A long weekend with lots of food and Yakju

ခေါင်းစဉ်ဖတ်ပြီး မူးသွားပြီလား? စာဖတ်ပြီးရင် ပိုမူးသွားဖို့ရှိတယ်။ hee :D

သောကြာနေ့က မလေးရှားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ (မာဒေးကား)ဆိုတော့ ရုံးပိတ်တဲ့အတွက် စနေတနင်္ဂနွေ နဲ့ဆက်သွားပြီး ပိတ်ရက်သုံးရက်ဖြစ်သွားတယ်။ ခါတိုင်း ပိတ်ရက်ဆို အချိန်က ဘယ်လိုကုန်သွားမှန်း မသိနိုင်အောင် အချိန်မလောက်ဖြစ်ပေမယ့် ဒီသုံးရက်ကြတော့ အလွန့်အင်မတန်ကို ရှည်လျားလွန်းသွားတယ်။ သူငယ်ချင်းတွေ တော်တော်များများ မြန်မာပြည်ပြန်နေတော့ အပြင်မထွက်ဖြစ်တော့ဘူး။ သုံးရက်စာ စားစရာကလည်း ရှိနေတော့ စျေးလေးတောင် မသွားဖြစ်ဘူး။ ပထမတစ်ရက်ကတော့ အိမ်ရှင်မကြီးပီပီ နှစ်ပါတ်လောက်ပစ်ထားတဲ့ အိမ်ကို သန့်ရှင်းရေးလုပ်ရတယ်။ သုံးလလောက် ပစ်ထားတဲ့ ရေခဲသေတ္တာကို defrost လုပ်ရတယ်။ freezer compartment ရဲ့ တစ်ဝက်နီးနီးလောက် ရေခဲတွေ ဖြစ်နေတာ :D ပြီးတော့ ကြမ်းတိုက် အဝတ်လျှော်၊ ဖတ်ဖတ်ကိုမော။ 
.
နေ့တိုင်းလိုလို နေ့တစ်ဝက်လောက်အိပ်တယ်။ ဟင်းချက်တယ်၊ စားတယ်၊ ဘာလုပ်ရမလဲစဉ်းစားတယ်။ ကျောက်ကျောမှုန့်ရယ် အုန်းသီးမှုန့်ရယ်တွေ့တော့ ကျောက်ကျောကျိုတယ်၊ စားတယ်။ ကြာဇံချက်တယ်၊ စားတယ်။ ပျင်းနေသေးတယ်။ ကြက်ဥတွေတွေ့တော့ ပူတင်းဖုတ်တယ်။ (pudding caramel လို့ရှာရင် custard နဲ့ recipe တွေဘဲထွက်လာတယ်။ နောက်ဆုံးမှ Flan လို့ခေါ်မှန်းသိတယ်။) ဘာဘဲဖြစ်ဖြစ် သူများလုပ်တာဘဲ ဘေးကနေလိုက်ကြည့်တာနဲ့စာရင် ကိုယ့်ကိုယ် လုပ်တတ်သွားတယ်။ သကြားဖြူဖြူကနေ ညိုမှ ညိုလာပါ့မလားလို့ ရင်တထိတ်ထိတ်နဲ့ မွှေလိုက်ရသေးတယ်။ အညိုလွန်သွားပြီး နည်းနည်း တူးချင်ချင် ဖြစ်သွားတယ်။ ကြက်ဥ၊ နွားနို့၊ နို့ဆီ၊ နို့စိမ်း ရောမွှေပြီး ခွက်လေးတွေထဲလောင်းချ၊ oven ထဲ ထည့်ဖုတ်၊ တော်တော်စားကောင်းတယ် :D 
.
ဒီနေ့မနက်က အဖေ့ရဲ့ recipe နဲ့ နကထိုင် စမ်းလုပ်ကြည့်တယ်။ အိမ်မှာ အမြဲ ဘေးကကြည့်နေတော့ ငါလုပ်တတ်ပြီလို့ထင်ပေမယ့် လုံးဝ တစ်လွဲ ထွက်လာတယ်။ မွမွလေးဖြစ်ရမှာကို ကျစ်ကျစ်ကြီး ဖြစ်နေတယ်။ နကထိုင်လုပ်တာ ဘီစကစ်နီးနီး ဖြစ်သွားတယ်။ စားလို့တော့ကောင်းတယ် :D အပေါ်ကရေးတာတွေက တစ်ရက်တည်းစားတာ မဟုတ်ဘူးနော်။ သုံးရက်စာပေါင်းရေးလိုက်တာ။ သုံးရက်အတွင်း အစား တော်တော်စုံသွားတယ်။ ခုတလေ မEvy ရဲ့ ဘလော့ဂ်ကို ဖတ်ဖတ်ပြီး မုန့်ဖုတ်တာ ဓါတ်ကျနေတယ်။ Apple Muffin နဲ့ butter cake စမ်းလုပ်ကြည့်တယ်။ နည်းနည်းတော့ လွဲနေသေးပေမယ့် စားလို့တော့ ဖြစ်တယ်။
.
သေချာပြန်စဉ်းစားကြည့်လိုက်တော့ ထောပါတ် ၂၀၀ဂရမ်တစ်တုံးဝယ်ထားတာကို မုန့်လုပ်ပြီး စားပစ်တာ တစ်ပါတ်အတွင်းကုန်သွားတယ်။ ဗိုက်ထဲဝင်သွားတဲ့ အဆီတွေ၊ ကိုလက်စထရောတွေ တွေးကြည့်ရင် မနည်းမနောဘဲ။ ဒီတိုင်းဆက်စားနေရင်တော့ တော်တော်ဝလာလိမ့်မယ်။ personal ပို့စ်တွေ သိပ်ရေးလေ့မရှိပေမယ့် ဒီနေ့က အလွန့်အင်မတန် ပျင်းနေပြီး တစ်ခုခု ရေးချင်စိတ် ပေါက်သွားတယ်။
စားတယ်၊ သောက်တယ်၊ မုန့်လုပ်တယ်၊ ဟင်းချက်တယ်၊ မြန်မာကားကြည့်တယ်၊ ကိုးရီးယားဇာတ်လမ်းတွဲ Gumiho ပြီးသွားတယ်။ အင်္ဂလိပ် စီးရီးစ် “New Girl” season 1 လည်း ပြီးသွားတယ်။ ဆက်ကြည့်စရာ ရုပ်ရှင်လည်းကုန်ပြီ၊ မုန့်လုပ်လို့လဲဝပြီ။ လူက ပျင်းနေတုန်းဘဲ။ အဲဒီလို တစ်အားပျင်းပြီး လုပ်စရာမရှိတော့မှ Galaxy Nexus ဖုန်းကို yakju ROM flash လုပ်ဖို့ စိတ်ကူးပေါက်လာတယ်။ 

လုပ်မယ် လုပ်မယ်နဲ့ အပျင်းကြီးနေတာ ငါးလကျော်သွားပြီ။ yakju တို့ yakjuxw တို့ takju တို့ဆိုတာက Galaxy Nexus အတွက် official ROM (factory image) တွေရဲ့ နာမည်တွေပါ။ အစက အမှုမဲ့ အမှတ်မဲ့ပါဘဲ။ official update ထွက်တိုင်း သူငယ်ချင်းတစ်ယောက်က အရင် ရရနေပြီး သူ့ဖုန်း update ရပြီး တော်တော်ကြာမှ သဉ္ဇာ့ဖုန်း update ရပါတယ်။ Google ကပေးတဲ့ official update တွေကို တစ်ခြားဖုန်းတွေထက် အရင်ရချင်လို့ Galaxy Nexus ဝယ်ထားပါတယ်ဆို ခုဟာက ဖုန်းချင်းအတူတူ (သူတောင် နောက်မှဝယ်တာကို) update ကြတော့ ခွဲခြား ခွဲခြား လုပ်ခံရတော့ စိတ်မရှည်တော့ဘူး။ :D နည်းနည်းပါးပါး Google လိုက်မှ ကိုယ့်ဖုန်းက yakjuxw ဖြစ်နေပြီး သူငယ်ချင်းဖုန်းက yakju ဖြစ်လို့ update ထွက်တိုင်း သူအရင်ရနေတာ။


Takju vs Yakju vs Yakjuxw
Galaxy Nexus အတွက် Google ကထုတ်တဲ့ Factory Image က Yakju လို့ခေါ်ပါတယ်။ Yakju မှာ Google Wallet ပါတစ်ခါတည်း ထည့်ထားရင် Takju ဖြစ်သွားပြန်ပါတယ်။ Yakju နဲ့ Takju ROM ပါတဲ့ ဖုန်းတွေက Google ကနေ update ထုတ်တိုင်း Google Server ကနေ တိုက်ရိုက် ရပါတယ်။ သို့ပေမယ့် Samsung က အဲဒီ yakju ကို ယူ၊ localized setting ဘာညာသာရကာလေး ပေါင်းထည့်ပြီး ပြန်ဖြန့်တော့ yakjuxw ဖြစ်သွားတယ်။ အဲဒီတော့ကာ Google ကထုတ်တဲ့ update က local Samsung branch ကို အရင်ရောက်မယ်။ အဲကနေတဆင့် ထည့်ချင်တာတွေထပ်ပေါင်းထည့်ပြီးမှ centralize ဆာဗာမရှိတော့ telco တွေကို ပို့တယ် (တစ်ခြားနိုင်ငံတော့ မသေချာပါ။ မလေးရှားမှာတော့ အဲလို။) ပုံမှန်ကြာချိန်ထက် အနည်းဆုံးတစ်လလောက် ပိုကြာသွားပါတယ်။ ကံကောင်းချင်တော့ yakjuxw ဖုန်းတွေကို yakju ROM flash လုပ်ဖို့ နည်းလမ်းဖတ်လိုက်မိပါတယ်။ အဲဒါကို ပြောင်းမယ်ပြောင်းမယ်လုပ်နေတာ ခုလို အလွန့်အလွန် အားမှဘဲ ပြောင်းဖြစ်သွားတယ်။ 


ဒီ Easiest Way to Change Galaxy Nexus from Yakjuxw (Non-Yakju) to Android 4.1.1 Yakju/Takju ဆိုတဲ့ article တော်တော် ပြည့်စုံ ပြီး ရှင်းပါတယ်။ သူများတွေ step-by-step သေချာရေးပေးထားတာကို လိုက်လုပ်တာတောင် နည်းနည်းကြာသွားတယ်။ ဖုန်းကတော့ ခုမှ သန့်ရှင်းသွားတယ်။ အစက တွေ့သမျှ apps တွေသွင်းထားတော့ home screen ငါးမျက်နှာက icon တွေ လုံးဝအပြည့်။ app တစ်ခုခုဆို မနည်းတောင် ရှာယူရတယ်။ uninstall တွေ လုပ်ဖို့လိုနေပေမယ့် မလုပ်ဖြစ်နေတာ။ ခုတော့လည်း လုံးဝကို ပြောင်ရှင်းသွားရော။ မနည်းပြန်သွင်းရမယ်။ Jelly Bean OTA လည်းရပြီ။ Wifi network တောင်းနေလို့ နက်ဖြန် ရုံးရောက်မှဘဲ သွင်းရတော့မယ်။ တနင်္ဂနွေနေ့မှာ တနင်္လာ ရောက်ချင်တာ ဒီတစ်ခေါက်ဘဲ ရှိဖူးသေးတယ်။ နက်ဖြန် မိုးရွာမလားမသိဘူး :D