A hasty tour guide & a rushed tour (1)

အရင်အပါတ်က အဒေါ်နဲ့ အစ်မ တစ်ဝမ်းကွဲ ကိုယ့်ကို တွေ့ဖို့ မလေးရှားကို ၄ရက်လောက် transit ဝင်တယ်။ စင်ကာပူလည်း ရောက်ဖြစ်သွားအောင် ၂ရက် တစ်ည ခရီး စီစဉ်လိုက်တော့ တော်တော်လေးကို ပြေးလွှားပြီး လည်ရတဲ့ ခရီး တစ်ခု ဖြစ်သွားတယ်။ စင်ကာပူဆိုတာ မြေပုံကြည့်ပြီး မြို့ပါတ်လို့ရတဲ့ နိုင်ငံမို့ ကိုယ်ဘဲ တိုးဂိုက်လုပ်ပြီး ခေါ်သွားမယ်ပေါ့။ ဒီတိုးဂိုက်ကို အားကိုးမိတဲ့ တိုးရစ်နှစ်ယောက်ကတော့ လေးရက်လုံး ကိုယ်ပြေးတဲ့နောက် လိုက်ပြေးနေခဲ့ရတာဘဲ။
စင်ကာပူဗီဇာကိုတော့ အစောကြီး သွားတင်ထားလိုက်လို့ တော်သေးတယ်။ မလေးရှားမှာ စင်ကာပူဗီဇာကို သံရုံးမှာ တင်လို့ မရတော့ဘူး။ အေးဂျင့်ငါးခုကို ကန်ထရိုက်ပေးလိုက်ပြီ။ ဒါနဲ့ ရှာရအလွယ်ဆုံး နေရာဖြစ်တဲ့ Times Square ရှေ့က AMODA Building (level 3) မှာ သွားလုပ်တယ်။ ခါတိုင်း ဗီဇာကြေး ၇၁ကျပ်အပြင် ဝန်ဆောင်ခ ၂၉ ကျပ်ပေးရတော့ စုစုပေါင်း ရင်းဂစ် ၁၀ဝ ကျသွားတယ်။ ကားလက်မှတ်ကို Transnasional ကနေ အသွားအပြန် ဝယ်လိုက်တယ်။

စင်ကာပူမရောက်ခင်ကတည်းက ပြေးရလွှားရတာက စတာဘဲ။ မနက် ၈း၄၅ လက်မှတ်ဝယ်ထားတာ ရထားကျပ်နေတာနဲ့ ၁ဝ မိနစ်လောက် နောက်ကျသွားတော့ ကားက ထွက်သွားပြီ။ နောက်ကား ၁၁းဝဝ နာရီကားကို ဈေးတစ်ဝက် ထပ်ပိုပေးပြီး စောင့်စီးရတယ်။ အဒေါ်တွေနဲ့ကလည်း မတွေ့တာ တော်တော်ကြာသွားပြီဆိုတော့ တစ်လမ်းလုံး စကားပြောရင်း စင်ကာပူကို ဘယ်လို ရောက်သွားမှန်းတောင် မသိလိုက်ဘူး။

စင်ကာပူကို ညနေ လေးနာရီကျော်မှ ရောက်သွားတော့ Orchid Garden တို့ Bird Park တို့ ခေါ်သွားဖို့ မမှီတော့ဘူး။ Lavander ကားဂိတ်ရှေ့က တွေ့တဲ့ တည်းခိုခန်းတစ်ခုမှာဘဲ တည်းလိုက်တယ်။ MRT နဲ့လည်း သိပ်မဝေးတော့ တော်တော် အဆင်ပြေတယ်။ စင်ကာပူက Fish Head Curry ကိုတော့ အရမ်းကြိုက်လို့ Little India ဘက်သွားပြီး ညစာစားတယ်။ ပြီးတော့ Night Safari ကို သွားတယ်။ ဘတ်စ်ကားကို မိနစ် ၄ဝ လောက် စီးလိုက်ရတော့ ည ကိုးနာရီခွဲမှ ရောက်တယ်။ အချိန်သိပ်မရလို့ လမ်းမလျှောက်ဖြစ်ဘူး။ Tram စီးပြီးတော့ဘဲ ကြည့်ဖြစ်တယ်။ နောက်ဆုံးတစ်ကောင်ဘဲ မှတ်မိတော့တယ်။ ဗမာပြည်က သမင်တဲ့။ (THAMIN) လို့ ပေါင်းထားတယ်။ :D (နာမည်အသစ် ပေးထားတဲ့ သစ်ခွပန်းကို သွားမကြည့်လိုက်ရတာ နာတာဘဲ။) MRT က ည ၁၁း၃ဝ ရပ်တာဆိုတော့ ဘယ်လိုမှ မမှီနိုင်တော့ဘူး။ တိုးဂိုက်လဲ တော်တော် စိတ်ညစ်သွားတယ်။ အဲဒီနားမှာ မြို့ထဲ ရောက်တဲ့ Express ကားကိုတွေ့လိုက်လို့ တော်သေးတယ်။ ၁၁း၃ဝ ထွက်တဲ့ နောက်ဆုံးကားကို ကပ်မှီလိုက်ပြီး ၄ဒေါ်လာနဲ့ မြို့ထဲ ပြန်ရောက်သွားတယ်။ Esplanade ဘက်သွားဖို့လုပ်ထားတာ အရမ်းနောက်ကျသွားတော့ မရောက်လိုက်ဘူး။

စင်ကာပူမှာ MRT ရထားလက်မှတ်ဝယ်ရတာ သိပ်အချိန်ကြာပြီး စိတ်ညစ်ဖို့ကောင်းတယ်။ ကောင်တာမှာလည်း မရောင်းတော့ စက်ကနေ ဝယ်ရတယ်။ အဲဒီစက်ကလည်းနှေးနှေးကွေးကွေး။ တိုးရစ်တွေကို ကိုယ်ချင်းစာတယ်ဆိုရင် အဲဒီစက်ကို နည်းနည်း ပိုမြန်အောင် လုပ်သင့်တယ်။ အရေးအကြောင်းဆို လက်မှတ်ဝယ်နေတာနဲ့ဘဲ မပြီးတော့ဘူး။ လက်မှတ်ဝယ်တဲ့အခါ တစ်ဒေါ်လာ ပိုဖြတ်ပြီး ပြန်ထွက်တဲ့အခါ အဲဒီလက်မှတ်ကို စက်ထဲ ပြန်သွင်းမှ တစ်ဒေါ်လာ ပြန်ရတယ်။ ဒုတိယအကြိမ် လက်မှတ်ဝယ်တဲ့အခါ ပထမတစ်ခေါက်က လက်မှတ်တွေကို တစ်စောင်ချင်းသွင်းပြီး တစ်ဒေါ်လာစီ ပြန်ယူရတယ်။ ပြီးတော့ တစ်စောင်ချင်းစီ တစ်ခါ ထပ်ဝယ်ရတယ်။ တစ်ခြားကဒ်တွေ top-up လုပ်သလို ငွေသွင်းပေးလိုက်လို့ မရဘူးလား မသိပါဘူး။ ထည့်လိုက်သွင်းလိုက် အလုပ်ကို ရှုပ်နေတာဘဲ။ လူ ၁ဝ ယောက်လောက်များသွားရင်တော့ လက်မှတ်ဝယ်ဖို့ နာရီဝက်လောက် အချိန်ယူရမယ်။

ဒုတိယတစ်ရက်မှာ ညနေငါးနာရီ အပြန် လက်မှတ်ဝယ်ထားတာဆိုတော့ Sentosa သွားဖို့ဘဲ စီစဉ်လိုက်တယ်။ မတ်လ ၃၁ ရက်နေ့အထိ ၃၀% ဈေးလျှော့ထားတော့ Merlion+Sky Tower+Fort Siloso+4D Theatre ကို ၃၃ဒေါ်လာဘဲ ပေးရတယ်။ ညနေ ကားမမှီမှာ စိုးလို့ Sentosa ထဲမှာ မပါတ်ပြေးရုံတမယ် လည်လိုက်ရတယ်။ 4D Cinema ကို တော့ အကြိုက်ဆုံးဘဲ။ ဓါတ်ပုံတောင် နည်းနည်းဘဲ ရိုက်ဖြစ်တယ်။ အရေးထဲ မိုးရွာလို့ မိုးခိုနေရသေးတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကနဲ့စာရင် အများကြီးကောင်းသွားတယ်။ ကျွန်းပေါ်မှာ ဘတ်စ်ကား ၁ဝမိနစ်လောက်ဆို တစ်စီး ရှိတယ်။ အရင်တုန်းက နာရီဝက်လောက် စောင့်ရတယ်။ စောစောပြန်ခဲ့ရလို့ Song of the Sea ကို မမှီခဲ့ဘူး။ ငါးရဲ့ကိုယ်မှာ ခြင်္သေ့ခေါင်းကို ပေါက်ပေါက်ရှာရှာ တပ်ထားပေမယ့် ကြည့်ကောင်းသလိုလို ရှိသားဘဲ။

Vivo City ကလို့ ထင်တာဘဲ။ ဆိုင်နာမည်လေးရယ်၊ ပေါက်စီပေါင်းချောင်ကို ပေါင်ချိန် ဦးထုပ်နဲ့ ခပ်ဆင်ဆင် လုပ်ထားတဲ့ idea လေးရယ်ကို အရမ်းသဘောကျတယ်။
A view from sky Tower
Fort siloso ထဲမှာ ဒေါင်းအမေကြီးနောက် တကောက်ကောက် လိုက်နေတဲ့ ဒေါင်းကလေးတွေ။ ကြက်ကလေးတွေနဲ့တူတယ်။

Surrender Chamber (စင်ကာပူရဲ့ တစ်ခုတည်းသော ဖယောင်း ရုပ်တု ပြတိုက်လို့ ပြောတာဘဲ။)

တစ်ခါသေဖူး ပျဉ်ဖိုး နားလည်သွားပြီး အမောတကောနဲ့ ပြေးပြန်လာခဲ့တော့ ကားထွက်ဖို့ ၁ဝ မိနစ်အလိုမှာ ကားဂိတ်ကို ရောက်သွားတယ်။ ဘုရားလည်းဖူး လိပ်ဥလည်းတူး၊ ခရီးလည်းသွား ဝိတ်လည်းကျချင်တဲ့ သူတွေအတွက် တိုးဂိုက်လုပ်မလား စဉ်းစားနေတယ်။ KL မှာ ပြေးခဲ့တာတွေတော့ မကြာမှီ လာမည်။ :D


ကမ္ဘာမြေကြီးအတွက် တစ်နာရီ

မနေ့က သတင်းစာထဲမှာ ဖတ်မိပြီး စိတ်ဝင်စားလို့ Earth Hour အကြောင်း အချက်အလက်တွေ လိုက်ရှာဖြစ်တယ်။ ကမာ္ဘကြီး ပူနွေးပြီး ရာသီဥတု ဖောက်ပြန်လာတာကို လူတွေ သတိပြုမိစေဖို့အတွက် နှစ်စဉ် ကမာ္ဘ့မြို့ကြီးတွေမှာ မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ပိတ်ပြီးနေတဲ့ တစ်နာရီတိတိကို Earth Hour လို့ခေါ်ပါတယ်။ World Wide Fund For Nature (WWF) အနေနဲ့ ၂၀၀ရ ခုနှစ် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှာ အိမ်ခြေနှင့် စီးပွါးရေးလုပ်ငန်းပေါင်း ၂.၂ သန်း က တစ်နာရီတိတ် မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ပိတ်ပြီး နေပေးခြင်းဖြင့် Earth Hour စတင်ခဲ့တယ်။ ၂၀၀၈ခုနှစ်မှာ ကမာ္ဘတစ်ဝှမ်းက လူသန်းပေါင်း ၅ဝကျော် ပါဝင်ခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ မြို့တော်ပေါင်း ၁၀ဝကျော်က လူပေါင်း သန်း၁၀၀ဝ လောက် ပါဝင်ဆင်နွှဲမယ်လို့ မှန်းထားပါတယ်။

မလေးရှားနိုင်ငံလည်း ၂၀၀၉ခုနှစ်မှာ ပါဝင်ဖို့ မနေ့က ကြေငြာလိုက်ပါတယ်။ လာမယ့် မတ်လ ၂၈ရက်နေ့ (စနေနေ့) ည ၈း၃၀-၉း၃ဝ အထိ ကွာလာလမ်ပူမြို့လယ်က အဆောက်အဦးတော်တော်များများကို မီးမှိတ်ထားမှာ ဖြစ်ပါတယ်။ KLCC တော့ မပါဘူး။ KL Tower ရယ်၊ 1 Utama, Pavillion စတဲ့ shopping center တွေရယ်၊ တစ်ခြား အထင်ကရ ဟိုတယ် တော်တော်များများပါတယ်။ စာရင်း အတိအကျကို ကြည့်ချင်ရင် ==> မလေးရှားစင်ကာပူ ။ ဒီတစ်နှစ်မှာ Earth Hour ကို ကမာ္ဘမြေကြီးနဲ့ ကမ္ဘာကြီးပူနွေးလာမှုအကြား ရွေးကောက်ပွဲတစ်ရပ်လို့ သတ်မှတ်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ကိုယ်လည်း ကမ္ဘာမြေကြီးအတွက် မဲတစ်မဲထည့်တဲ့အနေနဲ့ March 28, 2009 (8:30-9:30 PM) မှာ မီးမှိတ်ပြီး နေပေးလို့ရရင် နေပေးသင့်ပါတယ်။ အဲဒီနေ့မှာ အပြင်ထွက်လည်ဖို့ စိတ်ကူးထားသူများ ကွာလာလမ်ပူမြို့လယ်ခေါင် မှောင်မှောင်မည်းမည်းထဲမှာ လမ်းမလျှောက်ချင်ရင်တော့ Earth Hour မတိုင်ခင် အိမ်ကို အမှီ ပြန်ကြပေါ့နော်။ (နိုင်ငံတိုင်းမှာ ဒေသ စံတော်ချိန်အတိုင်း မတ်၂၈ ည ၈း၃၀-၉း၃ဝ ကို Earth Hour အဖြစ် သတ်မှတ်ထားပါတယ်။)

News Sources:

Image Credit:



Doodles မှ စိတ်နေစိတ်ထား ခန့်မှန်းခြင်း

တစ်ခုခုကို စဉ်းစားနေရင်းဖြစ်ဖြစ် တစ်စုံတစ်ခုကို ကြည့်နေရင်းဖြစ်ဖြစ် လက်ထဲမှာ ခဲတံ (သို့) ဘောပင် တစ်ခုခု ရှိနေတယ်ဆိုရင် မထင်မှတ်ဘဲ ကိုယ့်ရှေ့မှာရှိတဲ့ စာရွက်အလွတ်ပေါ်မှာ ပုံလေးတွေ ဆွဲမိကြတယ်။ တစ်ခါတစ်လေတော့ တောင်ခြစ်မြောက်ခြစ် လျှောက်ခြစ်ထားမိမယ်။ အဲဒီလို အာရုံမစိုက်မိတဲ့အချိန်မှာ ဆွဲမိတဲ့ပုံလေးတွေကို doodle လို့ခေါ်ပါတယ်။ ကိုယ်က ဒီပုံကို ဆွဲမယ်လို့ စဉ်းစားပြီး ဆွဲတာမဟုတ်ဘဲ သူ့အလိုလို ဆွဲဖြစ်သွားတဲ့ ပုံလေးတွေဟာ အရာဝတ္ထု တစ်ခုခု ဖြစ်ရင် ဖြစ်နေမယ်။ ဒါမှမဟုတ် ကာတွန်းပုံလေးတွေလည်း ဖြစ်နိုင်တယ်။ တစ်ချို့ကတော့ အဝိုင်းတွေ လေးထောင့်တွေကို စာရွက်ပြည့်အောင် ဆွဲမိနေမယ်။ ကမာ္ဘပေါ်မှာ doodle အများဆုံးဆွဲတာဟာ ကျောင်းသားတွေပါဘဲ။ စာသင်ခန်းထဲမှာ ပျင်းတယ်လို့ မခံစားဖူးတဲ့ ကျောင်းသား ရှိမယ်မထင်ဘူး။ အဲဒီအခါ စာအုပ်ပေါ်မှာ ဟိုခြစ်ဒီခြစ် လုပ်ကြတယ်။ ဆရာမရဲ့ ပုံကို ဆွဲကောင်း ဆွဲနေမိမယ်။

လူတစ်ယောက်ရဲ့ လက်ရေးကို ကြည့်ပြီး သူ့ရဲ့ စိတ်ကို ခန့်မှန်းလို့ ရသလိုဘဲ လူတစ်ယောက် အမှတ်မထင် ဆွဲထားတဲ့ပုံတွေကိုကြည့်ပြီး သူ့ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရပါတယ်တဲ့။

• တြိဂံ၊စက်ဝိုင်း၊ လေးထောင့် => စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသူ။
• မြှား၊ လှေကား => ရည်မှန်းချက်ကြီးပြီး တစ်ခုခုကို အကောင်းအထည်ဖေါ်ဖို့ စဉ်းစားနေသူ။
• ကြယ် => အကောင်းမြင်တတ်သူ။
• အိမ်ပုံ => အိမ်လွမ်းနေသူ (သို့) မိသားစု တစ်ယောက်ယောက်ကို စောင့်နေတာ (သို့) တစ်နေရာရာမှာ အခြေတကျ နေနိုင်အောင် စဉ်းစားနေခြင်း။ အိမ်ပုံလှလှလေး ဆွဲလေ့ရှိသူဟာ ပျော်ရွှင်တဲ့ မိသားစုဘဝကို ရထားတယ်လို့ ဆိုနိုင်တယ်။ မလှမပ ဆွဲထားတဲ့ အိမ် (သို့) ပြတင်းပေါက် မပါတဲ့ အိမ်ဆိုရင်တော့ အိမ်မှာ မပျော်တဲ့သူ တစ်ယောက်လို့ ကောက်ချက်ချလို့ ရမယ်။
• ကုဗတုံး၊ ဗဟုဂံ စတဲ့ သုံးဖက်မြင် ပုံများ => အဖက်ဖက်မှ စဉ်းစားချင့်ချိန်နိုင်သူ (သို့) ထိုသို့ စဉ်းစားလိုသူ။ ဒါပေမယ့် ကုဗတုံးပုံ သေတ္တာတွေကို မညီမညာ ဆင့်ထားတဲ့ပုံဆိုရင်တော့ ထိုသူဟာ တော်တော် စိတ်ဖိစီးမှု ခံနေရလို့ဘဲ။
• နာမည်တစ်ခုခုရေးပြီး အောက်မှာ မျဉ်းသားထားတယ်ဆိုရင် => အဲဒီ လူ (သို့) ပစ္စည်း (သို့) နေရာဟာ သင့်အတွက် အရေးပါလို့ပေ့ါ။
• သေနတ်၊ ဓါး၊ လက်နက်တစ်ခုခု => ပြိုင်ဆိုင်လိုစိတ် ပြင်းထန်နေသူ
• အကောင်အထည်မရှိတဲ့ပုံ => ဘာရယ်လို့ မယ်မယ်ရရ မပြောနိုင်တဲ့ ပုံတွေကို ဆွဲနေရင်တော့ ဦးတည်ရာမဲ့နေတာ (သို့) စိတ်အနှောင့်အယှက် ဖြစ်နေပုံ ရပါတယ်။
• ပန်းပွင့်၊ ပန်းအိုး၊ ပန်းပင် => နူးညံ့တဲ့ စိတ်ထားရှိသူ (သို့) စိတ်ထားဖြူစင်တဲ့သူလို့ အကြမ်းဖျင်းပြောကြတယ်။ ဒါပေမယ့် ဆူးတွေနဲ့ ပန်းဆိုရင်တော့ အချစ်ရေးနဲ့ ပါတ်သက်ပြီး ထိခိုက်ထားပုံဘဲ။
• Zig-zag => တစ်ယောက်ယောက်ရဲ့ နှစ်သိမ့်ပေးမှုကို လိုအပ်နေသူ။
• အုတ်နံရံပုံ => အခက်အခဲ အတားအဆီး တစ်ခုခုနဲ့ ရင်ဆိုင်နေရသူ။

ပုံဆွဲထားတဲ့ စာမျက်နှာ နေရာ အနေအထားကို ကြည့်ပြီး ကောက်ချက်ချလို့လဲ ရသေးတယ်။
• အလယ် => လူအများရဲ့ အရေးပေးမှုကို ခံလိုသူ။
• အပေါ် => လွတ်လပ်တဲ့ အတွေးအခေါ်ရှိသူ။ သွက်သွက်လက်လက် ရှိသူ။
• ဘယ်ဘယ် => အများအားဖြင့် ဒီနေရာမှာ ဆွဲထားတာတွေဟာ ပုံဆွဲသူရဲ့ အတိတ် နဲ့ ပါတ်သက်နေမယ်။ ဒါမှမဟုတ် အနာဂတ် နဲ့ သက်ဆိုင်ကောင်း သက်ဆိုင်နေမယ်။
• ညာဘက် => တကယ်တမ်း စာရေးဖို့ ထားတဲ့ စာမျက်နှာရဲ့ ညာဖက်အပိုင်းမှာ ပုံတွေ လျှောက်ဆွဲထားတယ်ဆိုရင်တော့ ထိုသူဟာ သူ့ရင်ထဲက ခံစားချက်တွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုနေသူ ဖြစ်တယ်။
• အောက်ဆုံး => တစ်ခုခုကို သံသယ ဝင်နေသူ (သို့) စိတ်ဓါတ်ကျနေသူ

အရင်ဆုံး စာအုပ်ပြန်လှန်ပြီး ကိုယ်ဘာပုံတွေ ဆွဲမိတတ်လဲဆိုတာ သတိထားကြည့်ပေါ့။ ပြီးရင် တစ်ခြားသူတွေရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်း ကောက်ချက်ချကြည့်လို့ ရတယ်။ ရာနှုန်းပြည့်တော့ မှန်ချင်မှ မှန်လိမ့်မယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ သုတေသန လုပ်ထားတာဆိုတော့ အချက်အလက် တော်တော်များများက လူအများစုအပေါ်တော့ အကျိုးသက်ရောက်မှု ရှိမှာပါ။ အင်တာနက်ထဲက ဖတ်မိတာတွေထဲက ကြိုက်တဲ့အချက် နည်းနည်းပါးပါးကို ဘာသာပြန်ထားတာပါ။ ဆက်ပြီး ဖတ်ချင်တယ်ဆိုရင်တော့ “Doodle Interpretation” ကို Google လုပ်ပြီး ရှာဖတ်နိုင်ပါတယ်။

Source: Wikipedia
Doodles Interpretation
Doodle Analysis
Image Credit: http://garcya.us/blog/top-20-free-brushes-list-awesome-collection/


My Second Paper Model

Paper Model အကြောင်း အရင်က တစ်ခေါက်ရေးဖူးတယ်။ Paper Model တွေကို စမြင်ဖူးကတည်းက အရမ်း စိတ်ဝင်စားသွားတာ။ (Paper craft လို့လဲ ခေါ်တယ်။) ဒါပေမယ့် Pokemon အရုပ်တစ်ခု လုပ်ပြီးကတည်းက နောက် မလုပ်ဖြစ်ဘူး။ မေ့မေ့ပျောက်ပျောက် ဖြစ်နေတယ်။ အဲဒီတစ်ခေါက်တုန်းက instruction မပါတော့ ကိုယ်စိတ်ထင်သလို မှန်းပြီးလုပ်လိုက်တာ သိပ်ပုံမကျဘူး ဖြစ်သွားတယ်။ Canon ဝက်ဘ်ဆိုဒ်က paper model ပုံစံငယ်တွေက လုပ်နည်းပါ ပြထားတော့ နည်းနည်း လွယ်တယ်။ ဒါတောင် ဒီပန်ဒါကိုလုပ်တာ သုံးနာရီလောက် ကြာသွားတယ်။ ပန်ဒါရဲ့ အရွယ်အစား ကို AA ဓါတ်ခဲတစ်လုံးနဲ့ ယှဉ်ရိုက်ထားတယ်။

Paper Model ဆိုတာ အိုရီဂါမီ အရုပ်ခေါက်နည်းနဲ့တူသလား?
လုံးဝမတူပါဘူး။ အိုရီဂါမီက စာရွက်ခေါက်နည်းကို အခြေခံပြီး Paper Model က စာရွက်ပေါ်မှာ print လုပ်ထားတဲ့ အပိုင်းတွေကို ဖြတ်ပြီး ကော်နဲ့ကပ်ရပါတယ်။ တူတာတစ်ခုကတော့ Origami ကော Paper Model ကော ဂျပန်ကနေစပြီး ထွန်းကားခဲ့တာဘဲ။

လိုအပ်သော ပစ္စည်းများ

paper model တစ်ခုလုပ်ဖို့ အရင်ဆုံး ပန်ဒါလုပ်ဖို့ sample နဲ့ instruction ကို ဒေါင်းလုတ်လုပ်ပါတယ်။ ပြီးရင် A4 စာရွက်နဲ့ print ထုတ်ရပါမယ်။ နောက် ကတ်ကြေးတစ်လက်၊ ကော်တစ်ဘူး ဘဲ လိုပါတယ်။ ကျမရဲ့ကော်ဘူးက တစ်ခါတစ်ခါညှစ်လိုက်ရင် အများကြီးထွက်လာတာမို့ စာရွက်ပိုင်းတစ်ခုပေါ်မှာ အရင်တင်လိုက်တယ်။ ပြီးမှ တုတ်တံပုံစံ ခေါက်ထားတဲ့ စာရွက်နဲ့ သုတ်တယ်။

လုပ်နည်း အဆင့်ဆင့်

ခေါင်းအရှေ့ခြမ်း၊ အနောက်ခြမ်း၊ မျက်နှာ၊ နားရွက်နှစ်ဖက်၊ ကိုယ်အရှေ့ပိုင်း၊ ကိုယ်အနောက်ပိုင်း၊ လက်နှစ်ချောင်း၊ ခြေထောက်နှစ်ချောင်း စုစုပေါင်း အစိတ်အပိုင်း ၁၁ခုကို ကပ်ကြေးနဲ့ အရင် ညှပ်ရပါမယ်။ ပြီးမှ instruction မှာ ညွှန်းထားတဲ့အတိုင်း တစ်ပိုင်းစီကို ကော်နဲ့ကပ်ရပါမယ်။ ကပ်ရမယ့်နေရာတွေကို ထောင့်စွန်းလေးတွေနားမှာ နံပါတ်တပ်ပြီး ညွှန်ပြပြီးသားမို့ လွယ်တယ်။ လုပ်လို့ ပြီးခါနီးမှ ဓါတ်ပုံရိုက်ဖို့ သတိရလို့ အပေါ်ကပုံဘဲ ထွက်လာတယ်။ ခြေထောက်တစ်ချောင်း မခေါက်ရသေးခင်.. ခေါင်းနဲ့ကိုနဲ့လည်း မဆက်ရသေးဘူး။ ပန်ဒါခေါင်းပြတ်လေးပေါ့။

လုပ်လို့ပြီးသွားတော့ ပန်ဒါလေးကို စိတ်ကြိုက် မော်ဒယ်ပို့စ်ပေးခိုင်းလို့ ရပြီ။ ဟိုဘက်လှည့်၊ ဒီဘက်လှည့်…

ပန်ဒါအတွက် ဝါးရွက်လုပ်တော့ instruction မဖတ်ဘဲ ကပ်ကြေးနဲ့ ဒီအတိုင်း ကောက်ညှပ်ထည့်လိုက်တယ်။ အမှန်က ထူထူတောင့်တောင့်လေးဖြစ်အောင် စာရွက်ကို နှစ်ခြမ်းအရင် ကပ်ခိုင်းတာ။ အခု တစ်ခြမ်းတည်းဆိုတော့ ပျော့ပြဲပြဲဖြစ်သွားတယ်။ အဲဒီ Canon Creative Park ဆိုတဲ့ ဝက်ဘ်ဆိုဒ်မှာ sample တွေ အများကြီးရှိတယ်။ အရမ်းပျင်းတဲ့အခါ လုပ်ကြည့်ပေါ့။ အပျင်းပြေပြီး ကိုယ်လုပ်ထားတဲ့အရုပ်ကို ကြည့်ရတာ ဝယ်တာထက် စိတ်ချမ်းသာဖို့ ကောင်းတယ်။
Reference: