November Cosmetics Hauls

ခုလို နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ စျေးချတာတွေများတော့ ပစ္စည်းတွေ ဝယ်လို့ကောင်းသလို ပိုက်ဆံလည်း အတော်ကုန်တယ်။ Thanksgiving Sales, Black Friday Sales, Midnight Sales, စသဖြင့် နာမည်မျိုးစုံတပ်ပြီး ဆိုပြီး စျေးအပြိုင်အဆိုင်ချကြတယ်။ ဒီတလောဝယ်ဖြစ်တာတွေက..

LUXOLA 3hours Sales
Luxola haul
Luxola ဆိုဒ်ကို အရင်တစ်ခေါက် Sigma brush လိုက်ရှာရင်းမှ ရှာတွေ့ထားပေမယ့် ခဏခဏ discount ပေးနေလို့ ဝယ်ဝယ်ဖြစ်နေတယ်။ Shipping ဖိုး ပေးစရာမလိုတာရယ်၊ မလေးရှားမှာ သိပ်မတွေ့တဲ့ brand တွေရှိတာရယ်ကြောင့် Sales ရှိတိုင်း တစ်ခုမဟုတ် တစ်ခု ဝယ်ဖြစ်နေတယ်။ အဲဒီနေ့ကလည်း 3 hours Midnight Sales ဆိုပြီး ၃၅% ချတော့ လိုချင်တာလေးတွေ ဝယ်မိပြန်ရော။ တနင်္လာနေ့ (2 Dec 2013) ကြရင်လည်း ၃၅% စျေးချဦးမယ်လို့ အီးမေးလ်ရထားတယ်။ လိုချင်တာရှိရင် ကြည့်ထားနော်။ အဲဆိုဒ်က စျေးမှန်တယ်၊ ပစ္စည်းလည်း စိတ်ချရတယ်။ :) 

အရင်တစ်ခေါက် ဝယ်ဖြစ်တာတွေက..
၁။ Sleek Makeup Face Contour Kit (Light) - bronzer နဲ့ highlighter နှစ်မျိုးပါတယ်။ beauty blogger တွေ တော်တော်များများ recommend လုပ်ကြတယ်။ Light, Medium, Dark ဆိုပြီး shade သုံးမျိုးလာတယ်။

၂။ Beauty Blender - အရင်ပို့စ် မှာ beauty blender dupes အကြောင်းရေးဖူးတယ်။ အတုလိုက်ထုတ်တာတောင် တော်တော်သုံးလို့ကောင်းတော့ original ကို သုံးကြည့်ချင်လို့ စျေးချတုန်း ဝယ်လိုက်တာ။ မဟုတ်ရင် sponge တစ်ခုကို USD20 လောက် ပေးဝယ်ဖို့ တော်တော်စဉ်းစားရမယ်။ နောက်မှ Beauty Blender နဲ့ similar sponge ကို ယှဉ်ပြီး ပို့စ်သပ်သပ်ထပ်ရေးဦးမယ်။ :)

၃။ Konjac Sponge Charcoal - Konjac sponge အကြောင်းလည်း အရင်ပို့စ်မှာ တစ်ခါရေးဖူးသေးတယ်။ ပထမတစ်ခေါက်ဝယ်တာက အဖြူရောင်၊ တရုတ်ကထုတ်တဲ့ဟာ။ Luxola မှာရောင်းတာက Korea ထုတ်တဲ့ The Konjac Sponge Company တံဆိပ်၊ charcoal sponge က oily and acne prone skin အတွက် သင့်တော်တယ်ဆိုလို့ ထပ်ဝယ်ဖြစ်တယ်။ အရင်တစ်ခုထက် ပိုသုံးလို့ကောင်းတယ်။ 

၄။ Maybelline Baby Skin Pore Eraser - မလေးရှားမှာ Maybelline ရဲ့ baby skin range ရှာလို့မရတော့ဘူး။ Luxola မှာတွေ့တာနဲ့ တစ်ခါတည်း မှာလိုက်တာ။ သုံးကြည့်သလောက် တစ်အားတော့ မကောင်းဘူး။ အဆီနည်းနည်းပြန်တယ်။ 

− ဟိုတစ်နေ့က Black Friday Sales ဆိုပြီး စျေးချတုန်းက  Olay Regenerist Megasonic Specialist Cleanser တစ်ခုမှာထားသေးတယ်။ အပြင်မှာ တော်ရုံစျေးမချတဲ့ပစ္စည်းတွေကို စျေးလျှော့ပြီးရတော့ တန်တယ်ထင်တာဘဲ။ :) 

SEPHORA Member Sales
 Sephora haul
Sephora က Member Sales ဆိုပြီး 20% discount ချတော့ လိုတာတွေရော (မလိုတာတွေရော) ဝယ်ဖြစ်သွားတယ်။ :D 

၁။ Shiseido Pureness Cleanser and Softner - အရင်က သဉ္ဇာ့အသားအရေက skin breakout ခဏခဏဖြစ်တယ်။ acne prone skin type.. လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်မှစပြီး Shiseido Pureness ကို စသုံးကြည့်တာ တော်တော်တည့်တယ် ပြောရမယ်။ skin breakout သိပ်မဖြစ်တော့ဘူး။ မျက်နှာပေါ်က acne တွေ၊ အနီရောင် အစက်အပြောက်တွေ လည်း သိသိသာသာလျော့သွားတယ်။ ခြောက်လလောက်အတွင်းမှာတင် skin condition တော်တော်ကောင်းသွားတယ်လို့ ပြောလို့ရတယ်။ သူ့ Moisturizer ကိုတော့ သိပ်မကြိုက်လို့ ဆက်မသုံးဖြစ်ဘူး။ cleanser နဲ့ softner ကတော့ ဆက်သုံးဖြစ်နေတယ်။ နဂိုသုံးနေတာတွေ ကုန်ခါနီးမို့ စျေးချတုန်း ထပ်ဝယ်ထားလိုက်တာ။ 

၂။ Soap & Glory က lipbalm (peach) - ရုံးကစားပွဲမှာထားတဲ့ lipbalm ကုန်နေလို့ဆို လိုက်ရှာရင်း ဒီတံဆိပ်ဝယ်လိုက်တယ်။ moisturize ဖြစ်တဲ့အပြင် အရသာလည်းကောင်းတယ်၊ ချိုနေတာဘဲ။ haha..  :D

ပြီးတော့ NYX product တစ်ခါမှ မသုံးဖူးလို့ တစ်ချို့စမ်းဝယ်ခဲ့သေးတယ်။ youtube က review တွေမှာ NYX ကို လူပြောများကြလို့၊ သုံးကြည့်ပြီးမှဘဲ review သပ်သပ်ရေးတော့မယ်။ :) 
၃။ NYX jumbo eyeliner (milk and gold) - cream eyeshadow ပုံစံမျိုး
၄။ NYX Matte Lipstick (Angel)
၅။ NYX Stay Matte liquid foundation (05 Soft Beige) − Oil free, water based, full coverage, Matte Finish ဆိုတာ စိတ်ဝင်စားလို့ စမ်းဝယ်ခဲ့တာ။ စျေးလည်းသက်သာတယ်။

Sales တွေလည်း တစ်အားများလွန်းရင် မကောင်းပြန်ဘူး။ :D မြန်မြန်ရပ်မှဘဲ၊ မဟုတ်ရင် bankrupt ဖြစ်တော့မယ်။


Favorite pre-packaged food from Taunggyi

မြန်မာပြည်ပြန်တိုင်း အစားအသောက်ကို အများဆုံး ပြန်ယူလာဖြစ်တယ်။ တောင်ကြီးကဝယ်ခဲ့တာမို့ တောင်ကြီးလို့ ခေါင်းစဉ်တပ်လိုက်တာ။ အချို့အစားအစာတွေကတော့ အခြားမြို့တွေမှာလည်း ဝယ်လို့ ရကောင်းရပါလိမ့်မယ်။ ဟိုနေ့က လက်ဖက်နဲ့ ထမင်းနဲ့ နယ်၊ စွန်တန်ဟင်းရည် နဲ့စား၊ ရေနွေးကြမ်းသောက်ရင်း သတိရလို့ ဘလော့ရေးဖြစ်သွားတာ။

၁။  လက်ဖက်
လက်ဖက်ဆို လက်ဖက်ညွှန့်ဘဲကြိုက်တာမို့ မြေလတ်သားကနေ ဝယ်ဖြစ်တယ်။ သူက တစ်ခါထဲနှပ်ပြီးသား ဗူးနဲ့လာတော့ ဒီပြန်ရောက်ရင် ဗူးလိုက်ရှာပြီး ထည့်ဖို အလုပ်မရှုပ်တော့ဘူး။ တစ်ပုလင်း တစ်ထောင်ထင်တယ်။ အဲဆိုင်က ပဲကြော်တွေလည်း စားလို့ကောင်းတယ်။ တောင်ကြီးမြို့မစျေးနားက နာရီစင်နားမှာ ဆိုင်အကြီးကြီးဘဲ။ အခြားဒေသထွက် အစားအသောက် တော်တော်များများလည်း ရောင်းတယ်။ 

၂။ အသင့်စား စွန်တန်ဟင်းရည်
အရင်ကဆို စွန်တန်အခြောက်ကို အဖွားကိုယ်တိုင်လုပ်တာ။ ဆောင်းတွင်းမှာ အခြောက်လှမ်းထားရင် တစ်နှစ်လုံး အထားခံတယ်။ အဖွားဆုံးသွားပြီးကတည်းက ဝယ်ဘဲစားဖြစ်တော့တယ်။ =( စွန်တန်ဟင်းရည်နဲ့ ချဉ်စော်ကားသီး ဟင်းရည် အသင့်စားအထုတ်လေးတွေကို ဒီတစ်ခေါက်ပြန်တော့ အဒေါ်တစ်ယောက်ဝယ်ပေးလိုက်တာ။ အထုတ်သေးငါးထုတ်ကို တစ်တွဲ ၇၀၀။ အထဲမှာ ဂျင်း၊ကြက်သွန်နီ၊ငရုတ်သီးခြောက်၊ဆား၊အရသာမှုန့် အကုန်ပါပြီးသား။ ရေနွေးထည့်ပြီး ၂မိနစ်လောက်နေ သောက်ရုံဘဲ။ အရသာမှုန့်ထဲမှာတော့ အချိုမှုန့် များလွန်းသလိုဘဲ၊ ကိုယ်လိုသလောက် နည်းနည်းဘဲ ထည့်တာကောင်းတယ်။  တစ်ယောက်တည်းစားရင် တစ်ထုပ်ကို ၂ခါလောက်စားလို့ရတယ်။

၃။ လက်ဖက်ခြောက်
လက်ဖက်ခြောက်က အရင်ကဆို စျေးထဲသွားပြီး ဆိုင်တွေမှာ အစိတ်သား၊ ငါးဆယ်သားမျိုး ဝယ်ဖြစ်သာများတယ်။ အမျိုးတစ်ယောက်က ဝယ်လာပေးလို့ "စိမ်ရနံ့လှိုင်" လက်ဖက်ခြောက်သောက်ကြည့်တော့ တော်တော်သဘောကျသွားတယ်။ packaging လေးကလည်း လှတယ်။ ပြီးတော့ လက်ဖက်ညွှန့် သေးသေးလေးတွေ၊ ရေနွေးထဲမှာ အဖတ်ကြီးတွေ ဖြစ်မနေတော့ဘူး။ သူက လှော်ပြီးသားဆိုတော့ အနံ့လည်း တော်တော်မွှေးတယ်။ အဲဒီစက္ကူဗူး တစ်ဗူးဆို ဘေးနားက ပုလင်းထဲထည့်တာ ၂ပုလင်းလောက်ရတယ်။

၄။ မာလာဟင်း၊ မာလာ မြေအိုးမြီးရှည်
မာလာဟင်းကို အရင်တစ်ခေါက်က သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးဖူးကတည်းက စားကောင်းလို့ သဘောကျနေတာ။ မန္တလေးက ပန်းသေးတွေ ထုတ်တာထင်တယ်။  တိုက်တိုက်ဆိုင်ဆိုင်ဘဲ စျေးထဲမှာ ခေါက်ဆွဲသွားစားရင်း အဲဆိုင်မှာ တင်ထားတာတွေ့လို့ တစ်ခါတည်း အများကြီးဝယ်ခဲ့လိုက်တယ်။ တစ်ထုပ်  ၇၀၀။ အထဲမှာ မာလာအမှုန့်၊ ပဲပိစပ်အနှစ်၊ ခေါက်ဆွဲ၊ ပဲလိပ်၊ မှိုခြောက်၊ အသားတု၊ ဘာညာ သာရကာ အစုံဘဲ။ :) ကိုယ်ကြိုက်တဲ့ အရွက်တွေကိုဝယ်ပြီး ပြုတ်၊ အထုပ်ထဲက ပါတဲ့အစာပလာတွေကို ရေစိမ်၊ ပြီးရင် ခဏပြုတ်၊ အစာတွေနဲ့ နယ်စားရုံဘဲ။ သူ့ထဲမှာပါတဲ့ ပဲပိစပ်အနှစ်ကတော့ အသေစပ်လို့ လျှော့ထည့်ရတယ်။ တော်တော့်ကို စားကောင်းတာ။ မြေအိုးမြီးရှည်ထုပ်လည်း မာလာဟင်းထုပ်နဲ့ အတူတူဘဲ၊ မာလာခေါက်ဆွဲနေရာမှာ မြီးရှည်ခြောက်ထည့်ထားတာဘဲ ကွာတယ်။ တစ်ထုပ်ဆို ၂ယောက်လောက် စားလို့ရတယ်။

၅။ ဂျူးပဲပုတ်ကြော်
တောင်ကြီးပြန်တိုင်း "ကျိုင်းတုံ" တံဆိပ် ဂျူးပဲပုတ်ကြော်က မဝယ်မဖြစ်။ သူငယ်ချင်းတွေအကုန်က ကြိုက်လို့ အမြဲမှာနေကြ။ အရင်က သစ်တောရပ်ကွက်ထဲက သူ့ဆိုင်ထိ သွားပြီး ကြိုမှာရတယ်။  ခုက စျေးထဲက နာရီစင်နားက မြေလတ်သားဆိုင်မှာ ဝယ်လို့ရတော့ ပိုအဆင်ပြေတယ်။ ဂျူးမြစ်၊ ပဲပုတ်နဲ့ မြေပဲကို ကြော်ထားတာ၊ ကြွပ်ကြွပ်ရွရွလေး စားလို့ကောင်းတယ်။ အထားလဲခံတယ်။ ခြောက်လလောက်ထိ ထားလို့ရတယ်။  တစ်ထုပ် တစ်ထောင်လားမသိဘူး မေ့သွားလို့။ :)

၆။ ဆင်ဖြူတော် preserved fruits
ဆင်ဖြူတော်တံဆိပ်ကတော့ မြန်မာပြည်မှာ နေရာတော်တော်များများမှာ ဝယ်လို့ရပါတယ်။ ဆားငံသီးထဲမှာတော့ အဲဒီတံဆိပ်ကို ဘယ်သူမှ မမှီသေးဘူး(လို့ထင်တာဘဲ)။ ဒီတစ်ခေါက်ပြန်မှ သတိထားမိတာ packaging တော်တော်ကောင်းလာတယ်။ export ကွာလတီဖြစ်မယ်။ ခါတိုင်း အချဉ်ပေါင်းတွေကို ပလတ်စတစ်နဲ့ထုတ်ထားတာတွေက လက်ဆောင်ပေးလို့ မကောင်းဘူး။ အခုက ဗူးလေးတွေနဲ့ သေချာ ထည့်ထားပြီး လေလုံအောင် ပိတ်ထားတာ။ စားလို့လဲကောင်းတယ်၊ လက်ဆောင်ပေးလို့လဲကောင်းတယ်။ တစ်ဗူးကို ၁၇၀၀ ထင်တယ်။ အများကြီးဘဲပါတယ်။ ဆားငံသီး၊ သရက်ယို အစပ်၊ ရှောက်ယို၊ မရမ်းယို၊ ဂျင်းယို၊ ဇီးယို(အစေ့လွတ်)၊ နောက် ၂မျိုးလောက် မမှတ်မိတော့ဘူး။ ၇မျိုး ၈မျိုးလောက်ရှိတယ်။ တစ်မျိုးတစ်ဗူးစီဝယ်ခဲ့ပြီး သိပ်မကြိုက်တာတွေကို ရုံးကလူတွေကို ကျွေးလိုက်တယ်။ :D

နောက်ထပ်သယ်ဖြစ်တာတွေက ဖရုံစေ့လှော်၊ မုန်ညှင်းချဉ်၊ မုန်လာဥချဉ်၊ အမဲခြောက်၊ ငါးမုန့်၊ နွားနို့ခြောက်၊ မှိုဆီစိမ် စသဖြင့်စသဖြင့် အကုန်တောင် မမှတ်မိတော့ဘူး။  :D ဒီပြန်ရောက်ပြီး အစားအသောက်တွေ ဗူးထဲထည့်၊ ရေခဲသေတ္တာထဲထည့် ပြန်စီရတာတောင် ၂ရက်သုံးရက်လောက် ရှင်းယူရတယ်။ တောင်ကြီး trip ကပုံတွေကို နောက်နေ့မှ တင်ရဦးမယ်။ :)


A daytrip to Melacca

မနေ့က သူငယ်ချင်းမိသားစုနဲ့ မလက္ကားကို နေ့ချင်းပြန်ခရီးသွားဖြစ်ခဲ့တယ်။ အင်္ဂလိပ်လို Melacca ၊ မလေးလို Melaka လို့ပေါင်းတယ်။ မလေးရှားနိုင်ငံရဲ့ သမိုင်းဝင် UNESCO heritage site တစ်ခုဖြစ်တဲ့ မြို့တစ်မြို့ပေါ့။ မလက္ကားကို KL ကနေ ၂နာရီလောက်မောင်းရင်ရောက်တယ်။ သုံးလေးခေါက်ရောက်ဖူးပေမယ့် ဟိုတစ်နေရာ ဒီတစ်နေရာသွားတာဆိုတော့ သိပ်တော့မကျွမ်းကျင်ဘူး။ GoogleMaps ကနေ သွားမယ့်နေရာ အကုန်ပြန်ရှာရတယ်။ မနက် ၈နာရီလောက်ထွက်မယ် မှန်းထားပေမယ့် ၉နာရီကျော်မှ ထွက်ဖြစ်တယ်။ ရောက်ဖြစ်ခဲ့တဲ့နေရာတွေ...

၁။ Pulau Besar 
 Umbai Jetty
မလက္ကားမြို့ထဲမဝင်ခင် လူကြီးတွေသွားချင်တဲ့ Pulau Besar (Pulau=ကျွန်း၊ Besar=big) ကို အရင်သွားဖြစ်တယ်။ Pulau Besar ကိုရောက်ဖို့ မလက္ကားမြို့ကနေ နောက်ထပ် ၁၅ကီလိုမီတာလောက် သွားရတယ်။ GPS မှာ Umbai Jetty ကိုရှာပြီးမောင်း၊ အဲဒီကနေ speedboat လေးတွေငှားလို့ရတယ်။ အသွားအပြန်ကို မလေးရင်းဂစ် ၁၀၀။ Jetty ကနေ ကျွန်းအထိကို ၁၀မိနစ်ကျော်လောက်ဘဲကြာမယ်။ လှေသမားက လိုက်ပို့ပေးပြီးတော့ ပြန်ချင်တဲ့အချိန် ဖုန်းဆက်လိုက်ရင် ပြန်လာခေါ်တယ်။ အဲဒီကျွန်းပေါ်မှာ မလေးရှားနိုင်ငံကို အစောဆုံး သာသနာပြုဖို့ ရောက်ခဲ့တဲ့ Sultan Ariffin Syeikh Ismail နဲ့ သူ့အမျိုးအနွယ်တွေ၊ အခြား မွတ်စလင်မ်သူတော်စင်အချို့တွေကို မြှုပ်ထားတဲ့ အုတ်ဂူတွေရှိတယ်။ Sultan Ariffin က တမန်တော်မိုဟာမက်ရဲ့ ၁၈ဆက်မြောက် အမျိုးအနွယ်လို့ ရေးထားတယ်။ အဲကျွန်းပေါ်မှာ ရှေးခေတ်က မလေး သူရဲကောင်းတွေ သိုင်းကျင့်ခဲ့တဲ့ ဂူတွေလည်း ရှိတယ်ပြောတယ်။ နာရီဝက်နီးနီးလောက် လမ်းလျှောက်ပြီး တောင်​ပေါ်တက်ရမယ်ဆိုတော့ မသွားဖြစ်လိုက်ဘူး။
ရောက်တာနဲ့ နေ့လည်စာ အလကားကျွေးနေတော့ ဝင်စားခဲ့တယ်။ :D နေ့တိုင်း ထမင်း၂နပ် အလကားကျွေးတယ်တဲ့။ ထူးဆန်းတာက အဲဒီကျွန်းကို မွတ်စလင်မ်တွေရော ဟိန္ဒူတွေရော လာပြီး ဆုတောင်းကြတာ တွေ့ရတယ်။ အေးအေးချမ်းချမ်းဘဲ။ Sultan Ariffin ရဲ့ အုတ်ဂူမှာဆိုရင် အစ္စလာမ်ဘာသာဝင်တွေက တစ်ဘက်မှာထိုင်ပြီး ဘုရားစာဖတ်၊ မေတ္တာပို့တာတွေလုပ်ကြတယ်။ နောက်တစ်ဘက်မှာ ဟိန္ဒူဘာသာဝင်တွေက ဘုရားစာရွတ်၊ ပုတီးစိပ်၊ ဆုတောင်း၊ ရေဖြန်း၊ ပန်းကြဲကြတယ်။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာဘဲ။ =) သမိုင်းကြောင်းကို နောက်မှ သေချာရှာဖတ်ကြည့်ရမယ်။ 
 Pulau Besar ပေါ်မှာ
အသေးစိတ် သိချင်ရင် − http://www.malaysia-traveller.com/pulau-besar.html 
pulau besar ပေါ်က အခြားစိတ်ဝင်စားစရာနေရာတွေ − http://riverside-paradise.blogspot.com/2012/01/pulau-besar-island-tour-day-trip.html

၂။ Stadhuys (Dutch Square)
Stadhuys ဆိုတာ ဒတ်ချ် စကားနဲ့ City Hall ကိုခေါ်တာတဲ့။ အဲနားတစ်ဝိုက်က အဆောက်အဦးတွေ အကုန် နီနီရဲရဲတွေ။ ဒတ်ချ်လူမျိုးတွေရဲ့ ဗိသုကာလက်ရာ တော်တော်များများရှိတဲ့နေရာ။ Stadhuys တစ်ဝိုက်မှာ tourist attraction တွေများတော့ လူတွေရော ကားတွေရော ပြည့်နေတာဘဲ။ ကားparking တော့ တော်တော်ရှာယူရတယ်။ အဲနားတစ်ဝိုက်မှာ ရှိတာတွေက Queen Victoria Fountain, Clock Tower, Christ Church Melaka နဲ့ အခြားစျေးတန်းလေးတွေရှိတယ်။ အဲဒီစျေးတန်းမှာ ပစ္စည်းတွေ စျေးသက်သာတယ်။
 Queen Victoria Fountain

Christ Church Melacca (built 1753) 

 ၃။ Maritime Museum (Flor De Lama) 
ခုနက Stadhuys ကနေ နောက်ထပ် ၅မိနစ်လောက်လမ်းလျှောက်ရင် Maritime Museum ကိုရောက်တယ်။ ပြတိုက်ကို Flor De Lama ဆိုတဲ့ ပေါ်တူဂီ သင်္ဘောကြီးပုံစံဆောက်ထားတာ။ ဝင်ကြေးက တစ်ယောက် ရင်းဂစ်၈ကျပ်။ 
 Maritime Museum

၄။ Melacca River Cruise 
River Cruise အတွက် လက်မှတ်ကောင်တာက Maritime Museum အနောက်နားလေးမှာရှိတယ်။ Melacca River တစ်လျှောက် အသွားအပြန် မိနစ်လေးဆယ်လောက် ကြာတယ်။ နိုင်ငံခြားသားဆို တစ်ယောက် ၁၅ရင်းဂစ်၊ မလေးရှားနိုင်ငံသားဆို တစ်ယောက် ၁၀။ ထုံးစံအတိုင်း မလေးစကားနဲ့ လက်မှတ်ခြောက်စောင် ပေးပါလို့ ပြောလိုက်တာ ၆၀နဲ့ရလိုက်တယ်။ :D 
river cruise က ဒီလိုမျိုးလှေသေးသေးလေးတွေနဲ့၊ တစ်စီးမှာ အယောက်၄၀ဆန့်တယ်ဆိုပေမယ့် အယောက်၂၅−၃၀လောက်ပြည့်ရင် တစ်စီးထွက်ပေးတယ်။ ဒီတစ်ခုက Maritime Museum နားက မဟုတ်ဘူး အဆုံးဘက်။ ဒီဘက်က စစီးလည်းရတယ်။
 မြစ်ရိုးတလျှောက်က အိမ်လေးတွေမှာ အဲလို ပန်းချီတွေ ဆွဲထားတယ်။ 
တစ်လမ်းလုံးမှာ ပုံစံမျိုးစုံနဲ့ တံတားတွေလည်း တော်တော်လှတယ်။
For more info: http://www.melakarivercruise.com/ 

 ၅။ Ee Ji Ban Chicken rice ball (halal)
မလက္ကားမှာ ကြက်ဆီထမင်းကို အလုံးလေးတွေလုံးပြီးရောင်းတယ်။ ရှမ်းပြည်က ငါးထမင်းနယ်လိုမျိုးလေး။ သူကတော့ အလုံးသေးသေးလေးတွေ။ မလေးရှားက အခြားနေရာတွေမှာ Chicken rice ball ရောင်းတာ မတွေ့ဖူးသေးဘူး။ မလက္ကားရဲ့ speciality ဖြစ်မယ်။ Ee ji Ban တစ်ဆိုင်ဘဲ Halal ဆိုင်ရှိတယ်။ တရုတ်မွတ်စလင်မ်တွေ ဖွင့်ထားတာ။ Non-halal ဆိုင်တွေတော့ အများကြီးရှိတယ်။ chicken rice ball တစ်လုံးကို ပြားသုံးဆယ်၊ ပိစိလေးရယ်။ သူ့menu မှာပြထားတဲ့ပုံက အကြီးကြီးဆိုတော့ နည်းနည်းဘဲမှာလိုက်တာ၊ မလောက်ဘူး။ တစ်ယောက်ကို ၁၀လုံးလောက်မှ အဆာပြေမယ်။ ကြက်သားက half-chicken (steam+roast mix) ကို RM24။ အခြား Nyonya ဟင်းတွေလည်း မှာလို့ရတယ်။ လူကြီးတွေပါတော့ အားလုံးရအောင်စောင့်ပြီး ဓါတ်ပုံရိုက်လို့မရဘူး.. ချတာ အရင်စားတော့ ဓါတ်ပုံက ဒီလောက်ဘဲရတယ်။ :D
Chicken rice ball and nyonya sambal prawn 
အဲဒီဆိုင်ရဲ့ facebook page: https://www.facebook.com/pages/EeJiBan-Chicken-Rice-Ball-Halal/94461985851 

၆။ Melacca Straits Mosque 
Melacca Strits Mosque က မြို့နဲ့ နီးနီးနားနား ကျွန်းသေးသေးလေးပေါ်မှာ ဆောက်ထားတဲ့ ရေပေါ် ပလီတစ်လုံး။ ညနေဘက်မှာ ပလီနဲ့ နေဝင်ချိန်ကိုရိုက်ဖို့ ဓါတ်ပုံသမားတွေ tripod တွေနဲ့ တန်းစီနေတာဘဲ။ 

အခြားစိတ်ဝင်စားစရာ နေရာလေးတွေ 

Melaka Duck Tour 
− Jonker Street 
− Taming Sari Tower 
− A`Famosa 
 − Crocodile Farm 
− Mini Malaysia and Mini Asean 
− Gadek hot spring Melaka tourist attraction map (compiled by me) ;) 

ခရီးတစ်ခုမသွားခင် အဲမြို့မှာရှိတဲ့ လည်ဖို့ပါတ်ဖို့ နေရာလေးတွေကို အရင်ရှာပြီး Google maps မှာ မှတ်ထားတာ အကျင့်ဖြစ်နေတော့ ခု မလက္ကားခရီးစဉ်အတွက်လည်း လုပ်ထားတယ်။ အခြားသွားလည်ချင်တဲ့သူတွေ မှီငြမ်းလို့ရတာပေါ့။ =) 
Melaka Attractions Map: https://mapsengine.google.com/map/edit?mid=zs4oKZAZv25g.kGqOeonJfYgE
[GoogleMaps အသစ်မှာ My Places ကို embed လုပ်တာ ရှာမတွေ့တော့လို့ Maps ကို လင့်ခ်ဘဲပေးထားလိုက်တယ်။]

P.S. 
- petrol ၈၀၊ toll ၃၅ကျပ် (for my future reference) :D


Mom's easy and tasty recipes

ဒီတစ်ခေါက် တောင်ကြီးပြန်တုန်း အမေချက်တဲ့ စားလို့လည်းကောင်း၊ လွယ်လည်းလွယ်တဲ့ဟင်းလေးတွေ မှတ်လာတာ။ ပြန်တော့မချက်ကြည့်ရသေးဘူး။ အမေချက်တုန်း ဘေးကနေ စာရွက်နဲ့ လိုက်မှတ်ထားတာ၊ အဲလိုမှမဟုတ်ရင် မေ့ရော။ ကြက်သားကတော့ ဘယ်လိုချက်ချက် မှန်းချက်လို့ရတော့ အချိုးအစား အတိအကျတော့ မမှတ်ထားဘူး။ =) အဆင်ပြေသလိုသာ ကြည့်ချက်လိုက်တာဘဲ။

ကြက်သားအုန်းနို့ချက်
(နာမည်က ကြက်သားအုန်းနို့ချက်ဆိုပေမယ့် အုန်းနို့နေရာမှာ နို့စိမ်းကို အစားထိုးချက်ထားတာ။ စားလို့တော်တော်ကောင်းတယ်။) 

၁။ ကြက်ရင်ပုံသားကို အတုံးလေးတွေလှီးပြီး ဆား+ဂျင်း၊ကြက်သွန်ဖြူထောင်းထားတာ နဲ့နယ်ထား။
၁။ ဆီပူလာရင် ကြက်သားထည့်ကြော်၊ ကြက်သွန်နီကြော်ထားနည်းနည်းထည့်ကြော်၊  ရေခြောက်လာရင်ထုတ်ထား။ 

၂။ နို့စိမ်း+ရေ ပွက်လာရင် စပါးလင်ထုထည့်၊ ရှောက်ရွက်သုံးရွက်လောက်ထည့်၊ ငရုတ်သီးစိမ်းထုထည့်၊ ငံပြာရည်နည်းနည်းထည့်။
၃။ ပြီးရင် စောနက ထုတ်ထားတဲ့ ကြက်သားထည့်၊ ခဏလေးပွက်လာပြီးရင် ချလို့ရပြီ။ 
 

ကြက်စင်ကာပူကြော်
(စင်ကာပူမှာ အဲလိုဟင်းမျိုး ရှာလို့ရမရမသိပေမယ့် တောင်ကြီးမှာတော့ အဲလိုခေါ်ကြတာဘဲ။ :D)

၁။ Cashew Nuts (သီဟိုဠ်စေ့) ကို ဆီအေးအေးနဲ့ကြော်၊ ဝါလာရင် ထုတ်ထား။ [ဆီပူမှထည့်ရင် တူးသွားတတ်တယ်။]
၂။ ကြက်ရင်ပုံသားကို အလွှာလေးဖြစ်အောင် ဘေးတစ်စောင်း ပါးပါးလှီး
၃။ ကြက်သားကို ခရုဆီ+ပဲငံပြာရည် နည်းနည်းနဲ့ ခြောက်အောင်ကြော်ပြီးထုတ်ထား
၄။ ငရုတ်သီးစိမ်း+ကြက်သွန်ဖြူ တောက်တောက်စဉ်းထားတာကိုကြော်၊ မွှေးလာရင် နံနံပင် စဉ်းထားတာကိုထည့်
၅။ ခုနက ကြက်သားကြော်ထားတာကိုထည့်
၆။ chili sauce တစ်ဇွန်း၊ tomato sauce တစ်ဇွန်း၊ thai sweet chili sauce တစ်ဇွန်း (ထမင်းစားဇွန်း) စီထည့်။ ပွက်လာရင်ထုတ်လို့ရြပီ။ 

၇။ သီဟိုဠ်စေ့ကြော်ထားတာကို စားခါနီးမှထည့်မွှေ။