ဒဏ္ဍာရီထဲက မင်းသမီးလေးနှင့် ကာယိအိန္ဒြေ ပျက်ပြားမှု

>>> တောထဲမှာ အိပ်ပျော်နေတဲ့ မင်းသမီးကို နမ်းမိတဲ့မင်းသားလေးကို အခုခေတ်လိုဆိုရင် ကာယိအိန္ဒြေ ပျက်ပြားမှုနဲ့ ဂုဏ်သရေပျက်တယ်ဆိုပြီး တိုင်ကြားလို့ ရတယ်။

### အမှန်တော့ မင်းသမီးလေးက မင်းသားလေး နမ်းလိုက်တာကို သဘောကျတယ်ဆိုတဲ့ အရိပ်အယောင် မပြခဲ့ဘူး။ နှစ်ဦးသဘောတူမဟုတ်ဘဲ ဖြစ်ခဲ့တဲ့ အတွက် အရှက်ရစေခဲ့တယ်လေ။

^^^ မင်းသားလေးက ချစ်ခင် သဘောကျလို့ ဒီလိုလုပ်ခဲ့တာ ဆိုရင်ရော?


>>> ခုမှ တွေ့ဖူးတဲ့ မိန်းကလေးကို ချက်ချင်း ချစ်သွားတယ်ဆိုတာ ဖြစ်နိုင်မလား။ တစ်ကိုယ်ကောင်းဆန်တဲ့ လောဘစိတ်ကြောင့်ဖြစ်တာပေါ့။

### ဒီလိုပြောကြေးဆိုရင် ဘယ်နေရာမှာမဆို အိပ်တတ်တဲ့ မင်းသမီးမှာ တာဝန်ရှိတာ မဟုတ်ဘူးလား?

>>> အဲဒီစကားက မီနီစကတ်ဝတ်ရင် ကာမဂုဏ်ကို နှိုးဆွပေးတယ်ဆိုတဲ့ အချက်နဲ့ အတူတူဘဲ။ ယောကျာ်းတွေရဲ့ တစ်ဖက်သတ် အတွေးဘဲ။


^^^ အဲလိုမဟုတ်ဘူးလား?

>>> မင်းသမီးလေးက မှော်ပညာနဲ့ အပြုစားခံထားရတဲ့ အခြေအနေလေ။ အဲတာကို ကူညီမယ်လို့ စိတ်မကူးဘဲ ဒီလိုအချိန်မှာ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ မကောင်းတဲ့စိတ် ထားနေတဲ့သူကို ဥပဒေအရ အပြစ်ပေးရမှာဘဲ။

### မှော်အတတ်နဲ့ ပြုစားခံရတယ်ဆိုတာ ဆင်ခြေတစ်ခုလည်း ဖြစ်နိုင်တာဘဲ။ မင်းသားလေးကို ဖြားယောင်း သွေးဆောင်ချင်လို့ မင်းသားလေးသွားတဲ့ လမ်းမှာ အိပ်ချင်ယောင်ဆောင် နေလားဆိုတာ ဘယ်သူက သိမှာလဲ။

>>> ဒါဆို စုန်းမကြီးကို သက်သေ ထွက်ဆိုခိုင်းရင် ရမှာလား?

### ရတာဘဲ။ ဒါပေမယ့် ဒီလိုလုပ်ရင်လည်း အသုံးမဝင်ဘူး။ မင်းသားလေးမှာ အပြစ်မရှိဘူး

^^^ ဘာဖြစ်လို့လဲ?

### ကာယိအိန္ဒြေ ပျက်ပြားတာဘဲ ဖြစ်ဖြစ် ဂုဏ်သရေ ပျက်ပြားတာဘဲ ဖြစ်ဖြစ် အဲဒီအချက်က နောက်ဆုံး လက်ခံတဲ့လူက စိတ်ထဲမှာ မသက်မသာ ခံစားရလား မခံစားရလား ဆိုတာနဲ့ ဆိုင်တာလေ။

^^^ ဟုတ်တယ်။ မင်းသားလေးက ချောနေတော့ နောက်ဆုံး အားလုံးကို လျစ်လျူရှုလိုက်တယ် မဟုတ်လား?

>>> ဟားဟား... ထားလိုက်ပါတော့။

=================================================

ကပ်သီးကပ်သတ် အတွေးလေးကို သဘောကျလို့ ဘာသာပြန်ထားတာပါ။ မူရင်း ဘယ်နားကလဲ မမှတ်မိတော့ဘူး။ ဘာkeyword နဲ့ ပြန်ရှာရမလဲ မစဉ်းစားတတ်တော့ဘူး။ ဥပဒေတွေ ပုဒ်မတွေကို ကျမလည်း နားမလည်ပါဘူး။ ပေါ့ပေါ့ပါးပါးဘဲ တွေးပေါ့နော်။ ကြားထဲမှာ ဘလော့ဂ်မရေးတာ တစ်နှစ်ကျော်သွားတော့ ဒီလိုဘဲ draft posts လေးတွေ ပုံနေတဲ့ထဲက တစ်ပုဒ်ကို တင်လိုက်တာ။


Saturday Special

တောင်ကြီးစီးရီးစ်မပြီးခင် စနေနေ့က သူငယ်ချင်းတွေနဲ့ ချက်စားဖြစ်တာလေးတွေကို ကြားဖြတ် တင်လိုက်ဦးမယ်။ အဲနေ့က ချက်လိုက်တာ နေ့လည်စာ ရှမ်းထမင်းချဉ်၊ ညနေစာ ထိုဖူးနွေးဆိုတော့ ရှမ်းပြည်နယ်နေ့ ကျင်းပသလိုတောင် ဖြစ်သွားတယ်။
ရှမ်းထမင်းချဉ်

ရှမ်းထမင်းချဉ် လုပ်ဖို့အတွက် လိုအပ်သော အဆာများ

ရှမ်းထမင်းချဉ်လုပ်နည်းတော့ အထွေအထူး မရေးတော့ပါဘူး။ အရမ်းလွယ်လို့။ အာလူးပြုတ်၊ ငါးပြုတ်၊ ခရမ်းချဉ်သီးချက်၊ ကြက်သွန်ဖြူ/ငရုတ်သီး ဆီချက်ကို အားလုံး ရောနယ်လိုက်ရင် ငါးထမင်းချဉ်ဖြစ်သွားရော။ နယ်ရတာ နည်းနည်း လက်ညောင်းတာ တစ်ခုဘဲ။ ပဲပုတ်ကြော်၊ ဘလချောင်ကြော်တို့နဲ့ တွဲစားပါတယ်။ ငါးပြုတ်ရည်ကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနည်းနည်း ထည့်ပြီး ဟင်းခါး လုပ်လိုက်တယ်။ ငါးမုန့်ကြော်လို အကြော် တစ်ခုခုပါရင် ပိုစားကောင်းမယ်။ ဒီမှာ ဂျူးမြစ်မရှိတော့ ဂျူးပဲပုတ်ကြော်နဲ့ဘဲ ကျေနပ်လိုက်ရတယ်။



ထိုဖူးနွေး
ထိုဖူးနွေးကတော့ သူငယ်ချင်းကျိုတာ။ မွှေးတံဆိပ် ပဲမှုန့်အစိမ်းတစ်ထုပ်ကို ရေအေးနဲ့ဖျော်ပြီး ဆနွင်းနည်းနည်း ဆားနည်းနည်းနဲ့ ပျစ်လာတဲ့အထိ ကျိုလိုက်တာဘဲ။ တစ်ထုပ်ကို လေးယောက်စာလောက်ရတယ်။ မနားတမ်းမွှေနေရတာဆိုတော့ ကျိုရတဲ့သူတော့ တော်တော်ညောင်းသွားတယ်။ ပြီးတော့ ကြက်သွန်ဖြူ/ငရုတ်သီးဆီချက်၊ မြေပဲ/နှမ်းထောင်း၊ ထညက်ရည်နည်းနည်း၊ ပဲငံပြာရည်၊ နံနံပင် စတဲ့ အဆာပလာတွေ ထည့်လိုက်တော့ အလွန် အရသာရှိတဲ့ ထိုဖူးနွေးတစ်ပွဲ ဖြစ်သွားပါတယ်။ ထိုဖူးနွေးက အားလုံးထည့်ပြီးမှ မြေပဲထောင်းက ပျောက်နေပြီး နံနံပင် မလှီးထားတာကို သွားသတိရတယ်။ အဲဒါ မြေပဲထောင်းကို အမြန်လိုက်ရှာ၊ နံနံပင်ကို ပြေးဆေးပြီး လှီးရသေးတယ်။ ဓါတ်ပုံကလည်း ရိုက်ချင်သေးတယ်။ ထိုဖူးနွေးက အေးသွားရင် ခဲသွားတတ်တာမို့ စားခါနီး အပြေးအလွှား လုပ်လိုက်ရသေးတယ်။

ရှမ်းအစားအစာ အကြောင်းရေးရင်း ရှမ်းပြည်နဲ့ဆိုင်တဲ့ ဟာသတစ်ခု ဖတ်မိလို့ ပြန် share လိုက်ပါတယ်။ :-D
တနေ့ပထမတန်းကလေးများအားဆရာမကပထဝီဝင်ဘာသာရပ်ကိုသင်ကြားနေလေ၏။
ဆရာမ - "ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ မြို့တော်ကို သိလားကလေးတို့"
ကျောင်းသားများ - "တောင်ကြီး ပါဆရာမ"
ဆရာမ - "တော်တယ်ကလေးတို့ ... ဒါဆို မြောက်ပိုင်းရဲ့မြို့တော်ရော"
ကျောင်းသားများ - "မြောက်ကြီး ပါဆရာမ"
ဆရာမ - "ဟေ"


Taunggyi Trip 2010 - 4

အပိုင်း၄ - တောင်ကြီးအစားအသောက်

ဒီပို့စ်က Taunggyi Trip 2010 - 3 မှာရေးခဲ့တဲ့ ဆိုင်ရဲ့ အဆက်ပါ။



ဘယ်တော့မှ မရိုးနိုင်တဲ့ ရှမ်းအစားအစာ နောက်တစ်မျိုးကတော့ ချဉ်ငံစပ် ပါ။ ဆန်ခေါက်ဆွဲကို မုန်ညှင်းချဉ်၊ ရှလကာရည်၊ ပဲပုတ်အနှစ်၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူ/ငရုတ်သီးဆီချက် တို့နဲ့ စားတဲ့ ရှမ်းအစားအစာပါ။ ငယ်ငယ်တုန်းကဆို အမေ မြို့မဈေးသွားမယ်ဆိုရင် အရမ်းလိုက်ချင်တာ။ ဈေးထဲက ထောင့်လေး တစ်နေရာမှာရောင်းတဲ့ ချဉ်ငံစပ်စားချင်လို့။ :-D


တောင်ကြီးကို လွမ်းရတဲ့ထဲမှာ ကောက်ညှင်းထုပ် က ထိပ်ဆုံးနားက ပါပါတယ်။ ခုလောလောဆယ်တော့ ကောက်ညှင်းမီးကင်၊ ကောက်ညှင်းငှက်ပျော၊ ကောက်ညှင်းပူတင်း တွေကို ၁ဝထုပ်လောက်ဝယ်ပြီး ထမင်းလွတ်စားလိုက်ချင်တယ်။

ကိုယ်ကြိုက်တဲ့ ရှမ်းအစားအသောက်တွေကို တစ်နေရာထဲမှာ ရနိုင်တဲ့အတွက် တောင်ကြီး ပြန်တိုင်း အဲဆိုင်မှာ အမြဲသွားစားဖြစ်ပါတယ်။ မနက် ၁၁ ဝန်းကျင်လောက် သွားစားရင် အဆင်အပြေဆုံးပါဘဲ။ ညနေဆို တစ်ချို့ အစားအသောက်တွေ ကုန်သွားတာ များပါတယ်။ တော်တော်ရောင်းကောင်းတဲ့ဆိုင်ပါ။

တောင်ကြီးမပြန်တာကြာလို့ ဈေးနှုန်းလေးတွေသိချင်မယ့် သူတွေအတွက် မှတ်မိသလောက် ရေးပေးလိုက်ပါမယ်။

ကြက်ဥကင် (၁လုံး) - ၂၀ဝ ကျပ်
ကောက်ညှင်းထုပ်၊ ငှက်ပျောထုပ်၊ ကောက်ညှင်းပူတင်း (၁ထုပ်) - ၁၀ဝ ကျပ်
ခေါက်ဆွဲအွန်၊ ချဉ်ငံစပ်၊ သင်္ဘောသီးထောင်း၊ မြေပဲတိုဖူး၊ ပဲကပ်ကြော်သုပ် (၁ပွဲ) - ၃၀ဝ ကျပ်
ဒိန်ချဉ် (၁ခွက်) - ၄၀ဝ ကျပ်

တောင်ကြီးရောက်ရင် ဖြစ်အောင် သွားစားသင့်တဲ့ ဆိုင်တစ်ဆိုင်ပါ။ (ဆိုင်ရှင်အဒေါ်ကြီး နောက်ဆို သဉ္ဖာ့ကို အလကား ကျွေးသင့်တယ်။ :D)

အစားအသောက်ကို ဓါတ်ပုံရိုက်တာ ဘလော့ဂ်ဂါတွေဘဲ နားလည်ပေးနိုင်ပေမယ့် တစ်ခြားသူတွေကတော့ တော်တော် ကြောင်စီစီနိုင်တဲ့ အလုပ်လို့ မြင်ပါတယ်။ သူတို့တွေခမျာ ဗိုက်ဆာနေတဲ့အထဲ သဉ္ဖာ ဓါတ်ပုံရိုက်တာကို အရင်စောင့်ရတဲ့အတွက် တော်တော် အမြင်ကပ်နေလောက်တယ်။ ပြောချင်တာပြော ဆိုပြီး ရိုက်ခဲ့တော့လည်း ဘလော့ဂ်ပို့စ်၂ခု ဖြစ်သွားတယ်ပေါ့ကွယ်။


Taunggyi Trip 2010 – 3

အပိုင်း၃ - တောင်ကြီးနှင့် အစားအသောက်


ဒီပို့စ်မှာတော့ ၇ရက်သားသမီး ဘလော့ဂ်ဖတ်သူ တွေကို နှိပ်စက်ဖို့ တကူးတက ရိုက်လာတဲ့ အစားအသောက်ပုံလေးတွေကို တင်ပါမယ်။ (တစ်ချို့ပုံတွေတော့ FB မှာတင်ပြီးသား။ ကြည့်ပြီးသားဆိုလည်း ထပ်ကြည့်ပေါ့နော်။)

တောင်ကြီးပြန်တိုင်း အမြဲစားဖြစ်တဲ့ဆိုင်ကတော့ ပြည်တော်သာထဲက ကျိုင်းတုံ ရှမ်းစားသောက်ဆိုင် ပါ။ အောက်ကပုံက အဲဒီဆိုင်ရဲ့ Menu ပေါ့။ ဈေးသက်သာတဲ့အပြင် အရသာအရမ်း ကောင်းတဲ့အတွက် တောင်ကြီးမှာတော့ တော်တော်နာမည်ကြီးပါတယ်။


ဆိုင်က နည်းနည်းချောင်ကျတော့ တောင်ကြီးမှာအမြဲနေတဲ့သူတွေတောင် တော်တော် ရှာယူရပါတယ်။ ကျမအလွယ်ဆုံး မှတ်ထားတဲ့ လမ်းကတော့ မြစံပါယ်မင်္ဂလာခန်းမရဲ့ ဘေးလမ်းကနေ ဆင်းသွားလိုက်ရင် (ဒုတိယ လမ်းချိုးလား၊ တတိယ လမ်းချိုးလားမသိ) သစ္စာလမ်းကို အရင်တွေ ့အောင်ရှာ ညာဖက်ချိုးဝင်လိုက်ပါ။ အဲလမ်းထဲမှာ ဆိုင်၂ဆိုင်ရှိတယ်။ ကျိုင်းတုံဆိုင်က ဒုတိယတစ်ဆိုင်ပါ။


ဒါကတော့ ခေါက်ဆွဲအွန် လို့ခေါ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ စကြားဖူးတာ။ ဆန်ခေါက်ဆွဲအပြားထဲမှာ ပဲပင်ပေါက် ပဲပြား တို့နဲ့ အခြား ဟင်းသီးဟင်းရွက် စသဖြင့် ကိုယ်ကြိုက်တဲ့ အစာပလာတွေထည့်ပြီး လိပ်ထားတာပါ။ တော်တော် အရသာရှိပါတယ်။ ဘယ်ဖက်အပေါ်နားက ပဲကပ်ကြော်သုပ်ပါ။ အနီးကပ် ဓါတ်ပုံရိုက်ဖို့ အချိန်မရလိုက်ခင် ပြောင်သွားပါတယ်။

ဒါက မြေပဲထိုဖူးသုပ်။ နောက်ပိုင်းမှ ခေတ်စားလာတဲ့ ရှမ်းအစားအစာ တစ်မျိုးပါ။ အရင်က ဆန်တိုဖူး၊ ပဲတိုဖူး ဆိုပြီးသာ ရှိပေမယ့် ခုနောက်ပိုင်း မြေပဲကိုကြိတ်ပြီး ကောက်ညှင်းမှုန့်နဲ့ ကျိုတဲ့အခါ မြေပဲတိုဖူး ဆိုပြီး စားစရာ တစ်မျိုး တိုးလာပါတယ်။ မြေပဲထိုဖူးနွေးလည်း အရမ်းစားလို့ကောင်းတယ်။ သဉ္ဖာတော့ ကုလားပဲနဲ့ ကျိုတဲ့ ထိုဖူးနွေးထက် မြေပဲထိုဖူးနွေးကို ပိုကြိုက်တယ်။


နောက်တစ်မျိုးကတော့ အလွန်အင်မတန် ရွှေဉာဏ်တော် စူးရောက်တဲ့သူတွေ တီထွင်ထားတဲ့ ကြက်ဥကင် ပါ။ တရုတ်ပြည်က စထွင်သလား၊ ယိုးဒယားက လား အသေအချာ မသိပေမယ့် အခု မြန်မာပြည်တစ်ဝှမ်းမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေပါတယ်။ မြန်မာပြည် မပြန်ဖြစ်တာ ကြာတဲ့သူတွေအတွက်တော့ အထူးအဆန်း ဖြစ်နေမှာပါ။ ဘယ်လိုလုပ်သလဲ မေးကြည့်တော့ ကြက်ဥကို အပေါက်သေးသေးဖောက်ပြီး ဆေးထိုးအပ်နဲ့ အထဲက အကာနဲ့ အနှစ်ကို စုပ်ထုတ်ပါတယ်။ ပြီးရင် ဇလုံကြီးတစ်ခုထဲမှာ နာနာခေါက်ပြီး ကြက်ဥထဲကို ဆေးထိုးအပ်နဲ့ ပြန်သွင်းတယ်တဲ့။ ပြီးတော့ အဲဒီကြက်ဥကို ပြုတ်ပြီးမှ အခွံခွါ၊ ပြီးတော့ ပြန်ကင်တာပါ။ အဲတာကို ပဲပုပ် အမှုန့်နဲ့ တို့စားတာ အရမ်းအရသာ ရှိပါတယ်။ ရန်ကုန်မှာဆို ငရုတ်သီးဆော့စ်ဘဲ ပေးတယ်။ အပေါ်က ပန်းကန်ထဲက ကြက်ဥကင် ခြောက်လုံးစာပါ။ (ထိပ်မှာ အပေါက်သေးသေးလေးတွေနဲ့ ကြက်ဥတွေရဲ့ပုံကို မနိုင်းနိုင်းစနေ တောင်တန်းတွေကြားမှ ကျိုင်းတုံ ဆိုတဲ့ ပို့စ်မှာ တစ်ခါ တင်ဖူးပါတယ်။ ပုံကို ဒီမှာ ကြည့်လို့ရပါတယ်။)

(အရှည်ကြီးတင်ရင် ဖတ်ရတာ ပျင်းနေမှာစိုးလို့ ကျန်တဲ့တစ်ဝက် နောက်နေ့မှ ဆက်ရေးပါမယ်။ ဒီတစ်ဆိုင်တည်းကို ပို့စ်၂ပို့စ်ရအောင် ခွဲတင်လိုက်ဦးမယ်။)