Old but gold?

ဟောင်းပေမယ့် ကောင်းနေဆဲလား?
လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကနဲ့ယှဉ်ရင် တောင်ကြီးမြို့ကြီးမှာ တိုးတက်လာတာ အိမ်တွေ၊ လူတွေ၊ ဆိုင်ကယ်တွေ များလာတာကိုဘဲ ပြောလို့ရမယ်ထင်တယ်။ မပြောင်းလဲဘဲ ဟောင်းနေဆဲအရာတွေကို လိုက်ရှာလွမ်းကြည့်တာပေါ့။

မြို့ပါတ်ကား သို့ တောင်ကြီး-အေးသာယာ ဆွဲနေတဲ့ မောချယ်ရီဘတ်စ်ကားတွေ ခုထိ ရှိသေးတယ်။

ဈေးပွဲတော်တစ်ခုရောက်သွားတော့ ဒီချားရဟတ်ကိုတွေ့လို့ ဓါတ်ပုံရိုက်ခဲ့တယ်။ အခု တစ်ခါစီးဘယ်လောက်လဲ မေးဖို့တော့ သတိမရမိဘူး။ ငယ်ငယ်ကဆို ပွဲခင်းထဲရောက်ရင် ဒါမစီးရ မပြန်ဘူးလုပ်ခဲ့တာ။ သူများနိုင်ငံက ကလေးတွေ merry-go-round ကို အလွယ်တကူ စီးနိုင်ပေမယ့် တောင်ကြီးက ကလေးတွေတော့ ပွဲဈေးမျှော်ပြီး ချားရဟတ်ကို ပျော်ပျော်ကြီး စီးကြတုန်းပေါ့။

ငယ်ငယ်တုန်းက ဆိုင်မှာအကြွေအမ်းတဲ့အခါ နည်းနည်းလေးစုတ်နေရင်တောင် လူတွေမယူတာမို့ ပိတ်ရက်ဆို အဖေ့ကိုကူပြီး ပိုက်ဆံဖာထေးရတာ အရမ်းပျော်ခဲ့တယ်။ ခုတော့ အကြွေရှားပါးနေတော့ ဘယ်လောက်စုတ်စုတ် အကြွေပေးနိုင်ရင်တောင် ကျေးဇူးတင်ပြီး ယူကြတယ်။ ဒါပေမယ့် ပိုက်ဆံအစုတ်မြင်ရင် တိပ်နဲ့ကပ်ချင်တဲ့ ဝါသနာကလည်း ရှိနေတော့ အားတဲ့တစ်နေ့ ထိုင်ပြီး အမေဈေးဝယ်ဖို့ စုထားတဲ့ အကြွေတွေကို ထိုင်ကပ်ပေးလိုက်တယ်။ ဟိုကာတွန်းတစ်ခုထဲကလို မြန်မာငွေ ပိုပြီး ခိုင်မာလာအောင် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုတယ်လို့ ပြောရင် ရမယ်ထင်တယ် :D

ဆိုင်ကယ်တွေ များလာတာနဲ့အမျှ ဆိုင်ကယ်ဓါတ်ဆီကို ဒီလိုတိုးပြီး ထုတ်ရတယ်။ ဒါက အထွက်ဖက်မှာ ရိုက်ထားလို့။ အဝင်ဖက်မှာဆို ပိုဆိုးသေးတယ်။ တန်းစီနေတာ အရှည်ကြီးဘဲ။ တစ်ပါတ် သုံးရက်ထုတ်ပေးတာတောင် ခက်ခက်ခဲခဲ ထုတ်နေရတုန်း။ ဆိုင်ကယ်တွေက တန်းစီ၊ လူတစ်ယောက်က ကြိုးတာထားပြီး ငါးစီးတစ်ဖြတ်လောက် လွှတ်ပေးတယ်။ မသိရင် မြင်းပြိုင်ပွဲလိုဘဲ။ :D ပြီးရင် လွှတ်လာတဲ့ ဆိုင်ကယ်တွေရဲ့ ဓါတ်ဆီစာအုပ်ကို လူတစ်ယောက်က update လုပ်ပြီး ဆိုင်ကယ်နံပါတ်ကိုအော်တယ်။ နောက်တစ်ယောက်က သူအော်တာကို မှတ်ထားတယ်။ နောက်တစ်ယောက်က ဓါတ်ဆီpump နဲ့ လိုက်ဖြည့်တယ်။ ရှုပ်နေရောဘဲ။ ဓါတ်ဆီထုတ်ပေးတဲ့စနစ်က အရင်တိုင်းပေမယ့် ဆိုင်ကယ်တွေများလာတော့ တန်းစီရတာ အရင်ကထက် ပိုဆိုးသွားတယ်။

ဒီတစ်ခေါက် တောင်ကြီးပြန်တော့ အများဆုံးရိုက်ဖြစ်တာတော့ အစားအသောက် ပုံတွေဘဲ။ ပြီးမှ အခန်းဆက် တင်ဦးမယ် :D


Testing Myanmar Unicode Support on Mac OS X

အရင်အပါတ်က ရုံးမှာ Mac Book Pro ၂လုံး grant ရတော့ ဘယ်သူသုံးချင်သလဲမေးတာ.. ရုံးက programmer အများစုက ဝင်းဒိုး မစွန့်လွှတ်နိုင်သူတွေများနေတယ်။ ကိုယ်က သိပ်စမ်းသပ်ချင်တဲ့သူဆိုတော့ သုံးမယ်ပြောလိုက်တော့ လက်ထဲကို Mac Book လေး ရောက်လာရောဆိုပါတော့။ Mac OS မှာ 10.7.2 Lion ကနေစပြီး မြန်မာယူနီကုဒ်ကို support လုပ်တယ်ဆိုတာ ဖတ်မိထားတော့ ရတာနဲ့ အင်တာနက်ချိတ်ပြီး ဘယ်လိုနေလဲစမ်းသပ်ကြည့်တယ်။




Font embed မလုပ်ထားတဲ့ ကိုယ့်ဘလော့ဂ်ရယ် မစူးနွယ် ဘလော့ဂ်ရယ်ဖွင့်တယ်။ တစ်ချို့ အောက်ကမြစ်လေးတွေ နေရာနည်းနည်းလွဲနေတာကလွဲရင် ကျန်တာအကုန်အဆင်ပြေတယ်။ ဖောင့်သွင်းစရာမလိုဘဲ ဖတ်လို့ရတာ ဘယ်လောက်ကောင်းသလဲ။ ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ဂ်တွေကိုတော့ ပေစာ၊ကျောက်စာ၊ပုရပိုက်စာ ဆန်ဆန်လေး မြင်ရတယ်။ အန်ကယ်ဒီကိုလာ ရဲ့ဘလော့ကတော့ font-embed လုပ်ထားတယ်ထင်တာဘဲ၊ ကောင်းကောင်းဖတ်လို့ရတယ်။ အဲဒါနဲ့ screenshot ရိုက်ပြီး လနဲ့ချီမရေးတဲ့ ဘလော့ဂ်မှာ တင်ချင်စိတ်ပေါက်လာတာနဲ့ တင်လိုက်ပါတယ်။  အဲဒီလိုနဲ့ အချက်၂ချက်ကိုတော့ အတိအကျ ပြောနိုင်သွားတယ်။ :-D

၁။ OS တွေမှာ Myanmar Unicode support လုပ်လာရင် ဖောင့်သွင်းစရာမလိုဘဲနဲ့ မြန်မာယူနီကုဒ်နဲ့ရေးထားတဲ့စာတွေ ကောင်းကောင်းဖတ်လို့ရမယ်။
၂။ ဇော်ဂျီနဲ့ ရေးထားတဲ့ ဝက်ဆိုဒ်တွေ ပျက်စီးသွားမယ်ဆိုတာ လုံးဝမဟုတ်ဘူး။ သူ့အတိုင်း သူနေနေမှာဘဲ။ မသကာ ဖောင့်သွင်းပြီး ဖတ်ရုံပေါ့။

ထူးတေဇာ  သူ့ ပို့စ်တစ်ခုမှာ ရေးဖူးတာကတော့
နောက်တစ်ခုထူးခြားတာက ဖောင့်ထည့်ပေးရုံတင် မဟုတ်ပဲ အခြား လုပ်ဆောင်ချက် တွေပါထည့် ပေးထားပါတယ်။ iCal ဆိုတဲ့ calendar မှာ အကုန် မြန်မာလို ပြပေးတယ် icon မှာကအစ မြန်မာလိုပါ။ နောက် နာရီကိုလဲ မြန်မာလို ပြတယ်။ သူက နေ့လည်နဲ့ ညနေဆိုပြီး AM, PM ကိုတောင် ပြပေးသေးတယ်။ ရက်စွဲတွေလဲ ဗုဒ္ဓဟူး စသဖြင့်ပြတယ် လတွေရောပဲ။ တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်။ သေချာတာကတော့ Lion OS က သက်သေပြပေးတာပါပဲ Unicode fonts တွေဟာ ကွန်ပျူတာပေါ်မှာ စာလုံးပေါ်ပြီး လူက မျက်စိနဲ့ ဖတ်ရုံသက်သက် မဟုတ်ပဲ compute လုပ်လို့ ရတယ်ဆိုတာ ပြပေးတာပါ။
အဲဒါတွေတော့ မစမ်းကြည့်ရသေးဘူး။ တစ်ချို့ screenshots တွေကို Saturngod ရေးတဲ့ Lion that made me cry မှာကြည့်ပါ။ ကျမတော့ ခုမှ Mac စသုံးတာဆိုတော့ ကွန်ပျူတာ စသင်စ ကလေးလေးလို ဖြစ်နေတယ်။ My Computer ဘယ်နားရှိလည်းကအစ google search နဲ့ ပြန်ရှာနေရတယ်။ အကျွမ်းတဝင်ဖြစ်သွားရင်တော့ windows ထက် အပုံကြီးသာတယ် ပြောကြတာဘဲ။ ခုလောလောဆယ်တော့ တိုင်ပါတ်နေတယ်။ အချိန်တိုအတွင်း adapt လုပ်နိုင်မယ်လို့တော့ မျှော်လင့်တာဘဲ။ 
-----------
ခုနက နည်းနည်းဆက်ကလိထားတာ။ မြန်မာကီးဘုတ်ပါ တစ်ခါတည်း ပါတယ်။ မြန်မာနိုင်ငံအလံသစ်လေးနဲ့ MYANMAR- QWERTY ဆိုပြီး ပြထားပါတယ်။ သူ့ကီးဘုတ်တော့ မရိုက်တတ်ဘူး။ စာလုံးစီထားပုံက နဂို မြင်နေကြမဟုတ်တော့။ (Lion's built-in myanmar unicode keyboard map) ရက်စွဲ၊ အချိန်၊ ငွေကြေး၊ စသဖြင့် အကုန် မြန်မာလို set လုပ်လို့ရတာ တွေ့ရတယ်။ Buddhist Calendar ဆိုပြီးတော့တောင်ပါသေးတယ်။

built-in Myanar keyboard (with weird key arrangements :D )
စာြကွင်း - Zawgyi ဖတ်မရဘူးထင်ပြီး ခဏနေ မက်ဘွခ် ဝယ်ဖို့လန့်နေဦးမယ်.. Zawgyi ဖောင့်သွင်းလိုက်တာနဲ့ ဘာsetting မှတောင်​ ​ပြောင်းစရာမလိုလိုက်ဘူး..အော်တိုမက်တစ် အကုန်ဖတ်လို့ရသွားတယ်.. ကောင်းလေစွ.. :)


An exciting activity at ATV Adventure Park, KL


ဒီတစ်ပါတ်ပိတ်ရက်မှာလည်း waterfall သွားခဲ့တယ်။ ဒါပေမယ့် ရေတံခွန်က တကယ့်တောထဲတောင်ထဲမှာရှိပြီး ATV လို့ခေါ်တဲ့ All-Terrain Vehicles တွေနဲ့ သွားတာပါ။ တစ်နေရာရာ သွားမယ်ဆို ၂ခါခေါ်စရာ မလိုတဲ့သူဆိုတော့ သူငယ်ချင်းတွေက လိုက်မလားလို့ မေးတဲ့အခါ ATV ဆိုတာ ဘာမှန်းမသိလဲ YES အရင် ပြောပြီးသားဘဲ။deposit ပေးပြီးမှ website တွေ ဘလော့ဂ်တွေ လိုက်ဖတ်ဖြစ်ခဲ့တာ။
ATV Adventure Park က ကွာလာလမ်ပူက တိရိစ္ဆာန်ရုံ (Zoo Negara) နဲ့ 4.8 kilometer လောက်ဘဲ ဝေးပါတယ်။ weekend ဆို လူအရမ်းများတဲ့အတွက် အရင် booking လုပ်ရတယ်။ သူတို့ကိုမေးကြည့်တော့ တစ်ဖွဲ့ကို အများဆုံး ၃၈ ယောက်ထိ booking လုပ်လို့ရပြီးတော့ ၁၅ယောက်အထက်ဆိုရင် discount ပေးတယ်လို့ ပြောပါတယ်။ booking လုပ်တဲ့အချိန်မှာ deposit တစ်ဝက် တစ်ခါတည်း ပေးထားရပါတယ်။ ဖုန်းနဲ့ဘဲ book လုပ်ပြီး Maybank, CIMB တို့နဲ့ လွှဲရုံဘဲ။ Package ငါးခုရှိပြီး ဈေးနှုန်းက ရင်းဂစ် ၅၀ ကနေ ရင်းဂစ်၃၀၀ အထိရှိပါတယ်။ လူအများဆုံး ရွေးကြတာက ရင်းဂစ် ၁၀၀ ပေးရတဲ့ package B လို့ပြောပါတယ်။ Package C က သဉ္ဇာတစ်ခေါက်ရေးဖူးတဲ့ Bukit Tabur တောင်အထိ တက်တာပါ။ အဲဒီတောင်က လမ်းလျှောက်တက်ရတာတောင် အတော်ပင်ပန်းတယ်။ ATV နဲ့သာ တက်ရရင်တော့ လမ်းတွေမတ်လွန်းလို့ လန့်ပြီး သေနိုင်တယ်။
 ATV Park ကို တစ်ယောက်မှ မရောက်ဖူးကြပေမယ့် သူ့ websiteမှာ ပြထားတဲ့ မြေပုံ ကို print ထုတ် တက္ကစီတစ်စီးငှားပြီးသွားလိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်။ Zoo Negara ဘေးကလမ်းကနေ ကွေ့ဝင်လိုက်တာနဲ့ Kampunt Kemensah ဆိုတဲ့ ရွာထဲကို ရောက်သွားတယ်။ KL နဲ့ဆို ၁၀မိနစ်လောက်ဘဲဝေးပေမယ့် တကယ့်ကို ရွာကလေးပါ။ ဆိတ်တွေတောင် လမ်းမှာ လျှောက်သွားနေတာ။ အစက လမ်းများမှားပြီလားလို့ထင်တာ။ ဒါပေမယ့် နည်းနည်းလေးသွားပြီးတာနဲ့ “To ATV Park” ဆိုတဲ့ sign ကို မရောက်မချင်း ပြထားတဲ့အတွက် လမ်းမှားစရာ အကြောင်းမရှိပါဘူး။ ရဲရဲသာမောင်းခိုင်းပါ။ တောင်တက်လမ်းကတော့ တော်တော်ကျဉ်းတယ်။ တက္ကစီသမားတောင် တော်တော်လန့်နေရှာပုံဘဲ။ ငါ့ကိုဘယ်ခေါ်လာကြလဲဆိုပြီး။ ကိုယ်လည်း လန့်တော့ လန့်တာပါဘဲ။ လမ်းက ချောင်ကျလွန်းတာကိုး။ ဟန်ကိုယ့်ဖို့ ကလည်း ရှိသေးတော့ သူ့ကို မောင်းသာမောင်းဆိုပြီး ပြောရတာ။ အိမ်ကနေအဲအထိမှ တက္ကစီခ ရင်းဂစ်၁၃ကျပ်ဘဲကျတယ်။ ဝမ်းသာအားရနဲ့ တက္ကစီသမားကို ပိုပေးမယ်နော်ဆိုပြီး ၂၀ ပေးတာ သူက အားနာပြီး မယူဘူး။ နောက်ဆုံး ၁၅ကျပ် အတင်းပေးခဲ့တာတောင် ပြန်အမ်းမယ်လုပ်နေတာ။ KLCC ဘက်ကနေ လာမယ်ဆိုရင်လည်း traffic jam မရှိရင် ၁၅ကျပ်ဝန်းကျင်လောက်ဘဲ ကျပါလိမ့်မယ်။


Package B က သူ့ basecamp ကနေ waterfall ကိုသွားတာပါ။ အသွားမှာ မိနစ်၄၀၊ အပြန် မိနစ်၃၀ ကြာပြီးတော့ waterfall မှာ ရေကစားချိန် နာရီဝက်လောက်ပေးတယ်။ အဲလောက်ဆို အေးဆေးဘဲလို့ ထင်ထားတာ။ နည်းနည်းစောစော သွားချင်ပေမယ့် book လုပ်တာ နောက်ကျလို့လားမသိဘူး ညနေသုံးနာရီ session ဘဲ ရလိုက်တယ်။ နေရာရှာမတွေ့မှာစိုးလို့ စောစောထွက်ခဲ့တာ ၂နာရီကျော်ကျော်လောက် အဲကိုရောက်သွားတယ်။ အဲအထိကို လုံးဝ မကြောက်သေးဘူး။ မိုးမရွာပါစေနဲ့လို့ ဆုတောင်းပေမယ့် ကိုယ်ရောက်သွားတဲ့အချိန်ကို ကွက်တိဘဲ မိုးရွာတယ်။ မိုးအရမ်းမကြီးလို့ တော်သေးတယ်ဘဲပြောရမယ်။ ကံဆိုးတယ်ဘဲပြောရမလား ကံကောင်းတယ်ဘဲပြောရမလား။ မိုးရွာတော့ လမ်းတွေဗွက်ထပြီး adventure ပိုဆန်သွားတယ်။ သုံးနာရီလောက်ရောက်တော့ training ပေးတယ်။ ပြီးတော့ training ကွင်းမှာ ၂ပါတ်မောင်းခိုင်းတယ်။ အဲမှာတင် သေတာဘဲ။ လီဗာက လက်မနဲ့ ဖိရတာဆိုတော့ အတင်းသွားသွားဖိမိပြီး ဝူးကနဲ ထွက်ထွက်သွားတာ trainer တွေ အတင်းလိုက်ဆွဲရတယ်။ သူများ၂ပါတ်မောင်းလို့ အိုကေပေမယ့် ကိုယ့်ပုံက သိပ်မအိုကေလို့ လေးပါတ်လောက် မောင်းခိုင်းတယ်။ :D training ကွင်းတောင် ကုန်းတက်ကုန်းဆင်း တော်တော်ကြမ်းတယ်။ အဲလမ်းကို ကြမ်းလှပြီထင်တာ စထွက်မှ ပိုဆိုးမှန်းသိတော့တယ်။
 အပေါ်ကပုံက တောလမ်းကို စဝင်ဝင်ချင်းပေါ့။ လမ်းက တော်တော့်ကို မတ်တယ်။ အဲလိုမျိုးအတက်ချည်း သုံးခုလောက်ရှိတယ်။ သဉ္ဇာတို့ ခြောက်ယောက် အဖွဲ့ကို trainer ၂ယောက် ထားပေးတယ်။ မဟန်တဲ့လူတွေများနေလို့ :D အရှေ့တစ်ယောက် အနောက်တစ်ယောက် လိုက်စောင့်ရှောက်ပေးလို့ တော်တော့တယ်။ ပုံထဲမှာ အရှေ့တစ်ယောက် တက်မရလို့ trainer လိုက်တွန်းပေးနေတာ။ တော်တော်ဖော်ရွေကြတယ်။ ဘေးကနေလိုက်ပြောပေးတယ်။ လီဗာကို ဖြည်းဖြည်းနှိပ်။ စိတ်လျှော့.. ဖြည်းဖြည်းချင်းတက် အဲလိုပေါ့။ သူတို့အဲလိုပြောပေးတော့ အနည်းဆုံးတော့ နည်းနည်းအကြောက်ပြေသွားတယ်။ 
 အစပိုင်းတော့ ကင်မရာ ထုတ်ထုတ်ပြီး ဓါတ်ပုံရိုက်နိုင်ပေမယ့် နည်းနည်းသွားပြီးတာနဲ့ လမ်းက ပိုပိုကြမ်းလာတော့ ကင်မရာကို လုံးဝ သိမ်းထားလိုက်ရတယ်။ အဲဒါကြောင့် အင်တာနက်မှာ ဘလော့ဂ်တွေ လိုက်ကြည့်ရင် လမ်းကြမ်းတဲ့ပုံတွေ မတွေ့တာလေ။ ကိုယ့်ဟာနဲ့ကိုယ် မနည်း survive လုပ်နေရလို့ ဘယ်သူမှ မရိုက်အားကြဘူးနေမှာ။ လမ်းနည်းနည်း ပြေတဲ့နေရာရောက်ပြီဆိုရင် ဝါးပင်တွေ လဲပြီး လမ်းပိတ်နေတဲ့နေရာတွေ အများကြီးဘဲ။ မနည်းခေါင်းငုံ့ပြီး ရှောင်သွားရတယ်။ အရပ်မြင့်တဲ့သူတွေဆို ပိုဆိုးမှာ။ ကုန်းတက်လိုက်.. ကုန်းဆင်းလိုက်.. အော်လိုက်.. ဝါးပင်တွေ ငုံ့ရှောင်လိုက်နဲ့ တကယ့်မဟာ စွန့်စားခန်းကြီးပါဘဲ။ တစ်ချို့နေရာများဆို ငါတို့ လမ်းလျှောက်ဘဲ တက်တော့ရင် ကောင်းမယ်ထင်တယ်လို့တောင် ပြောဖြစ်ကြသေးတယ်။ တော်သေးတယ်.. လွယ်မှာပါဆိုပြီး တစ်ခြား package တွေ သွားမယူမိလို့။ လမ်းကတော့ ဝေးလည်းဝေးတယ်.. ကြမ်းလည်း တော်တော်ကြမ်းတယ်။ သူတို့ပြောတဲ့အတိုင်း မိနစ်၄၀လောက် မောင်းပြီးတော့ ရေတံခွန်ကို ရောက်တယ်။ 

 ဝါးပင်ရှည်ကြီးတွေ အုပ်နေတဲ့ စိမ်းလန်းတဲ့ တောလေးထဲက အေးချမ်းတဲ့ ရေထံခွန်ကိုတွေ့လိုက်တော့ အခုနက ပင်ပန်းခဲ့တာတွေ လန့်တာတွေတောင် ပျောက်သွားခဲ့ပါတယ်။ ရေတံခွန်က ၇ထပ်ရှိတယ်လို့ ပြောပေမယ့် ၂ထပ်အထိဘဲ တက်ခဲ့တယ်။ ဒီတစ်ခေါက်တော့ ရေကစားဖို့ထက် ဘလော့ဂ်ဂါပီပီ ရေတံခွန်ကို ဓါတ်ပုံရိုက်ဖို့ ပိုစိတ်အားထက်သန်နေခဲ့တယ်။ ရေခဏကစား အမောဖြေ ရေလေးဘာလေးသောက်ပြီး ပြန်ဖို့အချိန်ကို ရောက်ခဲ့ပါတယ်။ အပြန်ကြတော့ အသွားကလောက် မကြောက်တော့ဘူး။ အလာတုန်းက တက်ခဲ့တဲ့ အရမ်းမတ်တဲ့လမ်းတွေဟာ ခုတော့ အဆင်းလမ်းတွေ ဖြစ်ကုန်တာပေါ့။ ရှေ့ဘရိတ် နောက်ဘရိတ် ၂ခုလုံးကို အားကုန်ဆွဲပြီး ဆင်းရတာ လက်တော့ အရမ်းနာတယ်။ သူတို့ပြောတဲ့အတိုင်း ဘရိတ်သာ နိုင်နိုင်ဆွဲရင် ဘာမှ မဖြစ်ပါဘူး။ ညနေ ငါးနာရီခွဲလောက်တော့ basecamp ကို ပြန်ရောက်လာခဲ့ပါတယ်။ 

ရေချိုး အဝတ်အစားလဲဖို့ အခန်းတွေပါ သေချာ ဆောက်ထားပေးတယ်။ ပြီးတော့ ဖရဲသီး ကျွေးသေးတယ်။ ကြောက်စရာ လန့်စရာကောင်းပေမယ့် ပြန်စဉ်းစားကြည့်ရင်တော့ တကယ်ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ပေးရတဲ့ ရင်းဂစ်၁၀၀ နဲ့ တန်တဲ့ ပျော်ရွှင်မှုတွေ ရခဲ့တာတော့ အမှန်ပါဘဲ။ ဘရိတ်ဆွဲထားရတဲ့အရှိန်ကြောင့် ဒီနေ့တော့ လက်တွေ အသေနာနေလို့ ဆေးလိမ်းထားရတယ်။ နောက်တစ်ခေါက်သွားဦးမလားဆိုရင်တော့ လောလောဆယ်တော့ မသွားချင်သေးပါဘူး။ Adventure က တစ်ခါတစ်လေ လုပ်တာဘဲ ကောင်းပါတယ်။ နည်းနည်းကြာရင်တော့ ထပ်သွားဖြစ်ဦးမယ်။ KL မြို့နဲ့ နီးနီးနားနားမှာရှိတဲ့အတွက် တစ်ခေါက်လောက်တော့ ရောက်အောင် သွားဖို့ recommend လုပ်ရင်း ဘလော့ဂ်ပို့စ် အရှည်ကြီးကို အဆုံးသတ်လိုက်ပါတယ်။ :-)


Weekend Getaway: short trip to Kuantan

တစ်နေ့တစ်နေ့ ရုံးတက်၊ ရုံးဆင်းလုပ်နေရတဲ့ဘဝမှာ တနင်္လာနေ့လောက်ကတည်းက ဒီအပါတ် ပိတ်ရက်မှာ ဘာလုပ်မလဲဆိုတာ ကြိုတင်စဉ်းစားမိနေတာ အလုပ်တစ်ခုလို ဖြစ်နေပြီ။ ကွမ်တန် မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းက သူ့ဆီလာလည်ဖို့ ပြောတာ သူကျောင်းစတက်ကတည်းက။ ခုသူတောင် ကျောင်းပြီးတော့မယ်။ တွေ့တိုင်း ဘယ်တော့ လာလည်မလည်းမေနေတာ။ ဒီလိုနဲ့ သွားမှဘဲ ရောက်တော့မယ်ဆိုပြီး စိတ်ကူးပေါက်တဲ့ တစ်ခုသော သောကြာနေ့ညမှာ လက်မှတ်ကောက်ဝယ်ပြီး စနေနေ့ မနက်ကားနဲ့ ကွမ်တန်ကို ထွက်ခဲ့တယ်။ ဘတ်စ်ကားခက အသွားအပြန်ကို ရင်းဂစ် ၄၄ ဘဲကျတယ်။ (အခု ဘတ်စ်ကားလက်မှတ်တွေပါ online က ဝယ်လို့ရတော့ တော်တော်အဆင်ပြေတယ်။ အချိန်ကုန် သက်သာတယ်။) 
Kuantan = capital of Pahang State 
Teluk Chempadak beach, Kuantan
ခရီးဝေး မသွားဖြစ်တာ တော်တော်ကြာသွားပြီ။ သူငယ်ချင်းတွေက ခေါ်ပေမယ့် ဒီပိတ်ရက်တော့ အလုပ် နည်းနည်း လုပ်လိုက်မယ်။ စာနည်းနည်း ဖတ်ရမယ်.. စသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ မလိုက်ဖြစ်တာ။ လွန်ခဲ့တဲ့ တစ်နှစ်လုံး ကျောင်းပြန်တက်ဖို့ လုံးပန်းနေတာနဲ့ တစ်ခြားအရာတွေ ဘာမှ မလုပ်ဖြစ်ဘူး ဖြစ်သွားတယ်။ ဒါပေမယ့် ပိတ်ရက်ဆို အိမ်မှာထိုင်နေလည်း ဘာမှ သိပ်မလုပ်ဖြစ်ဘူး။ တစ်နေကုန် ရုပ်ရှင်ကြည့်နေတာနဲ့ဘဲ အချိန်ကုန်ကုန်သွားတယ်။
မနက် ၈နာရီကားဆိုတော့ မလွတ်သွားအောင် နည်းနည်းစောစော ကြိုးစားပြီး ထလိုက်ရတယ်။ မလေးရှားမှာက အဝေးပြေးကားတွေ သိပ်အချိန်မှန်တယ်။ ရှစ်နာရီအတိဆိုတာနဲ့ ကားဟာ ဂိတ်မှာ မရှိတော့ဘူးမှတ်ဘဲ။ ၅မိနစ်လောက်နောက်ကျလို့ နောက်ကားတစ်စီးကို ကားခတစ်ဝက်ထပ်ပေးပြီး စီးရကတည်းက မှတ်သွားတာ။ Puduraya ကားဂိတ် အသစ်ပြင်ထားတော့ ပျံလန်နေတာ လေဆိပ်အတိုင်းဘဲ။ ဘတ်စ်က သုံးနာရီခွဲလောက်ဘဲ စီးလိုက်ရတယ်။ ၁၁နာရီခွဲဆိုတာနဲ့ ကွမ်တန်မြို့ထဲကို ရောက်သွားတယ်။ KL မှာသာနေရင် အဲအချိန်လောက်မှ ထရင်ထတာ။ အဲတစ်နေ့တော့ စောစာထတဲ့ငှက် ကွမ်တန်ရောက်သွားတယ်ပေါ့လေ။

သူငယ်ချင်း အဆောင်ရောက်တော့ သူက ထမင်းဟင်း ချက်ကျွေးပါတယ်။ ကျောင်းအဆောင်မှာက ဟင်းချက်ခွင့်မရှိပါဘူး။ ဒါပေမယ့် ရွှေဉာဏ်တော်စူးရောက်တဲ့ ကျောင်းသူများကတော့ rice cooker တစ်လုံးနဲ့ ဖြစ်အောင် ခိုးပြီး ချက်စားကြပါတယ်။ ထမင်းအိုးက ချက်ပြီးတာနဲ့ ဖွက်လို့လွယ်တယ်လေ။ ဘာဘဲဖြစ်ဖြစ် အဆောင်မှာစုပြီး ချက်စားဖြစ်တာက အိမ်မှာ တစ်ယောက်တည်းချက်ပြီး တစ်ယောက်တည်းစားရတာထက် ပိုစားကောင်းတာ အမှန်ပါဘဲ။ စားပြီးတော့ Transformers 3 သွားကြည့်ဖို့ လက်မှတ်book လုပ်တော့ ကွမ်တန်မှာ ရှိသမျှ ရုပ်ရှင်ရုံတွေမှာ ည၁၂နာရီအထိ ဘွတ်ကင်ပြည့်သွားပြီတဲ့။ တစ်မြို့လုံးကလူတွေ ရုပ်ရှင်ကြည့်ထွက်ကြသလား မှတ်ရတယ်။ (စကားမစပ် အဲရုပ်ရှင်က ပထမ နှစ်ပိုင်းထက် ကောင်းပေမယ့် မိနစ်၄၀လောက် ဖြတ်ပစ်မယ်ဆိုရင် ပိုကြည့်ကောင်းမှာဘဲ။ ခါးညောင်းအောင် ကြည့်လိုက်ရတယ်။ ပြီးတော့ မင်းသမီးက သိပ် annoying ဖြစ်လွန်းတယ်။ :D)

Teluk Chempadak beach, Kuantan
ရုပ်ရှင်မကြည့်ရတော့လည်း ကွမ်တန်နဲ့ နီးနီးနားနား ၁၅မိနစ်လောက် မောင်းရတဲ့ Teluk Chempedak beach ဘက်ကို သွားဖြစ်လိုက်တယ်။ ပင်လယ်ကမ်းခြေဟာ စိတ်ဖိစီးမှုကို တကယ်ပြေပျောက်စေတယ်။ ကမ်းခြေမှာ ဟိုလျှောက်ဒီလျှောက် ဓါတ်ပုံရိုက်ကြတယ်။ ခဏနေတော့ သူငယ်ချင်းက လေတံခွန် လွှတ်ကြရအောင်တဲ့။ အစက ဖြစ်မှ ဖြစ်ပါ့မလားပေါ့။ ငယ်ငယ်ကဆို ဘယ်တော့မှ တက်အောင် မလွှတ်ဖူးဘူးကိုး။ သူများလွှတ်ပြီးသား တက်နေရင်တောင် ရစ်လုံးကို ကိုယ်ကိုင်လိုက်တာနဲ့ လေတံခွန်ပါ အောက်လိုက်ဆင်းလာလောက်အောင် ကျွမ်းကျင်တာဆိုတော့လေ။ ဒါပေမယ့် စမ်းကြည့်မယ်ဆိုပြီး ငါးကျပ်နဲ့ လေတံခွန်သွားဝယ်ကြတယ်။ ကမ်းခြေမှာကြတော့ လေတဖြူးဖြူး တိုက်နေလို့ထင်တယ်။ ကြိုးကို နည်းနည်းလေး ဆွဲပေးလိုက်တာနဲ့ တက်သွားရော။ မလေးရှားနိုင်ငံက  ကမ္ဘာ့တောင်ဘက်ပိုင်းနည်းနည်းကျတော့ ကမ်းခြေအများစုမှာ နေထွက်ချိန်တို့ ဆည်းဆာတို့တော့ ကောင်းကောင်းခံစားလို့မရဘူး။ ညနေ၇နာရီလောက်ထိ ကမ်းစပ်မှာထိုင် စကားတွေပြောရင်း ဗိုက်ဆာလာမှ ပြန်ဖြစ်ခဲ့တယ်။

Sungai Pandan Waterfall, Kuantan
တနင်္ဂနွေနေ့မနက်ကြတော့ သူငယ်ချင်းတို့ကျောင်းက Postgraduate Society ကနေ သွားမယ် trip ရှိတယ် လိုက်ခဲ့ပါလားဆိုတာနဲ့ သူတို့နဲ့ Sungai Pandan Waterfall ကို လိုက်သွားဖြစ်တယ်။ မလေးရှားမှာက ရေတံခွန် တော်တော်များတယ်။ ပြီးတော့ ပြည်သူတွေ အပန်းဖြေလို့ရအောင် သေချာ ထိန်သိမ်းထားတဲ့အတွက် သွားရလာရလွယ်ကူတော့ အဆင်ပြေတယ်။ တောင်တက်ဖို့ လှေကားထစ်လေးတွေ၊ နားနေဆောင်၊ အဝတ်လဲခန်း၊ ရေချိုးခန်း၊ ဘုရားဝတ်ပြုဆောင်စသဖြင့် အသေအချာကိုလုပ်ထားတဲ့ နေရာတစ်ခုပါ။ ကမ်းခြေမှာတစ်ရက်၊ ရေတံခွန်မှာ တစ်ရက်ဆိုတော့ မဖျားသွားတာဘဲ ကံကောင်းတယ်။ ဒါပေမယ့် ရေတံခွန်က ရေစီးကြတဲ့အရှိန်နဲ့ နောက်နေ့တွေမှာတော့ လူကို ရိုက်ထားသလို ကိုက်ခဲသွားတာ သုံးရက်လောက် အနားယူလိုက်ရတယ်။ ရေတံခွန်ကပြန်တော့ ခဏနားပြီး ညနေ ခြောက်နာရီကားနဲ့ KL ကို မပြန်ချင် ပြန်ချင် ပြန်လာခဲ့ရပါတော့တယ်။ ၂ရက်၁ညခရီးသွားရတာ နည်းနည်းတော့ ပင်ပန်းပေမယ့် တကယ်ကို အဓိပ္ပါယ်ရှိတဲ့ weekend တစ်ခု ဖြစ်ခဲ့ပါတယ်။