တစ်နေ့တစ်နေ့ ရုံးတက်၊ ရုံးဆင်းလုပ်နေရတဲ့ဘဝမှာ တနင်္လာနေ့လောက်ကတည်းက ဒီအပါတ် ပိတ်ရက်မှာ ဘာလုပ်မလဲဆိုတာ ကြိုတင်စဉ်းစားမိနေတာ အလုပ်တစ်ခုလို ဖြစ်နေပြီ။ ကွမ်တန် မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းက သူ့ဆီလာလည်ဖို့ ပြောတာ သူကျောင်းစတက်ကတည်းက။ ခုသူတောင် ကျောင်းပြီးတော့မယ်။ တွေ့တိုင်း ဘယ်တော့ လာလည်မလည်းမေနေတာ။ ဒီလိုနဲ့ သွားမှဘဲ ရောက်တော့မယ်ဆိုပြီး စိတ်ကူးပေါက်တဲ့ တစ်ခုသော သောကြာနေ့ညမှာ လက်မှတ်ကောက်ဝယ်ပြီး စနေနေ့ မနက်ကားနဲ့ ကွမ်တန်ကို ထွက်ခဲ့တယ်။ ဘတ်စ်ကားခက အသွားအပြန်ကို ရင်းဂစ် ၄၄ ဘဲကျတယ်။ (အခု ဘတ်စ်ကားလက်မှတ်တွေပါ online က ဝယ်လို့ရတော့ တော်တော်အဆင်ပြေတယ်။ အချိန်ကုန် သက်သာတယ်။)
Kuantan = capital of Pahang State
Teluk Chempadak beach, Kuantan
ခရီးဝေး မသွားဖြစ်တာ တော်တော်ကြာသွားပြီ။ သူငယ်ချင်းတွေက ခေါ်ပေမယ့် ဒီပိတ်ရက်တော့ အလုပ် နည်းနည်း လုပ်လိုက်မယ်။ စာနည်းနည်း ဖတ်ရမယ်.. စသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ မလိုက်ဖြစ်တာ။ လွန်ခဲ့တဲ့ တစ်နှစ်လုံး ကျောင်းပြန်တက်ဖို့ လုံးပန်းနေတာနဲ့ တစ်ခြားအရာတွေ ဘာမှ မလုပ်ဖြစ်ဘူး ဖြစ်သွားတယ်။ ဒါပေမယ့် ပိတ်ရက်ဆို အိမ်မှာထိုင်နေလည်း ဘာမှ သိပ်မလုပ်ဖြစ်ဘူး။ တစ်နေကုန် ရုပ်ရှင်ကြည့်နေတာနဲ့ဘဲ အချိန်ကုန်ကုန်သွားတယ်။
သူငယ်ချင်း အဆောင်ရောက်တော့ သူက ထမင်းဟင်း ချက်ကျွေးပါတယ်။ ကျောင်းအဆောင်မှာက ဟင်းချက်ခွင့်မရှိပါဘူး။ ဒါပေမယ့် ရွှေဉာဏ်တော်စူးရောက်တဲ့ ကျောင်းသူများကတော့ rice cooker တစ်လုံးနဲ့ ဖြစ်အောင် ခိုးပြီး ချက်စားကြပါတယ်။ ထမင်းအိုးက ချက်ပြီးတာနဲ့ ဖွက်လို့လွယ်တယ်လေ။ ဘာဘဲဖြစ်ဖြစ် အဆောင်မှာစုပြီး ချက်စားဖြစ်တာက အိမ်မှာ တစ်ယောက်တည်းချက်ပြီး တစ်ယောက်တည်းစားရတာထက် ပိုစားကောင်းတာ အမှန်ပါဘဲ။ စားပြီးတော့ Transformers 3 သွားကြည့်ဖို့ လက်မှတ်book လုပ်တော့ ကွမ်တန်မှာ ရှိသမျှ ရုပ်ရှင်ရုံတွေမှာ ည၁၂နာရီအထိ ဘွတ်ကင်ပြည့်သွားပြီတဲ့။ တစ်မြို့လုံးကလူတွေ ရုပ်ရှင်ကြည့်ထွက်ကြသလား မှတ်ရတယ်။ (စကားမစပ် အဲရုပ်ရှင်က ပထမ နှစ်ပိုင်းထက် ကောင်းပေမယ့် မိနစ်၄၀လောက် ဖြတ်ပစ်မယ်ဆိုရင် ပိုကြည့်ကောင်းမှာဘဲ။ ခါးညောင်းအောင် ကြည့်လိုက်ရတယ်။ ပြီးတော့ မင်းသမီးက သိပ် annoying ဖြစ်လွန်းတယ်။ :D)
Teluk Chempadak beach, Kuantan
ရုပ်ရှင်မကြည့်ရတော့လည်း ကွမ်တန်နဲ့ နီးနီးနားနား ၁၅မိနစ်လောက် မောင်းရတဲ့ Teluk Chempedak beach ဘက်ကို သွားဖြစ်လိုက်တယ်။ ပင်လယ်ကမ်းခြေဟာ စိတ်ဖိစီးမှုကို တကယ်ပြေပျောက်စေတယ်။ ကမ်းခြေမှာ ဟိုလျှောက်ဒီလျှောက် ဓါတ်ပုံရိုက်ကြတယ်။ ခဏနေတော့ သူငယ်ချင်းက လေတံခွန် လွှတ်ကြရအောင်တဲ့။ အစက ဖြစ်မှ ဖြစ်ပါ့မလားပေါ့။ ငယ်ငယ်ကဆို ဘယ်တော့မှ တက်အောင် မလွှတ်ဖူးဘူးကိုး။ သူများလွှတ်ပြီးသား တက်နေရင်တောင် ရစ်လုံးကို ကိုယ်ကိုင်လိုက်တာနဲ့ လေတံခွန်ပါ အောက်လိုက်ဆင်းလာလောက်အောင် ကျွမ်းကျင်တာဆိုတော့လေ။ ဒါပေမယ့် စမ်းကြည့်မယ်ဆိုပြီး ငါးကျပ်နဲ့ လေတံခွန်သွားဝယ်ကြတယ်။ ကမ်းခြေမှာကြတော့ လေတဖြူးဖြူး တိုက်နေလို့ထင်တယ်။ ကြိုးကို နည်းနည်းလေး ဆွဲပေးလိုက်တာနဲ့ တက်သွားရော။ မလေးရှားနိုင်ငံက ကမ္ဘာ့တောင်ဘက်ပိုင်းနည်းနည်းကျတော့ ကမ်းခြေအများစုမှာ နေထွက်ချိန်တို့ ဆည်းဆာတို့တော့ ကောင်းကောင်းခံစားလို့မရဘူး။ ညနေ၇နာရီလောက်ထိ ကမ်းစပ်မှာထိုင် စကားတွေပြောရင်း ဗိုက်ဆာလာမှ ပြန်ဖြစ်ခဲ့တယ်။Sungai Pandan Waterfall, Kuantan
တနင်္ဂနွေနေ့မနက်ကြတော့ သူငယ်ချင်းတို့ကျောင်းက Postgraduate Society ကနေ သွားမယ် trip ရှိတယ် လိုက်ခဲ့ပါလားဆိုတာနဲ့ သူတို့နဲ့ Sungai Pandan Waterfall ကို လိုက်သွားဖြစ်တယ်။ မလေးရှားမှာက ရေတံခွန် တော်တော်များတယ်။ ပြီးတော့ ပြည်သူတွေ အပန်းဖြေလို့ရအောင် သေချာ ထိန်သိမ်းထားတဲ့အတွက် သွားရလာရလွယ်ကူတော့ အဆင်ပြေတယ်။ တောင်တက်ဖို့ လှေကားထစ်လေးတွေ၊ နားနေဆောင်၊ အဝတ်လဲခန်း၊ ရေချိုးခန်း၊ ဘုရားဝတ်ပြုဆောင်စသဖြင့် အသေအချာကိုလုပ်ထားတဲ့ နေရာတစ်ခုပါ။ ကမ်းခြေမှာတစ်ရက်၊ ရေတံခွန်မှာ တစ်ရက်ဆိုတော့ မဖျားသွားတာဘဲ ကံကောင်းတယ်။ ဒါပေမယ့် ရေတံခွန်က ရေစီးကြတဲ့အရှိန်နဲ့ နောက်နေ့တွေမှာတော့ လူကို ရိုက်ထားသလို ကိုက်ခဲသွားတာ သုံးရက်လောက် အနားယူလိုက်ရတယ်။ ရေတံခွန်ကပြန်တော့ ခဏနားပြီး ညနေ ခြောက်နာရီကားနဲ့ KL ကို မပြန်ချင် ပြန်ချင် ပြန်လာခဲ့ရပါတော့တယ်။ ၂ရက်၁ညခရီးသွားရတာ နည်းနည်းတော့ ပင်ပန်းပေမယ့် တကယ်ကို အဓိပ္ပါယ်ရှိတဲ့ weekend တစ်ခု ဖြစ်ခဲ့ပါတယ်။
6 comments:
ရေတံခွန်ကြီး လှလိုက်တာ
ကြည့်တာနဲ့ စိတ်ထဲ အလိုလိုပျော်လာတယ်
တကယ်ရောက်ခဲ့သူတွေဆို ပိုပြီးပျော်ပေါ့နော်
ရှုခင်းတွေလည်း လှတယ်။
ထမင်းအိုးနဲ့ ချက်ထားတဲ့ဟင်းတွေမြင်တော့ အဆောင်မှာ အဲလို ခိုးချက်စားကြတာသတိရသွားတယ်း)
Flower>> ဟုတ်တယ်.. ရေတံခွန်က တော်တော်ကိုလှတယ် :) တကယ်ဘဲ .. အဆောင်မှာ ခိုးချက်စားမှ စားလို့ကောင်းတာနော်.. :D
ဟုတ်တယ် Rosie ကမိုက်ပေ မဲ့  သရုပ်ဆောင် သိပ်မကောင်းသေး ဘူး အစ်မပြောသလို့  အပိုတွေ ဖြတ်လိုက်ရင် ကောင်းမှာ Frenzy လဲမပါတော့ဘူးလေ
AMK>> ဟုတ်ပ.. အဲမင်းသမီးကို မျက်စိနောက်လွန်းလို့.. စကားမစပ်ရေးထားတဲ့ Transformers အကြောင်းကို ရအောင်တော့ ဖတ်သွားတယ်ပေါ့ :)
Babdar Tasik Selatan က ပိုတောင် လန်းသေးတယ် thinzar.. :)
YWA>> ဟုတ်လား.. ဒါဆို LCCT က အစုတ်ဆုံးလောက်တောင် ဖြစ်နေပြီ :D
Post a Comment
Please feel free to use any font to comment :)