Fermi Questions

ဒီနေ့ Fermi questions တွေ အကြောင်း နည်းနည်း ဖတ်ဖြစ်တယ်။
A "Fermi question" is a question in physics which seeks a fast, rough estimate of quantity which is either difficult or impossible to measure directly.
တစ်ချို့ မေးခွန်းတွေကို တွေးတော ဆင်ခြင်မှု (intuitive way) နဲ့ ခန့်မှန်း အဖြေထုတ်ဖို့ နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် Enrico Fermi ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းဖြစ်လို့ Fermi questions လို့ ခေါ်တာပါ။ Guess + estimate = guesstimating ပေါ့။ ဥပမာ - How many golf balls can fit in a school bus? How many piano tuners are in New York City? အဲဒီမေးခွန်းတွေကို ဖြေပုံဖြေနည်း သိချင်ရင်တော့ ဒီမှာ သွားဖတ်လို့ ရပါတယ်။


Fermi questions တွေကို job interview တွေမှာ မေးလေ့ ရှိပါတယ်လို့ သိရပါတယ်။ (အများအားဖြင့် အလုပ်နဲ့တော့ သက်ဆိုင်လေ့ မရှိဘူး။)

သူ့နည်းအတိုင်း တစ်ခု စဉ်းစားထားတာ ရှိတယ်။

တောင်ကြီးမြို့မှာ ဆံပင်ညှပ်ဆရာ ဘယ်နှစ်ယောက် ရှိသင့်သလဲ။


- တောင်ကြီးမြို့ လူဦးရေက တစ်သိန်းခွဲလောက် ရှိတယ် ထားပါတော့။
- ဦးဇင်း၊ မယ်သီလရှင် နဲ့ ကလေးငယ်နဲ့ တစ်ချို့သူတွေဟာ ဆိုင်မှာ ဆံပင် ညှပ်လေ့ မရှိတဲ့ အတွက် လူဦးရေအားလုံးရဲ့ တစ်ဝက် ရသောင်းခွဲလောက်ကို ဆိုင်မှာ ဆံပင်ညှပ်လေ့ရှိတဲ့ လူဦးရေအဖြစ် သတ်မှတ်ပါတယ်။
- လူတစ်ချို့က တစ်လမှာ တစ်ခါလောက် ဆံပင်ညှပ်ပြီး တစ်ချို့က လေးလ၊ ခြောက်လ၊ တစ်နှစ်လောက်မှ ဆံပင် တစ်ခါ ညှပ်ပါတယ်။ တစ်နှစ်မှာ တစ်ကြိမ် သို့မဟုတ် သုံးကြိမ်လောက် ဆံပင် ညှပ်ကြတယ်ဆိုတော့ ယေဘုယျအားဖြင့် တစ်နှစ်မှာ နှစ်ကြိမ် ညှပ်တယ် လို့ ယူဆရင်
- (75,000 x 2) / 365 ~ 410 === တစ်ရက်မှာ ပျမ်းမျှ လူလေးရာလောက်က ဆံပင်ညှပ်ဖို့ ဆိုင်ကို သွားကြပါလိမ့်မယ်။
- ဆံပင် တစ်ခါညှပ်တာကို ၁၅မိနစ်ကနေ နာရီဝက်ကြာတတ်တဲ့အတွက် ၂ဝ မိနစ်ကို ပျမ်းမျှယူရင် တစ်ရက်ကို ဆံပင်ညှပ်ဖို့အတွက် (410x20 = 8200 minutes) အချိန်ပေးရပြီး တစ်နှစ်မှာ (8200x365=3143,000minutes =52,383 hours) လိုပါမယ်။
- ဆံပင်ညှပ်ဆရာ တစ်ယောက်ဟာ တစ်ရက်ကို အများဆုံး ၁ဝယောက် ညှပ်ပေးနိုင်တယ်လို့ထားပါတော့။ တစ်ယောက်ကို ပျမ်းမျှ မိနစ် ၂ဝ အချိန်ယူရင် တစ်ရက်ကို (20x10=200minutes per day) တစ်ရက်မှာ ငါးရက် အလုပ်လုပ်ရင် တစ်နှစ်မှာ (200 x 5 x 52 = 52,000minutes ~ 867 hours) အလုပ်လုပ်ပါလိမ့်မယ်။
- ဒီတော့ တောင်ကြီးမြို့က လူတွေကို ဆံပင်ညှပ်ဖို့ ဆံပင်ညှပ်ဆရာ (52,383/867=60.4) ၆၁ ယောက်ရှိရင် လုံလောက်ပါတယ်။

တောင်ကြီးမြို့မှာ ဆံပင်ညှပ်ဆရာမပြောနဲ့ ဆံပင်ညှပ်ဆိုင်တောင် (တစ်ယောက်ထဲဖွင့်ထားတဲ့ ဆိုင်လေးဖြစ်ဖြစ် အများနဲ့ ဖွင့်ထားတဲ့ ဆိုင်ကြီးဖြစ်ဖြစ်) စုစုပေါင်း ၆ဝ ကျော်မယ်လို့ ထင်ပါတယ်။ (ကျမတို့ အိမ်ရှေ့မှာတောင် နှစ်ဆိုင်ရှိတယ်။) ဒီတော့ Fermi ရဲ့ တွေးတောနည်းအရဆိုရင် တောင်ကြီးမြို့မှာ ဆံပင်ညှပ်ဆိုင် ထပ်မလိုအပ်တော့ဘူး။ :D ဘာရယ်မှတော့ မဟုတ်ပါဘူး။ အပျင်းပြေ ပေါ့။ ကြိုက်သလို အမြင် ကွဲလွဲနိုင်ပါတယ်။

Fermi questions တွေကို ဖတ်မိတော့ မူလတန်းတုန်းက ကလေးများနေ့ကို သွားသတိရတယ်။ ကလေးများနေ့ကိုတော့ တောင်ကြီး TTC မှာ တက်ခဲ့ဖူးတဲ့သူတိုင်း အမြဲ အမှတ်ရနေမှာပါ။ နှစ်တိုင်း ဖေဖေါ်ဝါရီ ၁၃ မှာ ကလေးများနေ့လုပ်ရင် ပျော်ပွဲရွှင်ပွဲတွေထဲက တစ်ခုကတော့ ကျောင်းထဲက အလံတိုင်နားမှာ အသီးအနှံ မျိုးစုံ (ပန်းသီး၊ လိမ္မော်သီး၊ ဇီးသီ စသဖြင့်) ထည့်ထားတဲ့ အိတ် တစ်အိတ် ချိတ်ထားတယ်။ [သကြားလုံးတွေလည်း ပါတယ် ထင်တယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။]အမြင့်ကြီးမှာ ချိတ်ထားတာပေါ့။ ပြီးရင် ကျောင်းသူကျောင်းသား အားလုံးကို ပါဝင်တဲ့ အသီးအနှံ အမည်တွေ ရေးထားတဲ့ စာရွက် တစ်ရွက်စီ ဝေပြီးတော့ ခန့်မှန်း အရေအတွက် ရေးခိုင်းတယ်။ အနီးစပ်ဆုံး မှန်အောင် ခန့်မှန်းနိုင်တဲ့သူက အဲဒီ အသီးအနှံ တစ်ထုတ်လုံး ရမှာ။ ကျမတော့ အမြဲတမ်း ခွက်ခွက်လန်အောင်ကို လွဲတယ်။ Enrico Fermi သာ ရှိသေးရင် သူ့method ကို သုံးပြီး မှန်းလို့ ရမလားတော့ မပြောတတ်ဘူး။


Close-up pics

အခုတလော close-up pics တွေကို လိုက်ရိုက်ကြည့်ဖြစ်တယ်။ လက်တည့်စမ်းထားတာလေးတွေပေါ့။

26042008273
monitor ကို ဝါးမစားပစ်လိုက်နဲ့ဦးနော်။ :-)

26042008248
ပွင့်သစ်စ

26042008251
ဘာအသီးလဲ သိလား။

26042008269
ဒီပန်းရဲ့ အရောင် အစပ်အဟပ်ကို ဘယ်လို ကြိုက်မှန်း မသိဘူး။

26042008260
ဒီနှင်းဆီပန်းလေးရဲ့ အရောင်ကလည်း တစ်မျိုးတော့ စွဲဆောင်မှု ရှိတယ်။

ဒီလောက်ဘဲ မျက်စိ ဒုက္ခပေးတော့မယ်။ =) ကျန်တဲ့ပုံတွေကိုတော့ ဒီမှာ ဘဲ တင်ထားလိုက်တယ်။


Random thoughts...့

ဒီမြေပုံလေးကို တစ်နေ့တစ်နေ့ ကြည့်ကြည့်ပြီး ပြောချင်တာတွေ အများကြီးဘဲ။ ဒါပေမယ့် အတွေးတွေကို စကားလုံးအဖြစ် မပြောင်းဖြစ်ခဲ့ဘူး။ sigh~~

ဒါနဲ့ အရင်တစ်ပါတ်က ကျောင်းက host လုပ်တဲ့ Asian Universities Debating Championship (4th AUDC) ကို အကြောင်းတစ်ခုကြောင့် ရောက်သွားဖြစ်တယ်။ တတိယ round ရဲ့ topic တွေ ကို တစ်ချက် ကြည့်ကြည့်လိုက်ပါဦး။

သိသလောက်တော့ အဖွဲ့ တော်တော် များများက မြန်မာနဲ့ ပါတ်သက်တဲ့ ခေါင်းစဉ်ကို ရွေးကြတယ်။ နောက်ဆုံး hottest issue ဖြစ်နေတာကိုး။ လုပ်စရာလေး နည်းနည်း ရှိနေတာနဲ့ သွားမနားထောင်ဖြစ်လိုက်ဘူး။ ဘာတွေပြောကြလဲတော့ သိချင်သား။ ကိုယ့်ဆိုရင်တော့ government ဘက်မှာသာ ကျရင် ပြောစရာ fact ရှိမှာ မဟုတ်ဘူးထင်တယ်။ debater အယောက် ၂၅ဝ လောက်မှာ မြန်မာနာမည်နဲ့ ကျောင်းသား ပါလိုပါငြား ရှာကြည့်သေးတယ်။ မတွေ့မိဘူး။ prelim, ကွာတား ဆင်မီး ဖိုင်နယ်တွေပြီးတော့ အန်တီယုကျောင်း(NTU)က ပထမ ရသွားတယ်။ သုံးနှစ်ဆက်တိုက် ဗိုလ်စွဲလာတဲ့ ဖိလစ်ပိုင်ကကျောင်း (ADMU) ကို ဖြုတ်နိုင်လိုက်လို့ တော်တော် ဝမ်းသာနေကြတယ်။

အာရှမှာ debating နဲ့ ပါတ်သက်လာရင် ဖိလစ်ပိုင်ကျောင်းတွေကက အမြဲ ထိပ်ဆုံးလိုလိုမှာ နေရာယူထားတာကို သိရတော့ အံ့ဩမိတယ်။ ဘာရယ်ကြောင့်တော့ မဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက် ပြောတာကတော့ ဖိလစ်ပိုင်လူမျိုးတွေက manners အရမ်း ကောင်းတယ်တဲ့။ တစ်ခု ဝမ်းနည်းမိတာက ကျမတို့ငယ်ငယ်တုန်းက ပညာရေးစနစ်မှာ debate ဆိုတာကို ကြားတောင် မကြားဖူးခဲ့လို့ဘဲ။ အမေတို့ အဖေတို့ ခေတ်တုန်းကတော့ စကားရည်လုပွဲဆိုလား ရှိတယ်လို့ ပြောတာဘဲ။ အဲဒါကို ခေါ်တာလားတော့ မသိဘူး။ နောက်ပိုင်းမှာ စကားပြောတာဆိုလို့ ကျပန်း စကားပြော လောက်ဘဲ တွေ့ဖူးတော့တယ်။

အတွေးတစ်ပိုင်းတစ်စကို ဒီမှာဘဲ ခဏ ရပ်လိုက်ပါတော့မယ်။


တွေ့ရကြုံရ

ဒီတစ်လလုံး အလုပ်တွေ ရှုပ်ပြီး အရှုပ်တွေ လုပ်နေတာနဲ့ ဘလော့ဂ်တောင် update မလုပ်ဖြစ်ဘူး။ ဒီလထဲမှာ conference တစ်ခု သွားတက်ဖြစ်တယ်။ ပြောရရင် ပထမဆုံးအကြိမ် conference တက်ဖူးတာဘဲ။ အထူးအဆန်းတွေရော အမှတ်တရတွေကော ကြုံခဲ့ရတယ်။ အမှန်တော့ ကျမ အကြောက်ဆုံးက presentation ဘဲ။ ကိုယ့်စိတ်နဲ့ကိုယ်ဆို ဘယ်တော့မှ ပိုက်ဆံ အကုန်ခံပြီး conference သွားတက်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် academic field မှာ လူတွေက ဒါတွေကိုဘဲ လက်ခံတာဆိုတော့လည်း…
လူတွေ အများကြီးနဲ့တော့ တွေ့ဖြစ်ပါတယ်။ အကြိုက်ဆုံးကတော့ အစားအစာဘဲ။ နှစ်ရက်ထဲစားလိုက်တာ နှစ်လလောက် ပြန်ချရမယ့် ကိုလက်စထရောတွေ တက်သွားတယ်။ ဦးနှောက် အရမ်း အလုပ်လုပ်ရင် ဗိုက်ဆာတယ်တဲ့။ :D ကျောင်းစာနဲ့ ခြောက်လလောက် ဝေးပြီး အလုပ်ထဲရောက်နေလို့လား မသိဘူး သူတို့ ဘာတွေ ပြောနေလည်းဆိုတာ မနည်း နားထောင်ယူရတယ်။ အများအားဖြင့် Master တို့ PhD ကျောင်းသားတွေ professor တွေ present လာလုပ်ကြတယ်။ ကိုယ့် paper က undergraduate ပရောဂျက် ဆိုတော့ နည်းနည်းတော့ ကြောက်တာပေါ့။ ဘာမေးခွန်းတွေ တက်လာမလဲဆိုတာဘဲ ရင်တမမနဲ့။ ကိုယ့်အရှေ့က presentation တစ်ခု နှစ်ခု ကြည့်ထားမိတော့ တစ်ချို့က သူများကို မေးခွန်းမေးတာက နည်းနည်း ဘယ်လို shoot down လုပ်ရမလဲဆိုတာ စဉ်းစားနေကြသလိုဘဲ။ ပြီးတော့ conference ထုံးစံက paper တစ်ခုကို တစ်ယောက်ဘဲ present လုပ်ရတယ်ဆိုတာ မသိတော့ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းနဲ့က ထုံးစံအတိုင်း သူ့အပိုင်း ကိုယ့်အပိုင်း ခွဲပြီး ပြင်ဆင်ထားတာ။ ကိုယ့်အလှည့်လည်းရောက်ရော chairperson က တစ်ယောက်ဘဲ present လုပ်လို့ရမယ်ဆိုတော့ လန့်သွားတာဘဲ။ ကိုယ့်အပိုင်းဘဲ ကိုယ်ဖတ်ထားတာလေ။ နောက်တော့လည်း chairperson နဲ့ ဈေးဆစ်ရင်း သူကလည်း သနားပြီး တစ်ယောက်တစ်ဝက် ပေးပြောလိုက်တယ်။ အမြဲတမ်း နည်းနည်းလေးတော့ ကမောက်ကမ ဖြစ်လိုက်ရမှ။ တက်လာတဲ့ မေးခွန်းတွေတော့ ဖြေနိုင်လိုက်လို့တော်သေးတယ်။

ကိုယ့် presentation က ပထမနေ့မို့ တော်သေးတယ်။ မဟုတ်ရင် သူများလုပ်တာကြည့်လေ ကြောက်လေနဲ့ နောက်ဆုံးနေ့သာဆိုရင်တော့ လုပ်ရဲတော့မှာ မဟုတ်ဘူး။ ကိုယ့်အလှည့်ပြီးသွားတာနဲ့ စိတ်ပေါ့သွားပြီး တစ်ခြား presentation တွေကို လိုက်နားထောင်ဖြစ်တယ်။ ကိုယ်ကဘဲ Jack of all trades ဖြစ်နေလို့လား မသိဘူး။ session အားလုံးကို ဟိုစပ်စပ် ဒီစပ်စပ် လှည့်နားထောင်မိတယ်။ Mobile & wireless communications, high performance network and protocol, software engineering and agile development, knowledge-based technologies etcetera etcetera ပေ့ါ။ ဟိုဟာလည်း စိတ်ဝင်စားသလိုလို ဒီဟာလည်း စိတ်ဝင်စားသလိုလိုနဲ့ နောက်ဆုံးတော့ ဘာကိုမှ ဟုတ်တိပါတ်တိ စိတ်မဝင်စားတာ ခက်နေတယ်။ ဒီပုံအတိုင်းဆို ဘယ်တော့မှ မာစတာ ဆက်ဖြစ်မလဲ မသိဘူး။ ကိုယ် စိတ်ဝင်စားတာကိုဘဲ လုပ်ချင်တယ်။ ဒါပေမယ့် စိတ်မဝင်စားလည်း ဒါကိုလုပ်ဆိုရင်တော့ ပြီးအောင် လုပ်မိမှာဘဲ။ စိတ်လေတယ်။

Conference သုံးခု တစ်နေရာထဲမှာ လုပ်တာဆိုတော့ nanotechnology conf. ကို လာတက်တဲ့ မြန်မာ ဆရာ တစ်ယောက်နဲ့ ဆရာမ တစ်ယောက်ကို tea break မှာ တွေ့တယ်။ မမျိုးချစ် ဆိုတော့ ဘယ်နေရာရောက်ရောက် မြန်မာတွေ့ရင် ဝမ်းသာတာပေါ့။ tea break တွေမှာ မပျင်းရတော့ဘူး။ စကားပြောဖို့ အဖေါ် ရသွားတယ်။ ခင်ဖို့ တော်တော် ကောင်းကြတယ်။

မတွေ့တာကြာတဲ့ တတိယနှစ်တုန်းက ဆရာမတစ်ယောက်နဲ့လည်း တွေ့ခဲ့တယ်။ သူကပြောတယ်။ နောက်ငါးနှစ်မှာ ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာ စဉ်းစားပေါ့။ အလုပ်လုပ်တာတော့ လုပ်တာပေါ့။ ဒါပေမယ့် မာစတာ ဆက်တက်ဖို့လည်း စဉ်းစားဦး။ အလုပ်က အခုမှ လုပ်စဆိုတော့ အလုပ်ထဲမှာ ပျော်နေမှာဘဲ။ ဒါပေမယ့် ဒီအလုပ်တွေဟာ နောက် နှစ်နှစ် သုံးနှစ်ပြီးရင် ကိုယ့်အတွက် repetitive work တွေ ဖြစ်သွားပြီ။ အသစ်အသစ် learn လုပ်စရာ သိပ်မရှိတော့ရင် ငြီးငွေ့သွားမှာဘဲ တဲ့။ ဆရာမ ဆိုတော့လည်း academic လိုင်း မဟုတ်ရင် research လိုင်းကို လိုက် ဖို့ အကြံပေးတာပေါ့။ စဉ်းစားစရာတွေ အများကြီး ရလိုက်တယ်။

နှစ်ရက်တိတိ လည်း သွားပြီးရော information overload ဖြစ်သွားတာလားမသိဘူး လူက တော်တော် မူးနောက်သွားတယ်။ တတိယတစ်ရက်တော့ သွားမတက်နိုင်တော့ဘူး။ နောက်ဆုံးတစ်ရက်အတွက် ပေးထားတဲ့ပိုက်ဆံနဲ့ အစားအသောက်ကိုတော့ နှမြောတယ်။ :D တွေ့ရကြုံရတာလေးတွေကတော့ အမှတ်တရပေါ့။