E = MC2


အခု ရေးမှာ အိုင်းစတိုင်းအကြောင်း မဟုတ်သလို Mariah Carey ရဲ့ သီချင်းအကြောင်းလည်း မဟုတ်ပါဘူး။ မနေ့က တက်ခဲ့တဲ့ conference ရဲ့ theme လေးပါ။
Entrepreneurship = Marketing + creativity + commerce
ဘယ်သူစဉ်းစားလိုက်လို့ ထွက်လာသလဲ မသိပေမယ့် theme လေးကို တော်တော် သဘောကျမိတယ်။ တက်ဖူးသမျှ conference တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပါဘဲ။ session အားလုံးရဲ့ speaker တွေ အားလုံးဟာ တက်ရောက်လာတဲ့သူတွေကို တစ်စက်မှ အိပ်ငိုက်ဖို့ အချိန် မရှိလိုက်အောင် ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။ (အစားအသောက်တွေ ကောင်းတာလည်း ပါတယ်။ :-P )

မေလမှာ တက်ဖြစ်ခဲ့တဲ့ conference က academic ပိုင်း ပိုကျပြီး ဒီ conference ကတော့ လုပ်ငန်းရှင်တွေ အတွက်မို့ စီးပွါးရေး ပိုဆန်တယ်။ ပြောသွားတဲ့ speaker တွေ အားလုံးကလည်း အောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေမို့ လေးစားအားကျ အတုယူဖို့ ကောင်းပါတယ်။ ကျမတော့ စီးပွါးရေးတွေ ဘာတွေလုပ်တာ ဝါသနာ မပါဘူး။ လူတွေနဲ့ စကားအများကြီးပြောရမယ့် အလုပ်နဲ့ သိပ်မကို်က်ဘူးဆိုတာကို ကိုယ့်ကိုယ်လည်းသိတယ်။ မထင်မှတ်ထားဘဲ အလကားတက်ရလို့ ဒီ conference လေးကို တက်ဖြစ်သွားတာပါ။ သူတို့ ပြောသွားခဲ့တာတွေထဲက မှတ်သားမိသလောက်လေးတွေကို ပြန်ပြီး ရေးရရင်…

မြန်မာလို ပြန်ရရင် “မလေးရှားနိုင်ငံ အမျိုးသမီး လုပ်ငန်းရှင်များအသင်း” က စီစဉ်တဲ့ ဒုတိယအကြိမ်မြောက် နည်းပညာ ကွန်ဖရင့်စ် ပါ။ (တတ်နိုင်သမျှ မြန်မာလို ပြန်ပစ်လိုက်တယ်။ search engine hit တွေ ဖောင်းပွနေမှာစိုးလို့။) ပထမဆုံး ပြောသွားတာကတော့ ICT နည်းပညာကို အသုံးပြုတဲ့ လုပ်ငန်းရှင်တွေ အစိုးရဆီက ဘယ်လို ထောက်ပံ့ကြေးတွေ ရနိုင်တယ်ဆိုတဲ့ အကြောင်းပါ။ ကိုယ့်ရဲ့ အိုင်ဒီယာအသစ်ကို အစိုးရကို တင်ပြပြီး သူတို့ လက်ခံနိုင်လောက်အောင် ကောင်းမယ်ဆိုရင် grant အနေနဲ့ မလေးရင်းဂစ် တစ်သိန်း ငါးသောင်း ရမှာပါ။ မလေးရှားမှာ နည်းပညာတိုးတက်ဖို့အတွက် ဘတ်ဂျက် ရင်းဂစ် ၈ဝ ဘီလီယံထဲက ပေးတာပါ။ မလေးရှားနိုင်ငံသားတွေ အတွက်သာ ဖြစ်ပေမယ့် သူတို့နိုင်ငံ တစ်နေ့တစ်ခြား (တစ်ခြားနိုင်ငံတွေနဲ့ စာရင် တိုးတက်မှု နှေးပေမယ့် ဖြေးဖြေးနဲ့ ပုံမှန်) တိုးတက်လာတာကို ကြည့်ပြီး ကိုယ်နိုင်ငံကိုလည်း အဲဒီလို ဖြစ်လာစေချင်တဲ့စိတ်က တစ်ဖွားဖွားပေါ်လာပါတယ်။ Miracle ဆိုတာ ကိုဘဲ ယုံရမလား မသိတော့ဘူး။ ထားပါတော့။ အဲဒီလို ပေးဖို့ အခြေအနေမရှိသေးရင်တောင် နည်းပညာကို အခြေခံတဲ့ စီးပွါးရေးလုပ်ကိုင်ခွင့်တွေကို မပိတ်ပင်ထားသင့်တာတော့ အမှန်ပါဘဲ။ အဓိကကတော့ အင်တာနက် ပေါ့။

နောက်တစ်ယောက်ကတော့ Maintenance ဆော့ဝဲတစ်ခုရေးပြီး ခြောက်နှစ်အတွင်းမှာ နိုင်ငံပေါင်း ၉ဝကျော်ကို ရောင်းချနိုင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်ပါ။ စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံတွေဟာ ဒီအတိုင်းပစ်ထားလို့ မရဘဲ အမြဲထိန်းသိမ်းနေဖို့ လိုအပ်ပါတယ်။ အဲဒါတွေကို manage လုပ်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုရေးဖို့ ၂၀၀၂ ခုနှစ်မှာ သူအကြံရတယ်။ တစ်ခြား ပရိုဂရမ်မာသုံးလေးယောက်နဲ့ ပေါင်းပြီး တစ်နှစ်လောက် ခရက်ဒစ်ကဒ်အကြွေးတွေ ဝိုင်းနေတဲ့ကြားကနေ ဆော့ဖ်ဝဲတစ်ခု ပြီးအောင် ရေးခဲ့တယ်။ ဒါပေမယ့် မလေးရှားမှာ ဘယ်သူ့ကို သွားရောင်းရမလဲဆိုတာ သူစဉ်းစားလို့ မရခဲ့ဘူး။ သူ့လို ချောင်ကျကျ မြို့စွန်နားလောက်မှာနေတဲ့သူတစ်ယောက်ရေးတဲ့ ဆော့ဖ်ဝဲကို ဝယ်ဖို့ လူတွေက စိတ်မဝင်စားကြဘူး။ နောက်ဆုံးတော့ web site ပေါ်တင်ပြီး free ပေးလိုက်တယ်။ နှစ်ပါတ်အတွင်းမှာဘဲ ပွါတိုရီကို နဲ့ အမေရိက က လုပ်ငန်းရှင်တစ်ချို့ သူ့ကို ဆက်သွယ်လာခဲ့တယ်။ သူ့တို့ရဲ့ software ကို ကြိုက်တဲ့အကြောင်း၊ နောက်ထပ် feature တွေ ပိုစုံအောင် ထည့်ပေးနိုင်မလားဆိုတဲ့အကြောင်း ကမ်းလှမ်းခဲ့တယ်။ အဲဒီကနေစပြီး ယနေ့ နိုင်ငံပေါင်း ၉ဝကျော်မှာ သူ့ တို့ ဆော့ဖ်ဝဲကို customize လုပ်ပြီး ရောင်းချနိုင်တဲ့အထိ အောင်မြင်မှု ရလာခဲ့တယ်။ အဲဒီတော့ သူ့ကုမ္ပဏီရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ဘာလဲ? သူပြောသွားတာကတော့ “Give to get.” တဲ့။ အခုမှစတဲ့ လုပ်ငန်းရှင်တစ်ယောက်မှာ အလိုအပ်ဆုံးက စားသုံးသူတွေရဲ့ ယုံကြည်မှုဘဲ။ တစ်ခုခုကို ပေးမှ ကိုယ်လည်း တစ်ခုခု ပြန်ရမယ်ဆိုတာပေါ့။ အကြွေးတွေ ဝိုင်းနေတဲ့ကြားက ဆော့ဖ်ဝဲကို တစ်ယောက်ယောက်အတွက် အသုံးဝင်ပါစေတော့ ဆိုပြီး အလကား ပေးလိုက်တော့ လူတွေက သုံးကြည့်ပြီး စိတ်ကျေနပ်မှု ရလာတဲ့အခါ သူတို့ကို ယုံကြည်မှု ရှိလာပြီး တစ်ခါမှ မမြင်ဖူးပေမယ့် အလုပ်အပ်တဲ့အထိ တိုးတက်သွားခဲ့တာပါဘဲ။ သူ့ရဲ့ ကြိုးစားမှု၊ အောင်မြင်မှု ကတော့ တကယ်ကို အားကျဖို့ ကောင်းပါတယ်။

နောက်တော့ စင်ကာပူ based ဂူဂယ်လ် က ဝန်ထမ်းတစ်ယောက်က “Online search engine marketing” အကြောင်းကို ပြောသွားပါတယ်။ ဥပမာအနေနဲ့ သူတို့ရဲ့ Google AdWord ကို သုံးတဲ့ customer တစ်ယောက်က success story ကို ရှင်းပြသွားပါတယ်။ အင်တာနက်ပေါ်မှာ ဓါတ်ပုံရောင်းတဲ့ ကုမ္ပဏီဆိုတော့ သတင်းစာတွေ မဂ္ဂဇင်းတွေမှာ ကြော်ငြာတာထက် ဂူဂယ်လ်မှာ ကြော်ငြာထည့်တာ သူတို့စီးပွါးရေးအတွက် ဘယ်လို အကျိုးအမြတ်ရှိတယ်ဆိုတာတွေ ရှင်းပြသွားတာပါ။ ရနှစ်အတွင်း ဂူဂယ်မှာ Pay-per-click ကြော်ငြာအတွက် ရင်းဂစ် ရသိန်းလောက် သုံးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှု တစ်ခုပါလို့ ပြောသွားပါတယ်။ ကျမတော့ Google Ad တွေကို ယောင်လို့တောင်မှ မနှိပ်ဘူး။ အရင်တုန်းက adsense ထည့်ထားတဲ့ website ကို တော်တော် မျက်စိနောက်မိတာ အမှန်ဘဲ။ ဒါပေမယ့် သူတို့ ပြောသွားတဲ့ပုံအရဆိုရင် နှိပ်တဲ့သူတွေ မနည်းရှိနေတာသေချာတယ်။ Paypal account ဖွင့်ပြီးရင် စမ်းကြည့်ဦးမှဘဲ။

“ကျွန်တော်တောင် လုပ်နိုင်ရင် သင်တို့လည်း လုပ်နိုင်ရမှာပေါ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ပြောသွားတဲ့သူကတော့ လွန်ခဲ့တဲ့ ၁၄နှစ် ၁၉၉၄ခုနှစ်မှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ပခုံးအောင်ပိုင်း တစ်ကိုယ်လုံးသေသွားခဲ့ပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားခဲ့လို့ အခု အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေတဲ့သူပါ။ ခေါင်းကလွဲရင် တစ်ကိုယ်လုံး လှုပ်လို့ မရတော့ပေမယ့် voice recognition software ရဲ့ အကူအညီနဲ့ ကွန်ပျူတာကို ကျွမ်းကျင်စွာ သုံးတတ်ရုံသာမက web developer တစ်ယောက် ဖြစ်လာအောင် ကြိုးစားခဲ့တယ်။ Voice Recognition software ကို ကြားဖူးနေပေမယ့် တစ်ကယ် အသုံးချပုံကို အဲဒီနေ့ကမှ အသေအချာ တွေ့ဖူးတာပါ။ (Stephen Hawkin ဆိုရင် တစ်ကိုယ်လုံးသေတဲ့အပြင် စကားတောင် ကောင်းကောင်းမပြောနိုင်တော့ပေမယ့် လူအနည်းငယ်သာ နားလည်တဲ့ အိုင်းစတိုင်းရဲ့ သီအိုရီကို ရှင်းပြသွားနိုင်ခဲ့တယ်။ ဒါကတော့ exceptional case ပါ။ off-topic … ရေးရင်းနဲ့ သတိရသွားလို့။) အခု မလေးရှားနိုင်ငံ ဒုက္ခိတများ စောင့်ရှောက်ရေးအသင်းမှာ ဥက္ကဌ လုပ်နေပြီး သူ့စီးပွါးရေးကိုလည်း ဆက်လက်လုပ်ကိုင်နေပါသတဲ့။ သူပြောချင်တဲ့ အဓိကအချက်ကတော့
“နည်းပညာဟာ သူ့လို ဒုက္ခိတ တစ်ယောက်ကို ဘယ်လို မျှော်လင့်ချက်တွေနဲ့ ဆက်လက် ရှင်သန်စေဖို့ အားအင်တွေ ပေးနိုင်ခဲ့တယ်”
ဆိုတာပါဘဲ။ သူ အက်ဆီးဒင့် ဖြစ်သွားတဲ့ ၁၉၉၄ ခုနှစ်ဆိုတာ အင်တာနက် မပြောနဲ့ ကွန်ပျူတာတောင် လူတိုင်း မြင်ဖူးတဲ့ ခေတ် မဟုတ်သေးပါဘူး။ “ဘယ်အလုပ်မဆို အစပိုင်းတော့ ခက်ခဲတာဘဲ” လို့ပြောသွားခဲ့ပါတယ်။ ဒုက္ခိတ တစ်ယောက် ဖြစ်သွားပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားတဲ့ သူ့ရဲ့စိတ်ဓါတ်ကို အရမ်း လေးစားမိတယ်။

လက်တော်တော်ညောင်းသွားပြီ။ ဖတ်တဲ့သူလဲ ပျင်းလာလောက်ပြီ။ နောက်နေ့မှ ဒုတိယပိုင်း ဆက်ပါမယ်။


တောင်ပံပါရင်

Zin Yaw Bird
အင်းထဲ ရောက်တုန်း ရိုက်ဖြစ်ခဲ့တဲ့ စင်ရော်ငယ်လေးရဲ့ ပုံတစ်ပုံပါ။


Month of Travel

ရုံးက ယူထားတဲ့ ခွင့်တစ်လကလည်း တစ်ခြားကိစ္စတွေ ပြီးတော့ တောင်ကြီးပြန်ဖို့ တစ်ပါတ်ဘဲ ကျန်တော့တယ်။ ဒါနဲ့ဘဲ မျက်နှာပူပူ (မျက်နှာပြောင်ပြောင်?? :D ) နဲ့ ခွင့်နောက်တစ်ပါတ် ပိုတောင်းပြီး တောင်ကြီးရောက်အောင် ပြန်ဖြစ်ခဲ့တယ်။ မစီစဉ်ထားဘဲ တန်ဆောင်တိုင်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံသွားတယ်။ တန်ဆောင်တိုင်က နိုဝင်ဘာလ ကုန်ပိုင်းလောက်မှ စမယ်လို့ ထင်ထားတာ။ ကံကောင်းသလားဆိုတော့ တန်ဆောင်တိုင်ပွဲရက်ဖြစ်နေလို့ ရန်ကုန်-ဟဲဟိုးလေယာဉ်လက်မှတ်က တစ်ပါတ်စာလုံး မရှိတော့ပါဘူးတဲ့။ ခါတိုင်းပြန်ရင် လေယာဉ်လက်မှတ်က အမြဲဝယ်ရလွယ်နေတော့ ကြိုမှာထားဖို့လည်း သတိမရဘူး။ ကားလက်မှတ်တွေ စုံစမ်းကြည့်တော့လည်း တစ်စောင်နှစ်စောင်ဘဲ ကျန်တော့တယ်တဲ့။ တောင်ကြီးကို ကားနဲ့ ပြန်ဖို့ကလည်း ၁၆နာရီလောက် စိတ်ညစ်နေအောင် စီးရမှာဆိုတော့ ခပ်ကြောက်ကြောက်။ ကိုညီလင်းဆက်ရေးထားသလိုများ ရထားစီးပြန်ရရင်တော့ ဖတ်ရင်နဲ့တောင် လန့်တယ်။ ရန်ကုန်မှာဘဲ သောင်တင်ပြီလို့တောင် ထင်ထားတာ။ နောက်ဆုံး ဆွေမျိုး အသိတစ်ယောက်က လုပ်ပေးလို့ အဲပုဂံ လက်မှတ် ရသွားခဲ့တယ်။ ခဲရာခဲဆစ် ရလိုက်တဲ့ လက်မှတ်လေးနဲ့ မွေးရပ်ဌာနေကို ပြန်ရောက်သွားခဲ့ပါတယ်။

လေယာဉ်လက်မှတ်ဆိုလို့ တစ်လအတွင်း လေယာဉ်လက်မှတ် ပြဿနာတွေဘဲ ကြုံနေရတယ်။ သွားစရာအားလုံးကလည်း တစ်လအတွင်းမှာ လာစုနေတော့ လေယာဉ် ၉ ခေါက်စီးလိုက်ရတယ်။ ခါတိုင်း တစ်နှစ်နေလို့မှ တစ်ခါတောင် စီးဖြစ်တာမဟုတ်ဘူး။ AirAsia နဲ့ ဘန်ကောက်လေဆိပ်မှာ ရနာရီလောက် ထိုင်စောင့်လိုက်ရဖူးပြီးပြီ။ မလေးရှားသွားတဲ့ လေယာဉ်လက်မှတ်တွေ တစ်ပါတ်စာလုံး မရှိတော့လို့ ရန်ကုန်မှာ တစ်ပါတ်လောက် ထိုင်နေလိုက်ရသေးတယ်။ (ဒီလောက်တောင် မလေးရှား သွားကြသလားကွယ်။) နောက်မှဘဲ တောင်ကြီး တန်ဆောင်တိုင် အကြောင်း ရေးတော့မယ်။ တစ်လအတွင်း ဝေဟင်ထဲမှာ နာရီ ၃ဝလောက် ရောက်နေတော့ ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေကိုဘဲ တင်လိုက်မယ်။ အခုတော့ ကင်မရာလေးလည်း ဆားဗစ်စင်တာမှာ အိပ်နေရှာပြီ။

Air Asia MAS Airbus A330



plantations near HEHO airport

အောက်ဆုံးပုံကတော့ ရှမ်းပြည်နယ်ကို ရောက်ပြီဆိုတာ သိနိုင်တဲ့ landmark ပေါ့။ ပန်းနှမ်းစိုက်ခင်းလေးတွေနဲ့ မြေကြီးနီနီလေးတွေကို တွေ့လိုက်ရပြီဆိုရင် ဟဲဟိုးလေဆိပ်သို့ မကြာမီအချိန်အတွင်းမှာ ဆင်းသက်ပါတော့မယ်ရှင် ဆိုတဲ့ လေယာဉ်မယ်လေးရဲ့ အသံချိုချိုလေးကို ကြားရမှာ အသေအချာပါဘဲ။


လေယာဉ်ပျံကို အဲလို တရစပ်ကြီး စီးရတဲ့ အခါမှဘဲ နားမအူအောင် ဘယ်လို လုပ်ရသလဲဆိုတာ သိသွားလို့ တော်တော့တယ်။ အတူတူ ခရီးသွားခဲ့တဲ့ ဆရာဝန်မမ ပြောပြတာ အရင်တုန်းက လေယာဉ်ဆင်းခါနီး ချိုချဉ်ဘာကြောင့် ကျွေးသလဲ စဉ်းစားလို့ မရခဲ့ဘူး။ ဆရာဝန်မမ ပြောပြချက်အရဆိုရင် လေယာဉ်ဟာ လေဖိအားနည်းတဲ့အရပ်ကနေ ရုတ်တရက် လေဖိအားများတဲ့အရပ်ကို ရောက်သွားတဲ့အခါ နားအထဲက (ဘာဆိုလားမသိ) က လေဖိအားပြောင်းလဲမှုဒဏ်ကြောင့် နားအူသွားတာပါတဲ့။ တစ်ခါတစ်လေဆို အိမ်ရောက်ပြီး နှစ်ရက်လောက် နားအူနေတာ တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ သူများနဲ့ စကားပြောရင် ကိုယ်ဘဲ နားလေးနေသလိုလို။ နားမအူအောင် လေယာဉ်အတက်အဆင်းမှာ နားထဲက လေပြွန် (လို့ထင်တာဘဲ) ကို ချုံ့ချဲ့ပေးအောင် ချိုချဉ်၊ ဒါမှမဟုတ် ပီကေ စသဖြင့် တစ်ခုခုကို ငုံထားပေးရင် နားမအူတော့ပါဘူး။ လက်တွေ့။ :D အရင်ကဆို ချိုချဉ်လာပေးရင် တစ်ခါတည်း စားပစ်တာ။ လေယာဉ်တောင် ဆင်းမယ်မကြံရသေးခင် ချိုချဉ်က ကုန်ပြီ။ ခုတော့ လေယာဉ်တက်တော့မယ့်အချိန် ဒါမှမဟုတ် ဆင်းခါနီးနီး အချိန်ကျမှ ချိုချဉ် ထုတ်ငုံတတ်တဲ့ အကျင့် ရသွားခဲ့ပါပြီ။ အကယ်လို့ ချိုချဉ်မကျွေးတဲ့ လေကြောင်းလိုင်းဆို ဘယ်လို လုပ်မလဲ။ အဆက်မပြတ် အားရပါးရ "အို..၀..အို..၀" ဆိုပြီး ရွတ်ဆိုနေရင်လည်း နားရွက်က လေပြွန်ကို ချဲ့လိုက်ချုံ့လိုက် ဖြစ်ရာရောက်တဲ့အတွက် နားမအူတော့ပါဘူးတဲ့။ ဂါထာလေးပေါ့ကွယ်။


အဖေ့ အပြုံး

အဖေနဲ့အမေ ခရီးထွက်မှာမို့ ကျွန်တော် မနေ့က လေဆိပ်ကို လိုက်ပို့ခဲ့တယ်။ ကျွန်တော့အဖေဟာ လေယာဉ်နဲ့ တစ်ခါမှ ခရီးမထွက်ဖူးတော့ အတွေ့အကြုံသစ် ရစေချင်တာနဲ့ ခါတိုင်း ဝယ်နေကြ ရထားလက်မှတ်အစား လေယာဉ် လက်မှတ်ဝယ်ပေးလိုက်တာ။ လက်မှတ်ဝယ်ပြီး ပေးလိုက်တဲ့အချိန်မှာ အဖေ အရမ်း အံ့ဩပြီး ဝမ်းသာသွားခဲ့တယ်။ အဖေဟာ ကလေးငယ်တစ်ယောက်လို လေယာဉ်နဲ့ ခရီးထွက်ရမှာကို စိတ်လှုပ်ရှားနေခဲ့တယ်။ အဲဒီနေ့က အဖေဟာ ပစ္စည်းတွေကို ထုပ်ပိုး၊ လေဆိပ်ကို သွား၊ ကောင်တာမှာ check-in လုပ်၊ ပြတင်းပေါက်နဲ့နီးတဲ့ ထိုင်ခုံတောင်းပြီးတဲ့ အထိ အလွန်အမင်း ပျော်ရွှင်နေခဲ့တယ်။ အဖေ့ကို ကြည့်ရင်း ကျွန်တော်လည်း အလိုလိုနေရင် ဝမ်းသာနေမိတယ်။

အဲဒီနောက် လေယာဉ်စီးဖို့ ဂိတ်ထဲ ဝင်ရတော့မယ့် အချိန်မှာ အဖေက မျက်ရည် တစ်စမ်းစမ်းနဲ့ ကျွန်တော့်ကို ကျေးဇူးတင်ကြောင်းလာပြောတယ်။ “ရပါတယ် အဖေရယ်၊ ကျေးဇူးတင်ဖို့မလိုပါဘူး” လို့သာ ကျွန်တော် ပြောနိုင်ခဲ့တယ်။ အမှန်တော့ ကျွန်တော့်ရဲ့ လုပ်ရပ်ဟာ ဘယ်လောက် မှ မကြီးမားတော့ အဖေ့အတွက် ဒီလောက် ဝမ်းသာစရာ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူး။

ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ကျွန်တော် ငယ်စဉ်က အကြောင်းတွေကို ပြန်စဉ်းစားမိတယ်။

ငယ်ငယ်တုန်းက ကျွန်တော်တို့ရဲ့ အိပ်မက်ပေါင်း မြောက်များစွာကို မိဘတွေ ဘယ်လိုနည်းနဲ့ အကောင်အထည် ဖေါ်ပေးခဲ့တယ်ဆိုတာ မှတ်မိကြသေးရဲ့လား။ မိဘတွေရဲ့ အခက်အခဲကို ထည့်မစဉ်းစားဘဲနဲ့ အကျီ င်္အသစ်၊ ဘောလုံး၊ အရုပ် စသဖြင့် လိုချင်တာ မှန်သမျှ ပူဆာခဲ့ကြဖူးတယ်။ မိဘတွေကလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ အများစုဟာ မိဘတွေ ဘယ်လောက် အနစ်နာခံခဲ့ကြသလဲဆိုတာ အများအားဖြင့် မစဉ်းစားခဲ့ကြဘူး။ မိဘတွေကို ကျေးဇူးတင်ပါတယ်လို့ ဘယ်နှစ်ခါ ပြောခဲ့ဖူးပါသလဲ။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ သားသမီးတွေကို အမြဲ အကောင်းဆုံး ဆိုတာတွေကို ပေးချင်ကြတာချည်းဘဲ။ အလှူငွေ ဘယ်လောက်ဘဲ ထည့်ရထည့်ရ အကောင်းဆုံး ကျောင်းကို တက်စေချင်တယ်။ ဒါပေမယ့် ကျွန်တော်ကို ပျော်ရွှင်အောင် ထားခဲ့တဲ့ မိဘတွေရဲ့ အနစ်နာခံမှုတွေကို မေ့လျော့နေခဲ့ကြတယ်။ ကျွန်တော်တို့အတွက် လုံးပန်းနေခဲ့ရလို့ ငယ်စဉ်က သူတို့ မရနိုင်ခဲ့တာတွေကို ဖြည့်ဆည်းပေးဖို့ဟာ ကျွန်တော်တို့တာဝန်ပါပဲ။

ကျွန်တော့သမီးရဲ့မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ပြန်ဖြေနေတဲ့ အချိန်မှာ အဖေ့ရဲ့ မေးခွန်းတွေကို ကျွန်တော် စိတ်မရှည်စွာ ဖြေခဲ့မိတဲ့ အကြိမ်တွေလည်း မနည်းတော့ဘူးဆိုတာ ပြန်စဉ်းစားမိလိုက်တယ်။ အဲလိုအချိန်တွေမှာ အဖေ ဘယ်လိုများ ခံစားနေရမလဲ မသိဘူး။ အမှန်တော့ အသက်အရွယ်ကြီးလာရင် လူတွေဟာ ဒုတိယ ကလေးဘဝကို ပြန်ရောက်သွားသလိုပါဘဲ။ ကလေးတွေလိုဘဲ လူကြီးသူမတွေဟာလည်း ဂရုစိုက်မှု နားလည်ပေးမှုတွေ လိုအပ်ပါတယ်။

အဖေရဲ့ကျေးဇူးတင်စကားကို နားထောင်ရမယ့်အစား အဖေ့ဆန္ဒတစ်ခုကို ဒီလောက် အချိန်တွေကြာမှ ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်က တောင်းပန်သင့်တာပါ အဖေ။ မိဘတွေ ပေးဆပ်ခဲ့တာ အနစ်နာခံခဲ့တာ အခုအချိန်မှာ ကျွန်တော် သဘောပေါက် နားလည်သွားခဲ့ပြီ။ မိဘတွေရဲ့ လိုအပ်ချက်တွေကို ကျွန်တော် တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။

(အင်္ဂလိပ်လိုမူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။)