2008 Wrap Up

၂၀၀၈ ခုနှစ်လည်း ကုန်ခါနီးပြီ။ ဒီတစ်နှစ်အတွင်းမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ရရင်…

Jan – အလုပ်စဝင်ပြီး တစ်လကျော်ကျော်လောက် ရှိသွားပြီဆိုတော့ အလုပ်ထဲမှာ နည်းနည်း နေသားကျသွားတယ်။ ကျောင်းကို လွမ်းတာလည်း နည်းနည်း လျော့သွားတယ်။ project တစ်ခု ရဲ့ အခက်ဆုံးအချိန်ရောက်နေတော့ meeting တွေတက်ရင်း ဆရာဝန်တွေနဲ့ ငြင်းခုံရင်း တော်တော် အလုပ်ရှုပ်တဲ့ လတစ်လ ဖြစ်သွားခဲ့တယ်။

Feb – ရထားပေါ်မှာ ဖုန်းအခိုးခံလိုက်ရတယ်။ ပထမဆုံးအကြိမ် ဖုန်းပျောက်တာဆိုတော့ တော်တော် ဝမ်းနည်းမိတယ်။ အလုပ်ကတော့ အရင်လတွေအတိုင်းဘဲ။ OT နည်းနည်း များတယ်။ weekend တွေပါ အိမ်မှာ လုပ်ရတဲ့ အပြင် ရုံးကနေလည်း တော်တော် နောက်ကျမှ ပြန်ရတဲ့ရက်တွေ ရှိခဲ့တယ်။

March – ကျောင်းပြီးနောက် စစချင်းလုပ်ရတဲ့ project ရဲ့ နောက်ဆုံး phase ဆိုတော့ တော်တော် ပင်ပန်းသွားတယ်။ အပါတ်တိုင်း review, UAT, FAT, training တွေအတွက် ပြင်ဆင်နေရတယ်။ final year project အတွက် ရေးထားတဲ့ paper ကို International Conference တစ်ခုက လက်ခံတယ်ဆိုလို့ အရမ်းဝမ်းသာသွားတယ်။

April – မေလမှာ conference တက်ဖို့ အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရတယ်။ ငါးလလောက် ပစ်ထားတဲ့ VMWare ကို ဖုန်သုတ်ပြီး result အသစ်တွေ ထပ်ထုတ်ရတယ်။ ကျောင်းသားဘဝကို ပြန်လွမ်းမိသလိုလိုတော ့ရှိသား။ အလုပ်အနေနဲ့ကတော့ နည်းနည်း အားသွားတယ်လို့ ပြောရမယ်။ bug fixing ဘဲ အဓိက လုပ်နေရတာ။

May – conference အတွက် ပြင်ဆင်ရင်း freelance project တစ်ခုကို လက်ခံလိုက်တယ်။ conference ကြောင့် မအားပေမယ့် တစ်ဘက်ကလည်း ကိုယ့်ကျောင်းအတွက် တစ်ခုခု လုပ်ပေးချင်လို့သာ။ တော်တော်အလုပ်ရှုပ်တဲ့ လတစ်လ ဖြစ်သွားတာပေါ့။ အဲဒီအချိန် ရုံးမှာလည်း project အသစ်တစ်ခု ထပ်လုပ်ရတယ်။ နှစ်ခုလုံး .NET project ဖြစ်နေလို့ အဆင်ပြေသွားတယ်။ မဟုတ်ရင် လေးငါးလလောက် မလုပ်ဘဲ ပစ်ထားတဲ့ language ဆိုရင် မနည်း ပြန်လေ့လာရမယ်။ Asian Universities Debating Championship (AUDC) မှာ volunteer သုံးရက် သွားလုပ်တယ်။ ၂၀၀၈ မှာ အလုပ်အများဆုံး လတစ်လ လို့ ပြောရမယ်။ မြန်မာပြည်ကို နာဂစ်ဝင်သွားတော့ ကျောင်းကကျောင်းသားတွေနဲ့ပေါင်းပြီး အလှူငွေကောက်တာ ဘာညာ နည်းနည်း ဝင်ကူလိုက်သေးတယ်။ တစ်ခြားအလုပ်တွေကလည်း ဒီတစ်လထဲမှာ လာစုနေတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး ဖြစ်ခဲ့တယ်။

June – လက်ထဲမှာ project သုံးခု ရောက်နေတယ်ဆိုပေမယ့် အားလုံးက bug fixing နဲ့ new feature request တွေချည်း။ bug fixing လောက် ပျင်းဖို့ ကောင်းတဲ့ အလုပ် မရှိတော့ဘူး။ အလုပ်ကိုတောင် နည်းနည်း စိတ်ပျက်ချင်ချင် ဖြစ်မိတယ်။ လကုန်ခါနီးမှာတော့ အရင် အလုပ်ထွက်သွားတဲ့ senior programmer တစ်ယောက်လုပ်ထားတဲ့ project တစ်ခုကို feature တစ်ခု ထပ်ဖြည့်ဖို့ တာဝန်ယူရတယ်။ သူများ code တွေ ပြန်ဖတ်ရတာ သိပ်တော့ မလွယ်တဲ့ အလုပ်ဘဲ။ အဲဒီလူကြီးရေးထားတာက တော်တော်ကို အဆင့်မြင့်လွန်းတယ်။ AJAX တွေ ဘာတွေလည်း ပါတယ်။ အစက ကိုယ့်ကိုယ်ကို လုပ်နိုင်မယ်တောင် မထင်မိဘူး။

July – အလုပ်မှာတော့ bug fixing ဘဲ။ ဘွဲ့ယူဖို့အတွက် မိဘတွေလာလည်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်တယ်။

August - ၂၀၀၈ ခုနှစ် အတွက်တော့ ပျော်စရာအကောင်းဆုံး လတစ်လပေါ့။ (ကြားထဲမှာ အကြောင်းကိစ္စတစ်ခုကြောင့် နည်းနည်း စိတ်ညစ်လိုက်ရတာက လွဲရင်။) လေးနှစ်လုံး ကြိုးစားလာတာ ဘွဲ့ယူတဲ့နေ့တစ်နေ့မှာတင် ကိုယ်ကြိုးစားခဲ့ရကျိုး နပ်သွားတယ်လို့ ခံစားခဲ့ရတယ်။ မိဘကို စိတ်ကျေနပ်မှု တစ်ခုတော့ ပေးနိုင်လိုက်တယ်လို့ ယူဆမိတယ်။

Sept – အလုပ်မှာ ပရောဂျက် အသစ်တစ်ခုအတွက် requirement gathering နဲ့ database design phase ကိုင်ရတယ်။ ဒီလရောက်တော့ ကိုယ် အခုလုပ်နေတာတွေဟာ ကောင်းရဲ့လားဆိုတာ ပထမဆုံးအကြိမ် တွေဝေမိတယ်။ တစ်ခြားနိုင်ငံသွားရင် ကောင်းမလား။ ရန်ကုန်ဘဲပြန်ပြီး programmer လုပ်စားရင် ကောင်းမလား။ ကျောင်းဘဲ ဆက်တက်ရင် ကောင်းမလား ဆိုတာ တော်တော် ဝေခွဲမရ ဖြစ်သွားတယ်။

Oct – အောက်တိုဘာ ခရီးသွားလပေါ့။ ရန်ကုန်ပြန်တယ်။ မလေးရှားပြန်လာတယ်။ ဆော်ဒီသွားတယ်။ မလေးရှားကို ပြန်လာတယ်။ ပြီးတော့ ရန်ကုန်ထပ်ပြန်တယ်။ (transit ဆိုတော့ ဘန်ကောက်ပါ ရောက်လိုက်သေးတယ်။) Personal Development Workshop တစ်ခု တက်ရတယ်။ ကိုယ့်ကိုယ် အမြင်တွေ အများကြီး ပြောင်းလဲပေးနိုင်ခဲ့တယ်။ အိုင်ဒီယာသစ်တွေ ရှေ့ဆက်ကြိုးစားဖို့ ခွန်အားသစ်တွေ ရလိုက်တယ်။ Umrah လုပ်ဖြစ်လိုက်တာက အားလုံးထဲက အကောင်းဆုံးပါဘဲ။

Nov – တောင်ကြီးပြန်ဖြစ်တယ်။ တစ်နှစ်ခွဲကြာပြီးမှ ပြန်ဖြစ်ပေမယ့် တောင်ကြီးမြို့ကတော့ အရင်အတိုင်းပါဘဲ။ ဝမ်းသာဖို့ကောင်းတာကတော့ တန်ဆောင်တိုင်ပွဲနဲ့ သွားကြုံတယ်။ သူငယ်ချင်းတွေနဲ့ အင်းလေးသွားဖြစ်လိုက်တယ်။ ပြီးတော့ မပြန်ချင် ပြန်ချင်နဲ့ မလေးရှားပြန်ခဲ့ရတယ်။ ခွင့်ယူတာ ငါးပါတ်ဖြစ်သွားတဲ့အတွက် အလုပ် အကြွေးတွေ ပုံသွားတယ်။ အားတယ်ဆိုတာ သိပ်မရှိတော့ဘူး။ GoMobile Expo မှာ exhibitor သွားလုပ်ရတယ်။ အတွေ့အကြုံ အသစ်တွေ ရလိုက်တယ်။

Dec - ရုံးက စပွန်ဆာ လုပ်လို့ conference တစ်ခု တက်ဖြစ်တယ်။ အိုင်ဒီယာအသစ်တွေ နည်းနည်းရတယ်။ project module by module review ဆိုတော့ နည်းနည်း အလုပ်ရှုပ်ပြန်ရော။ ရုံးပိတ်ရက်တွေ များတော့ ဟိုလည် ဒီလည်ပေ့ါ။

တစ်နှစ်လုံး အတိုင်းအတာ အနေနဲ့ တစ်ခြားလုပ်ခဲ့တာတွေကို အားရပေမယ့် အလုပ်နဲ့ပါတ်သတ်ပြီး သိပ်အားမရဘူး။ တိုးတက်သင့်သလောက် မတိုးတက်သလိုဘဲ။ နောက်နှစ်မှာ ဒီတစ်နှစ်လို အီးယောင်ဝါး လုပ်မနေတော့ဘဲ ပိုကြိုးစားသင့်တယ်လို့ ထင်မိတယ်။ ကျောင်းပြီးသွားတော့ သူငယ်ချင်း အပေါင်းအသင်းနည်းသွားတယ်။ ဒါလည်း သိပ်မကောင်းဘူး။ New year resolution သတ်မှတ်ရမယ်။


Taman Pertanian Malaysia

ဒီရက်ပိုင်းမှာ ရုံးပိတ်ရက်တွေ အရမ်းများနေတယ်။ Christmas, Awal Muharaam, New Year ဆက်နေတော့ အလုပ်လုပ်ချင်စိတ်တောင် ပျောက်နေတယ်။ new year eve လည်း half day ဘဲ အလုပ်လုပ်ရမယ်။ စနေနေ့က Shah Alam က Bukit Cahaya မှာရှိတဲ့ Taman Pertanian Malaysia (Malaysia Agriculture Park) ကို သွားလည်တယ်။ အခုတလော နေရာတော်တော်များများ ရောက်ဖြစ်ပေမယ့် ဖုန်းကင်မရာနဲ့ဘဲ ဓါတ်ပုံတွေ ရိုက်ဖြစ်တယ်။ ဆေးရုံတင်ထားတဲ့ ကင်မရာလေးကလည်း ဘယ်တော့မှ ပြန်ရမှာလဲ မသိဘူး။ ကင်မရာ ပျက်နေသော်လည်း ဖုန်းကင်မရာနဲ့ ရိုက်ပြီး မျက်စိဒုက္ခပေးလိုက်ဦးမယ်။ :)
အဲဒီ Taman Pertanian မှာ အဓိက ရှိတာကတော့ Four Season House လို့ခေါ်တဲ့ နေရာလေးပါ။ မလေးရှားလိုနိုင်ငံက ဥတုသုံးပါး မရှိတော့ တစ်ခြား နိုင်ငံတွေရဲ့ Spring, Summer, Autumn, Winter ရာသီအတိုင်း indoor setting လုပ်ထားတဲ့ နေရာပေါ့။ အခုအချိန်မှာ ကမာ္ဘနိုင်ငံတော်တော်များများမှာ ဆောင်းတွင်းဆိုတော့ သူ့setting က ဆောင်းရာသီအပြင်အဆင်လေးကို တွေ့ရပါတယ်။ အပူချိန်ကို ရေခဲမှတ်အောက် -၂ ကနေ -၁ရ ကြား လွှတ်ထားတာမို့ အထဲမှာ နှင်းတွေ၊ ရေခဲတွေ၊ ရေခဲဂူလေးတွေ ကို တွေ့ရပါတယ်။ အဲလောက်အေးမယ် မထင်ထားတော့ အကျီ င်္အနွေးထည် မယူသွားတာ မှားတာဘဲ။ အထဲမှာ ချမ်းလွန်းလို့ သေချာတောင် မကြည့်နိုင်ဘူး။ ဓါတ်ပုံ နည်းနည်းရိုက်ပြီး အမြန် ပြန်ပြေးထွက်ခဲ့ရတယ်။ ဒါပေမယ့် ဝင်ကြေးက ရင်းဂစ် သုံးကျပ်ဘဲ ပေးရတယ်ဆိုတော့ တန်ပါတယ်။ မတန်ဆုံးက Genting Highland က Snow World ဘဲ။ နေရာကလည်း သေးသေးလေးကို ရင်းဂစ် ၁ရကျပ် ပေးဝင်ရတယ်။ ပြီးတော့ အထဲမှာ ကင်မရာယူသွားလို့လည်း မရဘူး။ ရောက်ဖူးသမျှထဲမှာ အလှဆုံးကတော့ Mines Wonderland က snow world ဘဲ။ ကျယ်လည်း ကျယ်တယ်။ လှလည်းလှတယ်။ အဲဒီနေရာလည်း ကင်မရာတော့ ယူသွားလို့ မရဘူး။ ဒီ Four Seasons House တစ်ခုဘဲ ဝင်ကြေးလည်း သက်သာပြီး ဓါတ်ပုံလည်း ရိုက်လို့ရတယ်။



အထဲရောက်သွားတော့ ဓါတ်ပုံသာရိုက်ရတာ။ လက်ကတော့ တော်တော့်ကို အေးခဲပြီး တုန်နေတယ်။ ငါးမိနစ်လောက်နေပြီး လူတစ်ကိုယ်လုံးလည်း တော်တော် တောင့်သွားတယ်။ ဘာကြောင့် ဝင်ကြေးဈေးသက်သာလဲဆိုတာ သိသွားတယ်။ ဘယ်သူမှ အထဲမှာ ၁ဝမိနစ်ထက် ပိုနေနိုင်မှာ မဟုတ်ဘူး။ လေးလတစ်ကြိမ် ရာသီဥတုအလိုက် အပြင်အဆင်ပြောင်းတာဆိုတော့ ဖေဖေါ်ဝါရီကုန်ရင် နွေဦးပေါက် ပုံစံ ပြောင်းတော့မှာ။ အဲဒီအခါကြရင်လည်း သွားကြည့်ချင်သေးတယ်။
ဒီပန်းခြံအထဲမှာ Four seasons House အပြင် Animal Garden, Orchid Garden, Mushroom Garden, Paddy Garden, Durian/Rambutan Garden စသဖြင့် နေရာ အများကြီး ရှိပါသေးတယ်။ နေ့လည် ၂နာရီလောက်မှ ရောက်သွားတော့ နေရာအစုံတော့ မရောက်ဖြစ်လိုက်ဘူး။ ငါးနာရီဆို ပိတ်ပြီ။ အထဲမှာ လမ်းလျှောက်ရင်လျှောက်၊ စက်ဘီး ငှားစီးရင်စီး၊ ဒါမှမဟုတ် free shuttle bus လည်း ရှိတော့ လည်ရပါတ်ရတာ တော်တော် အဆင်ပြေတယ်။
တောတောင် သဘာဝလည်း သာယာတယ်။ ဝင်ကြေးလည်း သက်သာတော့ အနားယူ အပန်းဖြေလို့ကောင်းတဲ့ နေရာလေး တစ်ခုပါဘဲ။ ၂၀၀၈ ကို ဒီပို့စ်လေးနဲ့ဘဲ အဆုံးသတ်လိုက်ပါမယ်။


Selamat Menyambut Awal Muharam 1430 Hijrah and Tahun Baru!!
Happy New Year!


တို့ရှမ်းမြေ



ဆောင်းနှင်းဖွေးဖွေးလေး တောင်တန်းများကြားမှာ ~~
အေးချမ်းလှတဲ့ ကျတော်တို့မြို့လေးကို ~~
အလည်တစ်ခေါက် ရောက်လာပါလားလို့ ဟန်ဆောင်မှုကင်းတဲ့ ~~

စေတနာရင်မှာ တကယ်ရင်းနှီးတဲ့ တို့ရှမ်းမြေ ~~

တောင်ကြီးမြို့အဝင် (တောင်တက်လမ်း မရောက်ခင်)

မနက်ထလာလို့ တောင်ချွန်းကြီးကို မြင်လိုက်ရရင်ဘဲ စိတ်ထဲမှာ အလိုလို ကြည်နူးသွားတယ်။

bird’s eye view of my home town Taunggyi (အိမ်ခေါင်မိုးတွေလဲ နီနေဆဲပါဘဲ။)

နှစ်ပါတ်ဘဲခွင့်ရတာ တောင်ကြီးပြန်ဖို့လေယာဉ်လက်မှတ် မရလို့ ရန်ကုန်မှာ သောင်တင်သွားတာနဲ့ တောင်ကြီးမှာ ၁ဝရက်လောက်ဘဲ နေလိုက်ရတယ်။ တန်ဆောင်တိုင် ပြန်မယ်လို့ မရည်ရွယ်ထားပေမယ့် ပြန်ရောက်တာနဲ့ တန်ဆောင်တိုင် စနေပြီ။ ကလေးလည်း မဟုတ်တော့ဘူးဆိုတော့ ပွဲခင်းထဲ လိုက်ပို့ပေးဖို့လည်း မပူဆာမိဘူး။ ငယ်ငယ်တုန်းကဆို နေ့တိုင်းနီးနီးကို ပွဲသွားချင်တာ။ အရုပ်တွေဝယ်၊ မုန့်တွေစား နဲ့ နေ့နေ့ညည စိတ်က ပွဲထဲရောက်နေတာ။ ဒီတစ်ခေါက် မီးပုံးပျံ တစ်ရက်ဘဲ သွားကြည့်ဖြစ်တယ်။ မီးကျည် သုံးလုံးလောက် ဘဲ ကြည့်ခဲ့တယ်။ အရမ်းချမ်းတာနဲ့ ည၁၂နာရီကျော်လောက်မှာ ပြန်လာကြတယ်။ မီးပုံးပျံကွင်းထဲကနေ မီးပုံးပျံကြည့်ရတာကတော့ တကယ်ကို အရသာရှိတယ်။ နေ့လွှတ်မီးပုံးပျံတော့ သွားမကြည့်ဖြစ်ဘူး။ တောင်ကြီးတန်ဆောင်တိုင်ကို နောက်ဆုံးရောက်တာ ၂၀၀၄ ကဆိုတော့ ၄နှစ်ကြာမှ ပြန်ရောက်ဖြစ်တာပေါ့။ မီးပုံးပျံကွင်းတော့ ပိုကြီးသွားတယ်။ ပိုဝေးသွားတယ်။ ဆိုင်ကယ်အပ်ခ ၁၀၀၀၊ ကားရပ်ခ ၂၀၀၀၊ မလွယ်ဘူး။ လိုင်းကားခတော့ ၂၀ဝလား မသိဘူး။ မီးပုံးပျံကွင်း သွားတဲ့လမ်းကို တစ်လမ်းမောင်း လုပ်ထားတဲ့အတွက် အပြန်မှာ ဖရဲရွာတစ်ရွာလုံးကို တစ်ပါတ်ပါတ်ပြီးမှ တောင်ကြီး ပြန်ရောက်တယ်။ အဲဒါတစ်ခုတော့ သိပ်မကောင်းဘူး။

အဖိတ်နေ့မှာတော့ မြို့လုံးကျွတ် ဘုံကထိန်ပွဲရှိတယ်ဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ အဖွားအိမ်ကနေ သွားကြည့်ဖို့ စောစောစီးစီး ထွက်လာခဲ့တယ်။ နောင်…နောင်..နောင်ဗေနောင်.. ဆိုတဲ့ ရှမ်းအိုးစည်သံက ကြားရတဲ့သူကိုပါ မြူးကြွလာစေတယ်။ ဓါတ်ပုံတွေ အများကြီး ရိုက်မယ်လို့ အားခဲထားပေမယ့် ဒီတစ်နှစ်က အရင်နှစ်တွေကလောက် မစည်တော့တာ တွေ့ရတယ်။ ပဒေသာပင်တွေဘဲ များပြီး အရုပ်တွေ သိပ်မတွေ့ရတော့ဘူး။ ပဒေသာပင် တော်တော်များများလည်း လမ်းလျှောက်မလှည့်ကြတော့ဘဲ ကားနဲ့ဘဲ သွားကြတယ်။ အရင်တုန်းကဆိုရင် မြို့လုံးကျွတ်ကထိန်က ရပ်ကွက် တစ်ခုနဲ့ တစ်ခုမတူ ထူးခြားစွာ အရုပ်ချိုးထားတာဆိုတော့ အရမ်းကို ကြည့်လို့ကောင်းတာ။ ဒါပေမယ့်လည်း တစ်မှူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တုနိုင်ရိုးလား ဆိုတာတော့ ထင်ရှားနေဆဲပါဘဲ။ ကျောင်းကထိန်လည်း ပေးမလုပ်တော့ဘူးလို့ ကြားတယ်။ တောင်ကြီးမှာ ကျောင်းသားဖြစ်ရတာ ပျော်စရာတစ်ခု လျော့သွားတာပေါ့။

တန်ဆောင်မုန်းလပြည့်နေ့ည မီးပဒေသာ ပြိုင်ပွဲ


တန်ဆောင်မုန်းလပြည့်နေညမှာတော့ မီးပဒေသာပြိုင်ပွဲရှိတယ်။ ရပ်ကွက်အလိုက် ပြိုင်ကြတာပေါ့။ မီးပဒေသာက ပုံတွေက သဉ္ဖာ့မောင်လေး ရိုက်ထားတာ။ ဘလော့ဂ်ပို့စ်ထဲ ထည့်ရေးရအောင် သူ့နားကနေ ယူလာတာ။ ပွဲခင်းထဲမှာ ဓါတ်ပုံလိုက်ရိုက်ဖို့ ကြိုးစားသေးတယ်။ ကိုယ့်ကို အရူးလိုလို အကြောင်လိုလို ဝိုင်းကြည့်လို့ မရိုက်ဖြစ်တော့တာ။ ကျီးမနိုးပွဲတော့ လုပ်လား မလုပ်လား မသိလိုက်ဘူး။ မယ်ဇလီဖူးသုပ်တော့ အိမ်နီးချင်း အန်တီကြီးတစ်ယောက်လာပေးလို့ စားလိုက်ရတယ်။ တော်တော်စားကောင်းတယ်။ ပထမဆုံးအကြိမ် စားဖူးတာဘဲ။ မီးပဒေသာမှာ တိုးနယား အကတွေလဲပါတယ်။ မီးပုံးပျံပုံတွေတော့ ရိုက်ထားတာ တစ်ပုံမှ မလှလို့ မတင်တော့ဘူး။ မကြည့်ရသေးရင်တော့ တောင်ကြီးချယ်ရီမြေမှာ သွားကြည့်လို့ ရပါတယ်။

၂၀၀၉ မရောက်ခင် ၂၀၀၈ ရဲ့ ခရီးသွားပို့စ်တွေကို အပြတ်ဖြတ်ရမယ်။ နောက်ပို့စ်မှာ အင်းလေးကပုံတွေ တင်မယ်။


A day at Berjaya Hills

Colmar TropicalFraser’s Hill အကြောင်းရေးရင်နဲ့ Berjaya Hills အကြောင်း မရေးရသေးတာ သွားသတိရတယ်။ ဩဂုတ်လပိုင်းလောက်က သွားခဲ့တာ။ ကွာလာလမ်ပူ ကနေ ကားနဲ့သွားရင် ၄၅မိနစ် လောက်ဘဲမောင်းရတဲ့ တောင်ပေါ် အပန်းဖြေ စခန်း တစ်ခုပါ။ အရင်တုန်းက Bukit Tinggi (Bukit=တောင်ကုန်း Tinggi=မြင့်သော) လို့ခေါ်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀ဝ လောက် မြင့်ပါတယ်။ တောင်တက်လမ်းတွေထဲက အဆိုးဆုံးလမ်းတစ်လမ်း ပြပါဆိုရင် Berjaya Hills တက်တဲ့လမ်းကို ပြရမယ်ထင်တယ်။ လမ်းက မတ်ရတဲ့အထဲ bumper တွေ အများကြီးနဲ့ဆိုတော့ နည်းနည်းတော့ စိတ်ညစ်ဖို့ကောင်းတယ်။ လမ်းဖောက်တဲ့နေရာမှာတော့ ဗြိတိသျှတွေကို မမှီဘူးလို့ဘဲ ပြောရမလားမသိ။ ဒီ resort က လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ဆောက်ထားတာ။ အရင်ပို့စ်တွေမှာ ရေးခဲ့တဲ့ Fraser’s Hill တို့ Cameron Highland တို့ တက်တဲ့လမ်းတွေက အင်္ဂလိပ်ခေတ်ကဖောက်ခဲ့တာဆိုတော့ ဘယ်လိုဘဲဖြစ်ဖြစ် သိပ်မဆိုးလှဘူး။ (အမှန်က နောက်ပိုင်းမှ ဖောက်တဲ့ လမ်းတွေက နည်းပညာ တိုးတက်လာတာနဲ့ အမျှ ပိုကောင်းလာရမှာ မဟုတ်လား။ တို့နိုင်ငံမှာလည်း ဒီအတိုင်းဘဲ။) ကိုယ်က အင်ဂျင်နီယာမဟုတ်တော့ လမ်းဖောက် တံတားဆောက်တာတွေ သိပ်နားမလည်ပါဘူး။

at Colmar Square
Berjaya Hills မှာ အဓိက ရှိတာကတော့ Colmar Tropical လို့ခေါ်တဲ့ ပြင်သစ်စတိုင် French-themed resort, Japanese tea house, Botanical garden, golf course စတာတွေ ရှိပါတယ်။ ဂေါက်သီးနဲ့ကိုယ်နဲ့က ဘာမှ မဆိုင်တဲ့အတွက် တစ်ခြားနေရာတွေကိုဘဲ သွားဖြစ်တယ်။ Horse Trail လည်း ရှိတယ်လို့ပြောတယ်။ မရောက်ဖြစ်လိုက်ဘူး။ တောင်ပေါ်ဆိုပေမယ့် ဩဂုတ်လပိုင်းဘဲ ပူလို့လားတော့ မသိ ရာသီဥတု သိပ်မအေးမြဘူး။ အထဲမှာ အဆမတန် ဈေးမြှောက်နေတဲ့ restaurant တွေကလွဲရင် လွယ်လွယ်ကူကူ စားစရာရှာလို့မတွေ့ဘူး။ ဒါကြောင့် Berjaya Hills သွားမယ်ဆိုရင် ဗိုက်အပြည့်ဖြည့်သွား၊ ဒါမှမဟုတ် စားစရာ ယူသွားသင့်ပါ၏။

Colmar Tropical ကို ပြင်သစ်နိုင်ငံ Alsace မှာ ရှိတဲ့ Colmar Village အတိုင်း ဆောက်ထားတယ်လို့ သိရပါတယ်။ ထူးထူးခြားခြား အဆောက်အဦးပုံစံလေးတွေ မြင်ရတာလည်း တစ်မျိုး စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Japanese Tea House and Botanical Garden
Japanese Tea House ကမာ္ဘ့ပထမဆုံး tropical forest မှာဆောက်ထားတဲ့ tea house လို့တော့ ရေးထားပေမယ့် မှာတော့ ဘာမှ သိပ်မရှိပါဘူး။ ဂျပန်စတိုင် ဆောက်ထားတဲ့ အိမ်လေးတစ်လုံးရှိတယ်။ ဂျပန်က ဗိသုကာ ပညာရှင်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဆောက်ထားတာလို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဗိုက်အရမ်းဆာနေတော့ သိပ်ပြီး စိတ်ဝင်တစား မကြည့်လိုက်ဘူး။ အဲဒီနားမှာ ဂျပန်ဝတ်စုံ ကီမိုနို ဝတ်ထားတဲ့သူ နှစ်ယောက်လောက် ထိုင်နေတယ်။ အဲဒီ ကီမိုနို ဝတ်ပြီး ဓါတ်ပုံရိုက်ချင်ရင် ရင်းဂစ် သုံးဆယ် လားမသိဘူး ပေးရတယ်။ အဲလောက်တော့ အကုန်မခံနိုင်ဘူး။ တရုတ်ကားတွေထဲက ရှေးခေတ်မင်းသမီးတွေ ဝတ်တဲ့ ဝတ်စုံနဲ့တော့ ဓါတ်ပုံရိုက်ချင်သား။ ဘေဂျင်းသွားတုန်းက ကပ်စီးနည်းနေတာနဲ့ မရိုက်ခဲ့ရဘူး။ နောက်တစ်ခေါက်သွားဖြစ်ခဲ့ရင်တော့ ဖြစ်အောင်ကို ရိုက်ရမယ်။ Berjaya Hills မှာ Christmas တို့ New Year တို့ဆို ပိုပြီး စည်မယ်ထင်တယ်။ မရောက်ဘူးသေးရင် အပျင်းပြေ သွားလည်ဖို့ကောင်းတဲ့ နေရာတစ်ခုပါဘဲ။