နောက်ဆုံး မျှော်လင့်ချက်

ကျမတို့နှစ်ယောက် စာအုပ်ဝယ်ပြီး ဆိုင်ထဲမှ ထွက်လာကြသည်။ စာအုပ်ဆိုင်က လေးထပ်မှာ။
ကျမ။ ။ ဟေ့။ ISETAN မှာ ပစ္စည်း နည်းနည်း သွားဝယ်ရအောင်။
နို။ ။ ကောင်းသားဘဲ။ ဒါနဲ့ အဲဒီဆိုင်က သုံးထပ်မှာ မလား။
ကျမ။ ။ ဟုတ်တယ်လေ။ ဟော.. ဟိုမှာတောင် မြင်နေရပြီ။ အဲဒီဆိုင်ဘဲ။ ဒီဓာတ်လှေကားနဲ့ ဆင်းရအောင်။
နို။ ။ အဲဒါက ကြာပါတယ်ဟာ။ လှေကားနဲ့ ဆင်းရင်တောင် မြန်ဦးမယ်။ နင်ဟာလေ.. အပျင်းကို ကြီးတယ်။
ကျမ။ ။ ထားပါတော့။ ဆင်းပါ့မယ်။ ဘယ်မှာလဲ လှေကား ..
နို။ ။ ဟိုဘက်မှာ.. ဆိုင်းဘုတ်တွေ့တယ်မလား။

အစိမ်းရောင်နှင့် KELUAR/ EXIT လို့ ရေးထားပြီး လူတစ်ယောက် လှေကားဆင်းနေသည့်ပုံပြထားလျှင် လှေကားရှိမှန်း လူတိုင်း သိပါသည်။

ကျမ။ ။ ကဲ.. သွားကြတာပေါ့..

နို က တံခါးကို တွန်းဖွင့်လိုက်ပြီး ကျမအား အမြန်လာရန်ခေါ်သည်။ ကျမဝင်လိုက်ပြီးသည်နှင့် တံခါး lock ကျသွားသည့် အသံကို ကြားလိုက် သလိုလို။ သို့သော် အမှုမဲ့ အမှတ်မဲ့သာ။ လှေကား အထစ်နှစ်ဆယ်ခန့်ဆင်းပြီး ၃ထပ်သို့ရောက်လေပြီ။

ကလစ်… ကလစ်..

နို။ ။ ဟာ။ ဖွင့်လို့ မရဘူးဟေ့။ တံခါး လော့ခ် (lock) ကျနေတယ်။
ကျမ။ ။ ဟယ်… ဟုတ်ပါ့။ ဒုက္ခဘဲ။ အပေါ် ပြန်တက်ကြရအောင်။

ကလစ်.. ကလစ်..

နို။ ။ ဒီတံခါးလည်း ဖွင့်လို့ မရတော့ဘူး။
ကျမ။ ။ နို.. တံခါးမှာ ဖတ်ကြည့်ဦး။ "One way door. Emergency exit only." တဲ့။
နို။ ။ ငါတို့တော့ သေပြီထင်တယ်။
ကျမ။ ။ အော်မနေနဲ့လေ.. ငါတို့ ဘယ်လို ထွက်နိုင်မလဲ ဆိုတာ စဉ်းစားကြတာပေါ့။
နို။ ။ ဟာသိပြီ။ ဖုန်း..ဖုန်း.. ငါ့ဖုန်း .. လိုင်းမိသေးတယ်ဟဲ့။
ကျမ။ ။ လိုင်းမိလို့ကော နင်ဘယ်သူ့ကို ခေါ်မှာလဲ။ ဒီ shopping mall ရဲ့ အရေးပေါ် နံပါတ်ကို ငါတို့မှ မသိတာ။ တခြားနည်း ကြံကြတာပေါ့။
ရုတ်တရက် "100 meters to Emergency exit" ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့လိုက်သည်။ ဒီလိုဆိုလျှင် ဒီအတိုင်းဆက်ဆင်းသွားတာနဲ့ အပေါက်ဝသို့ ရောက်နိုင်သည်။
ကျမ။ ။ ကဲ.. လှေကားအတိုင်း ဆက်ဆင်းကြတာပေါ့။
နို။ ။ ငါတော့ အရမ်းကြောက်နေပြီ။ အထဲမှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ။ ငါနင့်ကို အရမ်းအားနာတယ်ဟာ။ ငါခေါ်လို့ ဒီလို ဖြစ်ရတာ။
ကျမ။ ။ တိတ်တိတ်နေပါဟယ်။ နောက်မှဘဲ အားနာတော့။ ငါလဲ ကြောက်တာဘဲ။ အော်နေလို့ကော ဘာမှ ထူးမှာ မဟုတ်ဘူး။

သုံးထပ်.. နှစ်ထပ်.. တစ်ထပ်.. မြေညီထပ်.. lower ground floor.. အမှန်တော့ ဘယ်အထပ်ရောက်လို့ ရောက်နေသည်မသိ။ လှေကားရှိသလောက် ပြေးဆင်းလာခဲ့မိသည်။

နို။ ။ ဟေ့။ ထပ်ဆင်းစရာ လှေကားတော့ မရှိတော့ဘူး။ ငါတို့ ဘယ်နား ရောက်နေပြီလဲဟင်။

မသိ။ ထိုမေးခွန်းအတွက် ကျမ အဖြေ မရှိ။ လှေကားထစ်တွေက အလွန် ခြောက်ခြားစရာ ကောင်းနေသည်။ လူသံ သူသံလည်း တစ်ချက်မှ မကြားရ။ လှေကားဆုံးလျှင် ထွက်ပေါက်တွေ့မည်ဟု ကျမ တွက်ထားခဲ့မိသည်။ ဘာမှမတွေ့သောအခါ ကျမအလွန် တုန်လှုပ်သွားမိသည်။ လက်ကိုင်ဖုန်းကို ကြည့်လိုက်တော့ လုံးဝ လိုင်းမမိတော့။ ဒါကိ ုသူမ သိလျှင် ပိုပြီးအော်တော့မည်။ ကျမ စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ထားလိုက်သည်။

"xx meter to exit"

ဆိုတာတွေ့တော့ နည်းနည်းတော့ ဝမ်းသာမိလိုက်သည်။ သို့သော် အန္တရာယ်ဆိုတာ ဘယ်သူမှ ကြိုမမြင်နိုင်။ လမ်းရှိသလောက်တော့ ဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။ shopping mall ထဲမှာ သားနားသလောက် ယခုနေရာက လုံးဝ တခြားစီ ဖြစ်နေသည်။ ဘေးနှစ်ဖက်နံရံနှစ်ခုကို အဝါရောင်ဆေးတွေ ပြောင်နေအောင် သုတ်ထားသည်။ ကြမ်းပြင်ကတော့ သမံတလင်း.. မျက်နှာကြက်လည်းမရှိ။ အပေါ်က ရေပိုက်လုံးများ ဝါယာကြိုးများကို အတိုင်းသား မြင်နေရသည်။ လမ်းကလည်း တဖြောင့်တည်း မဟုတ်။ ဟိုကွေ့.. ဒီပါတ်.. ဝင်္ကဘာ လျှောက်နေရသလိုလို။ (ရုပ်ရှင်တွေထဲကလို ) ဘယ်ချောင်ထဲကနေ ဘယ်လူဆိုးတွေ ထွက်လာမလဲဆိုတာ ရင်တထိတ်ထိတ်။ ပြန်ချရအောင်လည်း ဓားတွေ ဘာတွေ မပါ။ နိုက ကရာတေး တတ်တာဘဲဟု စိတ်ကို မနည်းဖြေနေရသည်။ ဒီ အဆောက်အဦးကို ဆောက်တဲ့ အင်ဂျင်နီယာကိုလည်း အပြစ်တင်နေမိသည်။ ဒီဇိုင်းဆွဲတဲ့ အာခီတက် (architect) ကိုလည်း မဆီမဆိုင် စိတ်တိုမိသည်။ အဆိုးဆုံး အခြေနေတွေကို စိတ်ထဲကတွက်နေရင်း ခြေလှမ်းကို တတ်နိုင်သမျှ မြန်အောင် လျှောက်နေမိသည်။
လမ်းတွေ့လျှင် လျှောက်သည်။ လမ်းဆုံးသွားလျှင် ကွေ့၍ ဆက်လျှောက်သည်။ ထို့နောက် ထပ်ကွေ့သည်။ ဘယ်လောက်ကြာသွားသည်မသိ။ အချိန်တော်တော်ကြာကြာ ထိုအထဲတွင် ကွေ့ရင်းပါတ်ရင်း နောက်ဆုံးတော့ တံခါးနှစ်ချပ်ကိုတွေ့လိုက်ရသည်။ ကန္တာရမှာ အိုအေစစ်ကို တွေ့လိုက်ရသောသူတစ်ယောက်လို ဝမ်းသာသွားမိသည်။

နို။ ။ ဟေ့.. ဟိုမှာ။ တံခါးတွေ့ပြီ။
ကျမ။ ။ ဟုတ်တယ်ဟေ့။

ကလစ်.. ကလစ်..

နို။ ။ ဖွင့်လို့မရဘူး။

ကျမတို့ နှစ်ယောက် ရှိသမျှ အားအင် ကုန်ခန်းသွားသည်။ ဘာဆက်လုပ်ရမလဲ။ အပေါ်ပြန်တက်ကြမည် ဆိုလျှင်လည်း မောပြီးသော်လည်းကောင်း ကြောက်ပြီးသော်လည်းကောင်း သေသွားနိုင်သည်။ ဖုန်းခေါ်ရအောင်လည်း လိုင်းမမိတော့။ ကျမတို့ဧ။် နောက်ဆုံးမျှော်လင့်ချက်ကို နောက် တံခါး တစ်ချပ်ပေါ်တွင်ထားပြီး တတ်သမျှ မှတ်သမျှ ဘုရားစာတွေ ဆိုကာ တံခါးကို တွန်းလိုက်တဲ့ အခါမှာတော့…
အပြင်ဖက်မှာ မိုးက ဖွဲဖွဲ ရွာနေသည်။ မြေသင်းနံ့တွေကို တစ်ဝကြီး ရှူလိုက်သည်။ ထိုအခါမှ သက်ပြင်းဒုံးဒုံးချကာ တွေ့တဲ့နေရာမှာ ထိုင်ချလိုက်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြိုင်တူ ပြုံးနိုင်တော့သည်။
…………………………………………………………..
မနေ့က ကျမနဲ့ သူငယ်ချင်းတစ်ယောက် ကြုံခဲ့တဲ့ အဖြစ်အပျက်ပါ။ ပြန်စဉ်းစားမိတိုင်း ကြောက်တုန်းဘဲ။ architect သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တော့ တံခါးတွေကို ဘာလို့များ အဲဒီလို ဒီဇိုင်းလုပ်ထားသလဲ ဆိုတာကို အပြစ်တင်မိသေးတယ်။ အဲဒီအခါမှ သိလိုက်ရတယ်။ "one way" design လုပ်ထားတာက အရေးကြုံလာပြီဆိုရင် ထွက်ပြီးတဲ့လူက ပြန်မဝင်မိအောင်တဲ့။ လူဆိုတာ အန္ထရာယ်နဲ့ ကြုံလာရင် ဘာကိုမှ မစဉ်းစားနိုင်ကြတော့ဘူးမလား။ ဟုတ်တော့ ဟုတ်ပါတယ်။ ကျမတို့ကတော့ အဲဒီ "one-way door" ကပေးတဲ့ သင်ခန်းစာကို အီစိမ့်နေအောင် ခံစားလိုက်ရပါတယ်။ ဘယ်သူ့ကို အပြစ်တင်သင့်သလဲ။

၁။ ထိုတံခါးမှာ တစ်ခြားတံခါးတွေအတိုင်း EXIT လို့သာ ရေးထားသည်။ ရေးပါလား "EMERGENCY EXIT" ဖြစ်ဖြစ်.. တခြား တံခါးတွေနဲ့ ခွဲလို့ ရအောင်
၂။ "this is one-way door" ဆိုတဲ့ စာလုံးကို အလယ်နားလောက်မှာ စာလုံး ပိစိနှင့်သာ ရေးထားသည်။
ဒါကြောင့် မသိသေးတဲ့ သူတွေ သတိထားနိုင်အောင်လို့ပါ။ လှေကား ( အထူးသဖြင့် တံခါးပေါက်တွေနဲ့ ပိတ်ထားတဲ့ လှေကား) ဆင်းတော့မယ်ဆိုရင် တံခါးက "one-way door" ဟုတ်မဟုတ် အသေအချာ စစ်ပြီး ဆင်းကြပါလို့… ကိုယ်တိုင်တွေ့ကြုံ ခံစားကြည့်ချင်တယ်ဆိုရင် KLCC က Emergency exit (သုံးထပ်က ISETAN ရဲ့ ဘယ်ဘက်နားလောက်မှာ) ကနေ တံခါးကိုဖွင့်ပြီး အောက်ကိုသာ ဆင်းကြည့်ပါတော့။

4 comments:

Anonymous said...

ဖြစ်မှ ဖြစ်ရလေ သဉ္ဖာရယ်။

သဉ်ဇာ - Thinzar said...

ဟိဟိ.. ဟုတ်ပါ့.. ကိုယ့်ကိုယ်တောင် သနားမိတယ် :D

mgthantzin said...

ဒီ Post ဖတ်ပြီး စဉ်းစားမိတယ်.. အစ်မရဲ့ သူငယ်ချင်းက အစ်မကို... အားနာတယ်လို့ ပြောတယ်..နော်။ English လို အားနာတယ်ကို ဘယ်လိုပြောလဲဟင်..

Peace:
mgthantzin

စကားမစပ်... Tomcat on Vista run နေပြီလား...

သဉ်ဇာ - Thinzar said...

မောင်သန့်ဇင် >> တော်တော်လည်း ပေါက်ပေါက်ရှာရှာ စဉ်းစားတယ်။ I feel so sorry, i'm really sorry လို့ဘဲ ပြောတယ်နေမယ်။ မြန်မာလု ရေးတော့လည်း "ငါ အရမ်း ဝမ်းနည်းပါတယ်" ဆို မကောင်းလို့ အဆင်ပြေသလို ဘာသာ ပြန်လိုက်တာ။ =)
Vista မှာ Tomcat က နောက်ဆုံးတော့ run သွားတာဘဲ။ အခုထိတော့ ကောင်းကောင်း အလုပ်လုပ်နေသေးတယ်။

Post a Comment

Please feel free to use any font to comment :)