Taunggyi Trip 2010 – 3

အပိုင်း၃ - တောင်ကြီးနှင့် အစားအသောက်


ဒီပို့စ်မှာတော့ ၇ရက်သားသမီး ဘလော့ဂ်ဖတ်သူ တွေကို နှိပ်စက်ဖို့ တကူးတက ရိုက်လာတဲ့ အစားအသောက်ပုံလေးတွေကို တင်ပါမယ်။ (တစ်ချို့ပုံတွေတော့ FB မှာတင်ပြီးသား။ ကြည့်ပြီးသားဆိုလည်း ထပ်ကြည့်ပေါ့နော်။)

တောင်ကြီးပြန်တိုင်း အမြဲစားဖြစ်တဲ့ဆိုင်ကတော့ ပြည်တော်သာထဲက ကျိုင်းတုံ ရှမ်းစားသောက်ဆိုင် ပါ။ အောက်ကပုံက အဲဒီဆိုင်ရဲ့ Menu ပေါ့။ ဈေးသက်သာတဲ့အပြင် အရသာအရမ်း ကောင်းတဲ့အတွက် တောင်ကြီးမှာတော့ တော်တော်နာမည်ကြီးပါတယ်။


ဆိုင်က နည်းနည်းချောင်ကျတော့ တောင်ကြီးမှာအမြဲနေတဲ့သူတွေတောင် တော်တော် ရှာယူရပါတယ်။ ကျမအလွယ်ဆုံး မှတ်ထားတဲ့ လမ်းကတော့ မြစံပါယ်မင်္ဂလာခန်းမရဲ့ ဘေးလမ်းကနေ ဆင်းသွားလိုက်ရင် (ဒုတိယ လမ်းချိုးလား၊ တတိယ လမ်းချိုးလားမသိ) သစ္စာလမ်းကို အရင်တွေ ့အောင်ရှာ ညာဖက်ချိုးဝင်လိုက်ပါ။ အဲလမ်းထဲမှာ ဆိုင်၂ဆိုင်ရှိတယ်။ ကျိုင်းတုံဆိုင်က ဒုတိယတစ်ဆိုင်ပါ။


ဒါကတော့ ခေါက်ဆွဲအွန် လို့ခေါ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ စကြားဖူးတာ။ ဆန်ခေါက်ဆွဲအပြားထဲမှာ ပဲပင်ပေါက် ပဲပြား တို့နဲ့ အခြား ဟင်းသီးဟင်းရွက် စသဖြင့် ကိုယ်ကြိုက်တဲ့ အစာပလာတွေထည့်ပြီး လိပ်ထားတာပါ။ တော်တော် အရသာရှိပါတယ်။ ဘယ်ဖက်အပေါ်နားက ပဲကပ်ကြော်သုပ်ပါ။ အနီးကပ် ဓါတ်ပုံရိုက်ဖို့ အချိန်မရလိုက်ခင် ပြောင်သွားပါတယ်။

ဒါက မြေပဲထိုဖူးသုပ်။ နောက်ပိုင်းမှ ခေတ်စားလာတဲ့ ရှမ်းအစားအစာ တစ်မျိုးပါ။ အရင်က ဆန်တိုဖူး၊ ပဲတိုဖူး ဆိုပြီးသာ ရှိပေမယ့် ခုနောက်ပိုင်း မြေပဲကိုကြိတ်ပြီး ကောက်ညှင်းမှုန့်နဲ့ ကျိုတဲ့အခါ မြေပဲတိုဖူး ဆိုပြီး စားစရာ တစ်မျိုး တိုးလာပါတယ်။ မြေပဲထိုဖူးနွေးလည်း အရမ်းစားလို့ကောင်းတယ်။ သဉ္ဖာတော့ ကုလားပဲနဲ့ ကျိုတဲ့ ထိုဖူးနွေးထက် မြေပဲထိုဖူးနွေးကို ပိုကြိုက်တယ်။


နောက်တစ်မျိုးကတော့ အလွန်အင်မတန် ရွှေဉာဏ်တော် စူးရောက်တဲ့သူတွေ တီထွင်ထားတဲ့ ကြက်ဥကင် ပါ။ တရုတ်ပြည်က စထွင်သလား၊ ယိုးဒယားက လား အသေအချာ မသိပေမယ့် အခု မြန်မာပြည်တစ်ဝှမ်းမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေပါတယ်။ မြန်မာပြည် မပြန်ဖြစ်တာ ကြာတဲ့သူတွေအတွက်တော့ အထူးအဆန်း ဖြစ်နေမှာပါ။ ဘယ်လိုလုပ်သလဲ မေးကြည့်တော့ ကြက်ဥကို အပေါက်သေးသေးဖောက်ပြီး ဆေးထိုးအပ်နဲ့ အထဲက အကာနဲ့ အနှစ်ကို စုပ်ထုတ်ပါတယ်။ ပြီးရင် ဇလုံကြီးတစ်ခုထဲမှာ နာနာခေါက်ပြီး ကြက်ဥထဲကို ဆေးထိုးအပ်နဲ့ ပြန်သွင်းတယ်တဲ့။ ပြီးတော့ အဲဒီကြက်ဥကို ပြုတ်ပြီးမှ အခွံခွါ၊ ပြီးတော့ ပြန်ကင်တာပါ။ အဲတာကို ပဲပုပ် အမှုန့်နဲ့ တို့စားတာ အရမ်းအရသာ ရှိပါတယ်။ ရန်ကုန်မှာဆို ငရုတ်သီးဆော့စ်ဘဲ ပေးတယ်။ အပေါ်က ပန်းကန်ထဲက ကြက်ဥကင် ခြောက်လုံးစာပါ။ (ထိပ်မှာ အပေါက်သေးသေးလေးတွေနဲ့ ကြက်ဥတွေရဲ့ပုံကို မနိုင်းနိုင်းစနေ တောင်တန်းတွေကြားမှ ကျိုင်းတုံ ဆိုတဲ့ ပို့စ်မှာ တစ်ခါ တင်ဖူးပါတယ်။ ပုံကို ဒီမှာ ကြည့်လို့ရပါတယ်။)

(အရှည်ကြီးတင်ရင် ဖတ်ရတာ ပျင်းနေမှာစိုးလို့ ကျန်တဲ့တစ်ဝက် နောက်နေ့မှ ဆက်ရေးပါမယ်။ ဒီတစ်ဆိုင်တည်းကို ပို့စ်၂ပို့စ်ရအောင် ခွဲတင်လိုက်ဦးမယ်။)


Taunggyi Trip 2010 - 2

အပိုင်း၂ - ဆင်တုပ်ကွေးနှင့် တောင်ကြီး

မေး။ ။ အစ်မ.. နေကောင်းလား။
ဖြေ။ ။ အင်း.. ကောင်းပါတယ်။


ဒါက မြန်မာလူမျိုးတွေ ထုံးစံ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် နှုတ်ဆက်ကြတဲ့ standard informal နှုတ်ခွန်းဆက်စကား တစ်မျိုးပေါ့။ ဒါပေမယ့် အခု တောင်ကြီးမှာ နေကောင်းလားလို့ မေးလိုက်တာနဲ့ လူ၁ဝယောက်မှာ ၈ယောက်က မကောင်းဘူးလို့ ဖြေပါလိမ့်မယ်။ အခုလောလောဆယ်တော့ နေကောင်းလား ဆိုတဲ့ မေးခွန်းကို မေးတဲ့အခါ standard answer ကို မျှော်လင့်ထားရင် အမှားကြီး မှားသွားပါမယ်။
တောင်ကြီးအိမ်ရောက်တာနဲ့ ဖျားနေတဲ့ အမေ့ကို တွေ့ရတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ဘယ်အိမ်သွားလည်လည် လူတွေ ဖျားနေကြမယ်ဆိုတာ အဲဒီအချိန်က လုံးဝ မသိခဲ့မိဘူး။ အခုတောင်ကြီးမှာ Chikungunya ဆိုတဲ့ တုပ်ကွေးရောဂါ တစ်မျိုး ပျံ့ နှံ့နေတယ်။ ဒေသခံလူတွေကတော့ ဆင်တုပ်ကွေး လို့ ခေါ်ကြတယ်။ သွေးလွန်တုပ်ကွေးလိုဘဲ ခြင်ကနေ တဆင့် ကူးစက်တာဆိုတော့ မိုးတွင်းကာလမှာ ကူးစက်နှုန်း အရမ်းမြန်တယ်။ တောင်ကြီး၊ လားရှိုး၊ မေမြို့တို့လို အေးတဲ့ဒေသတွေမှာ ပိုဖြစ်ကြတယ်လို့ ပြောတာဘဲ။ ရန်ကုန်မှာဖြစ်တော့ သိပ်မကြားမိဘူး။ တောင်ကြီးမှာတော့ လူတိုင်း အိမ်တိုင်းနီးပါး ဖျားကြလို့ "ခေတ်မီသူတိုင်း ဆင်တုပ်ကွေး ဖြစ်ကြသည်" လို့နောက်ပြောကြတယ်။

Chikungunya ရောဂါဟာ ၁၉၅၂ လောက်ကတည်းက အာဖရိကမှာ စတင်ဖြစ်ပွားခဲ့ပါတယ်လို့ ဆိုပါတယ်။ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား စတဲ့ အာရှဒေသ တော်တော်များများမှာ ကူးစက်ခဲ့ပြီး ဖြစ်ပေမယ့် မြန်မာပြည်မှာ အခုမှ ပထမဆုံးအကြိမ် ကူးစက်ပြန့်ပွားတာလို့ ပြောကြတယ်။ ဆင်တုပ်ကွေး လက္ခဏာတွေက သွေးလွန်တုပ်ကွေးနဲ့ ခပ်ဆင်ဆပ်တူပါတယ်။ စစချင်း အဖျားဝင်ပါတယ်။ အဖျားက တက်လိုက်ကျလိုက်ဖြစ်ပြီးတော့ ရက်အနည်းငယ်နေရင် ကိုယ်ခန္ဓာမှာ အနီစက်လေးတွေ ထွက်လာပြီး ယားယံတတ်ပါတယ်။ အဆိုးဆုံးကတော့ အဆစ်အမြစ်ကိုက်ခဲတာပါ။ အဆစ်အမြစ်ကိုက်ပြီး လက်တွေ ခြေထောက်တွေ ယောင်လာပါတယ်။ အဲတာကြောင့် ဆင်တုပ်ကွေးလို့ နာမည်တွင်သွားပုံရပါတယ်။ လူငယ်တွေက သက်သာတာ မြန်ပေမယ့် တစ်ချို့ လူကြီးတွေမှာ အဖျားပျောက်သွားပေမယ့် အဆစ်အမြစ်ကိုက်တာက တစ်လလောက်အထိ စွဲကျန်ခဲ့ပါတယ်။ ဆင်တုပ်ကွေးလို့ နာမည်ပေးထားတာ ဆင်(elephant) နဲ့တော့ ဘာမှ မပါတ်သက်ပါဘူး။ ရောဂါပိုးဝင်ပြီးရင် ခြေတွေလက်တွေ ယောင်ကိုင်းလာလို့ ဆင်တုပ်ကွေးလို့ နာမည်ပေးထားပုံ ရပါတယ်။ တစ်ချို့ဆို ရောဂါပျောက်သွားတဲ့အခါ မျက်နှာအသားအရောင် မည်းသွားတတ်လို့ ကပ္ပလီတုပ်ကွေးလို့လည်း နောက်ပြောင် ခေါ်ဝေါ်ကြပါတယ်။ ခန္ဓာကိုယ်မှာ အနီစက်ထွက်တဲ့အခါ ယားယံကြတဲ့အခါ ဆင်ကနေ မျောက်တုပ်ကွေးလို့ ပြောင်းခေါ်ကြပါသေးတယ်။ ရောဂါနာမည်ကတော့ ရယ်ရပေမယ့် တကယ်ဖြစ်တဲ့သူတွေကတော့ သနားဖို့ကောင်းပါတယ်။ ဒါတင် မပြီးသေးပါဘူး။ နောက်ဆုံးအဆင့်အနေနဲ့ ပါးစပ်တစ်ခုလုံးမှာ အနာဖြစ်ပါတယ်။ (အကိုက်အခဲ ပျောက်ဆေးတွေရဲ့ side effect ဖြစ်ပုံရပါတယ်။) သုံးလေးရက်လောက် အစား ကောင်းကောင်းစားလို့ မရကြပါဘူး။ တော်တော် ကြောက်စရာကောင်းတဲ့ ရောဂါပါ။

အခုတောင်ကြီးမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြပြီဆိုရင် ဆင်တုပ်ကွေးအကြောင်း၊ အိမ်မှာတော့ဖြင့် ဘယ်သူတွေ ဖျားနေတာ။ ဘယ်သူတွေ မဖျားသေးတာ။ ဘယ်အခါကမှ ကောင်းသွားတာ စသဖြင့် နေကောင်းလားလို့ စကားစလိုက်တာနဲ့ ဆင်တုပ်ကွေး စကားဝိုင်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် တောင်ကြီးမှာ ဆင်တုပ်ကွေး မဖြစ်ဖူးရင် ခေတ်မမှီဘူလို့ ပြောတာပါ။ သူများတွေ ဆင်တုပ်ကွေးအကြောင်းပြောနေကြတဲ့အချိန်မှာ ကိုယ်က ခေါင်းတငြိမ့်ငြိမ့်သာ နားထောင်နေရပါလိမ့်မယ်။

ကျမပြန်သွားတဲ့အချိန်မှာ အိမ်မှာ လူစုံတက်စုံ တစ်ယောက်တစ်လှည့် ဆင်တုပ်ကွေး ဖြစ်ကြပါတယ်။ ကြောက်လို့ နေ့တိုင်း Mosquito repellent လိမ်းပြီး နေရတယ်။ သဉ္ဖာ့သူငယ်ချင်း တစ်ယောက်တောင် စင်ကာပူကပြန်လာပြီး နောက်ရက် ချက်ချင်း ဆင်တုပ်ကွေးမိသွားပါတယ်။

လတ်တလေ တောင်ကြီးက စကားဝိုင်းတွေမှာ ပေါ်ပြူလာအဖြစ်ဆုံး topic က ဆင်တုပ်ကွေးပြီးရင် ဒုတိယလိုက်တာက စက်တင်ဘာ ၈ရက် လား ၉ရက်နေ့လား (အတိအကျ မမှတ်မိတော့ဘူး) အဲနေ့ညက မိုးခြိမ်းတဲ့အကြောင်းပါ။ အဲဒီအကြောင်းကို မနိုင်းနိုင်းစနေတောင် မိုးခြိမ်းည ဆိုတဲ့ ပို့စ်ထဲမှာ ရေးထားသေးတယ်။ ည ၁ဝနာရီဝန်းကျင်မှာ ၁၅မိနစ် ဆက်တိုက်လောက် ခြိမ်းတဲ့ မိုးခြိမ်းသံဟာ အိမ်ခေါင်မိုး ပွင့်ထွက်မတက် ကျယ်လောင်တယ်လို့ ပြောကြပါတယ်။ လူကြီးတွေတောင် တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်ကြောက်စရာကောင်းတဲ့ မိုးခြိမ်းသံမျိုး ဒီတစ်ခါဘဲ ကြားဖူးသေးတယ်လို့ ပြောပါတယ်။ အားလုံးဟာ တတ်သမျှ မှတ်သမျှ ဘုရားစာတွေ ရွတ်တဲ့အတွက် တော်တော်တော့ ကုသိုလ်ရသွားကြမှာပါ။ နောက်တစ်ရက်မှာ တောင်ကြီးတစ်မြို့ လုံးမှာ GSM လိုင်းတွေ ပြတ်သွားပြီး အင်တာနက်လိုင်းတွေလည်း ကျသွားတယ်။ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာ စာတစ်တန် ပေတစ်တန် ဖွဲ့ပြီး မရေးပြနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲနေ့ညက သဉ္ဖာတို့တော့ အိပ်ပျော်နေတာ တစ်ချက်မှတောင် မနိုးဘူး။ အိမ်ကလူတွေဆို အံ့ဩသွားတယ်။ ဟီး.. တောင်ကြီးမှာ အဲလို အိပ်လို့ကောင်းတာ။ အအိပ်မက်တာလည်း ကုသိုလ်တစ်မျိုး မဟုတ်လားကွယ်။

ဒါပေမယ့် ဆင်တုပ်ကွေးအကြောင်းလည်း မသိ ရာဇဝင်တွင်လောက်တဲ့ မိုးခြိမ်းသံလည်း မကြားမိလိုက်တဲ့အတွက် ဒီတစ်ခေါက် တောင်ကြီး trip မှာတော့ လုံးဝကို ခေတ်မမှီတဲ့သူ ဖြစ်သွားပါတယ်။

Related Post: ချီကန်ကင်ညာ သို့မဟုတ် ဂျပန်တုပ်ကွေး ဖြစ်ပွားနေ (မြန်မာတိုင်းမ်)

(အပိုင်းတစ်နဲ့နှစ် ဖတ်ပြီး စိတ်ညစ်စရာကြီးလို့ မတွေးလိုက်ပါနဲ့။ စိတ်မကောင်းစရာတွေ ဒီမှာကုန်ပါပြီ။ နောက်ပို့စ်ကနေစပြီး လည်ပါတ် စားသောက်တာတွေ လာပါမယ်။ :P စာမရေးတာ ၁နှစ်ကျော်လောက်ရှိသွားပေမယ့် လာဖတ်တဲ့သူ comment လာပေးတဲ့သူတွေ ရှိသေးတော့ ဝမ်းသာမိပါတယ်။)


Taunggyi Trip 2010 - 1

အပိုင်း၁ - အပြန်ခရီး
ဘလော့ဂ် မရေးဖြစ်တာ တစ်နှစ်ကျော်သွားပြီ။ ဒီလိုဘဲ ရေးမယ် ရေးမယ်နဲ့ drafts တွေဘဲ ပုံနေပြီး တစ်ခုမှ အချောမသတ်ရသေးဘူး.. ဒီကြားထဲမှာ တောင်ကြီး ၂ခေါက်ပြန်ဖြစ်တယ်။ ခုတော့ ပြန်စရေးတော့မယ်။ ဘလော့ဂ်ရေးတာ အချိန်ကုန်တာ မှန်ပေမယ့် နည်းနည်း အကျိုးရှိသေးတယ်။ ဘလော့ဂ်မရေးမှ ဘယ်လို အချိန်တွေ ကုန်သွားမှန်းကို မသိတော့ဘူး။

အရင်လက တောင်ကြီး ပြန်ဖြစ်တယ်။ ရက်၂ဝလောက် ခွင့်ယူတာ ကိုးရက်က public holiday ဖြစ်နေတာ့ Annual Leave ထဲက ၁၁ ရက်ဘဲ ဖြတ်လို့ တော်သေးတယ်။ AirAsia က ဒီတစ်နှစ် ဂျူလိုင်လကစပြီး မြန်မာပြည်ကို စဆွဲတော့ ပျော်ပျော်ကြီး ဈေးသက်သက်သာသာနဲ့ မြန်မာပြည် ပြန်လို့ရပြီ။ ပုံမှန်ဈေးထက် သုံးပုံ တစ်ပုံလောက် သက်သာသွားတယ်။ promotion ချတုန်းက ကြိုဝယ်ထားလိုက်တာ ကေအယ်လ် ရန်ကုန် အသွားအပြန်ကို USD 100 လောက်ဘဲကျတယ်။ promotion အချိန်မဟုတ်ရင်တောင် USD 170 လောက်ဘဲကျမယ်ထင်တယ်။ လေယာဉ်ပေါ်မှာတော့ လူအပြည့်ဘဲ။ အလည်ပြန်မယ့် သူတွေကော အပြီးပြန်မယ့် သူတွေကော။

မြန်မာပြည်ပြန်တာ ထုံးစံအတိုင်း ဆင်ဖိုးထက် ချွန်းဖိုးက ကြီးနေရော။ အရင်ဆုံး မြန်မာသံရုံးကို အခွန်သွားဆောင်ရတယ်။ ဒီတစ်ခေါက် ပါတ်စ်ပို့ သက်တမ်းတိုးတဲ့သူတွေနဲ့ သံရုံးမှာ ပြည့်ကျပ်နေတော့ မနည်း တိုးဝှေ့ပြီး အခွန်ဆောင်လိုက်ရတယ်။ မလွယ်ဘူး။ ပြီးတော့ တောင်ကြီး ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်က KL<->Yangon လက်မှတ်ထက် ဈေးပိုများနေသေးတယ်။ ကေအယ်လ်မြန်မာသံရုံးမှာ တန်းစီနေတုန်း ပါတ်စ်ပို့သက်တမ်းတိုးတဲ့ အချက်အလက်တွေကို အောက်ကအတိုင်း ရေးထားတာတွေ့လို့ ကိုယ်သက်တမ်းသွားတိုးတဲ့အခါ အသုံးဝင်အောင် ဓါတ်ပုံရိုက်ခဲ့တယ်။ (အသေးစိတ်ဖတ်လိုလျှင် ပုံကြီးချဲ့ ကြည့်ပါ။)

Immigration နဲ့ custom ကို ဖြတ်ပြီးတော့မှ လူက ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ ဘာရယ်မဟုတ် တစ်ခုခု ရစ်ရင် စိတ်ရှုပ်လွန်းလို့။ လေဆိပ်ထဲမှာ အရင်လို လူတွေနဲ့ ရှုပ်ယှက်ခပ်မနေဘဲ တော်တော်လူရှင်းနေတယ်။ ညနေဆိုတော့ နောက်လေယာဉ် မရှိတော့တာလည်း ပါမယ်။ ပြီးတော့ လေဆိပ်ထဲက အလုပ်သမားတွေကို လျှော့ချထားတယ်လို့ပြောတယ်။ မဟုတ်ရင် ကိုယ့်ပစ္စည်းလာလာလုလို့ စိတ်ညစ်ရဦးမယ်။ Airasia လေယာဉ်က ညနေဘက်မှ ရောက်တော့ တောင်ကြီးသွားမယ့် လေယာဉ်မရှိတော့ဘူး။ ရန်ကုန်မှာ တစ်ညအိပ်ပြီး နောက်နေ့မနက်၆နာရီခွဲလေယာဉ်နဲ့ တောင်ကြီးကို ပြန်ခဲ့တယ်။
ဒီလိုနဲ့ဘဲ တောင်ကြီးကို တစ်ခေါက် ပြန်ရောက်ခဲ့တယ် ဆိုပါတော့။ (ဘလော့ဂ်တွေမှာ စီးရီးစ်အလိုက် ရေးတာ ခေတ်စားနေတယ်။ သူများတွေလို ပို့စ်၂ဝလောက်ရအောင် လုပ်စားရမယ် :P)


Random Diary, Flashget n Facebook Privacy setting

ဘလော့ဂ်မှာ ပို့စ်မတင်ဖြစ်တာ ကြာပြီ။ တစ်ခုခုကို တစိုက်မတ်မတ် ရေးဖို့ထိုင်လိုက်တိုင်း ပြီးအောင် မရေးဖြစ်ခဲ့ဘူး။ အချိန်တွေ တော်တော်များများ ဘာအတွက် ကုန်နေမှန်းတောင် မသိတော့ဘူး။ ဘလော့ဂ်ရေးဖို့ထိုင်တော့ ရေးချင်တာတွေက များနေတယ်။ ဒါကြောင့် အားလုံးပေါင်းပြီး တစ်ခုတည်း ဖြစ်အောင် ရေးလိုက်တယ်။

Random Diary
အခုတလော ရုံးမှာလည်း တောက်တိုမယ်ရ လုပ်တဲ့လူ ဖြစ်နေတယ်။ ပရောဂျက် အကြီးတွေ ပြီးသွားပြီး နောက်တစ်ခုကလည်း requirement gathering အဆင့်မှာဘဲဆိုတော့ နည်းနည်း အားသလိုလို ဖြစ်သွားတယ်။ ဒါကို မမြင်ရက်တဲ့ ရုံးကလူတွေက ဟိုစပ်စပ် ဒီစပ်စပ် လုပ်ခိုင်းပါရော။ ဒါက ပိုဆိုးသွားပြီး ပုံမှန်ထက် ပိုအလုပ်ရှုပ်သွားတယ်။

A: အရင်တစ်နှစ်က handover လုပ်လိုက်တဲ့ ပရောဂျက်လေ မှတ်မိသေးတယ်မလား။ request တစ်ခု ထပ်တောင်းနေလို့။ သိပ်မခက်ဘူး။ ခဏလုပ်ပေးလိုက်နော်။ နောက်ဆုံးအနေနဲ့ လုပ်ပေးလိုက်။ နောက်တစ်ခေါက်ဆို ပိုက်ဆံတောင်းရမယ်။
ME: ဟုတ်ကဲ့။ (ဒီလောက်ကြာပြီ။ မနည်းပြန်စဉ်းစားရမယ်။)
B: အခုလောလောဆယ် ဘာပရောဂျက်မှ မကိုင်ထားဘူးမလား။ ရုံးမှာ အလုပ်သင်တစ်ယောက် လာလိမ့်မယ်။ သူ့ကို နောက်လုပ်မယ့် project ထဲထည့်ရမယ်။ အဲဒီတော့ ASP.NET နဲ့ C# ကို ရှင်းပြထားလိုက်။
ME: ဟုတ်။ (အဲဒါမှ ဒုက္ခ။ အဲဒီ ASP ကို မကိုင်တာ ၈လလောက် ရှိပြီဆိုတော့ မေ့တေ့တေ့တောင် ဖြစ်နေပြီ။)
C: customization တစ်ခုလုပ်နေတာ cron tab ဘဲ ရေးဖို့ကျန်တော့တယ်။ class တစ်ခုနဲ့ batch file တစ်ခု ခဏရေးပေးနော်။ UAT က သောကြာနေ့။
ME: ဒီနေ့ဘဲ အင်္ဂါရှိနေပြီ။ ဟူး…
D: Data Export အတွက် Script ပြီးတော့မှာလား။ ဒါပေမယ့် အရင် ရေးထားတဲကတစ်ခုက အရမ်း error prone ဖြစ်တယ်။ Stored Procedure နဲ့ရေးလိုက်။ customer ကတော့ မေးနေပြီ။ ဘယ်တော့ ပေးမှာလဲတဲ့။ နောက်တစ်ပါတ်လို့ ပြောထားတယ်နော်။
ME: ဟ…. ု …တ်…
E: ဒီ .NET နဲ့ ရေးထားတဲ့ Module တစ်ခုက ခဏခဏ refresh လုပ်ရတော့ အရမ်းနှေးနေလို့ Javascript နဲ့ ပြောင်းရေးလိုက်ပါ။
ME: (ဘာမှ မပြောနိုင်တော့ဘူး။ ပြုံးပြီးတော့ဘဲ ခေါင်းညိတ်လိုက်တယ်။)
အဲဒါအပြင် bug-fixing လုပ်ခိုင်းထားတဲ့ customer တွေကလည်း ဘယ်တော့ပြီးမလဲ တဂျီဂျီ အီးမေးလ်ပို့နေသေးတယ်။ လူကတော့ မူးချာလည်နေတာဘဲ။

Flashget
ဖိုင်အကြီးကြီးတွေကို ဒေါင်းလုတ်လုပ်ရင် အရင်က Internet Download Manager သုံးဖြစ်ပေမယ့် အခု အလကားရပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ Flashget ကို ပြောင်းသုံးနေတယ်။ http://www.flashget.com/en/download.htm မှာ ဒေါင်းလုတ်လုပ်နိုင်ပါတယ်။ (4.5MB)

Facebook Privacy Setting
တစ်ရက် သူငယ်ချင်း တစ်ယောက်က မေးတယ်။ သူ့ကို Facebook မှာ IQ Quiz ဖြေဖို့ challenge လုပ်ထားတယ်မလားတဲ့။ အစက နည်းနည်း ကြောင်သွားတယ်။ ကိုယ်က quiz ဖြေရတာ ဝါသနာ ပါပေမယ့် တစ်ခါမှတော့ ယောင်လို့တောင် challenge ဆိုတာ သွားမနှိပ်မိဖူးပါဘူး။ တစ်ခုခုတော့ မှားနေတယ်လို့ ထင်လိုက်တယ်။ ကိုယ်လည်း တစ်ခါတစ်လေ “Your friends challenge you to take IQ Quiz” ဆိုပြီးတော့ သူငယ်ချင်းတွေ ဓါတ်ပုံနဲ့ rank တွေကို မြင်ဖူးတယ်။ ဒီနေ့တော့ ဒီဆောင်းပါး ကို ဖတ်ပြီးမှ ဇာတ်ရည်လည်သွားတော့တယ်။ ကျမတို့ Facebook အကောင့်ဖွင့်တုန်းက ပေါ့ပေါ့ဆဆဘဲ ရှိသမျှကို OK လုပ်ပြီး Register လုပ်ခဲ့တယ်လေ။ အမှန် သူ့ရဲ့ terms and condition မှာ “3rd party ကြော်ငြာတွေမှာ ထည့်သုံးရင် သုံးမယ်။” ဆိုပြီး ရေးထားတာကို ကျမတို့ သတိမထားမိခဲ့ဘူး။ ဆောင်းပါးရှင်ပြောသလိုသာ dating site မှာ ကိုယ့်ပုံသွားပေါ်နေရင် မခက်လား။ အနည်းဆုံးတော့ အထင်လွဲခံရနိုင်တယ်။ IQ QUIZ ကြော်ငြာမှာ သွားပေါ်လို့ တော်သေးတာပေါ့။ “3 friends have a crush on you” ဆိုတာမှာ ကိုယ့် profile သွားပေါ်ရင် မလွယ်ဘူး။ အဲဒီလို ကြော်ငြာတွေမှာ မပါချင်ရင် Settings -> Privacy -> News Feed and Wall -> Facebook Ads -> Appearance in Facebook Ads မှာ "no one" ဆိုတာကို ရွေးပြီး Save လုပ်လိုက်ပါတဲ့။