A good news and a bad news

သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုး တစ်ခုရှိတယ်၊ ဘယ်ဟာ အရင် ကြားချင်လဲ ဆိုတာမျိုးကို အများအားဖြင့်တော့ ဟာသစာအုပ်တွေထဲမှာ ပါလေ့ရှိတာ ဖတ်ဖူးမှာပေါ့။ ပုံမှန်အားဖြင့် ဖတ်မိရင် ပြုံးစရာလေးတွေပါ။ ကိုယ်တိုင် တကယ် ကြုံတွေ့ရမှ ဟာသ လုပ်စရာ မဟုတ်ဘူး ဆို တာ သိတော့တယ်။ အရင် အပါတ်က အဲဒီလို ပြောလို့ရတဲ့ အဖြစ်အပျက် နှစ်ခုကို တစ်ရက်တည်း ကြုံလိုက်ရတယ်။ ဘာတွေလဲဆိုတာတော့ အတိအကျ မရေးတော့ပါဘူး။ bad news လို့ပြောလို့ရတဲ့တစ်ခုကို အရင်ကြုံရတာပေါ့။ ဘယ်လောက်တောင် ဆိုးသလဲဆိုရင် ကိုယ့်မှာ ထိုင်မရ ထမရဖြစ်ပြီး ရှေ့ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားလို့မရနိုင်အောင် စိတ်ညစ်သွားစေခဲ့တဲ့ သတင်းတစ်ခုက မနက်စောစော အိပ်ရာနိုးတာနဲ့ ဖုန်းထဲမှာ message အနေနဲ့ ရောက်နေတယ်။ အဲဒီပြဿနာတစ်ခုကို ဖြေရှင်းဖို့ တစ်နေကုန်လုံး ဟိုရုံးသွား ဒီရုံးသွား ဟိုလူနဲ့တွေ့ရ ဒီလူနဲ့တွေ့ရ ဟိုလူ့မေး ဒီလူ့မေးနဲ့ လူလဲ တော်တော် အားအင် ကုန်ခမ်းနေပြီ။ အရပ်ကူပါ လူဝိုင်းပါ ဖြစ်နေတာပေါ့။

အဲဒီကိစ္စနဲ့ ပြေးရင်းလွှားရင်း ဆရာတစ်ယောက်နဲ့တွေ့တယ်။ သူက သတင်းကောင်းတစ်ခု ပြောရဦးမယ်ဆိုပြီး ပြောရော။ သာမန်အချိန်မှာ ကြားလိုက်ရင် ဆွေ့ဆွေ့ခုန်မတတ် ဝမ်းသာရမယ့် မျှော်လင့်မထားတဲ့ သတင်းမျိုး ဖြစ်နေပေမယ့် ကိုယ့်မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မိသိန်းကြည် ဖြစ်နေတယ်။ ဆရာကတောင် နည်းနည်း အံ့ဩနေသေးတယ်။ ဘယ်နှယ့် ဝမ်းမသာနိုင် ဖြစ်နေရသလဲပေါ့။ ကိုယ့်မှာလည်း ဘီလူး သံပုရာသီး စားထားတဲ့ရုပ် ဖြစ်နေတာကိုး။ ငိုရမလို ရယ်ရမလို။ အဖေ အမေတို့ကို ဖုန်းဆက်တော့လည်း ပြောစရာရှိတယ်ပေါ့။ ဒါပေမယ့် one good news and one bad news ပေါ့။ ပုံပြင်တွေထဲကလို ဘယ်တစ်ခု အရင် သိချင်လဲဆိုတော့ မမေးမိလိုက်ဘူး။ ထုံးစံအတိုင်း ညည်းချင်းကနေဘဲ စလိုက်တယ်။ နှစ်ရက်လောက် နေတော့ ပြဿနာတွေ အားလုံးပြီးသွားမှ သာ သက်ပြင်းချနိုင်တော့တယ်။ good news ကလည်း အဲဒီအချိန်မှ သေချာ စဉ်းစားပြီး ဝမ်းသာနိုင်တော့တယ်။ ထခုန်ဖို့တော့ feel လည်း မလာတော့ဘူး။ ပြောမယုံ ကြုံဖူးမှသိဆိုတာ ဒါမျိုးဘဲနေမှာ။



Cameron Highlands (vs. Taunggyi)

အမှန်ကတော့ Cameron highlands ကို သွားလည်တာ April ကတည်းက.. ရေးလက်စကို အပြီးမသတ်နိုင်သေးလို့ အခုမှ ပို့စ်တင်ဖြစ်တော့တယ်။ Cameron highland ဆိုတာ မလေးရှားနိုင်ငံ Pahang ပြည်နယ်မှာရှိတဲ့ တောင်ပေါ်မြို ့လေး တစ်မြို့ပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၀ဝ မီတာ (၄၉၂၁ ပေ) လောက် မြင့်တယ်ဆိုတော့ တောင်ကြီးမြို့ (၄၇၁၂ ပေ) နဲ့ အမြင့် သိပ်မကွာလှပါဘူး။ နေရာဒေသ၊ ရာသီဥတု၊ အလေ့ကျပေါက်တဲ့ သစ်ပင်ပန်းမန်၊ ဟင်းသီးဟင်းရွက် စတာတွေက တောင်ကြီးမြို့နဲ့ တော်တော့်ကို တူပါတယ်။
တစ်ညအိပ် နှစ်ရက် ခရီးကို စနေနေ့ မနက် အစောကြီး ထွက်ဖြစ်တယ်။ Kuala Lumpur ကနေ ၅နာရီလောက်ဘဲ မောင်းရတယ်။ အစပိုင်း ကတော့ မြေပြန့်ဘဲ။ တောင်ပေါ်မြို့ဆိုတော့ တောင်တက်လမ်းကို ရောက်လာတဲ့အခါ အကွေ ့တွေ အရမ်းများလာတယ်။ ဟဲဟိုးကနေ တောင်ကြီးတက်တဲ့ လမ်းကို မူးတယ်ဆိုရင် ဒီလမ်းက ပိုဆိုးတယ်။ လမ်းက တောင်ကြီးတက်တဲ့လမ်းလောက် မမတ်ပေမယ့် အကွေ့ အပါတ် အရမ်းကို များလွန်းတယ်။ ဘယ်ကွေ ့လိုက် ညာကွေ ့လိုက် နဲ့ လမ်းကတော့ တကယ့် မြွေအတိုင်းဘဲ။ လူလဲ စကောထဲ ဇီးဖြူသီး ထည့်လှိမ့်သလိုဖြစ်နေတာ။ တောင်ကြီးသူက Cameron highland သွားတဲ့လမ်းကို မူးတယ်ဆိုရင် မကောင်းဘူး ဖြစ်ဦးမယ်။

CH ကို ရောက်ရောက်ချင်း မြို့ထဲ မဝင်ခင် BOH ရဲ့ လက်ဖက် စိုက်ခင်းရှိပါတယ်။ ဒါပေမယ့် သူက လမ်းမကြီးကနေ တစ်နာရီလောက် အထဲဝင်ရတဲ့ အတွက် မသွားဖြစ်ခဲ့ဘူး။ အရှေ့ နည်းနည်း ဆက်သွားလိုက်ရင် Cameron Bharat ရဲ့ လက်ဖက်စိုက်ခင်းကို ရောက်ခဲ့တယ်။ စိုက်ခင်းနားမှာ လက်ဘက်ရည်ဆိုင်လေးပါ တွဲပြီး ဖွင့်ထားတယ်။ ရာသီဥတု အေးအေးမှာ လက်ဖက်ရည် ပူပူတစ်ခွက်သောက်လိုက်ရတာ အရမ်းကို အရသာ ရှိလှပါတယ်။ တစ်သက်နဲ့ တစ်ကိုယ် လက်ဖက်ပင်ဆိုတာ အခုမှ မြင်ဖူးတာ။ အမှန်တော့ ကိုယ်နေတဲ့ ဒေသက လက်ဖက်ပင်တွေနဲ့ မစိမ်းပါဘူး။ ဒါပေမယ့် အထူးတလည် သွားမကြည့်ခဲ့ဖူးဘူး။
Cameron Bharat tea plantation
ဤအပင်ကို လက်ဖက်ပင်ဟုခေါ်ပါသည်။ လက်ဖက်စိုက်ခင်းတွေကိုတော့ အရင်တုန်းက TV ထဲမှာတော့ မြင်ဖူးတယ်။ သူ့အပင်ကိုတော့ တစ်သက်နဲ့ တစ်ကိုယ် လက်ဖက်ပင်ဆိုတာ အခုမှ မြင်ဖူးတာ။ မြို့ထဲ စဝင်လိုက်တာနဲ့ ရာသီဥတုက KL နဲ့တစ်ခြားစီ ဖြစ်သွားပြီ။ လေတွေက အေးနေပြီးတော့ နေ့လည်တောင် ချမ်းစိမ့်စိမ့် ဖြစ်နေသေးတယ်။

ကင်မရွန်း ဟိုင်းလန်းမှာ လည်စရာ ပါတ်စရာ စားစရာတော့ တော်တော်ကို စုံပါတယ်။ ပျားမွေးမြူရေးခြံ၊ လိပ်ပြာမွေးမြူရေးခြံ၊ နှင်းဆီ၊ သစ်ခွစိုက်ခင်း၊ cactus valley စသဖြင့် လည်စရာ ပါတ်စရာတွေ ရှိပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားတွေကို အစွဲဆောင်ဆုံးကတော့ သူတို့ရဲ့ စတော်ဘယ်ရီ စိုက်ခင်းတွေပါဘဲ။ သူတို့နေထိုင်တဲ့ တောတောင် သဘာဝကိုမှီပြီး စီးပွားရှာတတ်တာက တကယ်ကို အတုယူစရာကောင်းပါတယ်။ နှင်းဆီစိုက်ခင်းက ပုံတစ်ချို့ကိုတော့ ဒီပို့စ် မှာ တစ်ခါ တင်ဖူးပါတယ်။

အကြိုက်ဆုံးနေရာတစ်ခုကတော့ Cactus valley အနောက်ဘက်မှာရှိတဲ့ Big Red strawberry farm ပါဘဲ။ သူက စတော်ဘယ်ရီစိုက်ခင်းနဲ့အတူ coleslaw, lettuce တွေပါ တွဲစိုက်ထားပါတယ်။ အဆင့်မြင့်နည်းပညာတွေနဲ့ စိုက်ပျိုးထားတာ တကယ်ကို စနစ်တကျ ရှိလှပါတယ်။ တောင်ကြီးမှာဆိုရင် စတော်ဘယ်ရီကို မြေပေါ်မှာ ဒီအတိုင်း စိုက်တဲ့အတွက် မစားခင် အထပ်ထပ် အခါခါ ဆေးရပါတယ်။ ဒီမှာတော့ တစ်ချို့က ပန်းအိုးတွေနဲ့စိုက်ပြီး တစ်ချို့က မြေပေါ်မှာ စိုက်ရင်တောင် ပလတ်စတစ် တွေ ခံထားတဲ့အတွက် ခူးပြီးတာနဲ့ ရေကျင်းပြီး ချက်ချင်းစားလို့ရပါတယ်။ စိုက်ပျိုးရေးနဲ့ ဘွဲ့ရထားရင်တောင် တောင်ကြီးပြန်ပြီး စတော်ဘယ်ရီစိုက်ကြည့်ချင်စိတ် ဖြစ်မိသေးတယ်။ ဒါပေမယ့် ကိုယ်က cactus တောင် မနည်း ရှင်အောင် စိုက်ရတဲ့ သူဆိုတော့ လက်လျှော့လိုက်တာဘဲ ကောင်းပါတယ်။ ကျမတို့ ရှမ်းပြည်နယ်မှာလည်း ဒီလို နည်းပညာတွေနဲ့ စိုက်ပျိုးရေးကို မကြာခင် လုပ်ကိုင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်။ ပြီးတော့ စိုက်ခင်းတွေကို ပြည်သူတွေ အလွယ်တကူ လေ့လာလို့ရအောင် လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် ပြည်တွင်းပြည်ပ ခရီးသွားတွေကို အလွယ်တကူ ဆွဲဆောင်နိုင်မှာပါ။ (အောင်ပန်း၊ ကလောတို့မှာ လိမ္မော်ခြံတွေ ကော်ဖီခြံတွေ ရှိပေမယ့် အရေအတွက်က နည်းလွန်းနေသေးတယ်။)



Strawberry milk shake နဲ့ strawberry and coleslaw salad [want some? ;-) ]

မပြန်ခင် ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့ ဈေးကို သွားခဲ့တာ တောင်ကြီး အထက(၅) နားက လဟာပြင်ဈေးကိုတောင် သွားသတိရမိတယ်။ တောင်ကြီးမှာ အများအားဖြင့် ပအိုဝ်းလူမျိုးတွေ ဈေးရောင်းပြီး ဒီမှာ Indian Tamil နဲ့ တရုတ်လူမျိုးတွေ ရောင်းနေတာဘဲ ကွာပါတယ်။ Kuala Lumpur မှာ သိပ်တွေ့ရလေ့ မရှိတဲ့ ဟင်းသီးဟင်းရွက်တွေ တော်တော်များများတောင် တွေ့ခဲ့သေးတယ်။ တောင်ပေါ်ဒေသတွေကို ကြိုက်နှစ်သက်တဲ့သူတွေ သွားလည်သင့်တဲ့ နေရာတစ်ခုပါဘဲ။


SORRY

If you accidently received friendster invitation from me, please ignore it. I didn't mean to spam. Friends might understand me, but it even reach to my lecturers, my boss and my clients as well.. My Gosh!! It's all a-one-click fault, I really want an undo if possible... ~sigh~

I deeply apologize for any annoyance which might have had occurred. All in my gmail contact list and blog readers who subscribed feeds from this blog might get affected. :-(

I'm really sorry. Thanks for bearing with me.

Regards,
Thinzar


နေ့ကလေးထိန်းကျောင်း ပြဿနာ

အကယ်၍ သင်ဟာ နေ့ကလေးထိန်းကျောင်းတစ်ခုရဲ့ မန်နေဂျာဖြစ်တယ် ဆိုပါစို့်။ ကျောင်းစည်းကမ်းမှာ ကလေးတွေကို ညနေ လေးနာရီ နောက်ဆုံးထားပြီး ကြိုရမယ်လို့ဆိုထားပေမယ့် မိဘတွေက မကြာခဏ နောက်ကျမှ ရောက်လာလေ့ ရှိကြတယ်။ ဒီအတွက် ကလေးတွေလည်း စိတ်မကောင်းဖြစ်ရတယ်။ ကလေးတွေကို စောင့်ဖို့အတွက် ဆရာမ တစ်ယောက်နှစ်ယောက်က အမြဲ အချိန်ပို စောင့်ပေးရနေတယ်။ ဒီပြဿနာကို သင်ဘယ်လို ဖြေရှင်းမလဲ။

အစ္စရေးနိုင်ငံ ဟိုင်ဖာ မြို့မှာ ဒီပြဿနာကို စီးပွါးရေးပညာရှင်တွေ ဖြေရှင်းဖို့ ကြိုးစားခဲ့ဖူးတယ်။ သူတို့ဟာ နေ့ကလေးထိန်းကျောင်းဆယ်ကျောင်းကို ၅လတိတိ လေ့လာခဲ့ကြတယ်။ ပထမ တစ်လမှာ နောက်ကျလေ့ရှိတဲ့ မိဘတွေကို စာရင်းကောက်ယူခဲ့ရာမှာ နေ့ကလေးထိန်းကျောင်းတစ်ခုစီအတွက် တစ်ပါတ်မှာ ပျမ်းမျှ မိဘ ရှစ်ယောက်လောက် ရှိတာကို တွေ့ရတယ်။ ဒီတော့ ဒုတိယ တစ်လကနေစပြီး ၁ဝမိနစ်ထက်ပို နောက်ကျတဲ့မိဘတွေကို တစ်ရက် သုံးဒေါ်လာ ဒဏ်ကြေးဆောင်ဖို့သတ်မှတ်လိုက်တယ်။ ဒါပေမယ့် ဒဏ်ကြေးသတ်မှတ်ပြီးနောက်ပိုင်း နောက်ကျတဲ့ မိဘတွေ မထင်မှတ်ဘဲ ပိုများလာခဲ့တယ်။ အရင် တစ်ပါတ်မှာ ရှစ်ယောက်ကနေ တစ်ပါတ်မှာ အယောက် ၂ဝ အထိ အရေအတွက် မြင့်တက်သွားခဲ့တယ်။ ဒီလိုဆိုရင် စီးပွါးရေး ပညာရှင်တွေ တွက်ချက်မှုဟာ မှားသွားခဲ့ပြီလား။

ဟုတ်ပါတယ်။ စီးပွါးရေးပညာရှင်တွေဟာ ဆုပေးဒဏ်ပေး စနစ် က ပြဿနာ အားလုံးကို ဖြေရှင်းနိုင်တယ်လို့ ယူဆထားကြတယ်။ ကမ္ဘာပေါ်မှာ ဆုပေးဒဏ်ပေးစနစ် သုံးပြီး ဖြေရှင်းလို့မရတဲ့ ပြဿနာ မရှိသေးဘူးလို့ မှတ်ယူထားကြတယ်။ တစ်ခြားနေရာမှာတော့ ဟုတ်ရင် ဟုတ်ပါလိမ့်မယ်။
ဥပမာ -
  • ကလေးလေးတစ်ယောက်က မီးဖိုကို သွားထိရင် ပူသွားမယ်။
  • စာမေးပွဲမှာ အမှတ်အများကြီးရတယ်ဆိုရင် အဖေက စက်ဘီး အသစ်တစ်စီး ဝယ်ပေးကောင်းဝယ်ပေးလိမ့်မယ်။
  • သင်ဟာ တက္ကသိုလ် စာမေးပွဲကို မအောင်ဘူးဆိုရင် အဖေရဲ့ ကုမ္ပဏီမှာ ဝင်လုပ်ရလိမ့်မယ်။
  • ဒါပေမယ့် သင်ဟာ တက္ကသိုလ်မှာ ထူးချွန်တယ်ဆိုရင်တော့ သင့်အဖေရဲ့ ပြိုင်ဘက် ကုမ္ပဏီမှာ သင်အလုပ်ရကောင်းရလိမ့်မယ်။
တကယ်တော့ ဆုပေးဒဏ်ပေးစနစ်ဆိုတာ လူတွေ ကောင်းတာကို ပိုလုပ်ကြပြီး မကောင်းတာကို လျှော့လုပ်ကြဖို့ ရည်ရွယ်တာပါ။ ဒါပေမယ့် အစ္စရေးနိုင်ငံက နေ့ကလေးထိန်းကျောင်းတွေမှာ သတ်မှတ်ခဲ့တဲ့ ဆုပေးဒဏ်ပေးစနစ်က ဘာများ မှားသွားခဲ့သလဲ။

တစ်နေ့သုံးဒေါ်လာ ဒဏ်ကြေးက နည်းနေတယ်လို့ သင်ထင်ကောင်း ထင်လိမ့်မယ်။ ဒါဆိုရင် ဘာလုပ်မလဲ။ ဒဏ်ကြေးကို ဒေါ်လာ တစ်ရာဆိုပြီး တိုးလိုက်မှာလား။ ဒီလိုဆိုရင် ဒီပြဿနာကို ဖြေရှင်းပြီးဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒေါ်လာ တစ်ရာဟာ သိပ်များတဲ့အတွက် တစ်ခြား ပြဿနာ တွေ ထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ တစ်ရက်မှ သုံးဒေါ်လာဘဲ ငါ့ရဲ့ တင်းနစ်ပွဲကို အလျင်တလို ရပ်ပြီး အချိန်မှီ သွားကြိုစရာမလိုပါဘူးလို့ မိဘတွေက မြင်တယ်။ တစ်လမှ ခြောက်ဆယ်လောက် ကျတဲ့ ဒဏ်ကြေးက လူတိုင်းနီးပါး တတ်နိုင်သလို ဖြစ်နေတယ်။ ဒါပေမယ့် ဘာကြောင့် ဒဏ်ကြေးသတ်မှတ်ပြီး နောက်ပိုင်းမှာမှ နောက်ကျတဲ့ မိဘတွေ ပိုများလာရတာလဲ။ အမှန်တော့ မိဘတွေဟာ ဒဏ်ကြေးမသတ်မှတ်ခင်က အကယ်၍ နောက်ကျရင် သူတို့ကိုယ် သူတို့ အပြစ်ရှိတယ်လို့ ယူဆကြတဲ့အတွက် နောက်မကျအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ဒဏ်ကြေးသတ်မှတ်ပြီး နောက်မှာ ဒဏ်ကြေး သုံးဒေါ်လာ ပေးလိုက်ရင် သူတို့နောက်ကျတာ အပြစ်မဟုတ်တော့ဘူးလို့ မိဘတွေအတွေးဝင်သွားတယ်။ စီးပွားရေးပညာရှင်တွေဟာ ဒဏ်ကြေးသတ်မှတ်ပြီး သုံးလအကြာမှာ အဲဒီစနစ်ကို ဖျက်သိမ်းလိုက်တယ်။ ဒါပေမယ့် နောက်ကျတဲ့ မိဘတွေအရေအတွက်ဟာ လျော့မသွားတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် သူတို့ရဲ့စိတ်ထဲမှာ နောက်ကျရင် ဒဏ်ကြေးလည်း ပေးစရာလိုဘူး။ အပြစ်လည်း မရှိဘူးဆိုတဲ့ အတွေးတွေ ထည့်ပေးလိုက်သလို ဖြစ်သွားလို့ပါဘဲ။ ငွေကြေးအရ ဆုပေးဒဏ်ပေး စနစ်နဲ့ စိတ်ဓါတ်ရေးရာအရ ဆုပေးဒဏ်ပေးစနစ် ကွားခြားချက်ဟာ ဒီပြဿနာရဲ့ အဓိက ဇစ်မြစ်တစ်ခုဆိုရင် မမှားဘူးပေါ့။

(အခု ဖတ်နေတဲ့ Freaknomics, A rogue economist explores the hidden side of everything ဆိုတဲ့ စာအုပ်ထဲက စာပိုဒ်အချို့ကို ဘာသာပြန်ထားတာပါ။ ဘာသာပြန်နေကျ မဟုတ်တော့ တစ်ချို့လုံးတွေကို အနီးစပ်ဆုံးထင်တာဘဲ ယူလိုက်တယ်။ စာထဲမှာပါတဲ့ incentives ကို အကျိုးအမြတ်ဆိုရင်ကောင်းမလား စဉ်းစားရင်း နောက်ဆုံး ဆုပေးဒဏ်ပေးစနစ်လို့ရေးလိုက်တာ။)