ "no one" ဆိုတာကို ရွေးပြီး Save လုပ်လိုက်ပါတဲ့။


Trip to Redang Island – 2

ပထမတစ်ရက် Redang ကို မနက် ၁ဝနာရီခွဲလောက် ရောက်တယ်။ check-in လုပ် ရေမိုးချိုးပြီးတော့ နေ့လည်စာ ဆင်းစားတယ်။ Life Jacket နဲ့ Mask ကို ၂ရက်စာငှားတာက ရင်းဂစ်၂၀။ မျက်မှန်ပါဝါ ၃၀ဝ ကျော်တဲ့သူတွေ အတွက် Power Mask ရှိတယ်။ ၁ဝ ပိုပေးရတယ်ထင်တာဘဲ။ ကိုယ်ပါဝါက ၂၀ဝ လောက်ဘဲရှိတော့ မြင်ရမယ်လို့ ထင်ပြီး မငှားတော့ဘူး။ နေ့လည် ၂နာရီခွဲကြတော့ first snorkeling trip ခေါ်သွားတယ်။ resort နဲ့ မနီးမဝေး ပင်လယ်ပြင် ရေလယ်ခေါင်ကြီးမှာ။

ရေကူးတတ်တဲ့သူတွေတော့ တစ်ယောက်ပြီးတစ်ယောက် စက်လှေပေါ်ကနေ ခုန်ဆင်းသွားကြတယ်။ သူတို့ကြည့်တော့လည်း ရေကူးရတာ လွယ်လိုက်တာ။ ကိုယ့်မှာတော့ ဆင်းရင် ကောင်းမလား မဆင်းရင် ကောင်းမလား စဉ်းစားလို့ကို မရနိုင်ဘူး။ ရေနစ်မှာ ကြောက်တာကိုး။ သူတို့ကတော့ ပြောတယ်။ အသက်ကယ် အကျီ င်္ ဝတ်ထားတာဘဲ မနစ်နိုင်ဘူးတဲ့။ ဒါပေမယ့် ကျမကတော့ အသက်ကယ်အကျီ င်္ကို မယုံနိုင်ဘူး ဖြစ်နေတယ်။ ပထမတစ်ရက်တော့ လက်က တစ်ခုခုကို ဆွဲထားရမှ ရေထဲမှာ နေလို့ရတယ်။ သူငယ်ချင်းကို ခဏဆွဲထားလိုက်၊ နည်းပြတွေကို ဆွဲထားလိုက်၊ စက်လှေနားက လှေကားကို ဆွဲထားလိုက်နဲ့ ပြီးသွားတယ်။ ငါးတွေက တကယ်ကို လှတယ်။ လက်ကတော့ တစ်ခုခုကို ဆွဲထားပေမယ့် ငါးတွေနဲ့အတူ လိုက်သွားပြီး ရေကူးချင်တာ အရမ်းဘဲ။ ရေမကူးတဲ့သူတွေအတွက် နည်းပြတွေ ရှိတယ်။ သူတို့ လိုက်ကူညီပေးတော့ သိပ်ကြောက်စရာ မလိုတော့ဘူး။


ဒုတိယတစ်ရက်မှာ မနက်စာ စားပြီး ၉နာရီခွဲလောက်ကြတော့ marine park ကို ခေါ်သွားတယ်။ Marine Park က အသေအချာ ထိန်းသိမ်းမှုတွေ လုပ်ထားတော့ ကမ်းခြေ ရေတိမ်တိမ်မှာ တောင် ငါးတွေ အများကြီးမြင်ရတယ်။ ရေမကူးတတ်တဲ့ ကျမလိုလူမျိုးအတွက် အကောင်းဆုံးနေရာဘဲ။ ပေါင်မုန့်တစ်ဖဲ့လောက် ပစ်လိုက်ရင် ငါးတွေ အများကြီး ရောက်လာတယ်။ ဒုတိယနေ့ဆိုတော့ ရေကို အရမ်းကြီး မကြောက်တော့ဘူး။

marine park မှာ ရေဘယ်လောက်ကြည်ပြီး ငါးတွေ ဘယ်လောက်များသလဲဆိုတာ အပေါ်က ပုံကိုကြည့်ရင် သိနိုင်ပါတယ်။

ရေထဲရိုက်တဲ့ကင်မရာကို resort မှာဘဲ ငှားလို့ရတယ်။ ပုံ၁၅ဝ ရိုက်လို့ရတဲ့ ကင်မရာကို ရင်းဂစ် ၅ဝ ပေးရတယ်။ တစ်ပုံတည်းသော snorkeling လုပ်နေတဲ့ပုံကို တော်တော် သတ္တိမွေးပြီး ရေပေါ်မှာဖော့ ခေါင်းကို ရေထဲထည့်လိုက်တော့မှ ရလာတယ်။ ဟီး.. မသိရင် တော်တော် ရေကူးကျွမ်းကျင်တဲ့ပုံ ပေါက်နေမယ်။ ရေအပေါ်နားလေးကနေ snorkeling လုပ်တာတောင် ဒီလောက် လှတယ်ဆိုရင် ရေငုပ်တတ်ရင် ကောင်းမယ်လို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် ရေကူးဖို့တောင် အနိုင်နိုင်ဆိုတော့ စိတ်လျှော့လိုက်တာဘဲ ကောင်းပါတယ်။ ရေအောက်ကို မြင်ချင်ရင် Acquaria ဘဲ သွားတော့မယ်။ သူငယ်ချင်းတွေကတော့ နောက်တစ်ခေါက် Diving course ယူမယ်လို့ ပြောနေကြတယ်။ နေ့ဆိုရင် ရေထဲဆင်း ညကြရင် ဂေါ်လီတွေနဲ့ ကစားတဲ့ ချန်ကာ့ ဆိုလား အဲဒါကို ကစားတယ်။ သူတို့ရိုးရာ ကစားနည်းတစ်မျိုးပေါ့။ ကစားရတာ ပျော်ဖို့ကောင်းတယ်။ ပြီးတော့ UNO ဆိုတဲ့ card game ကစားနည်းလည်း သင်ပေးကြတယ်။ ၃ရက်လောက် ရုံးမတက်ရတာ တကယ် အရသာရှိတယ်။ ^_^

Redang Island က အရှေ့ဘက်ကို မျက်နှာမူထားတော့ နေထွက်တဲ့ရှုခင်းကို ကြည့်ဖို့ နောက်နေ့ မနက် စောစောထကြတယ်။ ဒါပေမယ့် နေမင်းက မျက်နှာသာ မပေးဘူး။ တိမ်တွေ အနောက်မှာ ပုန်းနေတာနဲ့ နေတော်တော် မြင့်မှဘဲ တွေ့ရတော့တယ်။ နေထွက်တာကို မြင်ရဖို့ မလွယ်ပါလားနော်။

Redang Island က အပြန် Kuala Terengganu မြို့ကိုဝင် ခဲ့သေးတယ်။ စားစရာ မုန့်တွေ အရမ်းစုံတယ်။ KLနဲ့ တစ်ခြားစီဘဲ။ အရသာလည်း ရှိတယ်။ သူငယ်ချင်းအိမ်မှာ တစ်ညဝင်အိပ်။ နောက်ရက်မှ KL ပြန်ခဲ့တယ်။ တော်တော်ပျော်ခဲ့ပေမယ့် အသားတော့ မည်းသွားတယ်။ :D

Related:
Trip to Redang Island - 1


Trip to Redang Island - 1

ရေကူးရမှာကို သေမလောက် ကြောက်ပေမယ့် စိတ်ကူးပေါက်တဲ့တစ်နေ့မှာ Redang Island က Snorkeling Package ကို သူငယ်ချင်းတွေရဲ့ အဆွယ်ကောင်းမှုကြောင့် ဝယ်လိုက်တယ်။ ဒီလိုနဲ့ Redang Island ကို ရောက်သွားခဲ့ပါတယ်။ Redang Island က Terengganu ပြည်နယ် Kuala Terengganu မြို့ ရဲ့ တစ်ဘက်ကမ်း တောင်တရုတ် ပင်လယ်ထဲမှာ ရှိပါတယ်။ KLကနေ Redang Island ရှိတဲ့ Kuala Terengganu ကို တိုက်ရိုက်မောင်းရင် ၅နာရီခွဲလောက် ကြာတယ်။ ဘတ်စ်ကားနဲ့ဆိုရင်တော့ နည်းနည်းပိုကြာလိမ့်မယ်။ Kuala Terengganu ကနေ Merang Jetty Point ကို နာရီဝက်လောက် မောင်းရတယ်။ Jetty Point မှာ တစ်ရက် ၁ဝနဲ့ ကားရပ်တဲ့နေရာတွေ ရှိတယ်။ ကျွန်းကိုရောက်အောင် စက်လှေ ၄၅ မိနစ် လောက် စီးရတယ်။ ပင်လယ်ပြင်ကို ဖြတ်ရတာဆိုတော့ လှိုင်းတော့ နည်းနည်း ကြမ်းတယ်။ ရေထဲမှာ ရိုလာကိုစတာ စီးနေရတဲ့ အတိုင်းဘဲ။
Merang Jetty Point
Redang Pelangi Resort က ၃ရက်၂ည Snorkeling Package ကို ဝယ်သွားတာပါ။ စနေတနင်္ဂနွေဆိုတော့ ဈေးနည်းနည်း ပိုပေးရတယ်။ စက်လှေ အသွားအပြန်၊ အစားအသောက် မနက်စာ၊ နေ့လည်စာ၊ tea break၊ ညစာ ရယ် Snorkeling trip ၃ခေါက်ရယ် အပါအဝင်ကို ၂ည၃ရက် package ရင်းဂစ် ၃၆ဝ ပါ။ life jacket နဲ့ snorkeling mask အတွက် ၂၅ရင်းဂစ် သပ်သပ် ထပ်ပေးရပါတယ်။ မျက်မှန် ပါဝါ ၃၀ဝ ကျော်တဲ့သူတွေ အတွက် power mask ရှိပါတယ်။ အစားအသောက်၊ နေရာထိုင်ခင်း၊ customer service ပြောစရာမရှိအောင် ကောင်းပါတယ်။ တစ်ခြား resort တွေနဲ့ယှဉ်ရင် ဈေးသက်သာတဲ့အတွက် တစ်ခြားလူတွေ သွားချင်ရင် ဒီpackage ကို ဝယ်ဖို့ recommend လုပ်ပါတယ်။ မကောင်းတာ တစ်ခုဘဲ ရှိတယ်။ Resort ရှေ့မှာ ည၁ဝနာရီကနေ ၁၂နာရီအထိ clubbing ရှိတာကြောင့် အရမ်းဆူညံပြီး စောစောအိပ်ချင်ရင် အဆင်မပြေပါဘူး။
Redang Pelangi Resort မှာတည်းတယ်။

ဒါက resort ကနေ မြင်ရတဲ့မြင်ကွင်း။ ကြည်လင်နေတဲ့ရေရယ် ပြာလဲ့လဲ့ မိုးကောင်းကင်ရယ် ဖြူလွှလွှ သဲသောင်ပြင်ရယ်က စိတ်ထဲမှာရှိတဲ့ မွန်းကြပ်မှုတွေကို ပြေပျောက်သွားစေတယ်။

Redang Island နဲ့မနီးမဝေးမှာ ရှိတဲ့ ကျွန်းနှစ်ကျွန်းကတော့ လူတွေ လဲလျောင်းနေတဲ့ပုံနဲ့တူတယ်လို့ ပြောပါတယ်။
ဒါက ယောကျာ်းကြီးတစ်ယောက် ပုံတဲ့။
ဒါက မိန်းမကြီးတစ်ယောက် လဲလျောင်းနေတဲ့ပုံတဲ့။

ကင်မရာမှာ ရေစက်ထင်သွားတာ သတိမထားလိုက်မိဘူး။ ပုံတွေ ပြန်ကြည့်မှ တွေ့တယ်။ ပုံတွေကို နောက်မှ retouch ပြန်လုပ်ရမယ်။ စာတွေ အများကြီးရေးရင် ရေးရတဲ့သူလည်း ပျင်းတယ်။ ဖတ်ရတဲ့သူလည်း ပျင်းလိမ့်မယ်။ ဒီတော့ ဟိုဟိုဒီဒီ ရိုက်ထားတဲ့ ပုံလေးတွေဘဲ တင်တော့မယ်။


အုန်းသီး နဲ့ ဘာမှန်းမသိတဲ့ အသီး


ယူပြန်ရင် ဒဏ်ငွေ ၃၀၀ဝ ဆောင်ရမယ်ဆိုတဲ့ ကျောက်စရစ်ခဲ လှလှလေးတွေနဲ့ ကျွန်းပေါ်မှာ ချန်ခဲ့တဲ့ ခြေရာ.. (ဖိနပ်ရာ) :D

လှတပတ ပန်းလေးနှစ်ပွင့် သစ်ရွက်လေးတစ်ရွက်

စွန့်စွန့်စားစား snorkeling trip အကြောင်းတော့ နောက်နေ့မှ ဆက်ရေးတော့မယ်။



A trip to Langkawi

တစ်ခုသော နေမသာတဲ့ နေ့တစ်နေ့မှာ မလေးရှားနိုင်ငံ မြောက်ဘက်ပိုင်း မှာရှိတဲ့ Langkawi ဆိုတဲ့ ကျွန်းလေးကို အကြောင်းအခွင့်သာလို့ ရောက်သွားခဲ့တယ်ပေါ့ကွယ်။ အရင်ဆုံး ဆီးကြိုနေတဲ့ ဆိုင်းဘုတ်ကတော့ အခွန်ကင်းလွတ်နယ်မြေ လန်ကာဝီကျွန်းမှ ကြိုဆိုပါ၏တဲ့။

ကွာလာလမ်ပူကနေ လေယာဉ်နဲ့ဆိုရင် ၁နာရီလောက်ဘဲ စီးရတယ်။ ကားမောင်းတတ်တဲ့သူပါရင် လေဆိပ်မှာဘဲ ကားငှားလို့ရတယ်။ တစ်ရက်ကို ၅ဝ ဘဲ။ ကားအကြီး ဆိုရင်တော့ နည်းနည်းပိုပေးရမှာပေါ့။ ကျွန်းသေးသေးလေးဘဲဆိုတော့ လမ်းညွှန်ဆိုင်းဘုတ်တွေနောက်လိုက်ပြီး တစ်ကျွန်းလုံး ပါတ်လို့ရတယ်။

Pantai Burau မှာနေခဲ့တယ်။ အဲဒီဘက်မှာ နေထွက်တာလည်း မမြင်ရ၊ နေဝင်ဆည်းဆာလည်း မမြင်ရ။ ဒီresort ကိုတော့ recommend မလုပ်ဘူး။ ချောင်ကျကျ နေရာမှာ ရှိပြီး ဈေးကလည်း ကြီးသေး။ နေဝင်ဆည်းဆာ အလှကို ခံစားချင်တယ် ထမင်းဆိုင် ဈေးတွေနဲ့ နီးနီးနားနား နေရာ ဆိုရင်တော့ Pantai Cenang ဘက်မှာ တည်းသင့်တယ်လို့ ပြောပါတယ်။ (pentai = ကမ်းခြေ) ပင်လယ်ပြင်ကြီးရဲ့ ဓါတ်ပုံလှလှလေးတွေ လိုချင်တာ နေ့တိုင်းမိုးအုံ့နေတာနဲ့ ဓါတ်ပုံတောင် သိပ်မရိုက်ခဲ့ရဘူး။

ရုံးကလူတွေနဲ့ သွားတာဆိုတော့ အချိန်တော်တော်များများက အစည်းအဝေးလုပ်ရင်း အချိန်ကုန်သွားတာ များတယ်။ ဘယ်မှတောင် သိပ်မရောက်ဖြစ်လိုက်ဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ဝခန့်က အဲဒီကျွန်းလေးပေါ်မှာ မတရား စွပ်စွဲခံရပြီး သေသွားတဲ့ မင်းသမီးလေး မာဇူရီ အကြောင်းပုံပြင်ကတော့ လန်ကာဝီကျွန်းနဲ့ ပါတ်သတ်ပြီး ထင်ရှားပါတယ်။ သူ့ကို သတ်လိုက်တဲ့အချိန်မှာ သွေးအဖြူတွေ ထွက်ပြီး သေသွားတယ်ဆိုဘဲ။ ဒါတော့ နည်းနည်း ဒဏ္ဍာရီ ဆန်ဆန် ဖြစ်သွားပြီ။ မာဇူရီဟာ မသေခင် ဒီကျွန်းတစ်ကျွန်းလုံး ဆွေစဉ် ရဆက်အထိ တိုးတက်ထွန်းကားမှု မရှိပါစေနဲ့လို့ ကျိန်စာတိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ မာဇူရီရဲ့ ရဆက်မြောက်မျိုးဆက်ဟာ အခု ထိုင်းနိုင်ငံ ဖူးခက်မှာ နေထိုင်နေပါတယ်။ သူတို့ကို မလေးရှားနိုင်ငံသားအဖြစ် ခံယူပြီး လန်ကာဝီမှာ အခြေချဖို့ ကမ်းလှမ်းထားတယ်တဲ့။ ၁၉၈ဝ မတိုင်ခင်က အဲဒီကျွန်းမှာ စိုက်ပျိုးရေးလဲ မဖြစ်ထွန်း ကျန်တဲ့စီးပွါးတွေလဲ သိပ်မဖြစ်ဘူး။ နောက်ပိုင်းမှ (သူ့ရဲ့ ရဆက်မြောက် မျိုးဆက် မွေးဖွါးပြီးအချိန်မှ) ဒီကျွန်းဟာ စိုက်ပျိုးရေး၊ ခရီးသွားလာရေး လုပ်ငန်းတွေ နဲ့ ဖွံ ့ဖြိုး တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ မာဇူရီပြတိုက်ထဲမှာ သူ့အုတ်ဂူလဲ ရှိပါတယ်။ ထိုင်းလူမျိုးတော်တော်များများ မာဇူရီ အုတ်ဂူမှာ ပူဇော်ပသပြီး ဆုတောင်းနေကြတာ တွေ့ခဲ့တယ်။ သူ့အုတ်ဂူနားက ရေတွင်းကရေနဲ့ မျက်နှာသစ်ပြီး blessing ယူနေကြတဲ့သူတွေလည်း တွေ့ခဲ့ပါရဲ့။

ကျွန်းပေါ်မှာ စပါးခင်းတွေကိုတော့ နေရာအနှံ့တွေ့ရတယ်။ ကိုယ့်ရဲ ့ Farm Town ကို သတိရသွားလို့ ဓါတ်ပုံရိုက်ခဲ့သေးတယ်။ :D ကျွဲတွေလည်း ကျွန်းပေါ်မှာ ပါတ်ပြီး လျှောက်သွားနေတယ်။ သူတို့ကို ဝင်မတိုက်မိအောင် မနည်းရှောင်ရတယ်။

ပြတိုက်ကအပြန် လင်းယုန်ရုပ်တု အကြီးကြီး ရှိတဲ့ Eagle Square ကို သွားပါတယ်။ အဲဒီနေရာမှာတော့ အရုပ်ဘဲ ရှိတာပါ။ တကယ့် လင်းယုန်အစစ်တွေတော့ မတွေ့ခဲ့ဘူး။
Petronas Quay ဘက်တော့ရောက်ခဲ့တယ်။ ရာသီဥတု အခြေအနေ သိပ်မကောင်းတာနဲ့ လှေမစီးခဲ့ရဘူး။ ပြီးတော့ မိုးအုံ့နေတာနဲ့ လန်ကာဝီရဲ့ အထင်ကရ cable car လည်းသွားမစီးလိုက်ရဘူး။ အပေါ်ကပုံထဲမှာ မြင်နေရတဲ့ တောင်တန်းတွေရဲ့ အမြင့်ဆုံးနေရာမှာရှိတာတဲ့။ KL မှာလည်း cable car ရှိပေမယ့် အဲဒီနေရာက တောင်ချွန်းနှစ်ခုကို ဆက်ထားတဲ့ Pedestrian bridge လေးကို သွားကြည့်ချင်တာ။ အောက်ကနေဘဲ ငေးကြည့်ခဲ့ရတယ်။ ရေးတေးတေးလေးတော့ မြင်လိုက်ပါတယ်။

မိုးအုံ့လို့ ဘယ်မှမသွားရတဲ့နောက် မြို့ထဲဘက် သွားပြီး ရှော့ပင် ထွက်ကြတယ်။ လူတွေ အဓိက ဝယ်ကြတာကတော့ ချောကလက်ပေါ့။ ပြီးတော့ အိမ်အသုံးအဆောင် ပစ္စည်းတွေ ဈေးအရမ်းသက်သာတယ်လို့ ပြောတာဘဲ။ ယိုးဒယားဘက်က အဓိကဝင်တာ များတယ်။ ကိုယ်က ချောကလက်ကလည်း သိပ်မကြိုက် အိမ်အသု
ံးအဆောင်ပစ္စည်းလည်း စိတ်မဝင်စားဆိုတော့ သူများတွေ ဝယ်နေတာကိုဘဲ အကြံပေး အရာရှိလိုက်လုပ်ခဲ့တယ်။ (ဘာလို့ လက်ဆောင် မဝယ်ခဲ့လည်း မမေးခင် ကြိုဖြေထားလိုက်မယ်။ ချောကလက် မကြိုက်တော့ သူများကို ဝယ်ပေးဖို့လည်း သတိမရဘူး။ :D)

လန်ကာဝီကျွန်းကို သွားမယ်ဆိုရင် island hoping package တွေကို ဝယ်သင့်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်တဲ့ ရေကန်တစ်ကန်ရှိတဲ့ Pulau Dayang Bunting ဆိုတဲ့ကျွန်းရယ်၊ လင်းယုန်တွေ မွေးထားတဲ့ကျွန်းရယ်၊ ငါးခူကန်၊ မိကျောင်းကန်တွေ ရှိတဲ့ကျွန်း စသဖြင့် နေရာတော်တော်များများကို ပို့ပေးတဲ့ package တွေ ရှိတယ်။ လူ၁ဝယောက်လောက် ဆန့်တဲ့ လှေတစ်စီးကို ရင်းဂစ် ၂၅ဝ ဝန်းကျင်ဘဲ ပေးရတယ်လို့ပြောပါတယ်။ နောက်တစ်ခေါက်တော့ ရောက်အောင် ထပ်သွားဦးမယ်။ (လန်ကာဝီ trip ဆိုပြီး ရေးသာ ရေးနေတာ။ ကိုယ့်ကိုယ် ပြန်ဖတ်ကြည့်တော့ ရောက်ခဲ့တဲ့နေရာကနည်းပြီး မရောက်ခဲ့တဲ့ နေရာတွေ အကြောင်း ရေးထားတာ များနေတယ်။ ခေါင်းစဉ်ကို ပြောင်းရမလိုတောင် ဖြစ်နေပြီ :P)